အခန်း ၄၇၈
Vol. 48 Ch. 478
အခန်း။ ၄၇၈
"ဆရာ့ရဲ့ ကျင့်ကြံမှုက... လမ်းမှားဆီ ရောက်သွားတာများလား..."
"မဟုတ်သေးဘူး။ လမ်းမှားသွားတယ်လို့ ဆိုရတာထက်... ငါတို့တွေ လုံးဝနားမလည်နိုင်သေးတဲ့ အသစ်စက်စက် လမ်းကြောင်းတစ်ခုဆီ ရောက်သွားတာမျိုးပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့... တခြားကျင့်ကြံသူတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဆရာ့ရဲ့ အခုလက်ရှိ ပုံပန်းသွင်ပြင်က တကယ့်ကို ပြဿနာရှိနေတယ်။ လူသားတစ်ယောက်နဲ့ လုံးဝမတူတော့တဲ့ အဲဒီပုံစံကို ကလေးလေး အပါအဝင် လူအများစုက လက်ခံနိုင်ကြမှာ မဟုတ်ဘူး..."
ကလေးလေးကို ပွေ့ချီကာ ဝမ်လင်သည် အတွေးများစွာဖြင့် ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ နောက်ဆုံးတွင် သူတစ်ခုခုကို ဆုံးဖြတ်လိုက်သည်။
"ဟုတ်ပြီလေ ဆရာဆိုတာ ဆရာပါပဲ။ ဆရာ ဘယ်လိုပုံစံပဲ ဖြစ်သွားပါစေ။ ငါ့
အတွက်ရော၊ ကလေးလေးအတွက်ပါ သူက ငါတို့ရဲ့ ဆရာပဲ ဖြစ်နေမှာပါ"
ရင့်ကျက်မှုလွန်ကဲပြီး လောကဓမ္မကို နားလည်ထားသည့်သူတစ်ယောက်အတွက် ဤသို့ပြောဆိုရန် မည်မျှခက်ခဲကြောင်း ဘုရားသခင်သာ သိပေလိမ့်မည်။ ဝမ်လင်အတွက် ဤစကားသည် သဘောထားတစ်ခုသက်သက် မဟုတ်တော့ဘဲ ရှုမြင်ပုံကို ပြောင်းလဲလိုက်ခြင်းပင်။ ဆရာဆိုသည်မှာ အမြဲတမ်း ဆရာပင်။ ဆရာက မိစ္ဆာဖြစ်သွားလျှင်လည်း သူသည် မိစ္ဆာလေးတစ်ကောင် ဖြစ်သွားမည်။ ဆရာက လူသားများကို စားသုံးရန် ဆုံးဖြတ်လျှင်လည်း ဝမ်လင်သည် ဆရာ့အတွက် လူဖမ်းပေးမည်။
လောက၏ ထိပ်တန်း မြင့်မြတ်သော နယ်မြေသုံးခုက ဆရာ့ကို ဝိုင်းရံတိုက်ခိုက်မည့်နေ့အကြောင်း တွေးမိသောအခါ ဝမ်လင်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
"ကလေးလေး၊ ဆရာက မင်းကို ကောင်းကောင်း ဆက်ဆံရဲ့လား"
"ဟင် အစ်ကိုကြီးကလည်း ဘာလို့ ဒီလောက်တုံးတဲ့ မေးခွန်းမျိုးကို မေးတာလဲ။ ဆရာက ကျွန်တော်တို့ကို အရမ်းချစ်တာပေါ့"
"တကယ်လို့ တစ်နေ့နေ့မှာ ဆရာက ကွယ်လွန်သွားခဲ့ပြီး သူသတင်းက မကောင်းဘူးဆိုရင် မင်း ဘယ်လိုလုပ်မလဲ"
"ဆရာက ဘယ်လိုလုပ် သတင်းဆိုးထွက်မှာလဲ"
"ငါပြောတာက တကယ်လို့များဆိုရင်လေ..."
"အစ်ကိုကြီး တကယ်လို့ဆိုတာ မရှိဘူး။ ဆရာဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ။ ဆရာ့ကို မကောင်းဘူးလို့ ထင်တဲ့သူကပဲ ပြဿနာရှိတာ။ အဲဒီလူကိုပဲ အယူအဆ ပြောင်းလဲအောင် လုပ်ရမှာပေါ့"
ဝမ်လင်သည် စကားပြောရသည်မှာ အခက်ခဲဆုံးဟု ခံစားလိုက်ရသည်။
ဟူး... ငါ့ညီလေးက အသက်ငါးနှစ်ပဲ ရှိသေးတာ ဒီလိုကိစ္စတွေကို တွေးတောနေရမယ့် အချိန်မဟုတ်သေးပါဘူး။ ဒါပေမဲ့လည်း...
"အစ်ကိုကြီး ကျွန်တော်ပြောတာ မှန်လား၊ မှားလားဆိုတာ အခုထိ မပြောပြရသေးဘူးနော်"
"အဲ... တကယ်လို့ သူတို့သာ စိတ်သဘောထား မပြောင်းလဲကြရင်ကော..."
"ဒါဆိုရင်တော့... အဲဒီလူတွေကို ဒီလောကကြီးထဲကနေ အပြီးတိုင် ပျောက်ကွယ်သွားအောင် လုပ်လိုက်ရုံပေါ့... ဟီး"
ကလေးလေးသည် မျက်တောင်ခတ်ရင်း နုနယ်သည့် ကလေးတစ်ယောက်ပမာ ရိုးသားစွာ ပြောလိုက်သည်။ ဝမ်လင်မှာကား ကြောင်အမ်းသွားရသည်။
"ပျောက်ကွယ်သွားအောင်လား"
"ဟုတ်တယ်။ ဆရာကို မကောင်းဘူးလို့ ထင်တဲ့သူမှန်သမျှ ပျောက်ကွယ်သွားအောင် လုပ်ရမှာ။ ဆရာက အကောင်းဆုံးလူတွေပဲလို့ လူတိုင်းက ထင်လာရင် ပြဿနာပြေလည်သွားပြီလေ"
ဝမ်လင် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထသွားပြီး ညီငယ်ကို ပွေ့ဖက်ထားရာမှ လွှတ်ချလိုက်မိသည်။ ကလေးလေး၏ ငိုယိုသံများကြားတွင် သူသည် သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။ ညီငယ်ပြောသော စကားမှာ အလွန်ပင် ယုတ္တိရှိနေသည်ဟု သူ ရုတ်တရက် သဘောပေါက်လိုက်ရသည်။
“ဆရာ့ရဲ့ သွန်သင်ချက်က အမှန်တကယ်ကို မှန်ကန်လွန်းတယ်။ ဆရာ့မှာ ပြဿနာရှိတယ်လို့ ထင်တဲ့ကောင်ကသာ... တကယ့်ပြဿနာကောင်ပဲ။ အချိန်တန်ရင်တော့ ပြဿနာရှိတယ်လို့ ထင်တဲ့ကောင်မှန်သမျှကို အမြစ်ပြတ် ဖယ်ရှားပစ်လိုက်ရုံပဲ။ ဒါဆို ငါတို့အုပ်စုကပဲ လောကရဲ့ အဓိက ဖြစ်လာလိမ့်မယ်။ ကျန်တဲ့ကောင်တွေက ငါတို့လမ်းစဉ်ကို မလိုက်နာဘူးလား...အဲ့တာဆိုရင် အယူမှားတဲ့ သစ္စာဖောက်တွေအဖြစ် သတ်မှတ်ပြီး ရှင်းပစ်လိုက်ရုံပေါ့။
ဆရာက သူတို့ကို တပည့်အဖြစ် သိမ်းသွင်းခဲ့တာက.. ကိုယ့်အုပ်စုကို ချဲ့ထွင်ဖို့သက်သက်ပဲ ဖြစ်ရမယ်။ ဒါကပဲ လောကရဲ့ အခြေခံမူပဲလေ။ ဒါပေမဲ့... ဒီလို အနှစ်သာရရှိတဲ့ အခြေခံမူက ဘာလို့ ငါးနှစ်သား ညီငယ်လေးရဲ့ ပါးစပ်က ထွက်လာရတာလဲ။ ကလေးလေးတစ်ယောက် တရားကျင့်နေတဲ့ နှစ်တွေအတွင်းမှာ ဘာတွေများ သင်ယူခဲ့မိလို့လဲ...
အမှန်စင်စစ်တော့... ကလေးလေးက ဘာမှ အထူးတလည် မသင်ယူခဲ့ရပါဘူး။ ကျင့်စဉ်ပိုင်းဆိုင်ရာ အခက်အခဲလေးတွေကလွဲရင် သူ့ကို ဘယ်သူမှ ဘာမှ သွန်သင်မပေးခဲ့ကြတာ။ သူ အမြဲထိတွေ့ခဲ့ရတာက ချန်မိသားစုဝင်တွေနဲ့ အစောင့်အရှောက်တွေပဲ။ အပြင်လူတွေကတော့... ငါတို့ချန်မိသားစုကို ကံကြမ္မာဆိုး တိုက်စားနေတဲ့အုပ်စုလို့ မြင်ပြီး အဲဒီကလေးကို ခိုးယူထွက်ပြေးဖို့အထိပါ ကြံစည်နေကြတာကိုး။
ကလေးလေး ဒီလိုမျိုး နားလည်သဘောပေါက်လာတာက တကယ်ကို ရိုးရှင်းပါတယ်။ ပတ်ဝန်းကျင်က လူရဲ့ ဗီဇကို ပုံသွင်းပေးလိုက်တာပဲလေ။ ဇီဝေတောင်လို နေရာမျိုး၊ ငါတို့ ချန်မိသားစုလို မင်းမျိုးမင်းနွယ် မိသားစုထဲမှာ ကြီးပြင်းလာရတဲ့ ကလေးလေးအတွက်တော့... ဒီလို အတွေးအခေါ်မျိုး ရှိနေတာက ပုံမှန်ဖြစ်စဉ်တစ်ခုပဲ။
သာမန်လူတွေ ပြောပြောနေတဲ့ မျိုးချစ်စိတ်တို့၊ ကမ္ဘာ့အရေးတို့ဆိုတာ... အဓိပ္ပာယ်မရှိတဲ့ စကားအလွတ်တွေပဲ။ ကိုယ့်မိသားစု အဆင်ပြေနေဖို့ကလွဲရင် ကျန်တာ ဘာအရေးပါဦးမှာလဲ။ တကယ့် အကျပ်အတည်းနဲ့ ကြုံလာရရင်... ကိုယ့်မိသားစုကလွဲလို့ ဘယ်သူကများ ငွေအကုန်အကျခံပြီး လာကူညီမှာမို့လို့လဲ။
ဒါက မင်းမျိုးမင်းနွယ် မိသားစုတွေရဲ့ စံသတ်မှတ်ချက်ပဲ။ ဘယ်တော့မှလည်း ချွင်းချက်မရှိဘူး။ ဝါဒဖြန့်တာတွေ၊ ဦးနှောက်ဆေးတာတွေနဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေဆိုတာ... ငါတို့လို မင်းမျိုးမင်းနွယ်စစ်စစ်တွေအတွက်တော့ ရယ်စရာ စကားလုံးတွေ သက်သက်ပါပဲ။
မြင့်မြတ်တဲ့ နယ်မြေတစ်ခု ပျက်စီးသွားရင်... နောက်ထပ်တစ်ခု ပေါ်လာဦးမှာပဲလေ။ အဲဒီ မြင့်မြတ်တဲ့ နယ်မြေအသစ်မှာလည်း မင်းမျိုးမင်းနွယ် မိသားစုတွေကပဲ ရှိနေဦးမှာဖြစ်သလို သူတို့ကပဲ အာဏာရှိတဲ့ အထက်တန်းလွှာတွေအဖြစ် ဆက်ပြီး စိုးမိုးနေဦးမှာပဲ။ ဒါကြောင့် မြင့်မြတ်တဲ့ နယ်မြေတစ်ခုရဲ့ တည်ရှိမှု ဒါမှမဟုတ် ပျက်သုဉ်းမှုဟာ... ငါတို့မင်းမျိုးမင်းနွယ်တွေနဲ့ ဘာမှ မသက်ဆိုင်ဘူး။ ပျက်စီးချင်လည်း ပျက်စီးပါစေ ဘာတတ်နိုင်သေးလဲ။
မင်းမျိုးမင်းနွယ်တွေကို ဖြိုလှဲပစ်မယ်ဆိုတဲ့ စကားတွေကတော့... တကယ့်ကို ဟာသပဲ။
မြင့်မြတ်တဲ့ နယ်မြေသုံးခုက နတ်ဘုရားဆန်တဲ့သူတွေကို ထိန်းချုပ်ထားပြီး ပညာရှင်အဖွဲ့အစည်းတွေက ကမ္ဘာ့ထိပ်တန်းအာဏာကို ချုပ်ကိုင်ထားကြတာ။ တစ်ဦးတစ်ယောက်တည်းနဲ့တင် နိုင်ငံတစ်ခုလုံးကို အလွယ်တကူ အနိုင်ယူနိုင်တဲ့ ဒီလိုလောကကြီးထဲမှာ... သူတို့ရဲ့ ကျောထောက်နောက်ခံ မရှိဘဲနဲ့ ဘယ်သူကများ ကမ္ဘာကို အုပ်ချုပ်နိုင်မှာမို့လို့လဲ။
မြင့်မြတ်တဲ့ နယ်မြေနဲ့ မင်းမျိုးမင်းနွယ်တွေကြားမှာ အဆင်မပြေဖြစ်နေကြတယ်ဆိုတာကလည်း ဟန်ပြ သရုပ်ဆောင်ချက်တွေ သက်သက်ပဲ။ မြင့်မြတ်တဲ့ နယ်မြေဆိုတာက အာဏာရှိတဲ့ မိသားစုကြီးတွေကတစ်ဆင့် ကမ္ဘာကြီးကို လှည့်စားအုပ်ချုပ်နေတာမျိုးမို့... သူတို့က ကိုယ့်လက်ကို ကိုယ်ပြန်ဖြတ်ခိုင်းပါ့မလား...”
အကယ်၍ မြင့်မြတ်သော နယ်မြေကို ခြေထောက်အများကြီးရှိသော မိစ္ဆာတစ်ကောင်ဟု သဘောထားလျှင်ပင် ခြေထောက်အချို့ကို ဖြတ်တောက်လိုက်ခြင်းဖြင့် ဘာမျှ မထိခိုက်ပေ။ အာဏာရှိသော မိသားစုတစ်ခု ပျက်စီးသွားလျှင် ထိုနေရာတွင် နောက်ထပ် မိသားစုတစ်ခုက အလိုအလျောက် အစားထိုး ဝင်ရောက်လာမည်သာ။
အကယ်၍ မဝင်ရောက်နိုင်ပါကလည်း ထိုမိသားစု၏ အာဏာကို အခြားမိသားစုများက ဝါးမြိုသွားလိမ့်မည်။
ထိုအခါ အခြားမိသားစုများက အလွန်အင်အားကြီးလာလိမ့်မည်။ ဤအချက်မှာ မြင့်မြတ်သော နယ်မြေသုံးခု အလိုချင်ဆုံးအရာ မဟုတ်ပေ။
ထို့ကြောင့် မြင့်မြတ်သော နယ်မြေသည် အလွန်အမင်း အင်အားမကြီးဘဲ သူတို့ ထိန်းချုပ်နိုင်သည့် မင်းမျိုးမင်းနွယ် မိသားစုများကိုသာ လိုအပ်သည်။
မင်းမျိုးမင်းနွယ်တို့၏ သဘောထားမှာမူ နိုင်ငံ ပျက်လျှင်ပျက်ပါစေ၊ ကမ္ဘာကြီး ပျက်စီးလျှင် ပျက်စီးပါစေ၊ အခြားမိသားစုများ ပျက်စီးလျှင်လည်း ပျက်စီးပါစေ ကိုယ့်မိသားစုကို မထိမစော်ကားသရွေ့၊ အကျိုးစီးပွား မတိုက်ဆိုင်သည့်တိုင်အောင် သူတို့သည် ကောင်းသော မိတ်ဆွေများအဖြစ် ဆက်ရှိနေနိုင်သည်။
ကောင်းမြတ်သော လမ်းစဉ်၊ မကောင်းသော လမ်းစဉ်ဟူသည်မှာလည်း အဓိက မဟုတ်ပေ။ ကောင်းကင်ဘုံ၏ အမျက်ဒေါသ သို့မဟုတ် ပြည်သူတို့၏ မုန်းတီးမှုကို မခံရသရွေ့ မည်သူမျှ ဂရုမစိုက်ကြပေ။ တကယ်တမ်း၌ အမျက်ဒေါသ ခံရလျှင်ပင် ကိုယ့်လမ်းစဉ်က ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဦးတည်ပြီး မိသားစုအတွက် အကျိုးရှိသည်ဟု ယုံကြည်ပါက မိသားစုသည် ကိုယ်၏ ခိုင်မာသော အထောက်အပံ့ ဖြစ်လာလိမ့်မည်ပင်။
ထို့ကြောင့် ကမ္ဘာတစ်ခုလုံး၏ ရန်သူဖြစ်သွားသည်ကို သူတို့ ဂရုမစိုက်ကြပေ။
ဤသည်မှာ မင်းမျိုးမင်းနွယ်တို့၏ ရှင်သန်ရေး လမ်းကြောင်းပင်။
မြင့်မြတ်သော နယ်မြေတို့မှာမူ ပို၍ နူးညံ့ပြီး စည်းကမ်းကို လိုက်နာဟန်ရှိသည်။
အဘယ်ကြောင့်ဆိုသော် ထိုသံမဏိစည်းကမ်းများကို သူတို့ကိုယ်တိုင် စိတ်ကြိုက် ရေးဆွဲကာ ပြဋ္ဌာန်းထားခဲ့သောကြောင့်ပင်။
စည်းကမ်းကို သတ်မှတ်ခြင်း၊ အရင်းအမြစ်များကို စုစည်းကာ ထိုစည်းကမ်းအတိုင်း တသွေမတိမ်း လိုက်နာစေကာ အားလုံးအတွက် အကျိုးအမြတ် ဖြစ်ထွန်းစေသည်။
မြင့်မြတ်သော နယ်မြေများအတွက်မူ လူတိုင်းက ဥပဒေစည်းကမ်းကို အရိုအသေပေး လိုက်နာကြခြင်းကပင် အကောင်းဆုံးသော အကျိုးအမြတ်ပင်။
ထို့ကြောင့် ဂိုဏ်းသား တပည့်တစ်ဦးဦးက စည်းကမ်းဖောက်ဖျက်လာလျှင်ပင် မည်သည့်မျက်နှာမှမထောက်ဘဲ ထိုစည်းကမ်းဥပဒေကိုသာ ရှေ့တန်းတင်ကာ အပြစ်ပေးရမည်ပင်။ မြင့်မြတ်သော နယ်မြေဆိုသည်မှာ သွေးနှောနေသည့် မင်းမျိုးမင်းနွယ် မဟုတ်သောကြောင့် ဤအချက်ကို နားလည်ရသည်မှာ မခက်ခဲလှပေ။
ရှေးခေတ်ကတည်းက "ဥပဒေဆိုတာ ရာထူးအာဏာရှိသူတွေအတွက် မဟုတ်ဘူး" လို့ ဆိုရိုးရှိခဲ့တာပဲ။ ဒါပေမဲ့ အဲဒီရာထူးအာဏာရှိသူတွေဆိုတာ အမှန်တကယ်တော့ ဘယ်သူတွေလဲ...
နှစ်ပေါင်းသုံးထောင်တိုင်တိုင် အသက်ရှည်ကျင့်ကြံပြီး ကမ္ဘာမြေကြီးကို ကိုယ်ပိုင်စွမ်းအားတစ်ခုတည်းနဲ့ ငြိမ်းချမ်းအောင် ဖန်တီးနိုင်စွမ်းရှိတဲ့ အဲဒီနတ်ဘုရားဆန်တဲ့ ကောင်တွေနဲ့ ယှဉ်
လိုက်ရင် လောကမှာ အခွင့်ထူးခံ အာဏာရှိသူဆိုတာ ဘယ်သူများ ရှိနိုင်ဦးမှာမို့လို့လဲ။
ထာဝရအသက်ရှည်ခြင်း နတ်ဘုရားရဲ့ အရိုးအစဉ်အဆက် သွေးသားတွေလား...
ဒါပေမဲ့ အဲဒါကလည်း မိဘနှစ်ပါးစလုံးမှာ သဘာဝလွန် အရည်အချင်းရှိပြီး ကျင့်ကြံခြင်းလမ်းစဉ်မှာ လုံ့လစိုက်ထုတ်နိုင်မှသာ ထိုက်တန်လိမ့်မယ်။
ဒါဆို ထိပ်တန်းတပည့်ကြီးတွေလားဆိုရင်လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါကလည်း မိသားစုအစဉ်အဆက် သွေးသားလက်ဆင့်ကမ်းမှု ရှိမှသာ နောင်တစ်ချိန်မှာ ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို မျှော်လင့်ခွင့်ရမှာ။
ကျန်တဲ့ သာမန်ကောင်တွေအတွက်ကတော့... သူတို့က လုံးဝကို အရေးမပါတဲ့ အမှိုက်တွေပဲ။ အရေးမပါလွန်းလို့ပဲ... သူတို့ခမျာ စည်းကမ်းဥပဒေတွေကို မကျေနပ်ရင်တောင် တသွေမတိမ်း လိုက်နာနေကြရတာပေါ့။ စည်းကမ်းကို နည်းနည်းလေး ကျော်လွန်ဖောက်ဖျက်တာနဲ့ ညှာတာမှုကင်းမဲ့စွာ အပြစ်ပေးခံရမှာကတော့ မြေကြီးလက်ခတ်မလွဲပဲ။
ဒီလို အောက်ခြေလူတန်းစားတွေ အရေးမပါလွန်းလို့ပဲ ငါတို့ ရွှမ်းတျန်ကမ္ဘာရဲ့ အရှေ့ဘက်တိုက်ကြီးကို မြင့်မြတ်တဲ့နယ်မြေသုံးခုနဲ့ ပညာရှင်အဖွဲ့အစည်းတွေက အတူတကွ ပူးပေါင်းချုပ်ကိုင်ပြီး ရာစုနှစ်ပေါင်းများစွာ သက်သောင့်သက်သာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ခဲ့ကြတာ။
အဆုံးစွန်ထိ တွေးကြည့်ရင်တော့ အာဏာအရှိဆုံးအဆင့်မှာ ရှိနေတဲ့သူက အနည်းငယ်ပဲ ရှိတာမို့ ဒီစနစ်က လူအများစုအတွက် မတတ်သာဘဲ လက်ခံထားရတဲ့ အခြေအနေမျိုး ဖြစ်နေတာပဲ။ တစ်နည်းပြောရရင် မြင့်မြတ်တဲ့နယ်မြေသုံးခုက နိုင်ငံတော်အစိုးရဆိုရင် မင်းမျိုးမင်းနွယ်တွေက မြေပိုင်ရှင်အာဏာရှင်ကြီးတွေပေါ့။ ထိပ်ပိုင်းခေါင်းဆောင်တွေက တာဝန်တွေကို ပစ်ပယ်ပြီး ပျင်းရိငြီးငွေ့နေကြတော့... ဒီအဖွဲ့အစည်းတွေက အောက်ခြေပြည်သူတွေကို သွေးစုပ်ဖိနှိပ်ပြီး ပူးပေါင်းအုပ်ချုပ်နေကြတာ ဖြစ်မှာပေါ့။
ဒီအုပ်ချုပ်ပုံစံက အစွန်းရောက်လွန်းတယ်လို့ ထင်ရပေမယ့်... အမှန်တော့ လူတွေရဲ့ သဘာဝတရားကို သေချာတွက်ချက်ပြီး အခြေခံထားတဲ့ အတော်လေးကို လိမ္မာပါးနပ်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုပဲ။
ကျင့်ကြံသူတွေ လိုအပ်တဲ့ နတ်ရတနာအရင်းအမြစ်နဲ့ သာမန်လူတွေ လိုအပ်တဲ့ လောကီအရင်းအမြစ်က လုံးဝကို တခြားစီပဲလေ။ ဒါကြောင့် အောက်ခြေပြည်သူတွေကို အရမ်းဖိနှိပ်ချုပ်ချယ်နေဖို့တောင် မလိုဘူး။ ဒါတင်မကသေးဘူး... ကျင့်ကြံသူတွေရဲ့ ထူးခြားတဲ့စွမ်းအားနဲ့ တောင်တွေကို ရွှေ့တာ၊ ပင်လယ်တွေကို ပြောင်းလဲတာမျိုးလို ခက်ခဲတဲ့အလုပ်တွေကို လက်ညှိုးတစ်ချက်တည်းနဲ့ လုပ်နိုင်တာမို့... သာမန်ပြည်သူတွေရဲ့ လုပ်အားကို အခကြေးငွေပေးပြီး တောင်းခံနေဖို့တောင် မလိုအပ်ဘူးလေ။
အဲဒါကြောင့် သာမန်လူသားတွေနဲ့ ကျင့်ကြံသူတွေကြားက ဆက်ဆံရေးက အပေါ်ယံကြည့်ရင် အရမ်းကို ငြိမ်းချမ်းနေတာပေါ့။ အာဏာရမယ့် လမ်းကြောင်းမှန်သမျှကို အထက်လူကြီးတွေက ပိတ်ပင်ထားပေမယ့် ဘာအဓိကရုဏ်းနဲ့ တော်လှန်ရေးမှ ဖြစ်မလာခဲ့ဘူး။
ဘာလို့ မဖြစ်တာလဲဆိုရင် အဖြေက ရှင်းရှင်းလေးပဲ။
ဘာလို့ဆို သူတို့ တက်လှမ်းနိုင်မယ့် မျှော်လင့်ချက်လမ်းစမှန်သမျှကို အစကတည်းက အမြစ်ပြတ်အောင် အကုန်လုံး ပိတ်ပင်ဖြတ်တောက်ထားလို့ပေါ့။
တကယ်လို့ မင်းကသာ ကျင့်ကြံခြင်းအဆင့် လုံးဝမရှိတဲ့ သာမန်ကောင်တစ်ယောက် ဖြစ်နေမယ်ဆိုရင် ဒီကမ္ဘာကြီးထဲမှာ ပြဿနာတစ်စုံတစ်ရာ ဖန်တီးဖို့အတွက် မင်းမှာ ဘာလက်နက်၊ ဘာစွမ်းအားများ ရှိနေလို့လဲ.…..
သာမန်လူ့ဘဝဖြင့်သာ ကျင်လည်သွားရမည်ကို လက်မခံနိုင်ဘဲ၊ အဆင့်နိမ့်ကျင့်ကြံသူများအဖြစ် ဘဝကို ပုံအပ်ထားကြသူများသည် အမှန်တကယ်ပင် ကံဆိုးမိုးမှောင်ကျသူများ ဖြစ်ကြသည်။
တစ်သက်တာလုံး အသက်ကိုပင် ပဓာနမထားဘဲ ကြိုးစားခဲ့သော်လည်း အမြင့်ဆုံးရရှိနိုင်သည်မှာ ဘုရားသခင်နယ်မြေသာ ဖြစ်သည်။ အကယ်၍သာ ပါရမီထူးချွန်ပြီး ကံကောင်းထောက်မ၍ ဂိုဏ်းတစ်ခုခုသို့ ဝင်ရောက်နိုင်ခဲ့လျှင်ပင် ထိုသူ၏ ကျင့်ကြံမှုခရီးက နိဗ္ဗာန်အဆင့်တွင်သာ အဆုံးသတ်သွားလိမ့်မည်ပင်။
ထိုထက်မက ပိုမိုမြင့်မားသော လောကသို့ တက်လှမ်းရန်ဆိုလျှင်မူ လမ်းနှစ်သွယ်သာ ရှိတော့သည်။
ပထမလမ်းမှာ မဟာနယ်မြေသုံးခုထံတွင် ခိုလှုံပြီး နှစ်ပေါင်းထောင်ချီကာ ကိုယ့်ကိုကိုယ် အညှိုးတကြီး ပွတ်တိုက်လေ့ကျင့်ရမည်။
ထိုမှတစ်ဆင့် နောက်ဆုံး၌ ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်တစ်ဦးအဖြစ် ပြန်လည်စေလွှတ်ခံရကာ ဒေသခံ အာဏာရှင်အဖြစ်သာ ဘဝကို အဆုံးသတ်ရမည်။
ဒုတိယလမ်းမှာမူ အခြားမည်သည့်လမ်းကြောင်းမှ မရှိတော့ချေ။
အင်အားကြီးမားသော မိသားစုကြီးတစ်ခုအတွင်းသို့ ဝင်ရောက်ခြင်းဆိုသည်မှာ ခွေးတစ်ကောင်ကဲ့သို့ အဆက်ဆံခံရခြင်းနှင့် အတူတူပင်။