အခန်း ၃၄၅
Vol. 35 Ch. 345
အခန်း (၃၄၅) တော်ဝင်ရှေ့နေ
‘အထွတ်အထိပ် ပြိုင်ပွဲကြီး’၏ သတင်းမှာ သံသယဖြစ်ဖွယ်မရှိဘဲ ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားခဲ့ပြီး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားစေခဲ့သည်မှာ အမှန်ပင်။
ဧပြီလ ၂၀ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ဂိမ်း၏တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာထက်၌ ပြိုင်ပွဲကြေညာချက်ကို စတင်ထုတ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ဂိမ်းလောကတစ်ခုလုံး ကမောက်ကမ ဖြစ်သွားရလေသည်။
ထိုသတင်းကြောင့် နယ်ပယ်အသီးသီးမှ သူရဲကောင်းအပေါင်းတို့မှာ ပြိုင်ပွဲအတွက် အလုပ်ရှုပ်သွားကြပြီး ကျန်ရှိနေသော နောက်ဆုံးဆယ်ရက်တာကာလအတွင်း မိမိတို့၏ စွမ်းရည်များကို အတတ်နိုင်ဆုံး မြှင့်တင်နိုင်ရန် နေ့မအား ညမနား ကြိုးစားကြတော့သည်။
ထိုသို့ ကြိုးစားကြသည့် ရလဒ်အနေဖြင့် လေလံစျေးကွက်အတွင်းရှိ ပစ္စည်းစျေးနှုန်းများမှာ ထပ်မံထိုးတက်သွားပြန်သည်။ ပြင်ပငွေသားအား ဂိမ်းဒင်္ဂါးအဖြစ် လဲလှယ်သည့် ဝန်ဆောင်မှုမှာလည်း အလွန်အမင်း ရေပန်းစားလာရာ ပိုက်ဆံတစ်ခါမှ မသုံးဖူးသော ကစားသမားများပင် စိတ်မထိန်းနိုင်ဘဲ ငွေသုံးမိသည်အထိ ဖြစ်လာခဲ့ကြသည်။ စကေးအမှတ် ထောင်ချီ၍ စုဆောင်းထားသော ကစားသမားများအတွက်မူ ယခုအချိန်သည် ‘စပရိုက်ဘောက်စ်’ များ ဝယ်ယူရန် အကောင်းဆုံးအချိန် ဖြစ်နေသောကြောင့် ၎င်းသေတ္တာများ၏ ရောင်းအားမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
သို့သော် ဤကဲ့သို့ အရေးကြီးလှသော အချိန်ကာလအတွင်း ဖုန်းပုကြွယ်မှာမူ သုံးရက်ဆက်တိုက် ဂိမ်းထဲသို့ လော့ဂ်အင်မဝင်ခဲ့ချေ။
မျက်တောင်တစ်ခတ်အတွင်း ဧပြီလ ၂၃ ရက်နေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ထိုနေ့နံနက်တွင် ဖုန်းပုကြွယ်၏အိမ်မှ လူခေါ်ဖုန်းသံက ရုတ်တရက် မြည်ဟည်းလာခဲ့သည်။
အစ်ကိုကြွယ်သည် ဆိုဖာပေါ် ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားပြီး အိပ်ချင်မူးတူးဖြင့် တုန်တုန်ချည့်ချည့် လမ်းလျှောက်ကာ တံခါးဝသို့ ရောက်ရှိလာလေသည်။ သူသည် ဘယ်ဘက်လက်ဖြင့် နံရံကို ထောက်ထားရင်း ညာဘက်လက်ဖြင့် ဖုန်းလက်ခံခွက်ကို ကောက်ကိုင်ကာ မေးလိုက်သည်။
“ဘယ်သူပါလဲ”
“ငါပါကွ… အောင်းယန်ကျန်း”
တစ်ဖက်မှ အမျိုးသားတစ်ဦး၏ အသံ ပေါ်ထွက်လာ၏။
“ကျွန်တော် ပြောထားတယ် မဟုတ်လား၊ အရေးကြီးတာ မရှိရင် မနက်စောစောစီးစီး လာမရှာပါနဲ့ဆိုတာကို”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“မနက်စောစော ဟုတ်လားကွ… အခု ၁၀ နာရီ ထိုးနေပြီ”
အောင်းယန်ကျန်းက အော်ဟစ်လိုက်သည်။
“အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ တံခါးအမြန်ဖွင့်စမ်း”
“အိုကေ… အိုကေပါဗျာ…”
ဖုန်းပုကြွယ် ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။ သူသည် နံရံပေါ်ရှိ နာရီကို တစ်ချက်လှမ်းကြည့်ရင်း တံခါးဖွင့်ခလုတ်ကို နှိပ်လိုက်ရာ အမှန်တကယ်ပင် ၁၀ နာရီ ထိုးနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
“အာ… မနေ့ညက ၃ နာရီ၊ ၄ နာရီအထိ စာထိုင်ရေးနေလို့ အိပ်တာ နောက်ကျသွားတယ်”
အစ်ကိုကြွယ်သည် ပြီးခဲ့သည့် သုံးရက်အတွင်း အလကားနေခဲ့ခြင်း မဟုတ်ပေ။ သူသည် စာများကို မရပ်မနား တရစပ် ရေးသားနေခဲ့ခြင်း ဖြစ်သည်။ အင်တာနက်ပေါ်၌ အချက်အလက် ရှာဖွေရုံမှအပ ဂိမ်းဖိုရမ်များကိုပင် တစ်ချက်မျှ လှည့်မကြည့်ခဲ့ချေ။ အမှန်တကယ်တွင် သူစိတ်ပြောင်းသွား၍ မဟုတ်ဘဲ မေလတွင် ကျင်းပမည့် ‘အထွတ်အထိပ် ပြိုင်ပွဲကြီး’ ကို စိတ်အေးလက်အေး အာရုံစိုက် ဆော့ကစားနိုင်ရန်အတွက် အလုပ်အားလုံးကို ကြိုတင်အပြတ်ဖြတ်ထားချင်သောကြောင့်သာ ဖြစ်သည်။
“ဒုန်း… ဒုန်း… ဒုန်း… ဒုန်း…”
တံခါးကို ခပ်သွက်သွက် ထုရိုက်သံများ ချက်ချင်းပင် ပေါ်ထွက်လာလေသည်။
ဖုန်းပုကြွယ် တံခါးဖွင့်လိုက်ပြီး ထိုအမျိုးသားအား မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော့်အိမ်မှာ လူခေါ်ဘဲလ် ရှိတယ်ဆိုတာ အစ်ကိုသိတယ်မဟုတ်လား”
“တံခါးကို ထုလိုက်တာက ငါ ဘယ်လောက် စိတ်တိုနေလဲဆိုတာကို ပိုထင်ရှားစေချင်လို့လေ”
ထိုလူက ပြန်ဖြေလိုက်သည်။ ဤမစ္စတာ အောင်းယန်ကျန့်ဆိုသူမှာ ဖုန်းပုကြွယ်၏ ရှားရှားပါးပါး သူငယ်ချင်းအနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး “အမြဲတမ်းအားကိုးရသော” ရှေ့နေလည်း ဖြစ်ပေသည်။
အောင်ယန်ကျန်းသည် ယခုနှစ်တွင် အသက် ၃၀ တိတိ ရှိပြီဖြစ်ပြီး လက်ထပ်ပြီးပြီဖြစ်ကာ အလုပ်အကိုင်လည်း အောင်မြင်နေသူ ဖြစ်သည်။ သူသည် ချောမောခန့်ညားပြီး ဖြောင့်မတ်တည်ကြည်သော ရုပ်ရည်ရှိသည်။ အပြင်ထွက်သည့် အခါတိုင်း စမတ်ကျသော ဝတ်စုံပြည့်ကို ဝတ်ဆင်လေ့ရှိကာ ဆံပင်ကို သေသပ်စွာ ဖြီးသင်လျက် ရွှေရောင်မျက်မှန်ကို တပ်ဆင်ထားတတ်သည်။ ပထမဦးဆုံး မြင်လိုက်ရုံမျှဖြင့် သူသည် တည်ငြိမ်ရင့်ကျက်ပြီး အားကိုးထိုက်သော လူငယ်ပညာတတ်တစ်ဦးဟု ထင်မှတ်စရာ ရှိပေသည်။
သို့သော် အမှန်တကယ်တွင်မူ ထိုလူသည် လုံးဝကို… တရားရုံးတွင်းက အပေါက်ဆိုးဆိုး မိန်းမကြီး တစ်ဦးကဲ့သို့ပင်။ အကယ်၍ အောင်းယန်ကျန်းသာ ၁၉၆၀ ပြည့်လွန်နှစ်များတွင် မွေးဖွားခဲ့မည်ဆိုပါက လူမှုအဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းမှုကို ပြင်းထန်စွာ ထိခိုက်စေမည့် ပြဿနာရှာသူတစ်ယောက် သေချာပေါက် ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့်ပင် ဥပဒေစနစ် အတော်လေး ခိုင်မာအားကောင်းနေပြီဖြစ်သော ၂၀၅၅ ခုနှစ်၏ လက်ရှိကာလတွင် ဖုန်းပုကြွယ်ကပင် ဤသို့ညည်းတွားခဲ့ဖူးသည်။
“အစ်ကိုက အီတလီမာဖီးယားအဖွဲ့ရဲ့ ဥပဒေအကြံပေး မဖြစ်ခဲ့တာ တကယ့်ကို နှမြောစရာပဲ”
အောင်းယန်ကျန်းတွင် ထိပ်တန်းရှေ့နေတစ်ဦး၌ ရှိသင့်ရှိထိုက်သော အရည်အချင်းများ အားလုံး ပြည့်စုံစွာရှိနေသည်ကိုတော့ ငြင်းပယ်၍မရချေ။ သူသည် စကားပြော ပါးနပ်လှပြီး ဉာဏ်ရည်ထက်မြက်ကာ ဥပဒေဟာကွက်များကိုလည်း ကျွမ်းကျင်စွာ အသုံးချတတ်သူ ဖြစ်သည်။ သို့သော်လည်း အကြောင်းရင်းတချို့ကြောင့် သူသည် ထူးထူးဆန်းဆန်း အမှုအခင်းများနှင့် တစ်မူထူးခြားသော ခပ်ကြောင်ကြောင် လူစားများကိုသာ ရှေ့နေလိုက်ပေးရန် ပိုမိုနှစ်သက်တတ်ပေသည်။
အုန်းယန်ကျန့်၏ အမြင်၌မူ ဥပဒေဆိုသည်မှာ ကိရိယာတစ်ခုသာ ဖြစ်ပြီး ကိုယ်ကျင့်တရားဆိုသည်မှာမူ ကိရိယာတစ်ခုအဆင့်ပင်မရှိဘဲ သန့်စင်ခန်းသုံးစက္ကူကဲ့သို့သာ ဖြစ်သည်။ အခွင့်အရေးသာ ရမည်ဆိုပါက သူသည် ကွင်းဆက်လူသတ်သမား သို့မဟုတ် မူးယစ်ရာဇာတစ်ဦးကိုပင် ရှေ့နေလိုက်ပေးရန် ဝန်လေးမည့်သူ မဟုတ်ပေ။ သူ့တွင် အစွန်းရောက်လှသော အခြေခံမူတစ်ခု ရှိသည်…။ ၎င်းမှာ ‘အောင်နိုင်ခြင်းသည်သာ တရားမျှတမှု’ ဖြစ်ပြီး အမှုနိုင်ခြင်းသည်သာ ရှေ့နေတစ်ဦးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်ကို ထိန်းသိမ်းခြင်း ဖြစ်သည်ဟူ၏။ လူသားများသည် မတရားမှုများနှင့် ပြည့်နှက်နေသော ကမ္ဘာကြီးထဲတွင် နေထိုင်နေကြရသည်ကို ကောင်းစွာ သိရှိထားကြသဖြင့် တရားစီရင်ရေးစနစ်၏ အဓိပ္ပာယ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်ထားသင့်သည်ဟု သူက ယူဆထားသည်။ ဤကစားပွဲအတွင်း ကိုယ်ကျင့်တရားဆိုင်ရာ အလံကို လွှင့်ထူနေခြင်းမှာ အသုံးမဝင်ချေ။ တရားမျှတမှု ရရှိစေရန်အတွက် ကစားပွဲထဲသို့ ဝင်ရောက်၍ အောင်နိုင်အောင် ကြိုးစားရန်သာ လိုအပ်ပေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က မူပိုင်ခွင့်အငြင်းပွားမှုတစ်ခုအတွင်း အောင်းယန်ကျန်းသည် ဖုန်းပုကြွယ်၏ ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ရာမှ သူတို့နှစ်ဦး၏ ဘဝချင်း ဆက်နွယ်မိခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူတို့သည် ရင်ဘတ်ချင်းတူသော မိတ်ဆွေများ ဖြစ်လာခဲ့ကြပြီး စကားပြောရာတွင်လည်း အလွန်အမင်း အံဝင်ခွင်ကျ ဖြစ်ခဲ့ကြသည်။ သူတို့နှစ်ဦး ဆုံတွေ့ခြင်းမှာ ဟန်နီဘယ်လက်တာ (Hannibal Lecter) နှင့် ဂျိုကာ (Joker) တို့ ဆုံတွေ့ကြသကဲ့သို့ပင်။ ရှောင်တန်၏ အတွေးထဲတွင်မူ အစ်ကိုကျန်းနှင့် အစ်ကိုကြွယ်တို့ နှစ်ယောက်တည်း စကားပြောနေမည့် မြင်ကွင်းမှာ… တစ်ယောက်က လူသားကို မည်သို့ချက်ပြုတ်ရမည်ကို ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်သော လေသံဖြင့် ရှင်းပြနေစဉ် အခြားတစ်ယောက်ကမူ ပျင်းရိပျင်းတွဲနှင့် ကောက်ကျစ်သောလေသံဖြင့် “ဘာလို့ ဒီလောက်တောင် ညစ်ညမ်းနေရတာလဲ” ဟု ညည်းတွားနေမည့် ပုံစံမျိုးပင် ဖြစ်သည်။
“မင်း အယ်ဒီတာ ပြောင်းလိုက်တာကို ငါ့ကို ဘာလို့ ကြိုမပြောတာလဲ”
အိမ်ထဲသို့ ဝင်လာပြီးနောက် အောင်းယန်ကျန်းသည် ဆိုဖာပေါ်တွင် နေသားတကျ ထိုင်လိုက်ရင်း သူ၏ စာရွက်စာတမ်းအိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူကာ မေးလိုက်သည်။
“အဲဒါက အစ်ကို့ကို အကြောင်းကြားဖို့ လိုလို့လား”
ဖုန်းပုကြွယ်က ဆိုလိုက်သည်။
“မင်းက မင်းတရားရုံးပေါ် ရောက်တဲ့အခါမှပဲ ငါ့ရဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်ကို သတိရတော့တာလား”
အောင်းယန်ကျန်းက နောက်ပြောင်သံတစ်ဝက်ဖြင့် ပြန်ပြောလိုက်သည်။
“အဲလိုတော့ မဟုတ်ပါဘူးဗျာ… တကယ်လို့ တစ်နေ့နေ့မှာ ကျွန်တော် အလောင်းဖျောက်ဖို့၊ သက်သေဖျက်ဆီးဖို့ ဒါမှမဟုတ် ပြစ်မှုကျူးလွန်တဲ့နေရာကို ရှင်းလင်းဖို့ လိုအပ်လာရင်လည်း… အစ်ကို့ကိုပဲ သေချာပေါက် အကူအညီတောင်းမှာပါ”
ဖုန်းပုကြွယ်က ဆို၏။
“မင်း ရှေ့နေတွေရဲ့ လျှို့ဝှက်ချက်ထိန်းသိမ်းမှု သဘောတူညီချက်အပေါ် တစ်ခုခု နားလည်မှုလွဲနေတာမျိုးတော့ မရှိပါဘူးနော်…”
အောင်းယန်ကျန်းက မေးလိုက်သည်။
“မရှိပါဘူး… ကျွန်တော်က အစ်ကို့ရဲ့ စိတ်ဓာတ်အပေါ် အပြည့်အဝ ယုံကြည်မှုရှိလို့ပါ”
တံခါးပိတ်ပြီးနောက် ဖုန်းပုကြွယ်သည် သမ်းဝေလိုက်ရင်း မျက်လုံးများပွတ်ကာ အောင်းယန်ကျန်း၏ မျက်နှာချင်းဆိုင်ဆိုဖာပေါ်တွင် တုန်တုန်ယင်ယင်ဖြင့် ဝင်ထိုင်လိုက်သည်။
“အစ်ကိုက အမှုသည်တွေအတွက် ငွေကြေးခဝါချပေးနိုင်တယ်၊ ပြစ်မှုတွေကို ဖုံးကွယ်ပေးနိုင်တယ်၊ နာမည်ပြောင်းပေးပြီး ပြစ်ဒဏ်ကနေ လွတ်မြောက်အောင် ကူညီပေးနိုင်တဲ့ လူစားမျိုးဆိုတာ သံသယဖြစ်စရာ မလိုပါဘူး… အစ်ကိုက ဥပဒေလောကရဲ့ လူသားချင်းစာနာထောက်ထားမှု ပြယုဂ်ကြီးပဲ…”
“ပထမဦးဆုံးအနေနဲ့ ငါက ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ပါကွ”
အောင်းယန်ကျန်းသည် သူ၏ တက်ဘလက်ကွန်ပျူတာကို ဖွင့်ကာ စာရွက်စာတမ်းများကို ကြည့်ရှုရင်း ပြောလိုက်သည်။
“ဒုတိယအနေနဲ့ ငါ အသေအချာ ပြောနိုင်တာကတော့… မင်းပြောနေတဲ့ ရှေ့နေက ‘ဆော ဂွတ်ဒ်မန်း’ (Breaking Bad ထဲက စိတ်ကူးယဉ်ဇာတ်ကောင်) ဖြစ်ရမယ်…”
“ဆောက အစ်ကို့ရဲ့ စံပြပုဂ္ဂိုလ် မဟုတ်ဘူးလား”
ဖုန်းပုကြွယ်က ပြုံးလျက် မေးလိုက်သည်။
“တကယ်လို့ ငါ့ပန်းတိုင်က ဆောဆိုရင်… မင်းရဲ့ ပန်းတိုင်ကကော V (Vendetta ထဲမှ ဇာတ်ကောင်) လား”
အောင်းယန်ကျန်းသည် ဖုန်းပုကြွယ်နှင့် စကားစစ်ထိုးရာတွင် အရှုံးမပေးဘဲ အပြန်အလှန် ယှဉ်ပြောနိုင်သော ရှားရှားပါးပါး လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။
“စိတ်မကောင်းစရာပဲ… ကျွန်တော့်မှာ Vရဲ့ စွမ်းရည်မျိုး မရှိဘူးဗျ”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ပြီးတော့ ကျွန်တော် ထင်တာကတော့ ဇာတ်ကောင်အရှိန်အဝါသာ မရှိရင် V အနေနဲ့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို ဘယ်လောက်ပဲ မြှင့်တင်ထားပါစေဦးတော့… ရုပ်ရှင်ထဲက အစီအစဉ်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ ခက်ခဲလိမ့်မယ်”
သူ ပုခုံးတွန့်လိုက်သည်။
“ဒါ့အပြင်… V က သူ့ကိုယ်သူ စနစ်တကျ စွန့်လွှတ်အနစ်နာခံရဲတဲ့ အာဇာနည်တစ်ယောက်လေ၊ ကျွန်တော်ကကျတော့… အင်း…”
ဖုန်းပုကြွယ် တစ်ဝက်တစ်ပျက်နှင့် စကားရပ်သွားရခြင်းမှာ အောင်းယန်ကျန်းက သူ့တက်ဘလက်ကို မြှောက်ကာ စာသားအချို့ကို ဖုန်းပုကြွယ်၏ မျက်နှာရှေ့သို့ လာပြသောကြောင့် ဖြစ်သည်။
“မင်း အဲဒီတုန်းက ‘V for Vendetta’ အတွက် ရေးခဲ့တဲ့ ‘ရုပ်ရှင်သုံးသပ်ချက်’ ကို မှတ်မိသေးလား…”
အောင်းယန်ကျန်းသည် သူ၏ လက်ညှိုးနှင့် လက်ခလယ်ဖြင့် မေးခွန်းအမူအရာ လုပ်ပြရင်း ပြောလိုက်သည်။
“အဲဒါက ငါတို့အတွက် ဘယ်လောက်တောင်ဒုက္ခများခဲ့လဲ”
“အဲဒါက တကယ့်ကို ရုပ်ရှင်သုံးသပ်ချက်လေးပါပဲဗျာ”
ဖုန်းပုကြွယ် နှာခေါင်းရှုံ့လိုက်သည်။
“ဒီနေ့အထိလည်း ကျွန်တော် ခိုင်ခိုင်မာမာ ပြောရဲတာကတော့… အဲဒီအပေါ်မှာ အလွန်အကျွံ တုံ့ပြန်ခဲ့ကြတဲ့ကောင်တွေသာ အပြစ်ရှိတာပါ”
“ဟုတ်လို့လား… ရုပ်ရှင်သုံးသပ်ချက်တစ်ခုရဲ့ နောက်ဆုံးစာပိုဒ်မှာ ဒီလိုမျိုး စကားလုံးအသုံးအနှုန်းတွေကို သုံးထားတာ ငါ ဒါပထမဦးဆုံး မြင်ဖူးတာပဲ”
အောင်းယန်ကျန်းက တက်ဘလက်ကို ပြန်ယူလိုက်သည်။
“မင်း လက်တွေ့မှာ ဘာဆောင်ရွက်မှုမျိုးမှ မလုပ်ရသေးလို့သာပေါ့… ပြီးတော့ တကယ်လို့ အဲဒီ ‘ရုပ်ရှင်သုံးသပ်ချက်’ က ရုပ်ရှင်ထဲက ဇာတ်ကွက်တချို့ကို တကယ်ရည်ညွှန်းပြောဆိုနေတာမျိုးသာ မဟုတ်ခဲ့ရင် ငါတို့တွေ အခုအချိန်မှာ ကျည်ကာမှန်တွေ၊ သံတိုင်တွေရဲ့ တစ်ဖက်တစ်ချက်စီကနေ မိုက်ခရိုဖုန်းနဲ့ စကားပြောနေကြရလောက်ပြီ”
ဖုန်းပုကြွယ်သည် အကြောဆန့်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ခေါင်းကိုထောက်ကာ ဆိုဖာနောက်မှီသို့ မှီချလိုက်သည်။
“ကောင်းပါပြီ… ရှေ့နေကြီးရာ၊ မငြင်းတော့ပါဘူး… လူကိုယ်တိုင် ဒီအထိ လာရလောက်အောင် ဘာကိစ္စ ရှိလို့လဲ”
“ငါ အိမ်ထဲဝင်လာကတည်းက ပြောပြီးပြီလေ၊ မင်းရဲ့ အယ်ဒီတာအသစ် ကိစ္စကြောင့်ပါဆို”
အောင်းယန်ကျန်းသည် စာရွက်အသစ်တစ်ခုကို ဖွင့်လိုက်ပြီး တက်ဘလက်ကို ဖုန်းပုကြွယ်ထံသို့ ကမ်းပေးလိုက်သည်။
ဖုန်းပုကြွယ်က တက်ဘလက်ကို လှမ်းယူ၍ တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
“မဂ္ဂဇင်းတိုက်နဲ့ ချုပ်ထားတဲ့ ကျွန်တော့်စာချုပ်မှာ ပြဿနာတစ်ခုခု ရှိလို့လား”
အောင်းယန်ကျန်းတွင် ထိုစာချုပ်မိတ္တူ ရှိနေခြင်းအပေါ် အစ်ကိုကြွယ် မအံ့သြမိချေ။ အဘယ်ကြောင့်ဆိုသော် သူ စာချုပ်ချုပ်ဆိုစဉ်က အောင်းယန်ကျန်းကိုယ်တိုင် ဘေးတွင် ရှိနေခဲ့သောကြောင့် ဖြစ်သည်။ သူတို့နှစ်ဦးထဲမှ တစ်ဦးသည် စာဖတ်ဝါသနာကြီးသူဖြစ်ပြီး အခြားတစ်ဦးမှာမူ သူ၏ အသက်မွေးဝမ်းကျောင်းအရ လိုအပ်သဖြင့် စာချုပ်မိတ္တူတစ်စောင် ထပ်မံထုတ်ယူကာ တစ်ယောက်တစ်စောင်စီ သိမ်းဆည်းထားပြီး အကြံဉာဏ်များ ဖလှယ်လေ့ရှိကြသောကြောင့် ဖြစ်သည်။
“စာချုပ်ကတော့ ဘာမှမဖြစ်ပါဘူး”
အောင်းယန်ကျန်းက ဆိုသည်။
“ပြဿနာက မင်းဆီမှာ ရှိနေတာ”
“ဟင်…”
“ဘာ ‘ဟင်’ လဲ… မင်းထင်နေတာက… အတိတ်က စာမူနောက်ကျခဲ့တာတွေအားလုံး ဒီအတိုင်း ပြီးပျောက်သွားပြီလို့ ထင်နေတာလား”
အောင်းယန်ကျန်းက ဆက်ပြောသည်။
“အောက်ကို ဆက်ဆွဲကြည့်ပါဦး၊ စာချုပ်ပါ စည်းကမ်းချိုးဖောက်မှုတွေကို ငါ အရောင်အမျိုးမျိုးနဲ့ မှတ်ပေးထားတယ်”
ဖုန်းပုကြွယ်သည် တက်ဘလက်ပေါ်ရှိ စာရွက်စာတမ်းကို အောက်သို့ ဆွဲချလိုက်ရာ တစ်ဖက်လူ ရည်ညွှန်းနေသည့် အကြောင်းအရာများကို လျင်မြန်စွာ တွေ့ရှိသွားပြီး ဖတ်ရှုလိုက်သည်။
“ဒါဆို စာချုပ်အရဆိုရင် ကျွန်တော်က လျော်ကြေးပေးရမှာ…”
“အဲဒါတော့ မလိုပါဘူး”
အောင်းယန်ကျန်းက ကြားဖြတ်ပြောလိုက်သည်။
“သူတို့က အရေးမယူသေးဘူးလို့ ပြောတယ်”
“အင်း… ‘သူတို့’ ဟုတ်လား”
ဖုန်းပုကြွယ် တစ်စက္ကန့်ခန့် ရပ်တန့်သွား၏။
“အန်းယွဲ့ချင် လား”
“မင်း ဘယ်လိုထင်လဲ”
အောင်းယန်ကျန်းက ပြန်ဖြေလိုက်သည်။
“မဖြစ်နိုင်တာ… သူက အစ်ကို့ဆီအထိ လာရှာတာလား”
ဖုန်းပုကြွယ် ပြောလိုက်ပြီးမှ သူ့အမှားကို ချက်ချင်း သတိပြုမိသွားသည်။
“အာ… ကျွန်တော် မှားတွက်မိသွားတယ်၊ မဂ္ဂဇင်းတိုက်မှာ အစ်ကို့ရဲ့ အဆက်အသွယ်လိပ်စာကို မထားခဲ့သင့်ဘူး”
“ငါလည်း ထူးဆန်းနေတာ… ငါမှတ်မိသလောက်ဆိုရင် မင်းက အရေးပေါ်ဆက်သွယ်ရန်နေရာမှာ ဝမ်တန်ကျိ နဲ့ ဆရာပေါင်တို့ရဲ့ နာမည်တွေကိုပဲ ဖြည့်ထားတာ မဟုတ်လား”
အောင်းယန်ကျန်းက မေးလိုက်သည်။
“မင်း ငါ့နာမည်နဲ့ ဆက်သွယ်ရေးအချက်အလက်တွေကို ဘယ်တုန်းက ထည့်လိုက်တာလဲ”
“သေချာတာပေါ့ အစ်ကိုထွက်သွားပြီးတဲ့နောက်မှာ ထည့်လိုက်တာလေ…”
ဖုန်းပုကြွယ် ဆက်ပြောလိုက်သည်။
“နာမည်ရဲ့ ဘေးမှာ ကွင်းစကွင်းပိတ်နဲ့ ‘ရှေ့နေ’ ဆိုပြီးတော့တောင် မှတ်ချက်ရေးပေးထားသေးတယ်”
အောင်းယန်ကျန်းသည် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
“မင်းသိလား… မင်းလို အမှုသည်မျိုးတွေအတွက် နာရီအလိုက် စနစ် ဒါမှမဟုတ် ပုံသေစျေးနှုန်းစနစ်အပြင် တတိယမြောက် ရွေးချယ်စရာတစ်ခုကို ငါ စဉ်းစားနေတယ်…”
“အဲဒါက ဘာလဲ”
အစ်ကိုကြွယ်က မေးလိုက်သည်။
“ပုံမှန် ‘အကာအကွယ်ကြေး’ ကောက်ခံတဲ့စနစ်ပေါ့ကွ”
အောင်းယန်ကျန်းက နောက်ပြောင်လိုက်သည်။
“ကျစ်”
ဖုန်းပုကြွယ်က ဆိုသည်။
“ကျွန်တော်တို့ရဲ့ ဆက်ဆံရေးနဲ့ ဘာလို့ ပိုက်ဆံအကြောင်းတွေ ပြောနေရသေးတာလဲ… ဟုတ်တယ်မလား၊ ဒါ့အပြင် အစ်ကိုတို့လို ရှေ့နေတွေအတွက် ပိုက်ဆံရှာရတာက ရေသောက်ရသလိုမျိုး အလွယ်လေး မဟုတ်ဘူးလား”
“ဟား”
အောင်းယန်ကျန်းက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
“တကယ်လို့ ငါသာ နိုင်ငံတကာ အဖွဲ့အစည်းအကြီးကြီးတစ်ခုမှာ အလုပ်လုပ်နေရင်တော့ ပိုက်ဆံရှာရတာက ဆီးသွားရသလိုမျိုး လွယ်ချင်လွယ်လိမ့်မယ်”
သူ ခေါင်းခါလိုက်သည်။
“ငါ့လို ရှေ့နေသေးသေးလေးအတွက်တော့ ကိုယ့်အရိုးကိုယ်သုံးပြီး အလုပ်လုပ်နေရတာလေ၊ နာရီအလိုက် လုပ်ခလစာက စတိုးဆိုင်က အချိန်ပိုင်းကျောင်းသားလေးတွေနဲ့ အတူတူပဲ”
သူသည် အကူညီမဲ့ ဖြစ်နေပုံရသည်။
“ပြီးတော့ တစ်ခါတစ်လေကျရင် မင်းလိုကောင် တစ်ကောင်၊ နှစ်ကောင်နဲ့ ထိပ်တိုက်တွေ့ရသေးတယ်… ဒါက တကယ့်ကို ဂေါ်ဖီထုပ်ဖိုးလောက်ပဲ ရပြီး မူးယစ်ရာဇာတစ်ယောက်နဲ့ ရင်ဆိုင်နေရသလိုပဲ…”
စကားပြောနေစဉ်အတွင်း ဖုန်းပုကြွယ်သည် စာချုပ်ထဲ၌ မှတ်သားထားသော အကြောင်းအရာများကို ဖတ်ရှုပြီးသွားပြီ ဖြစ်သဖြင့် စကားဝိုင်းကို မူလလမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်လိုက်သည်။
“ကျွန်တော် ပြောတာကတော့… အဲဒီစကားလုံးလေးလုံး ဖြစ်တဲ့ ‘လောလောဆယ် အရေးမယူသေးဘူး’ ဆိုတာက တော်တော်လေး ဆန်းကြယ်နေသလိုပဲ”
“ဘာမှ ဆန်းကြယ်တာ မရှိဘူး၊ ဒါက ဗြောင်ကျကျ ခြိမ်းခြောက်နေတာပဲ”
အောင်းယန်ကျန်းက ပြောလိုက်သည်။
“ငါ့အမြင်အရတော့ ဒီအချက်ကို မင်းအပေါ်မှာ သုံးတာက ကျိုးကြောင်းဆီလျော်တယ်၊ တရားမျှတတယ်၊ ပြီးတော့ ဥပဒေနဲ့လည်း ညီညွတ်တယ်”
သူသည် ကျေနပ်အားရနေသော မျက်နှာပေးဖြင့် ချီးကျူးလိုက်သည်။
“အာ… ကျေနပ်စရာကောင်းလိုက်တာ”
“ပြောရမယ်ဆိုရင်…ဒီကောင်မလေးက တော်တော် သတ္တိရှိတာပဲ…”
ဖုန်းပုကြွယ်သည် အန်းယွဲ့ချင် ၏ ပုံစံကို တွေးတောရင်း ရေရွတ်လိုက်သည်။
“ကျွန်တော့်ဆီကနေ ပညာပေးခံရပြီးတော့ သုံးရက်တစ်ခါ ဒီလို ပြဇာတ်မျိုး လာခင်းနေတော့တာပဲ”
“ဘာပဲဖြစ်ဖြစ် မင်းကိုယ်မင်း သတိထားတာ ပိုကောင်းလိမ့်မယ်”
အောင်းယန်ကျန်းသည် ကွန်ပျူတာကို ပြန်ယူ၍ သူ့အိတ်ထဲသို့ ထည့်ရင်း ပြောလိုက်သည်။
“စာချုပ်အရဆိုရင် မင်းရဲ့ ‘ဒုတိယတန်းစား စုံထောက်နှင့် ကြောင်’ က အနည်းဆုံး နောက်ထပ် တစ်နှစ်လောက် အတွဲလိုက် ထွက်နေရဦးမှာ… တခြားလူလက်အောက်မှာ အလုပ်လုပ်နေရတဲ့ အချိန်မှာတော့ မင်းအနေနဲ့ ပိုပြီးဝီရိယရှိသင့်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် မလုပ်နဲ့”
“ဒါက စာမူကို အချိန်မှန် အပ်ဖို့ ကိစ္စပဲကို…”
ဖုန်းပုကြွယ် မတ်တပ်ရပ်လိုက်ပြီး အောင်းယန်ကျန်းအား တံခါးဝအထိ လိုက်ပို့ရန် ပြင်ဆင်လိုက်သည်။
“ကျွန်တော့်အတွက်ကတော့ အလေးအနက်ထားပြီး လုပ်မယ်ဆိုရင် မလုပ်နိုင်တာ ဘာမှမရှိပါဘူး”
အောင်းယန်ကျန်းက တံခါးဝသို့ လျှောက်သွားလိုက်သည်။
“အိုး… ဒါနဲ့၊ ငါ မနက်ကတည်းက အလုပ်ရှုပ်နေတာနဲ့ ဘာမှမစားရသေးဘူး… မင်း အပြင်ထွက်ပြီး တစ်ခုခု သွားစားဦးမလား”
“ကျွန်တော်က အိပ်ရာကနိုးခါစဆိုတော့ အစာစားချင်စိတ် မရှိသေးဘူး”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ပြီးတော့ ကျွန်တော့်အနေနဲ့ အစ်ကို့ရဲ့ ခြေရာတွေကို အမြန်ဆုံး ရှင်းလင်းပစ်ဖို့ လိုတယ်”
“ငါ့ခြေရာတွေ…”
အောင်းယန်ကျန်းသည် ထိုစကားကို ကြားသောအခါ အောက်သို့ ငုံ့ကြည့်လိုက်ပြီး နောက်တစ်စက္ကန့်တွင် သူ့မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
“ဟေး ဒါက ဘာကြီးလဲဟ”
“စိတ်မပူပါနဲ့၊ ဒါက ကြောင်ချေးလေးပါပဲ”
ဖုန်းပုကြွယ်က ထပ်မံသမ်းဝေလိုက်ပြန်သည်။
“အာ… အစ်ကို အိမ်ထဲဝင်လာပြီး မကြာခင်ပဲ အဲဒါကို နင်းမိသွားတာလေ၊ ကျွန်တော် သတိပြုမိတဲ့အချိန်မှာတော့ အစ်ကို့ကို သတိပေးဖို့ နောက်ကျသွားခဲ့ပြီ”
“ဒါကြောင့်မို့ ငါ အိမ်ထဲဝင်လာကတည်းက ထူးဆန်းတဲ့ အနံ့တစ်ခု ရနေတာကိုး…”
အောင်းယန်ကျန်းက အော်ဟစ်လိုက်သည်။
“ဒါနဲ့… မင်းက ဘယ်လိုလုပ်ပြီး တစ်ချိန်လုံး ဒီလောက်တည်ငြိမ်နေနိုင်ရတာလဲ ဟမ်”
“ကျွန်တော်ကတော့ ကျင့်သားရနေပါပြီ”
ဖုန်းပုကြွယ်က ဘာမှမဖြစ်သကဲ့သို့ အေးစက်သော မျက်လုံးများဖြင့် ခပ်အေးအေး ဆိုလိုက်လေသည်။
“ဒါ့အပြင်… အမှန်အတိုင်း ပြောရရင် အစ်ကိုမလာခင်ကတည်းက ကျွန်တော်ကိုယ်တိုင်လည်း တစ်ချက် နင်းမိထားပြီးသားမို့လို့ပါ…”