အခန်း ၁၈၂
Vol. 19 Ch. 182
အခန်း (၁၈၂) - တစ်ပါးသူ၏ဓားကို ငှား၍ သတ်ခြင်း
ရှို့ဝူ၏ စိတ်ပျက်အားလျော့မှုနှင့် ထူထူ၏ သနားကရုဏာစိတ်များကြားတွင် သူတို့သုံးယောက်သည် လဲ့ဟော်စခန်း၏ ဂိတ်တံခါးဝသို့ ရောက်ရှိလာကြ၏။ ဂိတ်တံခါးရှေ့ရှိ လူတန်းကြီးကို ကျူးလင်က စဉ်းစားရင်း ငေးကြည့်နေသည်ကို မြင်သောအခါ ရှို့ဝူက မေးလိုက်သည်။
"ရှောင်လင်... မင်း ဒီကို ဘာလာလုပ်တာလဲ..."
သူက ထိုသို့မေးလိုက်သောအခါ ထူထူက သူ့ကို စောင်းငုံ့ကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်လေသည်။
'မိစ္ဆာနတ်ဘုရားပီသပါပေတယ်... သရုပ်ဆောင်တာကတော့ တစ်ဖက်ကမ်းခတ်ပဲ...'
သူမသည် ရှို့ဝူ၏အမေးကို ကြားသောအခါ သူ့ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်မ ဟွမ်ရိဟန်ဆိုတဲ့လူကို ရှာနေတာ... သူ ကျွန်မကို ရှင်းပြဖို့ တာဝန်ရှိတယ်..."
သူမ၏အဖြေကို ကြားပြီးနောက် ရှို့ဝူက မျက်ခုံးကို အသာပင့်ကာ မေးလိုက်၏။
"ဟွမ်ရိဟန်ဆိုတဲ့လူဆီက ရှင်းပြချက်တစ်ခုရဖို့အတွက်တင်နဲ့ မင်းက ဒီလောက်အဝေးကြီးအထိ လျှောက်လာခဲ့တာလား..."
ကျူးလင်က ခေါင်းညိတ်ပြပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဟုတ်တယ်... သူ ဘာလို့ ကျွန်မကို လုပ်ကြံဖို့ လူလွှတ်ခဲ့ရတာလဲ... ပြီးတော့ အပန်းဖြေစခန်းမှာ ဘာလို့ ပြဿနာလာရှာရတာလဲဆိုတာ သိချင်လို့..."
ရှို့ဝူက တင်းကျပ်စွာ စောင့်ကြပ်ထားသော တံတိုင်းများနှင့် ဂိတ်တံခါးများကို ကြည့်ကာ ပြောလိုက်၏။
"ဒါဆိုရင် စခန်းထဲဝင်ပြီး ဟွမ်ရိဟန်ကို သွားရှာကြစို့... ဒီကိစ္စတွေပြီးရင် မြန်မြန်ပြန်ကြတာပေါ့...”
“ကိုယ် ကျီယန်ဆီမှာ ရိက္ခာအချို့ပဲ ထားခဲ့တာ... ကိုယ်တို့ ပြန်တာနောက်ကျသွားရင် အလုပ်သမားတွေကို ရိက္ခာပေးဖို့လောက်တော့မှာ မဟုတ်ဘူး..."
ထိုသို့ပြောပြီးနောက် သူသည် ကျူးလင်၏လက်ကို ဆွဲကာ လူတန်း၏အနောက်ဘက်သို့ လျှောက်လှမ်းသွားလေသည်။
သူတို့ လူတန်းစီနေစဉ်တွင် မရေမတွက်နိုင်သော အကြည့်များက သူတို့အပေါ်သို့ ကျရောက်လာကြ၏။
ကျူးလင်၏ ရင်သပ်ရှုမောဖွယ် အလှတရားနှင့် ရှို့ဝူ၏ ခန့်ညားထည်ဝါသော ရုပ်ရည်၊ ထို့ပြင် ထူထူ၏ ချစ်စဖွယ်ပုံစံတို့ ပေါင်းစပ်သွားသောအခါ သူတို့သုံးဦး ရောက်ရှိလာသည်နှင့် လူတိုင်း၏အာရုံစိုက်မှုကို ရရှိသွားတော့သည်။
တံတိုင်းပေါ်တွင် မတ်တတ်ရပ်နေသော လဲ့ဟော်စခန်း၏ ခေါင်းဆောင်သုံးဦးအနက် တစ်ဦးဖြစ်သည့် အမျိုးသမီးသည် ရှို့ဝူကို စိုက်ကြည့်နေ၏။ သူမသည် ကျူးလင်ကို မြင်လိုက်ရသောအခါ နှာခေါင်းရှုံ့ကာ ကျိန်ဆဲလိုက်သည်။
"ကောင်မစုတ်..."
သူမ၏အနောက်တွင် မတ်တတ်ရပ်နေသော လက်ထောက်က သူမ၏အကြည့်များသည် အောက်ရှိ ချောမောလှပသော အမျိုးသားအပေါ်သို့ ကျရောက်နေသည်ကို သတိပြုမိသွားကာ မျက်လုံးအသာဝှေ့လိုက်ပြီး စိတ်ထဲမှ တွေးလိုက်၏။
'ကိုကြီးဟွမ်က ဘာဖြစ်လို့ ဒီလိုမိန်းမမျိုးကို ဘေးနားမှာ ထားထားရလဲ မသိဘူး... ဒီရက်ပိုင်း သူမ လုပ်ခဲ့သမျှ ကိစ္စတွေကြောင့် လဲ့ဟော်စခန်းရဲ့ နာမည်ဂုဏ်သတင်းတစ်ခုလုံး ရွှံ့ထဲနစ်ကုန်ပြီ...'
လက်ထောက်က စိတ်ထဲမှ တောက်လျှောက် ညည်းညူနေဆဲတွင် အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးက သူမ၏နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ မေးလိုက်သည်။
"အဲဒီအမျိုးသားက ဘယ်သူလဲ..."
လက်ထောက်က သူမအပေါ်ရှိ ရွံရှာမှုကို ဖုံးကွယ်ရန် မျက်လွှာချလိုက်ပြီး ပြောလိုက်သည်။
"မစ္စကျားမင်... သူက ကောလာဟလတွေထဲက မျက်နှာသေနဲ့ မိစ္ဆာဘုရင် ရှို့ဝူ ဖြစ်လိမ့်မယ်..."
လက်ထောက်၏ စကားကို ကြားသောအခါ လေ့ကျားမင်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမက နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ပြောလိုက်သည်။
"စိတ်ဝင်စားဖို့ကောင်းတာပဲ... ငါ အဲဒီလူနဲ့ ယုန်လေးကို လိုချင်တယ်... ပြီးတော့ သူ့ဘေးက မိန်းမကိုလည်း သတ်ပစ်လိုက်... ငါ သူမမျက်နှာကို အရမ်းမုန်းတယ်..."
ထိုစကား ထွက်လာသည်နှင့် လက်ထောက်က ခေါင်းခါယမ်းကာ ပြောလိုက်၏။
"မဖြစ်နိုင်တာ... ကိုကြီးဟွမ်တောင်မှ ဗိုလ်ကြီးရှို့ဝူနဲ့ စကားပြောရင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံရတာ... မင်းအနေနဲ့ ကိုကြီးဟွမ်အတွက် ပြဿနာမရှာပေးဖို့ ကျုပ် အကြံပြုချင်တယ်..."
သူ့စကားဆုံးသောအခါ လေ့ကျားမင်က လှည့်ကြည့်ကာ စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။ သူမသည် လက်သည်းဆိုးထားသော လက်ညှိုးဖြင့် လက်ထောက်ကို ထိုးကာ ပြောလိုက်သည်။
"တင်းခိုင်ရွှီ...နင်က နိမ့်ကျတဲ့ လက်ထောက်တစ်ယောက်ပဲ... ငါ့ကို ဘာလုပ်ရမယ်ဆိုပြီး ဘယ်လိုတောင် ဆရာလာလုပ်ရဲရတာလဲ... နင့်ရဲ့ အဆင့်အတန်းက ဘာလဲဆိုတာ နင့်ကိုယ်နင် သိထားသင့်တယ်..."
တင်းခိုင်ရွှီက တရိပ်ရိပ် တက်လာသော ဒေါသကို ဖိနှိပ်ကာ စိတ်ရှည်စွာ ပြောလိုက်သည်။
"မစ္စကျားမင်... မင်းကို လဲ့ဟော်စခန်းရဲ့ ခေါင်းဆောင်တစ်ယောက်လို့ အမည်တပ်ထားပေမဲ့ မင်းက ဒီမှာ ဧည့်သည်သက်သက်ပဲ... မင်းလည်း မင်းရဲ့ ရပ်တည်ချက်ကို နားလည်ပြီး ငါတို့အတွက် ထပ်ပြီး ပြဿနာမရှာဖို့ မျှော်လင့်တယ်..."
ဖြောင်း...
သူပြောပြီးသည်နှင့် လေ့ကျားမင်က သူ့ပါးကို ရိုက်လိုက်လေသည်။ မရေမတွက်နိုင်သော ကင်းသမားများ၏ အံ့ဩနေသော အကြည့်များအောက်တွင် တင်းခိုင်ရွှီသည် လက်မဖြင့် နှုတ်ခမ်းထောင့်မှ သွေးစများကို တည်ငြိမ်စွာ သုတ်လိုက်၏။
သူသည် လက်မကို စက္ကန့်အနည်းငယ်မျှ ကြည့်ရှုပြီးနောက် လေ့ကျားမင်ကို မော့ကြည့်လိုက်လေသည်။
သူ၏ မှုန်မှိုင်းနေသော အမူအရာကို မြင်သောအခါ လေ့ကျားမင်က နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြောလိုက်၏။
"သွား... အဲဒီရှို့ဝူဆိုတဲ့လူကို ငါ့ဆီ ခေါ်လာခဲ့..."
ထိုစကားများကို ချန်ထားရစ်ပြီးနောက် သူမသည် ဆံပင်ရှည်များကို ခါယမ်းကာ ထွက်ခွာသွားလေသည်။ လေ့ကျားမင်၏ ဒေါက်ဖိနပ်သံ ပျောက်ကွယ်သွားပြီးနောက် ကင်းသမားတစ်ဦးက တင်းခိုင်ရွှီကို ကြည့်ကာ မေးလိုက်သည်။
"အစ်ကိုကြီး... အဆင်ပြေရဲ့လား..."
တင်းခိုင်ရွှီက မျက်လွှာချကာ မျက်လုံးထဲမှ အေးစက်သော ဒေါသကို ဖုံးကွယ်ပြီး အေးဆေးစွာ ပြန်ပြောလိုက်သည်။
"ကျုပ် အဆင်ပြေပါတယ်..."
သူ၏ စိတ်ခံစားချက်ကို ပြုပြင်ထိန်းညှိပြီးနောက် ရှို့ဝူကို ကြည့်လိုက်ရာ သူ့ဘေးတွင် ရပ်နေသော အလွန်လှပသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ သူတို့နှစ်ဦး၏ ဆုပ်ကိုင်ထားသော လက်များကို တွေးတောစွာ ကြည့်ပြီးနောက် သူက ပြောလိုက်၏။
"သွားပြီးတော့ ဗိုလ်ကြီးရှို့ဝူကို ယဉ်ယဉ်ကျေးကျေး ဖိတ်ကြားလိုက်... ပြီးရင် သူ့ကို မစ္စကျားမင်ရဲ့ အခန်းဆီ ခေါ်သွားလိုက်ပါ..."
ကင်းသမားများသည် သူ၏အမိန့်ကို ကြားသောအခါ အံ့ဩသွားကြ၏။ တစ်ဦးက တုံ့ဆိုင်းစွာ မေးလိုက်သည်။
"အစ်ကိုကြီး... ဒါက တကယ်ပဲ အဆင်ပြေပါ့မလား..."
တင်းခိုင်ရွှီက အကြည့်လွှဲလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
"ငါတို့က မစ္စကျားမင် လိုချင်တဲ့အတိုင်း လုပ်ပေးရုံပဲ... ကျန်တာကတော့... သူမရဲ့ ကံတရားအပေါ်မှာပဲ မူတည်လိမ့်မယ်..."
သူက စိတ်ထဲမှ ဆက်တွေးလိုက်လေသည်။
‘အဟမ်း... ဗိုလ်ကြီးရှို့ဝူသာ သူမကို သတ်လိုက်မယ်ဆိုရင် လဲ့ဟော်စခန်းအတွက် ပြဿနာအများကြီး ပြေလည်သွားလိမ့်မယ်...”
“ပြီးတော့ စိတ်ရှုပ်စရာကောင်းတဲ့ လေ့ကျားမင်ကို ဖယ်ရှားဖို့ ငါ့အတွက် အချိန်အများကြီး သက်သာသွားတာပေါ့... သူမကို သတ်ဖို့ တစ်ပါးသူရဲ့ ဓားကို ငှားသုံးနိုင်ရင် အရမ်းကောင်းမှာပဲ...'
ထိုသို့တွေးရင်း သူသည် ရှို့ဝူကို နောက်တစ်ကြိမ် လှမ်းကြည့်ကာ လှည့်ထွက်သွားလေသည်။ ကင်းသမားတစ်ဦးက သူ၏ကျောပြင်ကို ကြည့်ကာ ပြောလိုက်၏။
"အဲဒီမစ္စကျားမင်ကတော့ တကယ်ပဲ သေမင်းကို ဖိတ်ခေါ်နေတာပဲ..."
အခြားကင်းသမားတစ်ဦးက ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။
"အဲ့ကြောင့်မို့လို့ပဲ... သူမက အရမ်းလှပပြီး ချမ်းသာတဲ့ မိသားစုရဲ့ နောက်ခံရှိပေမဲ့ ဘယ်သူမှ သူမကို မလိုချင်ကြတာပေါ့..."
ကင်းသမားများက ထိုအကြောင်းကို ဆွေးနွေးနေကြစဉ် ရှို့ဝူ၊ ကျူးလင်နှင့် ထူထူတို့သည် လူတန်း၏ ရှေ့ဆုံးသို့ ရောက်ရှိလာကြပြီဖြစ်သည်။
ကင်းသမားများသည် ကျူးလင်၏ ရင်သပ်ရှုမောဖွယ် မျက်နှာလေးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ဆွံ့အသွားကြကာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြ၏။
သူတို့က ဇနီးဖြစ်သူကို ဗြောင်ကျကျ စိုက်ကြည့်နေသည်ကို မြင်သောအခါ ရှို့ဝူသည် အလွန်မကျေမနပ် ဖြစ်သွားလေသည်။
သူက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ အေးစက်စွာ ပြောလိုက်၏။
"နောက်တစ်ခါ ထပ်ကြည့်ရဲရင် မင်းတို့မျက်လုံးတွေကို ငါ ဖောက်ထုတ်ပစ်မယ်..."
သူ၏ အေးစက်သော အသံထွက်ပေါ်လာသောအခါ ကင်းသမားများသည် သတိပြန်ဝင်လာကြ၏။
လူတိုင်းသည် သူ၏ အေးစက်သော အကြည့်များနှင့် ဆုံမိသောအခါ ကျောရိုးထဲအထိ စိမ့်တက်သွားသလို ခံစားလိုက်ရသည်။
ကင်းသမားများသည် ရှို့ဝူကို လေ့ကျားမင်၏ အခန်းသို့ ဖိတ်ကြားရန် အမိန့်ကို ကြိုတင်လက်ခံရရှိထားပြီးဖြစ်သဖြင့် သူ့ကို ယဉ်ယဉ်ကျေးကျေးသာ ပြုံးပြနိုင်တော့၏။
သူတို့ထဲမှ တစ်ဦးက ရှေ့သို့ လှမ်းလာကာ ပြောလိုက်သည်။
"ကျွန်တော်တို့ လဲ့ဟော်စခန်းကနေ ကြိုဆိုပါတယ် ဗိုလ်ကြီးရှို့... ကျွန်တော်တို့ ခေါင်းဆောင်က ဗိုလ်ကြီး ရောက်ရှိလာတာကို သိပြီးသားမို့လို့ ဗိုလ်ကြီးကို ဖိတ်ခေါ်ဖို့ အမိန့်ပေးထားပါတယ်..."