← Chapters

အခန်း ၃၅၀

Vol. 35 Ch. 350

အခန်း ၃၅၀

Vol. 35 Ch. 350

အခန်း (၃၅၀) အရုပ်စစ်ပွဲ - ၃

မာရီယို၏ ဦးဆောင်မှုဖြင့် အစ်ကိုကြွယ်နှင့် ရှောင်တန်တို့သည် ဂိုဒေါင်ကြီးတစ်ခုကဲ့သို့ ကျယ်ဝန်းသော အခန်းထဲတွင် အလျင်အမြန် သွားလာနေကြသည်။ လမ်းတစ်လျှောက်တွင် မီးအိမ်များကို အပိုင်းလိုက် တွေ့နေရသည်။ အပေါ်ကို မော့ကြည့်လိုက်ပါက... ပတ်ပတ်လည်ရှိ စင်များပေါ်တွင် အရုပ်အများအပြား ရပ်နေသည်ကို မြင်ရမည်ဖြစ်သည်။ ဤ CLS သီးသန့်စုဆောင်းမှုမှာ အတော်ပင် ကျယ်ပြန့်ပြီး အမှန်ပြောရလျှင် စစ်တပ်တစ်ခုနှင့်ပင် တူနေသေးသည်။

အစောပိုင်းက ဖုန်းပုကြွယ် ဖိနပ်ဘူးကို ဖွင့်လိုက်စဉ်က အပေါ်တွင် မည်းမှောင်နေသော ကောင်းကင်ကြီး ရှိနေသည်ဟု ထင်ခဲ့သော်လည်း ထိုသို့မဟုတ်ပေ။ တကယ်တမ်းတွင် သူတို့အပေါ်၌ စူပါမားကတ်၏ ပထမထပ်မျက်နှာကျက် ရှိနေခြင်းဖြစ်သည်။ သို့သော်... သူနှင့် ရှောင်တန်တို့မှာ အရွယ်အစား ခုနစ်စင်တီမီတာလောက်အထိ ကျုံ့ဝင်သွားကြသဖြင့်၊ မီးရောင်က စောင်း၍ ကျနေသောကြောင့် သူတို့ အပေါ်ကိုမော့ကြည့်သောအခါ “ဝေးသွားသော” မျက်နှာကျက်ကို မမြင်ရဘဲ အမှောင်ထုကိုသာ မြင်လိုက်ရခြင်းဖြစ်သည်။

မိနစ်အနည်းငယ်အကြာတွင် မာရီယိုက သူတို့ကို ကြီးမားသော တံခါးကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ မှန်ပေသည်၊ “ကြီးမားသည်” ဆိုသည်မှာ နှိုင်းယှဉ်ချက်တစ်ခုသာ ဖြစ်သည်။

“အဲ... ငါတို့ အပြင်ထွက်ဖို့လား”

မာရီယိုနောက်တွင် ရပ်နေသော ဖုန်းပုကြွယ်က မေးလိုက်သည်။

“ငါတို့ တံခါးအဟထဲကနေလည်း တိုးဝင်လို့ မရဘူး၊ တွန်းဖွင့်လို့လည်း မရဘူး...”

ဤဇာတ်လမ်းထဲရှိ အရုပ်များ၏ စွမ်းအားကို သူအတိအကျ မသိသော်လည်း ငါးစင်တီမီတာသာရှိသည့် မာရီယိုအရုပ်သည် လူသားများသုံးသည့် တံခါးကြီးကို တွန်းဖွင့်နိုင်လိမ့်မည်ဟု သူမထင်ပေ။

ရှောင်တန်ကလည်း သိသာထင်ရှားစွာပင် မယုံကြည်ရသည့် ခန့်မှန်းချက်တစ်ခုကို ထုတ်ပြောပြန်သည်။

“ဒါမှမဟုတ် တံခါးနားမှာ ကြွက်တွင်းတစ်ခုခု ရှိနေမလား”

“မင်းတို့နှစ်ယောက်က တကယ်ကြီး သူလျှိုတွေ မဟုတ်ကြပါလား”

မာရီယိုက သူ့ဦးထုပ်အနားကို ပြင်ရင်း ပြောလိုက်သည်။

“အရူးနှစ်ကောင်ပဲ”

ထိုသို့ပြောလိုက်ရင်း သူသည် တံခါးအက်ကြောင်းဆီသို့ လျှောက်သွားပြီး သူ့အင်္ကျီအိတ်ကပ်ထဲမှ ပိုက်ပြင်ဂွတစ်ချောင်းကို ထုတ်ကာ တံခါးကို သုံးချက်ခေါက်လိုက်သည်။ နှစ်စက္ကန့်ခန့် ရပ်ပြီးနောက် နောက်ထပ်နှစ်ချက် ထပ်ခေါက်လိုက်သည်။

ထို့နောက် မာရီယိုသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ နောက်သို့ အနည်းငယ် ဆုတ်လိုက်လေသည်။

ခဏအကြာတွင် တံခါးအက်ကြောင်းထဲမှ ထူးဆန်းသော အနက်ရောင်အရိပ်တစ်ခု လှုပ်ရှားလာလေသည်။

ထိုအရိပ်မှာ စတစ်ကာတစ်ခုနှင့် တူပေသည်။ ဘေးဘက်မှကြည့်လျှင် မျဉ်းကြောင်းတစ်ခုသာ ဖြစ်သော်လည်း ရှေ့ဘက်မှ ကြည့်လျှင်တော့ နှာခေါင်းကြီးကြီးပါသော လူမည်းလေးတစ်ယောက် ဖြစ်သည်။

“ကုတ်မန်း (h) လား”

ဖုန်းပုကြွယ်သည် ထို 2D ပုံစံရှိ ဇာတ်ကောင်ကို ချက်ချင်း မှတ်မိသွားသည်။

“ဒီနှစ်ယောက်က ဘယ်သူတွေလဲ၊ လူသစ်တွေလား”

ကုတ်မန်းက ဖုန်းပုကြွယ်ကို လျစ်လျူရှုကာ မာရီယိုနှင့် သာမန်လေသံအတိုင်း ပြောဆိုလိုက်သည်။

“အော့တီးမတ်စ် ပရိုင်းက ဒီညတိုက်ခိုက်ရေးကို ဦးဆောင်ဖို့ သူတို့ကို အမိန့်ပေးထားတာ”

မာရီယိုက ပြန်ဖြေလိုက်သည်။

“ဟား...”

ကုတ်မန်းက ခြောက်ကပ်ကပ် ရယ်လိုက်သည်။

“ကံကောင်းပါစေ”

စကားအဆုံးတွင် သူသည် တံခါးအက်ကြောင်းထဲသို့ ပြန်ဝင်သွားတော့သည်။

တစ်မိနစ်ခန့်အကြာတွင် အပေါ်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တံခါးလက်ကိုင် လှည့်လိုက်သည့် အသံပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တံခါးတစ်ဖက်မှ “လှည့်ပြီးပြီ၊ တွန်းလို့ရပြီ” ဟု အော်ဟစ်လိုက်သံကို မပီမသ ကြားလိုက်ရသည်။

“နောက်ဆုတ်ထားကြ၊ လူသစ်လေးတို့”

မာရီယိုက ကစားသမားနှစ်ဦးကို ချက်ချင်း လှမ်းအော်လိုက်သည်။

“ကျီ...”

တံခါးပတ္တာလှည့်သွားသည့် အသံနှင့်အတူ တံခါးချပ်ကြီးက ဖုန်းပုကြွယ်နှင့် ရှောင်တန်တို့ ရှိရာဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားလာလေသည်။

ဖုန်းပုကြွယ်နှင့် ရှောင်တန်တို့သည် တံခါးအက်ကြောင်းထဲမှ မျက်စိကစားလိုက်ကြပြီး တံခါးကို တွန်းနေသည်မှာ အနည်းဆုံး အရပ် ၅၀ စင်တီမီတာ၊ အလေးချိန် ၃ ကီလိုဂရမ်ကျော်သည့် အရုပ်ကြီး ဖြစ်မည်ဟု ထင်ထားခဲ့ကြသည်။

မမျှော်လင့်စွာဖြင့်… သူတို့ရှေ့တွင် ပေါ်လာသည်မှာ အရပ် ၁၀ စင်တီမီတာ မပြည့်သည့် ပလတ်စတစ် အရုပ်တစ်ရုပ်သာ ဖြစ်နေ‌ေလေသည်။

“ဒီသေးသေးလေးနှစ်ကောင်ကို ကြည့်စမ်း”

ဘရောက်ဆာ (ဗီဒီယိုဂိမ်းသမိုင်းတွင် ပထမဆုံး သီးသန့်ဇာတ်ကောင်ဒီဇိုင်း ပါဝင်သော ဗီလိန်ဖြစ်ပြီး မာရီယို၏ ရန်သူတော်) က တံခါးတွန်းခြင်းကို ရပ်၍ မတ်တပ်ရပ်လိုက်သည်။

“ဒီလို ပိန်ကပ်ကပ်ကိုယ်လုံးလေးတွေနဲ့ဆိုရင် ငါ့ရဲ့ လေတစ်ချက်လည်လိုက်တာနဲ့တင် လွင့်သွားမှာပဲ”

ဖုန်းပုကြွယ်သည် ဘရောက်ဆာ၏ ရိုင်းစိုင်းမှုကို ဂရုမစိုက်ပေ။ သူက ရိုးရှင်းစွာ မေးလိုက်သည်။

“ဒီတံခါးကြီးကို ဘယ်လိုတွန်းဖွင့်လိုက်တာလဲ”

“ငါ့လက်သည်းတွေနဲ့ပေါ့၊ ခါးနဲ့ ခြေထောက်ကို သုံးရတယ်”

ဘရောက်ဆာက သူ၏ နက်ရှိုင်းပြီး စိတ်အားထက်သန်သော အသံဖြင့် ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ မင်းတို့နှစ်ယောက်ကတော့ ငါ့လို လိုက်မလုပ်တာ ကောင်းမယ်”

“ကောင်းပြီ၊ ဒီညပြီးရင် သူတို့ကို ထပ်တွေ့ရတော့မှာ မဟုတ်ပါဘူး”

မာရီယိုက ဘရောက်ဆာကို ပြန်ပြောလိုက်ပြီး ကစားသမားများကို သူ့နောက်လိုက်လာရန် လက်ပြလိုက်သည်။

ဖုန်းပုကြွယ်သည် ရှောင်တန်ကို တစ်ချက်ကြည့်ကာ ပုခုံးတွန့်ပြလိုက်ပြီး မာရီယိုနောက်သို့ တိုးဝင်လိုက်လေသည်။ (ဘရောက်ဆာ တွန်းဖွင့်လိုက်သည့် တံခါးပေါက်မှာ အနည်းငယ်သာ ရှိသော်လည်း သူတို့နှစ်ယောက်အတွက်တော့ လုံလောက်ပါသည်)။

“ကဲ၊ ဒီနေရာကနေစပြီးတော့ ဒါကကြားနေဇုန်ပဲ”

မာရီယိုက သူနောက်မှ လိုက်ပါလာသူနှစ်ဦးကို ရှင်းပြလိုက်သည်။

“ငါတို့ရဲ့ အာဏာစက်က အဓိကအားဖြင့် အရှေ့တောင်ဘက်ထောင့်ပဲ၊ အားကစား အမှတ်တံဆိပ်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ အစားအစာဌာနရဲ့ တစ်ဝက်လောက်ကို ငါတို့ ထိန်းချုပ်ထားတာ”

သူက လက်ညှိုးထိုးပြလိုက်သည်။

“ဒီည တိုက်ပွဲကတော့ အေးခဲအစားအစာဌာနမှာပဲ ဖြစ်လိမ့်မယ်”

ကစားသမားများသည် မာရီယို လက်ညှိုးထိုးပြရာဘက်ကို ကြည့်လိုက်ရာ အဝေးက မြင်ကွင်းမှာ… မှောင်မည်းနေသော ချောက်ကမ်းပါးကြီးတစ်ခုနှင့် တူနေလေသည်။ သူတို့သည် ရှည်လျားလှသော အရာဝတ္ထုများ၏ အရိပ်အယောင်များကိုသာ မြင်နိုင်ပြီး အနားကိုသွားလျှင် မည်သို့ဖြစ်လာမည်ကိုမူ မခန့်မှန်းနိုင်ပေ။

“မင်းတို့ မြင်တဲ့အတိုင်းပဲ၊ ဒီအပြင်ဘက်က နေရာကျယ်ကြီးမှာ အလင်းပေးပစ္စည်းတွေကို အများကြီး တပ်ဆင်လို့ မရဘူး၊ ညဆိုင်းလုံခြုံရေးအစောင့်တွေက သုံးနာရီတစ်ကြိမ် ကင်းလှည့်ကြတယ်၊ မီးတွေ အများကြီးဖွင့်ထားပြီး အချိန်မီ မပိတ်နိုင်ရင် ပြဿနာအကြီးကြီး တက်နိုင်တယ်၊ ဒါကြောင့် တိုက်ပွဲတွေကိုတော့ ၂၄ နာရီလုံး မီးလင်းနေတဲ့ အေးခဲအစားအသောက်ဌာနမှာပဲ လုပ်လေ့ရှိကြတယ်”

သူက ရုတ်တရက် လှည့်ကြည့်လိုက်သည်။

“မင်းတို့ နှစ်ယောက်ထဲမှာ မီးအလင်းထုတ်ပေးနိုင်တဲ့ပစ္စည်း ပါလာသေးလား”

ရှောင်တန်သည် စက္ကန့်အနည်းငယ်တုံ့ဆိုင်းနေပြီးမှ သူ၏ မိုင်းတွင်းလုပ်သားဦးထုပ်ပေါ်က မီးကို ဖွင့်လိုက်လေသည်။

ဖုန်းပုကြွယ်ကလည်း လက်နှိပ်ဓာတ်မီးကို ထုတ်ယူလိုက်သည်။

“ငါ့မှာလည်း တစ်ခုပါတယ်”

မာရီယိုသည် အနားသို့ လျှောက်လာပြီး အသေအချာ စစ်ဆေးကြည့်လိုက်သည်။

“ရှုပ်ထွေးတဲ့ အစိတ်အပိုင်းတွေပဲ…”

သူက သူတို့နှစ်ယောက်အား သံသယဖြင့် ကြည့်လိုက်သည်။

“ဒါရဲ့ စွမ်းအင်အရင်းအမြစ်က ဘာလဲ၊ စပရိန်လား၊ ဆွဲကြိုးလား၊ ဒါမှမဟုတ် မင်းတို့အထဲမှာ လစ်သီယမ် ဘက်ထရီတွေ ဝှက်ထားတာလား”

“အာ... ဆိုလာစွမ်းအင်ပါ...”

ဖုန်းပုကြွယ်၏ ပုံပြောနိုင်စွမ်းမှာ ထိပ်တန်းဖြစ်သည်။

“ငါတို့ရဲ့ အပြင်ခွံကို အထူးပစ္စည်းတွေနဲ့ လုပ်ထားတာလေ၊ နေရောင်အောက်မှာ ရပ်နေတဲ့အချိန်ကျရင် စွမ်းအင် စုထားနိုင်တယ်”

“အိုး၊ သိပြီ၊ GBA (နစ်တန်းဒိုး၏ နာမည်ဆိုးဖြင့် ကျော်ကြားသော အပိုပစ္စည်းဖြစ်ပြီး Our Sun ဂိမ်းနှင့်အတူ ထွက်ရှိသည်၊ နေ့ဘက်နေရောင်တိုက်ရိုက်ရမှသာ အားပြန်ဖြည့်နိုင်သည်) ထဲက နေရောင်ခြည်စွမ်းအင်သုံး ဂိမ်းပစ္စည်းတွေနဲ့ တူတာပဲ”

မာရီယိုက ပြန်ပြောလိုက်သည်။

“ဟုတ်တယ်၊ အဲဒါမျိုးပဲ”

ဖုန်းပုကြွယ်က အမြန် ထောက်ခံလိုက်သည်။

“ဒါဆို ထူးခြားတဲ့ပစ္စည်းတော့ မဟုတ်သေးပါဘူး”

မာရီယိုက ယုံကြည်သွားပုံရသည်။ သူ ချက်ချင်းလှည့်ကာ ရှေ့ဆက်သွားလိုက်သည်။

မှောင်မိုက်နေသော နေရာအချို့ကို ဖြတ်ကျော်ပြီးနောက် သူတို့သည် သုံးဘက်သုံးတန်တွင် အမှိုက်ပုံးများဖြင့် ကာရံထားသော နေရာတစ်ခုသို့ ရောက်ရှိလာကြလေသည်။

ကြမ်းပြင်ပေါ်တွင် နစ်တန်းဒိုးမက် (Nintendo mat) တစ်ခု (အဆိုးဝါးဆုံး အပိုပစ္စည်းတစ်ခုဖြစ်ပြီး dance mat ၏ ဘိုးဘေးဟု ဆိုနိုင်သည်) ရှိနေပြီး ထောင့်တွင်လည်း ပုံမှန်အရွယ်အစားရှိ ဓာတ်မီးတစ်ခု ရှိသည်။ mat ပေါ်တွင် နစ်တန်းဒိုးနှင့် ဆက်စပ်သော ဇာတ်ကောင် ၂၀ သို့မဟုတ် ၃၀ ခန့် ရပ်နေကြသည်။ အများစုမှာ ပလတ်စတစ်အရုပ်များ ဖြစ်ကြပြီး သတ္တု သို့မဟုတ် အီလက်ထရောနစ် ပစ္စည်းပါသော အရုပ်မှာ အနည်းငယ်သာ ရှိသည်။

“ဒီနှစ်ယောက်က ဘယ်သူတွေလဲ”

စကားပြောလိုက်သူမှာ စက်ရုပ်ပုံစံ အရုပ်တစ်ရုပ် ဖြစ်ပြီး သူ၏ စကားလုံးတိုင်းမှာ ပထမလေယူလေသိမ်းအတိုင်းပင် ဖြစ်သည်။

“အဲ၊ မင်းက WALL-E (Pixar ဖန်တီးထားသော စက်ရုပ်) လား”

ရှောင်တန်က ကြည့်ရင်း မေးလိုက်သည်။

အမှန်စင်စစ် သူသည် WALL-E နှင့် အတော်လေး တူသော်လည်း အရောင်မှာ ဝါညိုရောင်အစား မီးခိုးဖြူရောင် ဖြစ်သည်။ နောက်ထပ် ကွာခြားချက်တစ်ခုမှာ WALL-E တွင် အောက်ခံကိုယ်ထည်၏ ဘေးနှစ်ဖက်စလုံး၌ ရွေ့လျားနိုင်သော သံပတ်ဘီးပါသော်လည်း ဤစက်ရုပ်၏ အောက်ခံကိုယ်ထည်မှာမူ “ရပ်” ရန်အတွက်သာ ပြုလုပ်ထားပုံရသည်။

“သေ-လိုက်-စမ်း”

စက်ရုပ်မှာ ရုတ်တရက် ရူးသွပ်သွားပုံရသည်။၎င်းတွင် ရွေ့လျားနိုင်သော အစိတ်အပိုင်းမရှိသောကြောင့် ခုန်ပေါက်ကာ တစ်နေရာရာမှ လွှဝိုင်းပုံစံအရာဝတ္ထုတစ်ခုကို ထုတ်ယူ၍ ရှောင်တန်ဆီသို့ ပစ်ပေါက်လိုက်လေသည်။

စက်ရုပ်သည် ကစားသမားနှစ်ဦးထက် အနည်းငယ် ပိုကြီးသောကြောင့် ၎င်းပစ်လိုက်သော လွှဝိုင်းမှာ ရှောင်တန်အတွက် ထီးအရွယ်အစားခန့် ရှိနေလေသည်။ ပလတ်စတစ်လွှသည် လျင်မြန်စွာ လည်ပတ်နေသဖြင့် ထက်မြက်နေသော လွှဝိုင်းအစွန်းက ရှောင်တန့်ကို နှစ်ပိုင်း ဖြတ်တော့မည့်အလားပင်။ အသံနှစ်ခု ထွက်ပေါ်လာခဲ့သည်။

“ရွှစ်…ဖတ်”

အရပ်ရှည်ရှည်နှင့် ကြွက်သားတောင့်တင်းသော ပုံရိပ်တစ်ခု ဖြတ်ပြေးသွားပြီး လက်တစ်ဖက်ဖြင့် ပုဆိန်ကို ဖမ်းလိုက်ကာ ကစားသမားနှစ်ဦးကို ကာကွယ်ပေးလိုက်သည်။

“အိုဟို၊ အိုဟို...”

ရှောင်တန်အစား တိုက်ခိုက်မှုကို ခံယူပေးလိုက်ပြီးနောက် ဒွန်ကီကောင် (၁၉၈၁ ခုနှစ် Donkey Kong ဂိမ်းတွင် ပထမဆုံး ပေါ်လာသော ဂေါ်ရီလာ) က လည်ပင်းတွင် ချည်ထားသော အနီရောင်ဖဲကြိုးကို တစ်ဖက်ဖြင့် ဆွဲလိုက်၊ နောက်တစ်ဖက်ဖြင့် အမူအရာ ပြလိုက်ပြီးမှ ရင်ဘတ်ကို လက်သီးဖြင့် အချက်အနည်းငယ် ထုလိုက်သည်။

“ဂါး... ဟို... ဂါး...”

ဖုန်းပုကြွယ်သည် ထိုမြင်ကွင်းကို ကြည့်ရင်း နာကျင်နေသော အမူအရာဖြင့် တွေးလိုက်မိသည်။

“အနည်းဆုံးတော့ ဒီလို ပြောဆိုဆက်သွယ်တာက အာထရာမန်းထက်တော့ ပိုအဆင့်မြင့်သားပဲ...”

“နားထောင်၊ ကောင်လေး၊ နင်တို့က စည်းကမ်းတွေကို မသိလို့ ဒီတစ်ခါတော့ ငါခွင့်လွှတ်ပေးလိုက်မယ်”

ရွှေရောင် စက်ရုပ်သံချပ်ကာဝတ်ဆင်ထားပြီး လိမ္မော်နီရောင် ဦးထုပ်ဆောင်းထားကာ ညာဘက်လက်တွင် အမြောက်ပါသော လူပုံစံအရုပ်က ရှောင်တန်ကို ပြောလိုက်သည်။ ဦးထုပ်အောက်မှ အသံမှာ အမျိုးသမီးတစ်ဦး၏ အသံ ဖြစ်သည်။ ယခု စကားပြောနေသူမှာ စကြာဝဠာတွင် အသန်မာဆုံး ကြေးစားမုဆိုးဖြစ်သူ ဆမတ်စ်အလန် (Metroid စီးရီး၏ ဇာတ်လိုက်၊ ဗီဒီယိုဂိမ်းသမိုင်းတွင် ပထမဆုံး အမျိုးသမီး ဇာတ်လိုက်) ဖြစ်သည်။

“ဟဲ... ဟီးဟီး... တောင်းပန်ပါတယ်”

ကြောက်ရွံ့မှုအဆင့်မြင့်တက်နေသည့် မီနူးကို ကြည့်ရင်း ရှောင်တန်မှာ ချွေးစေးများထွက်လျက် တောင်းပန်လိုက်ရသည်။ သူ ဘာအမှား လုပ်မိမှန်းပင် မသိလိုက်ချေ။

“ဒါဆို ဒါက Rob (နစ်တန်းဒိုး၏ အဆိုးဝါးဆုံး အပိုပစ္စည်းတစ်ခု၊ စပိဘုတ်နှင့် ယှဉ်နိုင်သည်) ပေါ့...”

ဖုန်းပုကြွယ်သည် နှုတ်ခမ်းကို နှစ်ချက်လောက် တွန့်မိသွား၏။

“အရမ်းရင်းနှီးနေသလိုဖြစ်နေတာ အံ့ဩစရာမရှိတော့ဘူး”

“ကောင်းပြီ၊ ဒီလူသစ်လေး နှစ်ယောက်ကို ခွင့်လွတ်လိုက်ကြပါ”

မာရီယိုက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။

“သူတို့က အော့တီးမတ်စ် ပရိုင်းရဲ့ ယုံကြည်မှုကို မရသေးသလို ဒီည တိုက်ပွဲမှာ အသက်ရှင်ဖို့တောင် သေချာချင်မှ သေချာလိမ့်မယ်”

သူက အသံကျယ်ကျယ်ဖြင့် ကြွေးကြော်လိုက်သည်။

“အလုပ်ကိစ္စကို လုပ်ကြရအောင်၊ တိုက်ခိုက်ရေးတာဝန်တွေ ခွဲကြမယ်”

...

တစ်ဖက်တွင်မူ နိုဗယ်စခန်းဖြစ်သည်။

တက်ဘလက်များနှင့် စက်ပစ္စည်း အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားသော “ခံတပ်” တစ်ခုအတွင်းတွင်… လက်ရာမြောက်သော ရုပ်တုများ၊ ပြည့်စုံစွာ တပ်ဆင်ထားသော မော်ဒယ်များ၊ အီလက်ထရောနစ် အိမ်မွေးတိရစ္ဆာန်များ စသည်တို့မှာ အမျိုးအစားအလိုက် သေသပ်စွာ တန်းစီနေကြလေသည်။

ဆေဘာ (အာတိုရီယာ၏ ပုံစံတူ) ၊ ဘေရွန်နစ်တာ (စစ်ဝတ်စုံနှင့်) နှင့် ဆဲကိုဘူဆုဂျီမား (ကျောင်းဝတ်စုံဖြင့်) တို့မှာ ပတ်ဝန်းကျင်ထက် အနည်းငယ်မြင့်သော ပလက်ဖောင်းပေါ်တွင် ရပ်နေကြသည်။

သူတို့နောက်တွင် အရပ် ၃၀ စင်တီမီတာရှိ ဧရာမရုပ်တုကြီးတစ်ခု ရပ်နေလေသည်…။

သူသည် အရိုးခေါင်းခွံပုံစံ အနက်ရောင်အောက်ခံခုံဝိုင်းပေါ်တွင် ရပ်နေပြီး သူ့ပတ်ပတ်လည်တွင် ရေခဲလှိုင်းပုံစံများ ရှိနေ၏။ သူသည် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အပြာရောင်အလင်းတန်း ထွက်နေသည့် အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားပေသည်။

သူသည် ဒေါ်လာ ၃၅၀ တန်သည့် အကန့်သတ်ထုတ်အရုပ် Lich King Arthas ဖြစ်သည်။

“တခြားကမ္ဘာက ခရီးသွားတို့...”

ဦးထုပ်အောက်မှ အသံမှာ သေခြင်းတရား၏ အသံကဲ့သို့ပင်။ အလင်းရောင်ထွက်နေသော သူ့မျက်လုံးများက စင်အောက်ရှိ ရီရူလီနှင့် ရီရူယွီတို့ကို စိုက်ကြည့်လိုက်သည်။

“ငါ့စစ်တပ်ကို မင်းတို့ဆီ ခဏလောက် အပ်ထားခဲ့မယ်၊ ငါ မျှော်လင့်တာကတော့… မင်းတို့ ငါ့ကို စိတ်ပျက်အောင် မလုပ်ကြဖို့ပဲ”

(TL note - ဂိမ်းစက်ပစ္စည်းတွေ၊ ဇာတ်ကောင်နာမည်တွေနဲ့ ပတ်သက်ပြီး မှားယွင်းတာတွေရှိရင် သည်းခံပေးကြဖို့ ကြိုတင်တောင်းပန်ချင်ပါတယ်။ ဂိမ်းပစ္စည်းတွေနဲ့ အနောက်တိုင်းနိုဗယ်ဇာတ်ကောင်တွေက ကျွန်တော်နဲ့ သိပ်မရင်းနှီးလို့ပါ)

All Chapters