← Chapters

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း (၃၄၄) ဗိုလ်ချုပ်တစ်ယောက်ကို ရှာဖွေရတာခက်တယ်

အဆင့် ၅၁ မှ ၁၀၀ အတွင်းရှိသော ကစားသမားများ ရရှိမည့် ဆုလာဘ်များမှာမူ တကယ်တမ်းတွင် နှစ်သိမ့်ဆုသက်သက်သာ ဖြစ်သည်။ အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသော တီရှပ်မှအပ ကျန်ပစ္စည်းများအားလုံးမှာ ငွေသားဖြင့် တိုက်ရိုက်ဝယ်ယူနိုင်သောအရာများ ဖြစ်ပြီး တန်ဖိုးလည်း သိပ်မကြီးပေ။ အတွေ့အကြုံနှစ်ဆကတ် ၁၀ ကတ်နှင့် ဂိမ်းဒင်္ဂါး ၂၀၀,၀၀၀ ၏ တန်ဖိုးမှာ ယွမ် ၂၀၀ ကျော်မျှသာ ရှိပေသည်။ ပိုက်ဆံအလွန်အကျွံသုံးတတ်သော ကစားသမားကြီးများဆိုလျှင် တစ်လအတွင်း ထိုပမာဏထက်ပင် ပိုမိုသုံးစွဲတတ်ကြသေးသည်။

အဆင့် ၃၁ မှ ၅၀ အတွင်းရှိသော ဆုလာဘ်များကမူ သိသိသာသာပင် ပိုမိုတန်ဖိုးရှိလာခဲ့သည်။ အဆင့် ၃၀ ကျော် ထူးကဲအဆင့်ရှိ ပစ္စည်းကိရိယာနှစ်ခုဆိုလျှင် လေလံစျေးကွက်၌ ဂိမ်းဒင်္ဂါး ၃ သိန်းကျော်ဖြင့် အလွယ်တကူ ရောင်းချနိုင်မည်ဖြစ်သည် (နှစ်ပတ်ခန့် ကြာမြင့်ပြီးနောက်တွင် လေလံစျေးကွက်အတွင်း စျေးကစားမှုများမှာ အနည်းငယ် ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သည်)။ ထို့ပြင် စကေးအမှတ် ၂၀၀၀ ဆိုသည်မှာ ငွေသားရှိရုံဖြင့် ဝယ်ယူ၍မရနိုင်သော အရာလည်း ဖြစ်သည်။

အဆင့် ၁၁ မှ ၃၀ အတွင်းကို ကြည့်မည်ဆိုပါက… စကေးအမှတ် ၃၀၀၀ မှာ အနှစ်သာရချင်း သိပ်မကွာခြားလှသော်လည်း အဓိကအကျဆုံးအချက်မှာ ပြည့်စုံအဆင့်ရှိ ပစ္စည်းကိရိယာ ဖြစ်နေခြင်းပင်။ ထူးကဲအဆင့်ရှိ ပစ္စည်းကိရိယာများအား ငွေကြေးဖြင့် တန်ဖိုးဖြတ်နိုင်သော်လည်း ပြည့်စုံအဆင့်ရှိ ပစ္စည်းကိရိယာများကမူ အမှန်တကယ်ပင် တန်ဖိုးဖြတ်မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အဆင့်မြင့်ပစ္စည်းကိရိယာများမှာ ဝတ်ဆင်ပြီးသည်နှင့် စနစ်မှ သော့ခတ်လိုက်လေ့ရှိသောကြောင့် လေလံစျေးကွက်အတွင်း ပြည့်စုံအဆင့်ရှိ အိုင်တမ်များမှာ အလွန်တရာစျေးကြီးပြီး အင်မတန် ရှားပါးလွန်းလှသောကြောင့် ဖြစ်သည်။

ထို့အပြင် ဆုအဖြစ်ပေးအပ်မည့် ပစ္စည်းကိရိယာများ၏ ဂုဏ်သတ္တိများမှာ ကျပန်းဖြစ်သော်လည်း ကစားသမားများအနေဖြင့် အမျိုးအစားကိုမူ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့် ရှိပေသည်။ ဤသည်မှာ စနိုက်ပါသမားတစ်ယောက်က အနီးကပ်တိုက်ခိုက်ရေးလက်နက်ကို မဲနှိုက်မိခြင်းမျိုး သို့မဟုတ် တိုက်ခိုက်ရေးသမားတစ်ဦးက စက်သေနတ်တိုအား မဲနှိုက်မိခြင်းမျိုး လုံးဝဖြစ်မလာနိုင်သကဲ့သို့ ကစားသမားထံတွင် ရှိရင်းစွဲ အစွမ်းထက်ပစ္စည်းများနှင့် ထပ်တူကျသွားမည့်အရေးကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ထိပ်တန်း ၃၀ အတွင်းသို့ ဝင်ရောက်နိုင်ရုံမျှဖြင့် သိသိသာသာပင် စွမ်းရည်တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်တော့သည်။

အချုပ်ဆိုရသော် အိပ်မက်ကုမ္ပဏီသည် ကစားသမားများအတွက် မည်သည့်ဆုလာဘ်မျိုးက အတန်ဖိုးရှိဆုံးဖြစ်သည်ကို ကောင်းစွာသိရှိထားပြီး ၎င်းတို့၏ စိတ်သဘောထားကို မည်သို့ကစားရမည်ကိုလည်း ကောင်းကောင်းကြီး နားလည်နေကြောင်း ထင်ရှားလှသည်။

ဤပြိုင်ပွဲကြီးအတွင်း ဝင်ရောက်ဆင်နွှဲကြမည့် အပျော်တမ်းကစားသမား အများစု၏ ရည်မှန်းချက်မှာ အဆင့် ၃၀ အတွင်း ဝင်ရောက်နိုင်ရန် ဖြစ်သည်။ ထိပ်တန်း ၁၀ ဦးအတွင်း ဝင်ရောက်ရန်မှာ အလွန်ခက်ခဲလိမ့်မည်ကို သူတို့အားလုံး သိရှိကြပေသည် (မှန်ပေသည် မိမိကိုယ်မိမိ အထင်ကြီးလွန်းပြီး ညံ့ဖျင်းနေလျက်နှင့် အစွမ်းထက်ဆုံးဟု ထင်မှတ်နေကြသူများလည်း ရှိပေသေးသည်၊ ဤကမ္ဘာပေါ်မှာ ငကြောင်ကောင်များက ရှားမှမရှားဘဲကိုး)။ အဆင့် ၁၀၀ အတွင်းကို ရည်မှန်းချက်ထားခြင်းကလည်း အနည်းငယ် အဓိပ္ပာယ်မဲ့သလို ဖြစ်နေမည်ဖြစ်ရာ အဆင့် ၅၀ ကို ရည်မှန်းပြီး အဆင့် ၃၀ အတွင်းဝင်ရန် ကြိုးစားခြင်းကသာ ပိုမိုလက်တွေ့ကျသော ပန်းတိုင်တစ်ခု ဖြစ်ပုံရလေသည်။

သို့သော်လည်း လက်တွေ့တွင်မူ ပရော်ဖက်ရှင်နယ် ကစားသမားများ ရှိနေခြင်းကြောင့် ဤပန်းတိုင်ကို အကောင်အထည်ဖော်ရန်မှာလည်း အလွန်ခက်ခဲမည်ဖြစ်သည်…။

ရေကူးခြင်းဖြင့် ဥပမာပေးရမည်ဆိုလျှင် အပျော်တမ်းကစားသမားများဆိုသည်မှာ တစ်ပတ်လျှင် အများဆုံး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်မျှသာ ကူးခွင့်ရသော ဝါသနာရှင်များကဲ့သို့ဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားများမှာမူ တစ်နှစ်ပတ်လုံး လေ့ကျင့်နေကာ ပြိုင်ပွဲအတွက် အမြဲအသင့်ဖြစ်နေသည့် ပရော်ဖက်ရှင်နယ် အားကစားသမားများကဲ့သို့ ဖြစ်ကြသည်။

ထိုနှစ်ဖွဲ့ ထိပ်တိုက်ဆုံတွေ့ကြချိန်တွင် ရလဒ်မှာ အထူးပင် ရှင်းလင်းလှသည်။ အပျော်တမ်းသမားများသည် ၁၀ ပွဲတွင် အနည်းဆုံး ၈ ပွဲခန့် ရှုံးနိမ့်ကြမည် ဖြစ်သည်။

သို့သော်ငြား ဤသည်မှာ ထိပ်တန်း ၁၀၀ စာရင်းတစ်ခုလုံးကို ပရော်ဖက်ရှင်နယ် ကစားသမားများကချည်း မောင်ပိုင်စီးသွားလိမ့်မည်ဟု မဆိုလိုပေ။ အဘယ်ကြောင့်ဆိုသော် အပျော်တမ်းသမားများထဲတွင်လည်း ဖုန်းပုကြွယ်ကဲ့သို့သော ထူးခြားသည့် ပါရမီရှင် အနည်းငယ်မျှတော့ ရှိနေသေးသည် မဟုတ်ပါလား…။

ထို့ပြင် ပဏာမခြေစစ်ပွဲများအတွင်း၌ ပရော်ဖက်ရှင်နယ် ကစားသမားအချင်းချင်း စောစီးစွာ ဆုံတွေ့မိကြပြီး တစ်ဦးဦးမှာ စောစောစီးစီး ပြုတ်သွားခြင်းမျိုးလည်း ဖြစ်နိုင်ချေရှိသည်။ ဤပြိုင်ပွဲကြီးတွင် ပါဝင်ဆင်နွှဲမည့်သူဦးရေမှာ ဂဏန်းခြောက်လုံး (သိန်းဂဏန်း) ကျော်လွန်မည်ဟု ခန့်မှန်းရသဖြင့် လူပေါင်းတစ်ထောင်ကျော်အထိ စစ်ထုတ်လိုက်သည့် ရှုံးထွက်ပွဲစဉ်များအပြီးတွင် ပရော်ဖက်ရှင်နယ်ကစားသမား မည်မျှအထိ ကျန်ရှိနေမည်ကို တပ်အပ်မပြောနိုင်ချေ။ လူဦးရေ ကွာဟချက် အဆမတန်ကြီးမားခြင်းနှင့် မခန့်မှန်းနိုင်သော အချက်အလက်များစွာ ရှိနေခြင်းတို့ကြောင့် ပရော်ဖက်ရှင်နယ်များအတွက်ပင် ထိပ်တန်း ၁၀၀ အတွင်း ဝင်ရောက်ရန်မှာ မလွယ်ကူလှပေ။

အတိုချုပ်ရသော် အပျော်တမ်းကစားသမားများအနေဖြင့် ထိပ်တန်း ၁၀၀ အတွင်း ဝင်ရောက်နိုင်ရန် အခွင့်အရေး ရှိနေဆဲပင် ဖြစ်သည်။ သို့သော် ထိပ်တန်း ၃၀ အတွင်း ဝင်ရောက်နိုင်ရန်မှာမူ အကြွင်းမဲ့ အစွမ်းထက်သော ပရော်ဖက်ရှင်နယ် ကစားသမားများအတွက်သာ ပိုမိုသေချာနေလိမ့်မည် ဖြစ်သည်။

ထိပ်တန်း ၁၀ ဦးအတွက်မူကား…

[အဆင့် ၄ မှ ၁၀ အတွင်း ရရှိသော ကစားသမားများသည် မိမိတို့၏ အမြင့်ဆုံးအဆင့်ရှိသော အထူးပြုကျွမ်းကျင်မှုနှင့် ကိုက်ညီသည့် စကေးကတ် ၃ ကတ်၊ အခြားအထူးပြုကျွမ်းကျင်မှုများအတွက် ကျပန်းစကေးကတ် ၄ ကတ်နှင့် စကေးအမှတ် ၅၀၀၀ ကို ကျပန်းရရှိမည် ဖြစ်ပါသည်။]

ဖုန်းပုကြွယ်သည် အဆင့် ၄ မှ ၁၀ အတွင်း ရရှိမည့် ဆုလာဘ်များကို ကြည့်ရှုလိုက်စဉ်အတွင်း သူ့ဦးနှောက်က သဘာဝအတိုင်း တွက်ချက်မှုအချို့ကို လုပ်ဆောင်တော့သည်…။ ကစားသမားတစ်ဦး၏ စကေးနေရာမှာ ၁၂ ကွက်သာ ရှိခြင်းဖြစ်သည်။ သူ့ကိုယ်သူ ဥပမာထားကြည့်ရလျှင် သူသည် ဂိမ်းစမ်းသပ်ကာကတည်းက ဆော့ကစားလာခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဆင့် ၂၉ သို့ပင် ရောက်ရှိနေပြီ ဖြစ်သည် Sandbox မှ ဆုလာဘ်များ မရရှိနိုင်သဖြင့် အဆင့် ၃၀ သို့ မရောက်ရှိသေးခြင်း ဖြစ်သည်)။ လောလောဆယ်တွင် သူ၏စကေးအကွက်ထဲ၌ စကေး ၉ ခုသာ ရှိသေး၏။ အကယ်၍ R2 ထံမှ အလကားရရှိထားသော မွန်းဝေါ့ခ်နှင့် မုန်တိုင်းကန်ချက်၊ ပြီးနောက် တစ်ကြိမ်သုံးပြီးလျှင် ပျောက်ကွယ်သွားမည့် အသုံးမဝင်လှသော နံစော်နေသော ကြက်ဥဗုံးတို့ကို ဖယ်ထုတ်လိုက်ပါက တကယ်တမ်း၌ သူ့တွင် စကေး ၆ ခုသာ ရှိတော့ပြီး ၎င်းတို့ထဲမှ တစ်ခုမှာလည်း စကေးနေရာမယူသော ဘွဲ့ထူးစကေး ဖြစ်နေပြန်သည်။

သို့သော် ထိပ်တန်း ၁၀ ဦးစာရင်းဝင်လျှင် ရရှိမည့်ဆုမှာမူ သူ့အား စကေးကတ် ၇ ကတ် တိုက်ရိုက်ပေးမည်ဖြစ်ပြီး ၎င်းတို့ထဲမှ ၃ ကတ်မှာ သူ၏အသန်မာဆုံး အထူးပြုကျွမ်းကျင်မှုအတွက် ဦးစားပေး ပေးအပ်မည် ဖြစ်သည်။ ပစ္စည်းကိရိယာများနှင့် နှိုင်းယှဉ်ပါက ဤစကေးများမှာ ပိုမိုဘက်စုံကျပြီး ရေရှည်ခံမည့် အဆင့်မြှင့်တင်မှုမျိုး ဖြစ်သည်မှာ ထင်ရှားပေသည်။ ထို့ပြင် စကေးအမှတ် ၅၀၀၀ ကိုလည်း ရရှိဦးမည်ဖြစ်ရာ ကစားသမားဘက်မှ အနည်းငယ် ထပ်မံဖြည့်စွက်လိုက်ရုံဖြင့် ခြောက်လှန့်သေတ္တာထဲမှ ပြည့်စုံအဆင့်ရှိ ပစ္စည်းကိရိယာများကို တိုက်ရိုက်ဝယ်ယူရန် လုံလောက်သွားပြီ ဖြစ်သည်။

ဤဆုလာဘ်များကို မြင်လိုက်ရသောအခါ အစ်ကိုကြွယ်မှာ အတော်လေး စိတ်လှုပ်ရှားသွားသော်လည်း ၎င်းအောက်တွင် ဆက်လက်ဖော်ပြထားသော ဆုသုံးခုမှာမူ ပို၍ပင် မယုံနိုင်စရာ ကောင်းနေတော့သည်။

[အထွတ်အထိပ်ပြိုင်ပွဲ၏ တတိယဆု ရရှိသူသည် မိမိ၏ အဆင့်နှင့်ကိုက်ညီသော ကျပန်း ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာ ၁ ခုနှင့် စကေးအမှတ် ၁၀၀၀၀ ကို ရရှိမည် ဖြစ်ပါသည်။]

[အထွတ်အထိပ်ပြိုင်ပွဲ၏ ဒုတိယဆု ရရှိသူသည် မိမိ၏ အဆင့်နှင့်ကိုက်ညီသော ကျပန်း ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာ ၁ ခု (အမျိုးအစားကို ရွေးချယ်နိုင်သည်) နှင့် စကေးအမှတ် ၂၀၀၀၀ ကို ရရှိမည် ဖြစ်ပါသည်။]

[အထွတ်အထိပ်ပြိုင်ပွဲ၏ ပထမဆု ရရှိသူသည် အိပ်မက်ကုမ္ပဏီထံမှ လျှို့ဝှက်ဆန်းကြယ်သော လက်ဆောင်တစ်ခုကို ရရှိမည် ဖြစ်ပါသည်။]

"သည်းထိတ်ရင်ဖို သုခဘုံထဲက ကစားသမားဦးရေက သန်းနဲ့ချီရှိတာမို့ ဒီပြိုင်ပွဲကို စာရင်းသွင်းမယ့်သူက အနည်းဆုံး ၁ သိန်းကျော်လိမ့်မယ်လို့ ခန့်မှန်းရတယ်၊ လူ ၁ သိန်းထဲကနေ ထိပ်တန်းသုံးယောက်ထဲ ဝင်နိုင်တဲ့ကောင်ဆိုရင်တော့ 'မကောင်းဆိုးဝါး' လို့ပဲ ခေါ်ရတော့မယ်… ပြီးတော့ ဒီလိုဆုမျိုးပေးတယ်ဆိုတာက အဲဒီမကောင်းဆိုးဝါးတွေကို ပိုစွမ်းအားကြီးအောင် အတောင်နဲ့ အစွယ်တွေ တပ်ပေးလိုက်သလိုပဲ"

ဖုန်းပုကြွယ်သည် ထိုစာသားများကို နှစ်မိနစ်ခန့် စိုက်ကြည့်နေပြီးမှ အသံထွက်ဖတ်လိုက်သည်။

"ဒါနဲ့… ဒီလျှို့ဝှက်ဆန်းကြယ်လက်ဆောင်ဆိုတာက ဘာကြီးလဲ၊ စိတ်ဝင်စားစရာပဲ…"

သူ နှာခေါင်းရှုံ့ရင်း ရေရွတ်လိုက်သည်။

"ဟမ့်… ဒီဂိမ်းကုမ္ပဏီကတော့ ဘယ်လိုကစားရမှန်း ကောင်းကောင်းကြီး သိတာပဲ၊ ထိပ်တန်း ၁၀၀ ကနေစပြီး ဆုတွေရဲ့ တန်ဖိုးက အဆင့်တစ်ခုချင်းစီအလိုက် ကိန်းဂဏန်းအဆမတန် တိုးသွားတာ ဒါပေမဲ့ ချန်ပီယံအဆင့်ကျမှ 'လျှို့ဝှက်ဆန်းကြယ်လက်ဆောင်' ဆိုပြီး ထူးဆန်းတဲ့ ရှင်းလင်းချက်မျိုး ပေးထားတယ်…"

ဖုန်းပုကြွယ်သည် ကွန်ပျူတာကုလားထိုင်ပေါ်၌ အကြောဆန့်လိုက်သည်။

"ဒါကို 'ဘာမှမရှိခြင်းက တစ်ခုခုရှိခြင်းထက် သာလွန်တယ်' လို့ ခေါ်တာပေါ့၊ သိုင်းကွက်မရှိခြင်းက သိုင်းကွက်ရှိခြင်းထက် သာတယ်၊ ပုံသဏ္ဍာန်မရှိခြင်းက ပုံသဏ္ဍာန်ရှိခြင်းထက် သာတယ်၊ လိုချင်တပ်မက်မှုမရှိခြင်းက လိုချင်တပ်မက်မှုရှိခြင်းထက် သာတယ်၊ တိတ်ဆိတ်ခြင်းက အသံထွက်ခြင်းထက် သာတယ်… ဘာလဲဆိုတာ မသိရတဲ့ ဆုလာဘ်တွေကသာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ တန်ဖိုးအရှိဆုံးတွေ ဖြစ်လာတာပေါ့"

သူသည် အိပ်မက်ကုမ္ပဏီ၏ အစီအစဉ်ကို အမှန်တကယ်ပင် လက်ခုပ်တီးချီးကျူးချင်စိတ် ပေါက်သွားရသည်။

"အရမ်းပြောင်မြောက်တယ်၊ တကယ့်ကို ပါးနပ်လွန်းတယ်"

"မြောင်"

အာသပ်စ်သည် ရုတ်တရက် ကွန်ပျူတာစားပွဲပေါ်သို့ ခုန်တက်လာပြီး မော်နီတာကို ကုတ်ခြစ်ရင်း အော်ဟစ်လိုက်လေသည်။

"အိုး… မင်းလည်း မင်းသခင်ရဲ့ အမြင်ကို သဘောတူတယ်ပေါ့"

ဖုန်းပုကြွယ်က အာသပ်စ်အား စနောက်လိုက်သည်။

ထိုအစင်းကျားကြောင်လေးသည် မာနထောင်လွှားသော အမူအရာဖြင့် ဖုန်းပုကြွယ်ကို တစ်ချက်ကြည့်ကာ နှစ်ကြိမ်မျှ အော်လိုက်ပြီးနောက် မော်နီတာစခရင်ကို ၎င်း၏ ရှေ့ခြေဖဝါးလေးဖြင့် အသာအယာ ပွတ်သပ်နေပြန်သည်။

"ဘာလဲ၊ မင်းက ငါ့ကို ထိပ်တန်း ၁၀ ယောက်ထဲ ဝင်နိုင်မယ်လို့ ထင်နေတာလား"

ဖုန်းပုကြွယ်သည် အာသပ်စ်အား LCD စခရင်ကို မကုတ်ခြစ်မိစေရန် ပွေ့ချီလိုက်သည်။

"ဟဲဟဲ… ကောင်းပြီလေ၊ အဆင့် ၃၀ ရောက်ရင် ငါစာရင်းသွင်းလိုက်မယ်၊ ဒါက အခွင့်အရေးပဲ၊ ငါလည်း တကယ် စမ်းကြည့်ချင်တယ်… ငါ့ရဲ့ တကယ့်စွမ်းရည်အစစ်က ဘယ်လောက်အထိ ရှိလဲဆိုတာကိုပေါ့"

…

တစ်ချိန်တည်းမှာပင် ဂိမ်းကမ္ဘာအတွင်းရှိ သျှီဝ၏ အစည်းအဝေးခန်းမ၌။

နတ်ဘုရားများစတူဒီယို၏ အသန်မာဆုံး ကစားသမားလေးဦးဖြစ်ကြသော သျှီဝ၊ ဗိဿနိုး၊ ဗြဟ္မာနှင့် ရာမတို့သည် စုံစုံလင်လင် စုဝေးရောက်ရှိနေကြသည်။

"သူက ငါ့ရဲ့ သူငယ်ချင်းတောင်းဆိုမှုကို လက်ခံခဲ့တယ်၊ ဒါပေမဲ့ ချက်ချင်းပဲ အိပ်စက်ခြင်းမုဒ်ထဲ ဝင်သွားပြီးကတည်းက ငါ့စာတွေကို ပြန်မဖြေတော့ဘူး၊ ဒီနေ့လည်း သူလုံးဝ လိုင်းမတက်သေးဘူး"

သျှီဝသည် ဖုန်းပုကြွယ်အကြောင်းကို သူ၏ ရဲဘော်ရဲဘက်များနှင့် ဆွေးနွေးနေခြင်း ဖြစ်သည်။

"ဒါပေမဲ့ ဒီမနက် အသစ်ထွက်လာတဲ့ တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်မှာ ဒုတိယနေရာက အမည်မသိ ကစားသမားဟာ ဒီ 'ဖုန်းပုကြွယ်' ဖြစ်မယ်ဆိုတာ ငါရဲရဲကြီး ပြောရဲတယ်"

"အင်း… အဆင့်သတ်မှတ်ချက်တွေ ထွက်လာပြီးကတည်းက သူ ဂိမ်းထဲမဝင်သေးဘူးဆိုရင် စနစ်က စာရင်းထဲမှာ သူ့နာမည်ကို ဖျောက်ထားဖို့အတွက် အမည်မသိအဖြစ်ပဲ အလိုအလျောက် သတ်မှတ်ပေးထားမှာမို့ အဲဒါက သဘာဝကျပါတယ်"

ဗိဿနိုးက ဖြည့်စွက်ပြောကြားလိုက်သည်။ ဗြဟ္မာကမူ ခပ်ပြတ်ပြတ်အသံဖြင့် ကြားဖြတ်ပြောလာသည်။

"ဟား… ဘာတွေ အများကြီး တွေးနေတာလဲ၊ ငါ့အမြင်တော့ ရှင်းရှင်းလေးပါ၊ ဘော့စ်က ဒုတိယလေ၊ အခု သူက ဘော့စ်ကို နိုင်သွားတော့ သူက အလိုအလျောက် အပေါ်ရောက်သွားတာပေါ့"

ရာမက မေးစေ့ကို လက်ဖြင့်ထောက်ပြီး နဖူးပေါ်က အပြာရောင်ဆံပင်စုလေးကို သပ်တင်ရင်း စဉ်းစားနေမိသည်။

“နင်တို့ ထူးဆန်းမနေဘူးလား၊ မူလတိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်မှာ သူ့နာမည် မရှိခဲ့ဘူး၊ ထိပ်တန်းအယောက်နှစ်ဆယ်ထဲက အမည်မသိလူတွေကို ဘယ်သူလဲဆိုတာ ခန့်မှန်းလို့ရပေမဲ့ သူက အဲဒီထဲမှာတောင် မပါခဲ့ဘူး၊ ဒါကြောင့် အဲဒီဇာတ်လမ်းမစခင်က သူဟာ အနည်းဆုံး အဆင့်နှစ်ဆယ်ပြင်ပမှာပဲ ရှိနေခဲ့တာ။

တကယ်လို့ သူက အဲဒီသတ်ဖြတ်ခြင်းဂိမ်းကို ကံကောင်းလို့ နိုင်သွားပြီး အဲဒီဇတ်လမ်းကရတဲ့ စွမ်းရည်တိုးတက်မှုကြောင့် ဒုတိယနေရာကို တက်လာတာဆိုရင်တော့ တစ်မျိုးပေါ့… ဒါပေမဲ့ ဘော့စ်ရဲ့ ပြောပြချက်အရဆိုရင် ဒီလူရဲ့ တိုက်ခိုက်ရေးစွမ်းအားက အဲဒီပွဲစဉ်မပြီးခင်ကတည်းက ထိပ်တန်းအဆင့် ရောက်နေခဲ့တာလေ”

ဗိဿနိုးက ဘေးမှ ထပ်လောင်းပြောကြားလိုက်သည်။

“ပြီးတော့ သူက မယုံနိုင်အောင် ကောက်ကျစ်ပြီး ဗျူဟာခင်းတဲ့နေရာမှာလည်း အကွက်စုံတယ်…”

“အင်း… အဲဒါကို ငါလည်း နားမလည်နိုင်ဖြစ်နေတာ”

သျှီဝ၏ မျက်နှာမှာ ဆံပင်ရှည်များ၏ အရိပ်အောက်တွင် ပျောက်ကွယ်နေပြီး စဉ်းစားခန်းဖွင့်နေလေသည်။

“ငါ ‘မသေ’ ခင်က သူ ငါ့ကို ရှုပ်ထွေးတဲ့ ရှင်းလင်းချက်တချို့ ပေးခဲ့ပေမဲ့ သူဘာပြောနေလဲဆိုတာ ငါ လုံးဝနားမလည်ခဲ့ဘူး၊ ဒီကောင်က ဖမ်းဆုပ်ရခက်ပြီး ခန့်မှန်းရခက်လွန်းတယ်… သူ့စကားတွေကို အဓိပ္ပာယ်ဖော်ဖို့ ကြိုးစားနေမယ့်အစား လုံးဝဥပေက္ခာပြုပြီး ငါ့ရဲ့ ကိုယ်ပိုင်ကျိုးကြောင်းဆင်ခြင်မှုအပေါ်ပဲ အားကိုးတာ ပိုကောင်းလိမ့်မယ်”

သူ ခဏရပ်ပြီးမှ ဆက်ပြောသည်။

“ငါ့အမြင်တော့ ဖြစ်နိုင်ခြေအရှိဆုံး ရှင်းလင်းချက်က ဇာတ်လမ်းအတောအတွင်းမှာ သူဟာ လျှို့ဝှက်တာဝန်တစ်ခုခုကြောင့်ဖြစ်စေ၊ အစွမ်းထက်တဲ့ စကေးတစ်ခုခု ဒါမှမဟုတ် အိုင်တမ်တစ်ခုခုကို ရခဲ့တာကြောင့်ဖြစ်စေ သူ့စွမ်းအားကို ထိပ်ဆုံးအထိ မြှင့်တင်နိုင်ခဲ့တာပဲ ဖြစ်ရမယ်”

“ဖြစ်နိုင်တယ်…”

ရာမက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“သူ့ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ ရော်ဘင်ကို ဖမ်းဆီးတာ၊ ဂေါ့ဒ်နက်ကို ရန်စတာ၊ မစ္စတာဖရိဇ်ရဲ့ ပစ္စည်းတွေကို ရယူတာတွေက… သူဟာ ဇာတ်လမ်းရဲ့ အရင်းအမြစ်တွေကို အမြင့်ဆုံး အသုံးချနိုင်စွမ်းရှိတယ်ဆိုတာ ပြသနေတာပဲ”

သျှီဝက ဆက်ပြောလိုက်သည်။

“ဒါကြောင့်မို့လို့ သူက ကျောက်ရင်းဝမ်ကို သတ်ပြီး ငါ့ကို အနိုင်ယူနိုင်ခဲ့တာပေါ့… ပြီးတော့ ခုနှစ်ထွေသတ်ဖြတ်ခြင်းကလည်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်တာ သေချာတယ် (သျှီဝသည် ပွဲစဉ်အတွင်း စောစောစီးစီးသေသွားသဖြင့် ခုနှစ်ထွေသတ်ဖြတ်ခြင်းက ဘက်မန်းဝတ်စုံ ရရှိထားသည်ကို မသိရှိသောကြောင့် ဖုန်းပုကြွယ် အလွယ်တကူ နိုင်လိမ့်မည်ဟု သုံးသပ်ခြင်းဖြစ်သည်)”

သူ သက်ပြင်းချလိုက်သည်။

“အထွတ်အထိပ်ပြိုင်ပွဲ မကြေညာခင် တစ်ရက်အလိုမှာ ဒီလို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက် ရုတ်တရက် ပေါ်လာတာက… တကယ်ကို ဝမ်းသာစရာကိစ္စတော့ မဟုတ်ဘူး”

ဗြဟ္မာက ရယ်မောလိုက်သည်။

“ဘော့စ်ရာ၊ သူက ဘော့စ်ကို သူငယ်ချင်းအဖြစ် အသိအမှတ်ပြုဖို့ သဘောတူထားပြီးပြီ မဟုတ်လား၊ ဒါက သူ့ကို ငါတို့အဖွဲ့ထဲ ဆွဲခေါ်ဖို့ အခွင့်အရေးရှိတယ်ဆိုတဲ့ သဘောပဲ၊ သူ့အဖွဲ့က… ‘ငရဲကမ္ဘာရှေ့တန်းဆိုလား၊ ငါတစ်ခါမှတောင် မကြားဖူးပါဘူး၊ အပျော်တမ်းသမားတွေ စုထားတဲ့ အဖွဲ့အသေးလေး ဖြစ်မှာပါ၊ အဆိုးဆုံးဖြစ်လာရင်တော့ သူတို့အဖွဲ့သား အားလုံးကို ငါတို့နတ်ဘုရားများအဖွဲ့ထဲ ဆွဲသွင်းလိုက်ရုံပေါ့”

ဗိဿနိုးက ချက်ချင်း ဝင်ပြောလိုက်သည်။

“ဒီလူကောင်ကြီးက နောက်ဆုံးတော့ ဦးနှောက်သုံးတတ်လာပြီပဲ”

“မင်း ဘယ်သူ့ကို ပြောတာလဲ”

ဗြဟ္မာက ပြန်တုန့်ပြန်လိုက်သည်။

ဗိဿနိုးက ပြုံးရင်း သူ့ကို လျစ်လျူရှုကာ ဆက်ပြော၏။

"စကားပုံ ရှိတယ်မဟုတ်လား၊ ရွှေကို ရှာရတာလွယ်ပေမဲ့ စစ်သူကြီးကောင်းကိုတော့ ရှာရတာခက်တယ်တဲ့၊ ဒီလူက ပညာရော သတ္တိကော ပြည့်စုံတဲ့ ရှားပါးပါရမီရှင်ပဲ၊ တကယ်လို့ သူသာ နတ်ဘုရားများထဲ ဝင်လာရင် အော်ဒါအဖွဲ့ကို ပြန်တိုက်တဲ့အခါကျရင် ငါတို့မှာ နောက်ထပ် ဝှက်ဖဲတစ်ချပ် တိုးလာမှာပေါ့"

သူက ဗြဟ္မာကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီလူကောင်ကြီးရဲ့ ပေါင်းစည်းရေးအစီအစဉ်က ဖြစ်နိုင်ခြေရှိတယ်လို့ ငါထင်တယ်၊ ငရဲကမ္ဘာရှေ့တန်းထဲမှာ လူသစ်တွေချည်းပဲ ရှိနေရင်တောင် ဒီအရူးအတွက်နဲ့ ငါတို့ သည်းခံပေးသင့်တယ်၊ သူတို့အားလုံးကို သိမ်းသွင်းလိုက်လည်း ဘာမှနစ်နာစရာမရှိပါဘူး"

သျှီဝက လေးနက်စွာ ပြောလိုက်သည်။

"အဲဒါတွေကို ငါလည်း နားလည်ပါတယ်… ဒါပေမဲ့…"

သူသည် တွေဝေသွားပြီး စိတ်ထဲမှ တွေးတောလိုက်မိသည်။

"ဒီကောင့်မှာ စိတ်ရောဂါရှိနေတယ်လို့ ငါသံသယဝင်မိတယ်"

"ထားလိုက်ပါတော့…"

သျှီဝသည် သူ၏ အထောက်အထားမခိုင်လုံသော စကားများကို ပြန်မျိုချလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။

"သူ အွန်လိုင်းတက်လာပြီး ငါ့စာ ပြန်ဖြေတဲ့အခါကျမှပဲ ငါကိုယ်တိုင် သူနဲ့ စကားပြောကြည့်လိုက်ပါ့မယ်"

All Chapters