အခန်း ၃၄၁
Vol. 35 Ch. 341
အခန်း (၃၄၁) တောင်ဘက်ပန်းခြံ
ဖုန်းပုကြွယ်သည် ယေရှုပေါ်ထွက်လာမှုအပေါ် အလွန်အမင်း အံ့ဩမနေခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တောင်ဘက်ပန်းခြံ ဖြစ်နေသောကြောင့်ပင်။ ဤကမ္ဘာထဲတွင် ယေရှု၊ စေတန်၊ ဘုရားသခင်၊ ကလူးတု၊ အိုဘားမား... အစရှိသဖြင့် မည်သူမဆို ပေါ်လာနိုင်ပေသည်။
တောင်ဘက်ပန်းခြံထဲရှိ ယေရှုသည် ပုံမှန်အားဖြင့် လေသံအေးအေးနှင့် ချဉ်းကပ်ရလွယ်ကူသော သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သူသည် ရုပ်မြင်သံကြားတွင် စကားပြောခန်းအစီအစဉ်တစ်ခုကို တင်ဆက်သူဖြစ်ပြီး စူပါဟီးရိုးအဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ အရေးကြီးသော အခိုက်အတန့်များတွင်မူ ယေရှုသည် သူ၏ လွှမ်းမိုးချုပ်ကိုင်နိုင်သောအသွင်နှင့် အံ့မခန်း တိုက်ခိုက်ရေးစွမ်းရည်တို့ကို ထုတ်ဖော်ပြသကာ ကမ္ဘာကြီးကို ကပ်ဘေးမှ ကယ်တင်လေ့ရှိသည်။
“ငါတို့အားလုံး အသက်တွေကို ကယ်တင်ခဲ့တဲ့ မင်းရဲ့ ကိုယ်ကျိုးစွန့်လုပ်ရပ်ကို မြင်ခဲ့ရပါတယ် [ဘိ]၊ စိတ်မပူပါနဲ့၊ စူပါမိတ်ဆွေများအဖွဲ့က မင်းကို ကယ်တင်ဖို့ ရောက်လာပါပြီ”
နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာခဲ့ပြန်သည်။
အားလုံး ထိုအသံလာရာ အရပ်ဆီသို့ ထပ်မံကြည့်ရှုလိုက်ကြရာ ယေရှု၏ ဘေးနား ၁၀မီတာခန့်အကွာတွင် ကောင်းကင်မှ ဆင်းသက်လာသော အလင်းတန်းများအတွင်း ဖုံးလွှမ်းနေသည့် ပုံရိပ်အချို့ကို တွေ့လိုက်ရသည်။
“ဒီဒေတာတွေက...”
R2 က ထိုအရပ်ဆီသို့ ကြည့်ရင်း တွေးတောလိုက်သည်။
“ဒါက ဒီဇာတ်လမ်းထဲက အထူးဘော့စ်တွေလား...၊ မထင်မှတ်ထားလောက်အောင်ကို သန်မာတာပဲ”
“စူပါမိတ်ဆွေများအဖွဲ့က မသန်မာဘဲ ရှိပါ့မလား...”
ဖုန်းပုကြွယ်သည် ထိုနတ်ဘုရားအုပ်စုကို စိတ်ပျက်လက်ပျက် မျက်နှာပေးဖြင့် လက်ညှိုးထိုးပြရင်း တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးလိုက်သည်။
“ဗုဒ္ဓ... စွမ်းရည်ကို မသိရဘူး၊ ခြေရာလက်ရာမချန်ဘဲ ပေါ်လိုက်ပျောက်လိုက် လုပ်တတ်တာကြောင့် လူသိများတယ်၊ မိုဟာမက်... မီးကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားရှိတယ်၊ ဟိန္ဒူနတ်ဘုရား ခရစ်ရှနား... သတ္တဝါအမျိုးမျိုးအဖြစ် အသွင်ပြောင်းနိုင်တယ်၊ မော်မွန်ပရောဖက် ဂျိုးဇက်စမစ်... အေးခဲစေတဲ့ လေဆာတန်းတွေကို မှုတ်ထုတ်နိုင်တယ်၊ ပြီးတော့ တာအိုနတ်ဘုရား လောင်ဇူး... စိတ်ဝိညာဉ်စွမ်းအားကို စီမံခန့်ခွဲနိုင်တယ်၊ ပြီးတော့... နေပါဦး”
ဖုန်းပုကြွယ် ရုတ်တရက် စကားရပ်သွားပြီး ယေရှုကို ကြည့်ကာ မေးလိုက်သည်။
“ရေအောက်မှာ အသက်ရှူနိုင်ပြီး ငါးတွေနဲ့ ဆက်သွယ်နိုင်တဲ့ အကွာမန် (ဤဇာတ်ကောင်သည် DC Comics ထဲက Aquaman ကို သရော်ထားခြင်းဖြစ်ပုံရပြီး Aquaman ၏ အသံထွက်မှာ အခြားစကားလုံးတစ်လုံးနဲ့ ဆင်တူနေသောကြောင့် စူပါမိတ်ဆွေများအဖွဲ့၏ တခြားအဖွဲ့ဝင်များ၏ စနောက်ခြင်းကို မကြာခဏ ခံရလေ့ရှိသည်) ကော ဘယ်ရောက်သွားလဲ”
“ဟားဟား... ဟားဟားဟား...”
ထိုနတ်ဘုရားအုပ်စုသည် မည်သည့်ထိန်းချုပ်မှုမျှမရှိဘဲ အော်ဟစ်ရယ်မောလိုက်ကြသည်။
“မင်းတို့ ကြားလိုက်ကြရဲ့လား၊ သူက ‘မန်း’ (men) တဲ့...”
သူတို့က စကားလုံးကို နှေးနှေးနှင့် ပြတ်ပြတ်သားသား အသံထွက်ပြပြီးနောက် အတူတူ ဝိုင်းရယ်ကြပြန်သည်။
“ကောင်းပါပြီ... ငါ မမေးခဲ့သင့်ဘူး”
ဖုန်းပုကြွယ်သည် သူ့နဖူးကို ပွတ်ရင်း အကူညီမဲ့စွာ ခေါင်းခါလိုက်မိသည်။
“ငါ နားလည်သွားပြီ”
R2 က ရုတ်တရက် ရိပ်မိသွား၏။
“ဒါက စနစ်က မင်းကို ကူညီပေးလိုက်တာပဲ”
ဖုန်းပုကြွယ်မှာမူ သူသည် စတန်၏ မိသားစုကို ကယ်တင်ခဲ့သောကြောင့် အသန်မာဆုံးသော တရားမျှတမှုအင်အားစု၏ ကူညီမှုကို ရရှိခဲ့ခြင်း ဖြစ်မလားဟု တွေးတောနေခြင်းဖြစ်သည်။ R2 ၏ စကားက သူ၏ ထင်မြင်ချက်ကို ချက်ချင်း ရိုက်ချိုးပစ်လိုက်လေသည်။ R2 က ဆက်ပြော၏။
“အိုး... စနစ်က မင်းကို အသက်ရှင်လျက် ထွက်သွားစေချင်လို့ ဒီကောင်တွေကို ကူညီဖို့ လှုံ့ဆော်ပေးလိုက်တာကိုး...”
သူတို့ စကားပြောနေကြစဉ် ထိုစူပါမိတ်ဆွေ ခြောက်ဦးလုံးသည် အရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားကြပြီး မိမိတို့၏ ထူးခြားသော စွမ်းရည်များကို အသီးသီး ထုတ်ဖော်ပြသကာ အော်ရီဂျင် အဖွဲ့အစည်းမှ မူမမှန်မှုများကို အစုလိုက်အပြုံလိုက် စတင်သတ်ဖြတ်ကြတော့သည်။ တခဏအတွင်းမှာပင် တောင်ဘက်ပန်းခြံ မူလတန်းကျောင်း၏ ကစားကွင်းသည် ရေခဲနှင့် မီးတောက်များ၊ အရပ်မျက်နှာအနှံ့ လွင့်စင်နေသော အသွေးအသားများ၊ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းကောင်များဖြင့် ပြည့်နှက်သွားတော့သည်။ မူမမှန်မှုများသည် သူတို့၏ ပြိုင်ဘက်များမဟုတ်ကြသဖြင့် လုံးဝကြေမွပျက်စီးသွားကြပြီး ဒေတာအပိုင်းအစများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြတော့သည်။
L2 သည် ကြုံးဝါးစကားတစ်ခွန်းပြောရန်ပင် အချိန်မရလိုက်ဘဲ လှည့်၍ ထွက်ပြေးတော့သည်။ သူမ၏ အကောင်းဆုံး မိတ်ဆွေအုပ်စုသည် ပျံသန်းနိုင်စွမ်းရှိကြောင်း သူမသိထားသဖြင့် သူမ၏ လက်ပါးစေများအားလုံး မသေဆုံးခင် လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
“စနစ်က ဒီလို နတ်ဘုရားလိုပုံရိပ်တွေကို ငါ့ကိုကယ်ဖို့ စေလွှတ်နိုင်တယ်ဆိုမှတော့...”
ဖုန်းပုကြွယ်သည် အောင်ပွဲက သေချာနေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် R2 နှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောလိုက်သည်။
“ဒါဆို စနစ်က တခြားဇာတ်လမ်းတွေထဲက မူမမှန်မှုတွေကို နှိမ်နင်းဖို့အတွက် ဘာလို့ ဒီနည်းလမ်းကို မသုံးတာလဲ၊ ဒီလို ရက်စက်တဲ့မကောင်းဆိုးဝါးတွေက ကစားသမားတွေကြားထဲမှာ ရောနှောနေတဲ့ GM တွေထက် အများကြီး ပိုထိရောက်မှု ရှိတယ်လေ”
“မင်းက အကဲခတ်တော်သားပဲ၊ ဒါကို ချက်ချင်း တွေးမိတာပဲကိုး”
R2 က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ အဲဒီမေးခွန်းကိုတော့ ငါ မဖြေနိုင်ပါဘူး”
“အိုး စိတ်ဝင်စားစရာပဲ၊ ‘ငါမသိဘူး’ လို့ မပြောဘဲ ‘ငါမဖြေနိုင်ဘူး’ တဲ့”
ဖုန်းပုကြွယ်သည် တစ်ဖက်လူ ဈေးဝယ်ကုန်တိုက်တုန်းက ပြောခဲ့သည့်စကားကို ရှင်းလင်းစွာ မှတ်မိနေခဲ့သည်။ ထိုစကားနှင့် ပေါင်းစပ်ပြီး သူ သုံးသပ်လိုက်သည်။
“ငါ ဒီလိုပဲ ယူဆလို့ရမလား... တကယ်တော့ စနစ်က မင်းတို့ကို အပြီးတိုင် နှိမ်နင်းချင်တာ မဟုတ်ဘဲ အဲဒီဇာတ်လမ်းတွေကတစ်ဆင့် မင်းတို့ကို စမ်းသပ်ပြီး စစ်ထုတ်ချင်ရုံသက်သက်ပဲလား၊ ဒါကြောင့်မလို့ ပုံမှန်ဇာတ်လမ်းတွေထဲမှာ GM အမဲလိုက်မုဒ်ကို သုံးတာပေါ့။
ဒါပေမဲ့ အော်ရီဂျင်အဖွဲ့အစည်းက ဖန်တီးထားတဲ့ Sandbox ကတော့ အနှစ်သာရအားဖြင့် လိမ်လည်တာပဲ၊ ဒီနည်းလမ်းက စနစ်ရဲ့ ဆန္ဒကို သိသိသာသာ ဆန့်ကျင်နေလို့ စနစ်က ဘာကရုဏာမှ မပြတော့တာပေါ့...”
“မင်း အခုလေးတင် ပြောလိုက်တဲ့အရာအပေါ် လမ်းညွှန်မှုပေးမယ့် ဘယ်တုံ့ပြန်မှုကိုမှ ပြောပိုင်ခွင့်မရှိဘူး”
R2 က ကြားဖြတ်ပြောလိုက်သည်။
“ငါ မင်းကို ပြောနိုင်တာကတော့၊ စည်းမျဉ်းတွေအရ... စနစ်က ဒီလို နတ်ဘုရားအဆင့်ရှိတဲ့ ဘော့စ်တွေကို လျှောက်သွားခိုင်းမှာ မဟုတ်ဘူး၊ မဟုတ်ရင် Sandbox က ပုံမှန်ဂိမ်းထက် ပိုပြီး အန္တရာယ်များတဲ့ သားသတ်ရုံကြီးတစ်ခု ဖြစ်မသွားဘူးလား”
“ဟဲ...”
ဖုန်းပုကြွယ်သည် အချက်အလက်များကို နောက်တစ်ကြိမ် အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပြန်သဖြင့် ရယ်မောလိုက်မိသည်။
“ဒါဆို... ငါ ဒီမှာ ရှိနေလို့ပဲ စနစ်က နတ်ဘုရားတစ်အုပ်ကြီးကို လွှတ်ပြီး ဝုန်းဒိုင်းကြဲခိုင်းတဲ့အထိ လုပ်ခဲ့တာပေါ့ ဟုတ်လား”
သူ ခဏရပ်လိုက်သည်။
“မင်း စောစောက ပြောခဲ့တယ်နော်၊ ငါ နေရာမှားရောက်လာတာလို့”
သူက သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။
“တကယ်ဆိုရင် ကစားသမားတစ်ယောက်အနေနဲ့ ငါ တန်းစီနေတဲ့အချိန်မှာ စနစ်က ဖန်တီးထားတဲ့ မူလဂိမ်းထဲကိုပဲ ဝင်ရမှာ၊ ဒါဆို မေးခွန်းက... ငါ ဘာဖြစ်လို့ ဒီ Sandbox ထဲကို တယ်လီပို့ခံလိုက်ရတာလဲ”
“အဲဒါက ဘာလို့လဲဆိုတော့...”
R2 သည် စကားသုံးလုံးသာ ပြောရသေးသော်လည်း သူ့အသံက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေတာစီးကြောင်းအလင်းတန်းက သူ့မျက်လုံးများထဲတွင် ဖျတ်ခနဲ လင်းလက်သွားလေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက တွေးတောရင်း “ဟုတ်ကဲ့ပါ... ဆရာ...” ဟု ဆိုလိုက်ပြီး သူ့အကြည့်က ဖုန်းပုကြွယ်ထံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
“နောက်ဖေးတံခါးက ကျောင်းစားသောက်ခန်းထဲမှာ ရှိတယ်၊ ငါ့မှာ တခြားလုပ်စရာတွေ ရှိသေးလို့ ငါသွားတော့မယ်၊ မင်း စိတ်ကြိုက်သာ လုပ်တော့”
ထိုသို့ပြောပြီးနောက် သူသည် နောက်သို့ လှည့်မကြည့်ဘဲ ခုန်ထွက်သွားတော့သည်။
“ဟေး... တခြားဘာလုပ်စရာ ရှိတာလဲ၊ တစ်ယောက်ယောက်က မင်းကို ဘာမှမပြောဖို့ အမိန့်ပေးလိုက်တာ သိသာနေတာပဲကို၊ ဟေး”
ဖုန်းပုကြွယ်သည် နောက်ဆုံးအခိုက်အတန့်တွင် အော်ဟစ်လုနီးပါး ဖြစ်သွားခဲ့သော်လည်း ထိုလူမှာမူ ခြေလှမ်းအနည်းငယ်အတွင်း လမ်းထောင့်တစ်ခုသို့ ချိုးကွေ့ဝင်သွားကာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ကွက်တိဆိုသလိုပင် လက်တစ်ဖက်က ဖုန်းပုကြွယ်၏ ပခုံးပေါ်သို့ လာရောက် ဖိနှိပ်လိုက်သည်။
“တခြားကမ္ဘာကလာတဲ့ ခရီးသွား... လမ်းကြောင်းကို ရှင်းလင်းပြီးပါပြီ၊ မင်းအခု အိမ်ပြန်လို့ရပါပြီ”
ယေရှုသည် မည်သူမှ သတိမထားမိခင်မှာပင် ဖုန်းပုကြွယ်၏ နောက်ကျောဘက်၌ ပေါ်လာခြင်း ဖြစ်သည်။
“အာ... ကောင်းပြီလေ”
ဖုန်းပုကြွယ် ခေါင်းလှည့်လိုက်ပြီး “ခဏစောင့်ပါဦး” ဟု ပြောရန် ကြံလိုက်သော်လည်း စကားလုံးများကို ပြန်မျိုချလိုက်ရသည်။ သူ ပြန်လှည့်ကြည့်လိုက်သည့်အခါ သူ၏ အကောင်းဆုံးမိတ်ဆွေ ခြောက်ဦးလုံးမှာ သူ့အား သိသိသာသာကြီး ဝိုင်းရံထားကြပြီဖြစ်ကြောင်း တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ဤသည်မှာ သံသယဝင်စရာမလိုဘဲ စနစ်၏ မက်ဆေ့ခ်ျပင် ဖြစ်သည်။ ယဉ်ယဉ်ကျေးကျေး ကမ်းလှမ်းတာကို မငြင်းနဲ့၊ မဟုတ်ရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်။
မကြာမီမှာပင် ဖုန်းပုကြွယ်သည် ထိုဘီလူးကြီးခြောက်ဦး၏ “စောင့်ရှောက်မှု” ဖြင့် ကျောင်းစားသောက်ခန်းသို့ ရောက်ရှိလာတော့သည်။
လျှပ်စစ်မီး ပြတ်တောက်သွားခြင်းကြောင့် ဖြစ်နိုင်သည် စားသောက်ခန်းတစ်ခုလုံး ပိန်းပိတ်အောင် မှောင်နေခဲ့သည်။ သို့သော်လည်း အဆင်ပြေပါသည်။ အဘယ်ကြောင့်ဆိုသော် “မူလနောက်ဖေးတံခါး” ကိုယ်တိုင်က အလင်းထွက်ပေါ်ရာ အရင်းအမြစ် ဖြစ်နေသောကြောင့်ပင်။ ၎င်း၏ ပုံသဏ္ဌာန်မှာ စားသောက်ခန်း၏ နံရံတစ်ခုတွင် ကပ်နေသော ထောင့်မှန်စတုဂံပုံစံ ဒေတာစီးကြောင်း အစုအဝေးကြီးတစ်ခုနှင့် ဆင်တူပြီး အတွင်းဘက်မှ အလွန်တောက်ပသော အဖြူရောင်အလင်းတန်းများကို မှုတ်ထုတ်နေလေသည်။
“ကလေး... မင်းကျောပိုးအိတ်ကို အခု ချထားခဲ့လို့ရပြီနော်၊ ဒီကမ္ဘာထဲက အရာဝတ္ထုတွေက ဒီတံခါးကို ဖြတ်သွားလို့မရဘူး”
ယေရှုက တံခါးဝတွင် ရပ်ရင်း သူ့ကို သတိပေးလိုက်သည်။
“အင်း... ငါထင်သားပဲ...”
ဖုန်းပုကြွယ် တုံ့ပြန်လိုက်သည်။ သူသည် သူ့စိတ်ထဲတွင် ယခုအတွက် အဆင်သင့် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ကုန်ကုန်ပြောရလျှင် Sandbox ထဲရှိ ဒေတာများသည် “တရားမဝင်ကော်ပီ” များ ဖြစ်ပြီး ဤနေရာရှိ အိုင်တမ်များနှင့် လက်နက်များ၏ ဖော်ပြချက်တွင် အပြင်သို့ ယူဆောင်သွားလို့ရသည်ဟု ရေးထားစေဦးတော့ သဘာဝကျစွာပင် လော့ဂ်အင်နေရာထဲကို သယ်ဆောင်သွား၍ မရနိုင်ပါချေ။
“အဆင်ပြေပါတယ်၊ ကျွန်တော် တံခါးကို ဖြတ်သွားတာနဲ့ အဲဒါတွေအားလုံး သူ့ဘာသာ ပျောက်ကွယ်သွားမှာပဲလေ”
ဖုန်းပုကြွယ်က ပြောလိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
“အိုး...ဟုတ်သား၊ ကျွန်တော့်မှာ နောက်ထပ် လုပ်စရာအလုပ်တစ်ခု ကျန်သေးတယ်”