အခန်း ၁၈၁
Vol. 19 Ch. 181
အခန်း (၁၈၁) - သူက မင်းကို ပိုးပန်းနေတဲ့သူပါ
နောက်တစ်နေ့ နံနက်စောစော အရှေ့ဘက်မိုးကုတ်စက်ဝိုင်းဆီမှ နေရောင်ခြည် ထွက်ပေါ်လာချိန်တွင် ကျူးလင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တွေးလိုက်သည်။
'ဒီနေ့ နေထွက်တာ မနေ့ကထက် နောက်ကျနေသလိုပဲ...'
အိမ်တွင် နာရီကို ထားခဲ့ပြီးကတည်းက ကျူးလင်သည် ယခုအချိန် မည်မျှရှိနေပြီမှန်း မသိတော့ပေ။ သူမ မျက်မှောင်ကြုတ်နေသည်ကို လေ့ဟောက်ကျန့် မြင်သွားပြီး မေးလိုက်၏။
"မိန်းကလေးကျူး... ဘာဖြစ်လို့လဲ..."
ကျူးလင်က သူ့ဘက်လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။
"သခင်လေးလေ့... အခု ဘယ်အချိန်ရှိပြီလဲဆိုတာ သိလား..."
လေ့ဟောက်ကျန့်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်၏။
"ကျုပ်မှာ နာရီမပါဘူး..."
သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြချိန်တွင် ရင်းနှီးနေသော ဩရှရှ အသံနက်ကြီးတစ်ခုက နောက်ကျောဘက်မှ ထွက်ပေါ်လာလေသည်။
"အခု ခြောက်နာရီရှိပြီ..."
ထိုအသံကို ကြားသောအခါ ကျူးလင် လှည့်ကြည့်လိုက်ရာ ရှို့ဝူ လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။ ရှိုးဝူ၏ ပုခုံးပေါ်တွင် ထူထူလည်း လိုက်ပါလာ၏။
သူ ဘာကြောင့် ရောက်လာသနည်းဟု ကျူးလင် မမေးရသေးမီမှာပင် ရှို့ဝူက လေ့ဟောက်ကျန့်၏ မျက်လုံးများကို မြင်သွားခဲ့သည်။
သူက ဘာမှမပြောဘဲ ကျူးလင်ကို သူ့နောက်ကျောဘက်သို့ ချက်ချင်းဆွဲယူလိုက်ပြီးနောက် လေ့ဟောက်ကျန့်၏ ရင်ဘတ်ကို ကန်ချလိုက်တော့သည်။
ဘုန်း... ဒိုင်း...
ကျူးလင် သတိပြန်ဝင်လာချိန်တွင် ဆယ်မီတာခန့်အကွာ၌ ရပ်နေသော လေ့ဟောက်ကျန့်ကို မြင်လိုက်ရသည်။
သူ၏လက်မောင်းများတွင် နက်ရှိုင်းသော ချိုင့်ခွက်ရာကြီးတစ်ခု ရှိနေပြီး ခြေထောက်အောက်၌လည်း ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်နေ၏။
ရှို့ဝူ၏ ကန်ချက်ကြောင့် ရသွားသော ဒဏ်ရာကို ကြည့်ပြီးနောက် ကျူးလင်က ရှို့ဝူဘက်လှည့်ကာ မေးလိုက်သည်။
"ဘာလုပ်တာလဲ... အကြောင်းရင်းမရှိဘဲ ဘာလို့ သူ့ကို တိုက်ခိုက်ရတာလဲ..."
ရှို့ဝူက သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်မေးလိုက်လေသည်။
"မင်းရော ဘာလုပ်နေတာလဲ... ဘာလို့ ဒီဖုတ်ကောင်နဲ့ အတူရှိနေချင်ရတာလဲ..."
မိစ္ဆာနတ်ဘုရားနှင့် ၎င်း၏သခင်မကြားရှိ တင်းမာနေသော လေထုကို ခံစားမိသွားသော ထူထူသည် ရှို့ဝူ၏ ပခုံးပေါ်မှ အမြန်ခုန်ဆင်းကာ လေ့ဟောက်ကျန့်ထံသို့ ခုန်ဆွခုန်ဆွ သွားလေ၏။
ထူထူက သူ၏တည်ငြိမ်နေသော မျက်နှာကို ကြည့်ကာ မေးလိုက်သည်။
"အဆင်ပြေရဲ့လား..."
လေ့ဟောက်ကျန့်သည် သူ့ကို ချစ်စဖွယ် ကြည့်နေသော ယုန်ဖြူလေးအား ခေတ္တမျှ စိုက်ကြည့်နေမိသည်။
ထိုသို့မေးလာသူမှာ ယုန်တစ်ကောင် ဖြစ်နေလျှင်တောင် လျှို့ဝှက်အဖွဲ့အစည်းထံ အပို့ခံရပြီးကတည်းက သူ အဆင်ပြေရဲ့လားဟု တစ်စုံတစ်ယောက်က မေးဖူးခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။
စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် သူက ထူထူကို ပြုံးပြကာ ပြောလိုက်၏။
"ငါ အဆင်ပြေပါတယ်... မေးပေးတဲ့အတွက် ကျေးဇူးပဲ..."
ရှို့ဝူသည် ကျူးလင်၏ အရှေ့တွင် ရပ်ကာ ဖုတ်ကောင်နှင့် စကားပြောနေသော ထူထူကို ကြည့်နေလေသည်။
သူကြားနေရသည်မှာ ဖုတ်ကောင်၏ ဟိန်းဟောက်သံနှင့် အသံတိုးတိုးဖြင့် ညည်းညူသံများသာ ဖြစ်သော်လည်း ထိုအပြုံးကို မြင်ပြီးနောက် သူ့ထံတွင် ရန်လိုသော ရည်ရွယ်ချက် မရှိကြောင်းကို ရှို့ဝူ သိလိုက်သည်။
လေ့ဟောက်ကျန့် အဆင်ပြေနေသည်ကို မြင်သောအခါ ကျူးလင်က သူ၏အနီးသို့ လျှောက်သွားကာ ပြောလိုက်၏။
"စောစောက ကျွန်မသူငယ်ချင်းရဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်..."
လေ့ဟောက်ကျန့်က ခေါင်းခါယမ်းလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
"ရပါတယ်... လူတွေက ဖုတ်ကောင်တွေကို ရန်လိုကြတယ်ဆိုတာကို ကျုပ် နားလည်ပါတယ်..."
ထိုသို့ပြောပြီးနောက် သူက ရှို့ဝူကို ခေတ္တမျှ ကြည့်ကာ ပြောလိုက်၏။
"ကျုပ်အပေါ် အခုလို ပြင်းပြင်းထန်ထန် တုံ့ပြန်လာတာကိုကြည့်ရင် သူက ခင်ဗျားကို အရမ်းဂရုစိုက်တဲ့ပုံပဲ..."
ကျူးလင်က ပြုံးလိုက်ပြီး ပြောလေသည်။
"အင်း... ဒီလိုအခြေအနေမျိုးမှာ သူငယ်ချင်းတိုင်း လုပ်မယ့်အရာကို သူက လုပ်လိုက်တာပါ..."
သူတို့နှစ်ဦး စကားပြောနေစဉ် ရှို့ဝူက ထူထူကို ကောက်ချီလိုက်ပြီး ပြောလိုက်၏။
"သူတို့ စကားပြောနေတာကို ငါ့အတွက် ဘာသာပြန်ပေးစမ်း..."
သူ၏ အေးစက်ကာ မှိုင်းညို့နေသော မျက်နှာထားကို မြင်သောအခါ ထူထူ၏ အသက်ရှင်သန်လိုစိတ်က အသက်ဝင်လာပြီး ကျူးလင်နှင့် လေ့ဟောက်ကျန့်တို့၏ စကားပြောဆိုမှုများကို အမြန်ဘာသာပြန်ပေးလိုက်လေသည်။
ထူထူ၏ ဘာသာပြန်စကားကို နားထောင်ပြီးနောက် ရှို့ဝူ၏မျက်နှာမှာ မည်းမှောင်သွားတော့၏။
သူက ကျူးလင်နှင့် လေ့ဟောက်ကျန့်တို့ကို အေးစက်စွာ ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"သူငယ်ချင်းတွေ... အရမ်းကောင်းတာပေါ့..."
ထူထူက သူ၏မျက်နှာထားကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး တွေးလိုက်ရှာ၏။
'အား... မိစ္ဆာနတ်ဘုရားက အရမ်းကြောက်ဖို့ကောင်းတာပဲ...'
သူတို့နှစ်ဦး အချင်းချင်း ပြုံးရွှင်စွာ စကားပြောနေကြဆဲဖြစ်သည်ကို မြင်သောအခါ ရှို့ဝူသည် ဘာမှမပြောတော့ဘဲ ထွက်သွားလေသည်။ သူ၏ကျောပြင်ကိုကြည့်ရင်း ကျူးလင်မှာ နားမလည်နိုင်စွာ ပါးကိုကုတ်လိုက်ပြီး မေးလိုက်၏။
"ဒီနေ့ သူ ဘာဖြစ်နေတာလဲ..."
သူမ၏ နားမလည်နိုင်ဖြစ်နေသော မျက်နှာထားကို ကြည့်ကာ လေ့ဟောက်ကျန့်က ပြုံး၍ ပြောလိုက်သည်။
"သူက ခင်ဗျားရဲ့ သူငယ်ချင်း မဟုတ်လောက်ဘူးထင်တယ်..."
ထိုစကားကို ကြားသောအခါ ကျူးလင်က မေးလိုက်၏။
"ဘာလို့ ရှို့ဝူကို ကျွန်မသူငယ်ချင်း မဟုတ်ဘူးလို့ ထင်ရတာလဲ..."
ထွက်ခွာသွားသော ရှို့ဝူ၏ ကျောပြင်ကို လှည့်ကြည့်လိုက်ပြီး လေ့ဟောက်ကျန့်က အနည်းငယ်ပြုံးကာ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ သူက ခင်ဗျားကို ပိုးပန်းနေတဲ့သူလေ... ဒါကြောင့် ခင်ဗျားရဲ့ သူငယ်ချင်း မဖြစ်နိုင်ဘူး..."
ထိုသို့ပြောပြီးနောက် သူပါ ထွက်သွားလေရာ ကျူးလင်တစ်ယောက် နားမလည်နိုင်ဖြစ်ကာ ကျန်ရစ်ခဲ့တော့၏။
သူမ နားမလည်နိုင်သည့်အတွက် မေ့ထားလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူမသည် ထိုသူနှစ်ဦးနောက်သို့ လိုက်သွားပြီး အသံတိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။
"ဒီကမ္ဘာရဲ့ ဝေါဟာရတွေက တကယ် နားလည်ဖို့ခက်တာပဲ..."
လူသုံးယောက်နှင့် ယုန်တစ်ကောင်တို့သည် စကားပြောရင်း လဲ့ဟော်စခန်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားကြသည်။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် လဲ့ဟော်စခန်း၏ နံရံများကို သူတို့ မြင်တွေ့လိုက်ရ၏။
ခပ်လှမ်းလှမ်းရှိ မြင့်မားသော နံရံကြီးကို ကြည့်ကာ လေ့ဟောက်ကျန့်က ပြောလိုက်သည်။
"အဲ့ဒါက လဲ့ဟော်စခန်းပဲ... ကျွန်တော် ဒီအထိပဲ လိုက်ပို့ပေးနိုင်မယ်..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလေ၏။
"ကျေးဇူးတင်ပါတယ်... သခင်လေးလေ့..."
ထိုသို့ပြောပြီးနောက် သူမက မီးဓာတ်သစ်သီးတစ်လုံးကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။
"ဒီမီးဓာတ်သစ်သီးက ရှင့်အတွက်ပါ..."
လေ့ဟောက်ကျန့်၏ လက်ထဲရှိ မီးဓာတ်သစ်သီးကို မြင်လိုက်ရချိန်တွင် ရှို့ဝူ၏ မျက်လုံးများက မှောင်မိုက်သွားတော့၏။ သူက ကျူးလင်ကို စိုက်ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်သည်။
'သူမ မိစ္ဆာလောကမှာ နေလို့ရအောင်လို့ ငါက မီးဓာတ်သစ်သီးကို ပေးခဲ့တာ... အခုတော့ သူမက ဒီဖုတ်ကောင်ကို ပေးလိုက်တယ်ပေါ့...'
ကျူးလင်သည် ရှို့ဝူ၏ စိတ်ပျက်နေမှုကို သတိမထားမိဘဲ လေ့ဟောက်ကျန့်ကို ပြောလိုက်၏။
"ဒါဆိုရင် ဒီနေရာမှာပဲ နှုတ်ဆက်ကြတာပေါ့..."
လေ့ဟောက်ကျန့်က ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။
"မိန်းကလေးကျူး... ကျွန်တော် ဒီနေရာကနေ စောင့်နေပါ့မယ်..."
သူ၏စကားကို ကြားသောအခါ ကျူးလင်က ခေါင်းကို အနည်းငယ်စောင်းကာ မေးလိုက်၏။
"ဘာလို့ ဒီမှာ စောင့်နေမှာလဲ..."
"ခင်ဗျားနဲ့ အတူနေဖို့ ကျွန်တော့်ကို သဘောတူခဲ့ပြီးပြီလေ... ဒါကြောင့် ကျွန်တော် ဒီမှာ စောင့်နေမှာပါ..."
လေ့ဟောက်ကျန့်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ထိုသို့ပြောပြီးနောက် သူက မီးဓာတ်သစ်သီးကို ဝါးစားရင်း ထွက်သွားလေ၏။ လေ့ဟောက်ကျန့် ထွက်သွားသည်ကို ကြည့်ပြီးနောက် ကျူးလင်က ရှို့ဝူဘက်လှည့်ကာ ပြောလိုက်သည်။
"သွားကြရအောင်..."
ရှို့ဝူ၏ ပခုံးပေါ်တွင် ထိုင်နေသော ထူထူက ၎င်း၏ မျက်လုံးနီနီလေးများဖြင့် သူ့ကို သနားကြင်နာစွာ ကြည့်လိုက်ပြီး တွေးလိုက်လေသည်။
‘မိစ္ဆာနတ်ဘုရားက တကယ်တော့ သနားဖို့ကောင်းပါတယ်... ငါ့သခင်မကို နှစ်ပေါင်းနှစ်သောင်းကျော်လောက် ပိုးပန်းခဲ့တာတောင် လက်ခံအောင် မလုပ်နိုင်သေးဘူး...’
‘ဒါပေမဲ့ အခုတော့ ရုပ်သေးရုပ်တစ်ရုပ်က သူမရဲ့ ယုံကြည်မှုကို အလွယ်တကူ ရသွားတယ်... သနားဖို့ကောင်းလိုက်တဲ့ နတ်ဘုရားပါလား...'