အခန်း ၃၄၆
Vol. 35 Ch. 346
အခန်း (၃၄၆) ပဏာမအခြေအနေ
သုံးရက်တိုင်တိုင် ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ပြီးနောက်တွင် ဖုန်းပုကြွယ်သည် နောက်ဆုံး၌ ဇွန်လအတွက် ဝတ္ထုဇာတ်လမ်းကို ဒီဇိုင်းဆွဲ၍ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ‘စာပေခန်းမ’ အတွက် ဇာတ်လမ်းအကျဉ်း၊ အသေးစိတ်အချက်အလက်များနှင့် ဇာတ်ရှိန်အားလုံးကို အပြီးသတ် သတ်မှတ်ပေးပြီးပြီ ဖြစ်ရာ ကျန်ရှိနေသည်မှာ ရိုးရှင်းသော စာရေးသားမှုလုပ်ငန်းစဉ်နှင့် စိတ်ကူးဉာဏ်ကွန့်မြူးမှုအချို့သာ ဖြစ်ပြီး ၎င်းတို့ကိုမူ လာမည့်ရက်ပေါင်းနှစ်ဆယ်အတွင်း အစီအစဉ်တကျ ဆက်လက်လုပ်ဆောင်သွားရုံသာ။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရှောင်တန်သည် သူ့ထံသို့ အကြိမ်ပေါင်းများစွာ ဆက်သွယ်နေခဲ့ပြီး အဖွဲ့သားများ၏ အခြေအနေကို ပြောပြနေခဲ့သည်။ ရီရူလီမှာ လွန်ခဲ့သော နှစ်ရက်ခန့်ကပင် နေမကောင်းဖြစ်ရာမှ ပြန်လည်သက်သာလာခဲ့ပြီး မနေ့က ဂိမ်းထဲသို့ အွန်လိုင်းတက်လာခဲ့သော်လည်း စိတ်ပါဝင်စားမှု မရှိခြင်းကြောင့် ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲရန် အစီအစဉ်မရှိကြောင်း ကြားသိရသည်။ တစ်ဖက်တွင်မူ ရီရူယွီကမူ အတော်လေး “ယုံကြည်ထိုက်ပုံရသော” ဖြစ်နိုင်ခြေသီအိုရီ တစ်ခုကို တင်ပြလာခဲ့သည်…။တွက်ချက်မှုတချို့ ပြုလုပ်ပြီးနောက်တွင် သူမသည် အလွန်ဆုံးရှိလှ ထိပ်တန်း ၁၀၀ အတွင်းသို့သာ ဝင်ရောက်နိုင်လိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။ ထိပ်တန်း ၁၀၀ အတွက် ပေးအပ်မည့် ဆုလာဘ်များမှာ ငွေသားဖြင့် ဝယ်ယူနိုင်သောအရာများ ဖြစ်နေခြင်းကြောင့်လည်းကောင်း ဤပြိုင်ပွဲမှတစ်ဆင့် နာမည်ကြီးလာရန် မျှော်လင့်မထားခြင်းကြောင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ရန် ပျင်းရိနေခဲ့သည်။
ရှောင်တန်ကိုယ်တိုင်ကမူ ပြိုင်ပွဲအပေါ် အတော်လေး စိတ်အားထက်သန်နေသော်လည်း စိတ်မကောင်းစရာမှာ သူ၏ စွမ်းရည်အဆင့်မှာ ‘ငရဲတပ်ဦး’ အဖွဲ့သားများထဲတွင် အားအနည်းဆုံး ဖြစ်နေနိုင်ချေရှိသည်။ ရီရူယွီက သူ့အား ပါဝင်ယှဉ်ပြိုင်ရန် ဇွဲမလျှော့စေခဲ့သော်လည်း သူ့အပေါ်တွင်မူ သိပ်ပြီး အကောင်းမမြင်လှချေ။ (ငရဲကမ္ဘာရှေ့တန်းကို ငရဲတပ်ဦးလို့ ပြောင်းလဲသုံးနူန်းသွားပါမယ်)
ယခုအခါ ရှောင်တန်၏ လက်ရှိအခြေအနေကို အကျဉ်းမျှ ဖော်ပြပေးလိုက်ရသော်…
ဝမ်တန်ကျိ၊ ဂိမ်းအမည် - ဝမ်တန်ကျိ၊ အဆင့် - ၃၀၊ ဘွဲ့အမည် - လေပြင်းညအိပ်မက်ဆိုး။
ကျွမ်းကျင်မှုများ - အထွေထွေ D၊ လက်မှုပညာ E၊ ထောက်လှမ်းရေး C၊ တိုက်ခိုက်ရေး C၊ ပစ်ခတ်ရေး E၊ ကုသရေး E၊ စိတ်ဝိညာဉ်အတတ် E၊ ဆင့်ခေါ်ခြင်း N/A
စကေးများ - မိစ္ဆာလင်းနို့အရိပ်၊ ဧည့်သည်တော်၏ အမြစ်မဲ့ရိုက်ချက် - စိတ်မပူပါနဲ့၊ လေငြိမ်၍ ဖုန်မှုန့်နံ့သာ ပန်းပွင့်ကြွေလွင့်ခြင်း၊ ပြောင်းပြန်ဓားသွား ဝဲဂယက်ခုတ်ချက်၊ ပျံသန်းသွားသော ညအိပ်မက်ဆိုး၏ ခြေရာတစ်ခု (ဘွဲ့စွမ်းရည်)
ဤစကေးအမည်များမှာ မိမိုက်ပြီး အစွမ်းထက်ပုံရသော်လည်း လက်တွေ့အာနိသင်များမှာမူ သိပ်မပြင်းထန်လှချေ။
ပထမဦးဆုံး ရွေးချယ်စရာမှာ…
အမည် - ဧည့်သည်တော်၏ အမြစ်မဲ့ရိုက်ချက် - စိတ်မပူပါနဲ့
စကေးကတ်ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်၊ အမြဲတမ်းကျွမ်းကျင်မှု
စကေးအမျိုးအစား - ထောက်လှမ်းရေး
အာနိသင် - လူအုပ်ကြားထဲတွင် ရှိနေစဉ် ကိုယ်ယောင်ဖျောက်ဂုဏ်သတ္တိကို ရရှိစေမည်။ (အသုံးပြုရန်ကြာချိန် မရှိပါ)
ကုန်ကျမှု - တစ်စက္ကန့်လျှင် သက်လုံအမှတ် ၃ မှတ်
သင်ယူရန် လိုအပ်ချက် - ထောက်လှမ်းရေး D
မှတ်ချက် - တကယ်လို့ လူအုပ်ကြီး မရှိရင်ကော…။
ဤသည်မှာ Assassin's Creed ဂိမ်းထဲရှိ လူအုပ်ကြား သတိမမူမိအောင် လျှောက်လှမ်းသည့် အကွက်နှင့် ဆင်တူလှသည်။ စကေး၏ မှတ်ချက်ကလည်း ခနဲ့တဲ့တဲ့နှင့် ရယ်စရာကောင်းသော သဘောကို ဆောင်နေလေသည်။
နောက်ထပ် ကြည့်ရမည်ဆိုလျှင်မူ…
အမည် - လေငြိမ်၍ ဖုန်မှုန့်နံ့သာ ပန်းပွင့်ကြွေလွင့်ခြင်း
စကေးကတ်ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်၊ အမြဲတမ်းကျွမ်းကျင်မှု
စကေးအမျိုးအစား - တိုက်ခိုက်ရေး
အာနိသင် - သုံးစက္ကန့်မျှ တည်တံ့မည့် နောက်ချန်ပုံရိပ်ကို ချန်ထားရစ်မည် (အသုံးပြုရန်ကြာချိန် ၁ စက္ကန့်)
ကုန်ကျမှု - သက်လုံအမှတ် ၅၀
သင်ယူရန် လိုအပ်ချက် - တိုက်ခိုက်ရေးကျွမ်းကျင်မှု D သို့မဟုတ် အဆင့် ၂
မှတ်ချက် - အခြေအနေတွေ ပြောင်းလဲသွားခဲ့ပြီ၊ အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။
မှန်ပေသည်၊ လုယိုပြီးနောက် လီချင်းကျောက်ပါ ကဗျာလောက၏ ပစ်မှတ်အောက်သို့ ရောက်ရှိသွားခဲ့ချေပြီ။
ဤစကေးမှာ အနှစ်သာရအားဖြင့် အရိပ်လက်သီး၏ ပိုအားနည်းသော ဗားရှင်းတစ်ခုသာ ဖြစ်သော်လည်း ကဗျာဆန်သော အမည်တစ်ခု ရှိနေပြီး မှတ်ချက်ကလည်း ထိုအမည်နှင့် အံဝင်ခွင်ကျ ဖြစ်နေပြန်သည်။
ကျန်ရှိသော နောက်ထပ်စကေးနှစ်ခုထဲမှ တစ်ခုမှာမူ ဝယ်ယူထားခြင်း ဖြစ်သည်။
‘ချန်လင်ဓားပြိုင်ပွဲ’ အပြီးတွင် ရှောင်တန်သည် ဇာတ်လမ်းအတွင်း သူရှာဖွေတွေ့ရှိခဲ့သော ‘အရောင်းစက်ရိုက်နှက်သူ’ အား ပြန်လည်ရောင်းချခဲ့ပြီး လေလံစျေးကွက်အတွင်းမှ အနီးစပ်ဆုံး တူညီသော စျေးနှုန်းဖြင့် ‘ပြောင်းပြန်ဓားသွား ဝဲဂယက်ခုတ်ချက်’ ကို သူ၏ အဓိကတိုက်ခိုက်ရေး ကျွမ်းကျင်မှုအဖြစ် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ဤသို့ လေလံစျေးကွက်တွင် စာရင်းသွင်းခံထားရသော စကေးများမှာ သဘာဝအတိုင်းပင် သိပ်အစွမ်းမထက်လှချေ။
အမည် - ပြောင်းပြန်ဓားသွား ဝဲဂယက်ခုတ်ချက်
စကေးကတ်ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်၊ အမြဲတမ်းကျွမ်းကျင်မှု
စကေးအမျိုးအစား - တိုက်ခိုက်ရေး
အာနိသင် - မြန်နှုန်းမြင့် လည်ပတ်၍ ဝဲဂယက်ခုတ်ချက်ကို ထုတ်လွှတ်မည် (အသုံးပြုရန်ကြာချိန် ၁ မိနစ်၊ ဓားသွားပါသော အနီးကပ်တိုက်ခိုက်ရေးလက်နက်ကို ကိုင်ဆောင်ထားရန်နှင့် အသက်သွင်းရန်အတွက် ညီညာသော မျက်နှာပြင်ပေါ်တွင် မတ်တပ်ရပ်နေရန် လိုအပ်သည်)
ကုန်ကျမှု - သက်လုံအမှတ် ၃၀၀
သင်ယူရန် လိုအပ်ချက် - တိုက်ခိုက်ရေးကျွမ်းကျင်မှု D
မှတ်ချက် - ဒဏ္ဍာရီများအရ ဤဓားကွက်ကို ကွမ်းဖျင်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ဓားသွားကို ပြောင်းပြန်ဆုပ်ကိုင်၍ အသုံးပြုသူသည် မြေပြင်ထက်၌ လည်ပတ်လှုပ်ရှားရမည်ဖြစ်သည်။ ၎င်းသည် ပတ်ဝန်းကျင်နယ်ပယ်အတွင်းရှိ ရန်သူများကို အဟုန်ပြင်းစွာဖြင့် တိုက်ခိုက်ချေမှုန်းနိုင်သည်။
နောက်ဆုံးတစ်ကွက်မှာမူ ရှောင်တ်၏ လက်ရှိဘွဲ့စွမ်းရည် ဖြစ်သည်။ ဘွဲ့အမည်များ ပြောင်းလဲသွားခြင်းနှင့်အတူ ပျားတုပ်ခြင်းမှာ အတိတ်သမိုင်းအဖြစ် ကျန်ရစ်ခဲ့ပြီး ၎င်းနေရာတွင် အောက်ပါအတိုင်း အစားထိုးဝင်ရောက်လာခဲ့သည်။
အမည် - ပျံသန်းသွားသော ညအိပ်မက်ဆိုး၏ ခြေရာတစ်ခု
အထူးစွမ်းရည်အမျိုးအစား - ပင်ကိုယ်စွမ်းရည်
အာနိသင် - ရွှေ့လျားမှုနှုန်းသည် တစ်နာရီလျှင် ၁၀ ကီလိုမီတာ သို့မဟုတ် ထို့ထက်ပို၍ ရောက်ရှိသည့်အခါ အသုံးပြုသူသည် နံရံများထက်၌ လမ်းလျှောက်နိုင်မည် (နံရံမျက်နှာပြင်နှင့် မြေပြင်တို့၏ ထောင့်ချိုးမှာ ၉၀ ဒီဂရီ သို့မဟုတ် ထို့ထက်ပို၍ ကြီးမားရမည်)၊ ထိုသို့ လျှောက်လှမ်းရာတွင် အနက်ရောင်မီးတောက်ခြေရာများကို ချန်ထားရစ်ခဲ့မည် ဖြစ်သည်။
မှတ်ချက် - အီလီဒန်က ငါ့ကို မကြာခဏ ပြောလေ့ရှိတယ်၊ မေ့ဗ်အရိပ်တေးသံက သူမြင်ဖူးသမျှထဲမှာ အတော်ဆုံး ခြေရာခံသမားတစ်ယောက်တဲ့… အမှန်အတိုင်း ပြောရရင်ပေါ့။ ဒီမျက်မမြင်ကြီးက သူ လမ်းလျှောက်တဲ့အခါ ဘာတွေ ချန်ထားခဲ့လဲဆိုတာ တကယ်ပဲ မသိတာလား။
အထက်ပါအချက်များမှာ ဤကာလအတွင်း ရှောင်တန်အသစ်ရရှိခဲ့သော စကေးများ ဖြစ်ကြသည်။
ထို့ပြင် သူ၏ ကောင်းကင်နှင့်မြေကြီးကို ပြောင်းပြန်လှန်ခြင်းနတ်ဘုရားနည်းစနစ်အတွက် သင်ယူရန် လိုအပ်ချက်များကို လူတိုင်း မေ့လျော့နေလောက်ပြီဟု ထင်ပါသည်။ သင်တို့သည် စကေးဒေတာဘေ့စ်ထဲတွင် ၎င်းကို ထပ်မံရှာဖွေနေရန် မလိုတော့ချေ။ ၎င်းမှာ သင်ယူရန် လိုအပ်ချက် - တိုက်ခိုက်ရေးကျွမ်းကျင်မှု B၊ စိတ်ဝိညာဉ်အတတ် C၊ အဆင့် ၃၀ သို့မဟုတ် ထို့ထက်မြင့်မားရန်၊ ဤစကေးကတ်အား ကောက်ယူပြီးနောက် ပြန်လည်ရောင်းချခြင်း ပြုလုပ်၍မရပါ။
ထင်ရှားသည်မှာ သူသည် ထိုသင်ယူရန် လိုအပ်ချက်များနှင့် ပြည့်စုံခြင်း မရှိသေးချေ။
ထို့ကြောင့် စကေးငါးခု ရှိနေပုံရသော ရှောင်တန်သည် ‘ပြောင်းပြန်ဓားသွား ဝဲဂယက်ခုတ်ချက်’ မှအပ အခြားစကေးများဖြင့် ရန်သူ့အသက်ကို ခြွေယူနိုင်ရန်အတွက် ပုံမှန်တိုက်ခိုက်မှုများ သို့မဟုတ် ခေတ်မီလက်နက်များကိုသာ အားကိုးရမည် ဖြစ်သည်။ အကယ်၍ လာမည့်ရက်အနည်းငယ်အတွင်း သူ၏ ပစ္စည်းကိရိယာများ သို့မဟုတ် စကေးများကို သိသိသာသာ မြှင့်တင်နိုင်ခြင်း မရှိပါက မြင့်မားသောအဆင့်တစ်ခုကို ရရှိရန် ဝေးစွ၊ ပွဲစဉ်သုံးလေးပွဲအတွင်းမှာတင် ထွက်သွားရနိုင်ချေ ရှိပေသည်။
…
အစ်ကိုကြွယ်ဘက်သို့ ပြန်လှည့်ကြပါစို့။
ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် စာဖိုင်အားလုံးကို စစ်ဆေးသိမ်းဆည်း(Save) လိုက်ပြီးနောက် ဖုန်းပုကြွယ်သည် နောက်ဆုံး၌ သက်ပြင်းရှည်ကြီးချနိုင်ခဲ့ပြီး စိတ်အနည်းငယ် လျှော့ချနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူသည် ဂိမ်းထဲသို့ ချက်ချင်း လော့ဂ်အင်မဝင်သေးဘဲ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေများကို စစ်ဆေးရန်အတွက် ဂိမ်းဖိုရမ်ကို ပထမဦးဆုံး ဝင်ရောက်ကြည့်ရှုလိုက်သည်။
“အာ… တကယ့်ကို ပြိုင်ပွဲအကြောင်း ဆွေးနွေးတာတွေချည်းပါပဲလား”
ဖုန်းပုကြွယ်သည် စာသားများကို အောက်သို့ ဆွဲကြည့်ရင်း ရေရွတ်လိုက်သည်။
ယခင်ကတည်းက စည်ကားနေခဲ့သော ဖိုရမ်ကြီးမှာ ကုန်လွန်ခဲ့သော ရက်ပိုင်းအတွင်း ပို၍ပင် သက်ဝင်လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။ “အထွတ်အထိပ် ပြိုင်ပွဲကြီး၏ ပြီးပြည့်စုံသော လမ်းညွှန်ချက်” နှင့် “ဆယ်ရက်အတွင်း အဆင့် ၃၀ သို့ တက်နည်း” ဟူသော ခေါင်းစဉ်များဖြင့် ပို့စ်များကို နေရာအနှံ့အပြားတွင် တွေ့မြင်နေရသည်။
ရယ်စရာအကောင်းဆုံးမှာ “ကြယ်ခုနှစ်ပွင့်” ဟူသော အမည်ရှိသူတစ်ဦး တင်ထားသည့် “အထွတ်အထိပ် ပြိုင်ပွဲကြီး၏ ထိပ်တန်း ၁၀၀ အခြေအနေ ခန့်မှန်းချက်များနှင့် စတူဒီယိုအသီးသီး၏ စွမ်းရည်အပေါ် ကျွန်ုပ်၏ အမြင်များ” ဟူသော ပို့စ်ပင် ဖြစ်သည်။ သို့သော် ဝင်ရောက်ကြည့်ရှုလိုက်သည့်အခါ ထိုပို့စ်တင်သူမှာ မည်သည့်ဂိုဏ်း သို့မဟုတ် မည်သည့်စတူဒီယို၏ အဖွဲ့ဝင်တောင် မဟုတ်ဘဲ အဆင့် ၃၀ ပင် မပြည့်သေးကြောင်း တွေ့လိုက်ရသည်။ ၎င်းမှာ အသက်မွေးဝမ်းကျောင်းအတွက် ရုန်းကန်နေရသူတစ်ဦး၏ ရှုထောင့်မှနေ၍ လောကကြီးအကြောင်း ပုံပြင်ပြောနေသကဲ့သို့ပင်…။ သူ့စကားကို ယုံကြည်နေမည့်အစား မိမိဘာသာ စဉ်းစားတွေးခေါ်ခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။
တကယ်တမ်းတွင် ဖုန်းပုကြွယ်သည် လွန်ခဲ့သော သုံးရက်ကတည်းက ပြိုင်ပွဲ၏ တက်လှမ်းမှုစနစ်ကို အကြမ်းဖျင်း လေ့လာခဲ့ပြီး ဖြစ်သည်။ စည်းမျဉ်းများမှာ ပြည့်စုံမှုမရှိသော်လည်း အတိုင်းအတာတစ်ခုအထိ ကျပန်းဖြစ်နေခြင်းမှာ ထင်ရှားပေသည်။ အကယ်၍ ယှဉ်ပြိုင်မှုဆိုင်ရာ ပွဲစဉ်များအတွင်း ကံတရား၏ အခန်းကဏ္ဍသာ မရှိခဲ့ပါက ပြိုင်ပွဲဝင်နေရန် အကြောင်းမရှိတော့ချေ။ စွမ်းရည်အဆင့်သတ်မှတ်ချက်စာရင်းအတိုင်း ကစားသမားများကို ဆုလာဘ်များ တိုက်ရိုက်ပေးအပ်လိုက်ရုံသာ ရှိတော့သည်။ အတိုချုပ်ဆိုရသော် ပြိုင်ပွဲအတွင်းရှိ ကံတရား၏ အခန်းကဏ္ဍသည် အားနည်းသော ကစားသမားများအတွက် သင့်လျော်သော အခွင့်အရေးကို ပေးစွမ်းနိုင်ပြီး အားကောင်းသော ကစားသမားများကိုလည်း မတရားသဖြင့် ခံစားရသည်ဟု မထင်မှတ်စေဘဲ အားလုံးက လက်ခံနိုင်သော အခြေအနေမျိုး ဖြစ်ရပေမည်။
လောလောဆယ်တွင် အိပ်မက်ကုမ္ပဏီသည် အောက်ပါအတိုင်း ပဏာမခြေစစ်ပွဲစည်းမျဉ်းများကို ထုတ်ပြန်ထားလေသည်။
မေလ ၁ ရက်နေ့ ညသန်းခေါင်ယံအချိန်မှ စတင်၍ ကစားသမားများသည် အသစ်ဖွင့်လှစ်ထားသော “အထွတ်အထိပ် ပြိုင်ပွဲကြီး၏ ပဏာမခြေစစ်ပွဲများ” ထဲသို့ ဝင်ရောက်ရန် တန်းစီနိုင်မည် ဖြစ်သည်။
ကစားသမားတစ်ဦးစီသည် ပဏာမခြေစစ်ပွဲ စုစုပေါင်း ပွဲ ၅၀ ကို ပြီးမြောက်အောင် ကစားရမည် ဖြစ်သည်။ ဤပွဲစဉ်များကို တရစပ် ဆက်တိုက်ကစားရန် မလိုအပ်ဘဲ မေလ၏ ပထမလဝက်အတွင်း ပြီးစီးရန်သာ လိုအပ်သဖြင့် တစ်ရက်လျှင် ပျမ်းမျှ သုံးပွဲခန့် ကစားရမည့်သဘောပင်။ ပဏာမခြေစစ်ပွဲများတွင် သီးသန့်ထုတ်လုပ်ထားသော ၁-၁ မြေပုံကို အသုံးပြုထားသဖြင့် အနိုင်အရှုံးကို လျင်မြန်စွာ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
ပွဲစဉ် ၅၀ လုံးကို ပြီးမြောက်အောင် ကစားပြီးနောက်တွင် ကစားသမားများသည် ပဏာမခြေစစ်ပွဲ တန်းစီခြင်းစနစ်ထဲသို့ ထပ်မံဝင်ရောက်နိုင်တော့မည် မဟုတ်ချေ။ ပဏာမခြေစစ်ပွဲ အဆင့် ပြီးဆုံးသွားသည့်အခါ စနစ်သည် ထိုပွဲစဉ် ၅၀ အတွင်း ကစားသမား၏ အနိုင်ရရှိမှုနှုန်းအပေါ် အခြေခံ၍ နောက်တစ်ဆင့် တက်လှမ်းခွင့်ကို သတ်မှတ်ပေးမည် ဖြစ်သည်။
ထူးခြားသော စည်းမျဉ်းနှစ်ခု ရှိသည်…။ ပထမအချက်မှာ ပဏာမခြေစစ်ပွဲ၏ မည်သည့်အဆင့်တွင်မဆို လေးပွဲဆက်တိုက် ရှုံးနိမ့်သော ကစားသမားများသည် ပြိုင်ပွဲမှ တိုက်ရိုက်ထွက်သွားရမည် ဖြစ်ပြီး ဒုတိယအချက်မှာမူ မည်သည့်အဆင့်တွင်မဆို တစ်ပွဲမျှမရှုံးဘဲ ၁၅ ပွဲဆက်တိုက် အနိုင်ရရှိသော ကစားသမားများသည် နောက်တစ်ဆင့်သို့ တိုက်ရိုက်တက်လှမ်းခွင့် ရရှိမည် ဖြစ်သည်။
ဤစည်းမျဉ်းကို အဓိကထား၍ ဒီဇိုင်းဆွဲထားခြင်းမှာ အလွန်အမင်း အစွမ်းထက်လွန်းသော သို့မဟုတ် အားနည်းလွန်းသော ကစားသမားများကို စစ်ထုတ်ပစ်ရန်ဖြစ်ပြီး သာမန်ကစားသမားများအနေဖြင့် အလွန်လွယ်ကူသော ပြိုင်ဘက်များ သို့မဟုတ် လုံးဝမယှဉ်နိုင်သော ပြိုင်ဘက်များနှင့် ခဏခဏ ထိပ်တိုက်တွေ့ဆုံခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ ဤသည်မှာ တက်လှမ်းမှုစနစ်၏ ကျပန်းဖြစ်မှုကို လျှော့ချရန် နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် တွဲဖက်မှုစနစ်မှာ ပုံမှန်ဂိမ်းပြိုင်ပွဲများကဲ့သို့ မျှတသော တွဲဖက်မှုမျိုး မဟုတ်ဘဲ လုံးဝကျပန်းဆန်လွန်းသောကြောင့် ဖြစ်သည်။ လူတစ်ယောက်သည် မယုံနိုင်စရာကောင်းသော ကံကောင်းမှုမျိုးဖြင့် အဆင့်မရှိသော ပြိုင်ဘက်ငါးဆယ်နှင့် ဆက်တိုက်တွေ့ဆုံသွားခြင်းမျိုးလည်း ဖြစ်နိုင်ချေ ရှိပေသည်။
သို့သော်ငြားလည်း ဖုန်းပုကြွယ်အနေဖြင့်မူ ဤပဏာမခြေစစ်ပွဲစနစ်ကို လေ့လာနေရန် လုံးဝမလိုအပ်ကြောင်းကို လက်ရှိတွင် သူကိုယ်တိုင်ပင် မသိသေးချေ။ အဘယ်ကြောင့်ဆိုသော် သူသည် မည်သည့်ပဏာမခြေစစ်ပွဲ… သို့မဟုတ် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင်ပင် ပါဝင်ဆင်နွှဲရန် မလိုအပ်သောကြောင့် ဖြစ်သည်။
ဧပြီလ ၃၀ ရက်နေ့တွင် အိပ်မက်ကုမ္ပဏီသည် ဆီမီးဖိုင်နယ်စည်းမျဉ်းများနှင့်အတူ အခြားသတင်းတစ်ခုကို ထပ်မံကြေညာဦးမည်ဖြစ်ပြီး ၎င်းလုပ်ဆောင်ချက်မှာ ကစားသမားများကြားတွင် အကြီးအကျယ် အုန်းအုန်းကျွက်ကျွက်ဖြစ်ကာ မကျေမနပ်ဖြစ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ မှန်ပေသည် အိပ်မက်ကုမ္ပဏီကတော့ ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ…။
ထိုသတင်းမှာမူ ဤပြိုင်ပွဲကြီး၏ နောက်ဆုံးအဆင့်ဖြစ်သော ထိပ်တန်း ၁၀၀ ပွဲစဉ်အတွက် နေရာ ဆယ်နေရာမှာ ကြိုပြည့်သွားခဲ့ပြီ ဟူ၍ ဖြစ်သည်။
ထိုဆယ်ယောက်မှာ “အထူးဖိတ်ကြားထားသော ကစားသမားများ” ဟု ခေါ်ဆိုကြသူများဖြစ်ပြီး မည်သည့်ခြေစစ်ပွဲအဆင့်တွင်မျှ ပါဝင်ယှဉ်ပြိုင်ရန် မလိုအပ်ချေ။ ပြီးလျှင်… ဖုန်းပုကြွယ်သည်လည်း ၎င်းတို့ထဲမှ တစ်ဦး အပါအဝင် ဖြစ်နေခြင်းကြောင့်ပင်။