← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း (၁၈၃) - လေ့ကျားမင်က တကယ်ကို သတ္တိရှိတာပဲ

ရှို့ဝူက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း ပြောလိုက်သည်။

"ဟွမ်ရိဟန်ရဲ့ သတင်းက တော်တော်လေး မြန်တာပဲ..."

ရှို့ဝူက သူတို့ခေါင်းဆောင်၏ အမည်ကို ပေါ့ပေါ့ပါးပါး ခေါ်ဆိုလိုက်သည်ကို ကြားသောအခါ အစောင့်များသည် အချင်းချင်း မျက်လုံးချင်း လဲလှယ်လိုက်ကြ၏။

သို့သော်လည်း ရှို့ဝူကို ဖိတ်ကြားခဲ့သူမှာ ဟွမ်ရိဟန် မဟုတ်ဘဲ လေ့ကျားမင် ဖြစ်ကြောင်း မည်သူမျှ မပြောဝံ့ကြချေ။

အကြောင်းမှာ ထိုအကြောင်းကို ရှို့ဝူအား ပြောပြလိုက်ပါက သူသည် လိုက်ပါရန် ငြင်းဆန်လိမ့်မည်ကို သူတို့ သိရှိထားသောကြောင့်ပင်။

အကယ်၍သာ ဤမျက်နှာသေ မိစ္ဆာဘုရင်ကို ဖိတ်ကြားရန် ပျက်ကွက်ခဲ့ပါက ဒုက္ခရောက်မည့်သူမှာ သူတို့သာ ဖြစ်လိမ့်မည်။

ရှို့ဝူ၏ ဘေးတွင် ရပ်နေသော ကျူးလင်သည် အစောင့်များ၏ မျက်နှာအမူအရာ ပြောင်းလဲသွားမှုတိုင်းကို ရိပ်မိလိုက်သည်။ သူမသည် သူတို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရှို့ဝူကို တစ်လှည့် ကြည့်လိုက်ရင်း စိတ်ထဲမှ ရေရွတ်လိုက်၏။

'သူတို့တွေ ကြည့်ရတာ အရမ်းသံသယဝင်စရာ ကောင်းနေတယ်... ဒီအစောင့်တွေက ရှို့ဝူကို တစ်ခုခု ဖုံးကွယ်ထားတဲ့ပုံပဲ... ဒါက ဟွမ်ရိဟန်လို့ ခေါ်တဲ့လူ ဆင်ထားတဲ့ ထောင်ချောက်တစ်ခုလား...'

သူမ တွေးတောနေစဉ်မှာပင် ရှို့ဝူက ပြောလိုက်၏။

"လမ်းပြ..."

အစောင့်များ သက်ပြင်းမချနိုင်ခင် ကျူးလင်က ပြောလိုက်သည်။

"ရှို့ဝူ... ကျွန်မ ရှင်နဲ့အတူ မလိုက်တော့ဘူး... နောက်မှ ဗီလာမှာပဲ ပြန်တွေ့ကြတာပေါ့..."

သူမ လှည့်ထွက်ရန် ပြင်လိုက်စဉ် ရှို့ဝူက သူမ၏ လက်ကို အမြန်ဆွဲကိုင်ကာ မေးလိုက်၏။

"မင်း ဘယ်သွားမလို့လဲ... မင်း ဒီကိုလာတာ ဟွမ်ရိဟန်ကို ရှာဖို့ မဟုတ်ဘူးလား..."

ကျူးလင်က အစောင့်များကို လှမ်းကြည့်လိုက်ရာ သူတို့တစ်ဖန် ပြန်လည် တုန်လှုပ်ခြောက်ခြားနေသည်ကို တွေ့လိုက်ရသဖြင့် ပြောလိုက်သည်။

"ကျွန်မ ဒီဟွမ်ရိဟန်ဆိုတဲ့လူကို ရှာဖို့ လာတာကတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ရှင့်နောက်ကို လိုက်သွားရင်တော့ သူ့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့ထင်တယ်..."

ထိုသို့ ပြောပြီးနောက် သူမသည် ရှို့ဝူ၏ လက်ထဲမှ သူမ၏လက်ကို ရုန်းထွက်လိုက်ကာ လဲ့ဟော်စခန်းအတွင်းသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားလေသည်။

သူမ လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှို့ဝူက အစောင့်ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

"မင်းတို့ ငါမလာတော့ဘူးလို့ ခေါင်းဆောင်ကို ပြောလိုက်..."

ထိုသို့ပြောကာ သူသည် အစောင့်များကို ဂရုမစိုက်တော့ဘဲ ကျူးလင်၏ နောက်သို့ လျင်မြန်စွာ လိုက်သွားတော့သည်။

အစောင့်များသည် လူအုပ်ကြီးထဲသို့ ပျောက်ကွယ်သွားသော ထိုလူနှစ်ယောက်ကို ဘာတတ်နိုင်သလဲဆိုသည့် အမူအရာဖြင့် ငေးကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။ သူတို့ အပြစ်ပေးခံရမည်မှာ သေချာသလောက် ရှိနေလေပြီ။

လမ်းကျဉ်းကျဉ်းလေးထဲတွင် လျှောက်လှမ်းရင်း ကျူးလင်သည် လမ်း၏ ဘယ်ညာတစ်ဖက်တစ်ချက်တွင် ပစ္စည်းများ ရောင်းချနေကြသော လူများကို ကြည့်လိုက်သည်။

ရှုပ်ပွနေသော လမ်းကို ကြည့်ရင်း ကျူးလင်က မျက်ခုံးအနည်းငယ် တွန့်သွား၏။ စစ်တပ်စခန်းနှင့် နှိုင်းယှဉ်လျှင် ဤလဲ့ဟော်စခန်းသည် သေးငယ်ပြီး ရှုပ်ထွေးလှပေသည်။

သူမ၏ ဘေးတွင် လျှောက်လှမ်းနေသော ရှို့ဝူသည် သူမ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်ကို မြင်သောအခါ ပြောလိုက်သည်။

"ငါတို့ အပန်းဖြေစခန်း ဧရိယာကို သေသပ်သပ်ရပ်ရပ် ဖြစ်အောင် စီစဉ်ပေးပါ့မယ်..."

ထိုစကားကို ကြားသောအခါ ကျူးလင်က သာယာစွာ ပြုံးလိုက်ရင်း ပြောလိုက်၏။

"ဒါက ရှင့်အလုပ်ပဲလေ... ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး..."

ရှို့ဝူက ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"မဟုတ်ဘူး... မင်းက ငါတို့ရဲ့ စခန်းသစ်ရဲ့ ပိုင်ရှင်တွေထဲက တစ်ယောက်ပဲ... ဒါကြောင့် ဒီကိစ္စက မင်းနဲ့လည်း ဆက်စပ်မှု ရှိတယ်..."

ကျူးလင်က သူ့ကို သံသယစိတ်ဖြင့် ကြည့်လိုက်ရင်း ပြောလိုက်၏။

"ကျွန်မ အဲဒီရာထူးနဲ့ ထိုက်တန်အောင် ဘာမှလုပ်ပေးထားတာ မရှိဘူးလို့ ထင်တာပဲ..."

ရှို့ဝူက ခပ်တိုးတိုး ရယ်မောလိုက်ရင်း ပြောလိုက်သည်။

"မင်း ငါတို့ကို ရိက္ခာတွေ အများကြီး ပေးခဲ့တယ်လေ... ဒါကြောင့် မင်းကလည်း ငါတို့ စခန်းသစ်ရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်တာပဲ..."

သူ့စကားကို ကြားပြီးနောက် ကျူးလင်က ခဏမျှ တွေးတောကာ ခေါင်းညိတ်လိုက်ရင်း ပြောလိုက်၏။

"ဒါဆိုရင်လည်း အဲဒီလိုပေါ့လေ..."

စခန်းပတ်ပတ်လည်တွင် ခဏမျှ လျှောက်လှမ်းပြီးနောက် ရှို့ဝူက လဲ့ဟော်စခန်းရှိ တစ်ခုတည်းသော အထပ်မြင့်အဆောက်အအုံကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။

"မင်း ရှာနေတဲ့လူက အဲဒီအဆောက်အအုံထဲမှာ ရှိတယ်..."

ကျူးလင်က ထိုအဆောက်အအုံကို ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် အဆောက်အအုံ၏ ဘေးပတ်ပတ်လည်ရှိ အစောင့်များကို ကြည့်လိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူမက ပြောလိုက်၏။

"အဲဒီ အဆောက်အအုံ ဘေးပတ်ပတ်လည်မှာ အစောင့်တွေ အများကြီးပဲ... ကျွန်မ အထဲကို ဝင်ပြီး ဟွမ်ရိဟန်ကို ရှာဖို့ဆိုရင် တော်တော်လေး ခက်ခဲလိမ့်မယ်..."

သူမ၏ စကားကို ကြားသောအခါ ရှို့ဝူက ခပ်တိုးတိုး ရယ်မောလိုက်ရင်း ပြောလိုက်သည်။

"မင်း အဲဒီအဆောက်အအုံထဲကို ခိုးဝင်စရာ မလိုပါဘူး..."

သူ့စကားကို ကြားသောအခါ ကျူးလင်က သူ့ဘက်သို့ လှည့်ကြည့်လိုက်၏။ သူမ၏ မျက်ခုံးများက အနည်းငယ် ပင့်တက်သွားကာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပုံရသည်။ ရှို့ဝူက သူမကို ပြုံးပြရင်း သူမ၏ လက်များကို ဆုပ်ကိုင်ကာ ပြောလိုက်၏။

"ကိုယ် ဒီမှာ ရှိနေတာပဲ... မင်း ခိုးဝင်စရာ မလိုပါဘူး... ပင်မတံခါးကနေပဲ တိုက်ရိုက် ဝင်သွားလို့ရတယ်..."

ထိုသို့ပြောပြီးနောက် ရှို့ဝူက သူမကို ဟိုတယ်အဆောက်အအုံဆီသို့ ဆွဲခေါ်သွားလေသည်။ အစောင့်များသည် သူတို့ အဝေးမှ ချဉ်းကပ်လာသည်ကို မြင်သောအခါ သေနတ်များကို လျင်မြန်စွာ မြှောက်ကာ ရှို့ဝူနှင့် ကျူးလင်တို့ထံသို့ ချိန်ရွယ်လိုက်ကြ၏။

အစောင့်များ စကားမပြောနိုင်မီမှာပင် ရှို့ဝူက လက်ကို ဝှေ့ယမ်းလိုက်ရာ လက်နက်အားလုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

အစောင့်များသည် သူတို့၏ လက်နက်များမှာ အလေးချိန် ဆယ်ဆခန့် တိုးလာသည်ကို အံ့အားသင့်စွာ ကြည့်လိုက်ရင်း ရှို့ဝူကို လှမ်းကြည့်လိုက်ကြ၏။ သူ၏ မျက်နှာကို မြင်လိုက်ရသည့် ခဏတွင်မူ သူတို့အားလုံးမှာ ကြောက်ရွံ့လွန်းသဖြင့် တုန်လှုပ်ချောက်ချား သွားကြလေသည်။

ရှို့ဝူက သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း ပြောလိုက်၏။

"ငါ ဟွမ်ရိဟန်နဲ့ တွေ့ချင်တယ်... လမ်းပြ..."

သူတို့ခေါင်းဆောင်နှင့် တွေ့ဆုံရန် လာရောက်ခြင်းဖြစ်ကြောင်း ကြားသိရသောအခါ အစောင့်များသည် လျင်မြန်စွာပင် ဘေးသို့ ဖယ်ပေးလိုက်ကာ တံခါးကို ဖွင့်ပေးလိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လိုက်ရင်း ပြောလိုက်၏။

"ဗိုလ်ကြီးရှို့... ဒီဘက်ကို ကြွပါ..."

အစောင့်က လမ်းပြပေးသဖြင့် သူတို့သည် သီးသန့်ဓာတ်လှေကားမှတစ်ဆင့် အပေါ်ဆုံးထပ်သို့ ရောက်ရှိသွားကြ၏။ ကော်ဇောခင်းထားသော လမ်းပေါ်တွင် လျှောက်လှမ်းပြီးနောက် ထိုအထပ်၏ တစ်ခုတည်းသော တံခါးရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။

အစောင့်က ရှို့ဝူနှင့် ကျူးလင်တို့ကို ကြည့်လိုက်ရင်း ပြောလိုက်၏။

"ဗိုလ်ကြီးရှို့... ခဏလောက် ဒီမှာ စောင့်ပေးပါဦး... ကျွန်တော် အစ်ကိုကြီးဟွမ်ကို အရင်သတင်းပို့လိုက်ပါ့မယ်..."

ထိုသို့ပြောပြီးနောက် အစောင့်က တံခါးကို ခေါက်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။

"အစ်ကိုကြီးဟွမ်... ဗိုလ်ကြီးရှို့ဝူက အစ်ကိုကြီးနဲ့ တွေ့ချင်လို့ပါ..."

အစောင့် စကားပြောပြီး၍ စက္ကန့်အနည်းငယ်အကြာတွင် တံခါးပွင့်သွားကာ အတွင်းမှ ဟွမ်ရိဟန်၏ အသံ ထွက်ပေါ်လာလေသည်။

"ဗိုလ်ကြီးရှို့... အထဲကို ဝင်ခဲ့ပါ..."

ရှို့ဝူက ကျူးလင်၏ လက်ကိုကိုင်ကာ အခန်းကျယ်ကြီးအတွင်းသို့ လျှောက်လှမ်းသွားရင်း အေးဆေးစွာ ပြောလိုက်၏။

"ပြောစမ်းပါဦး... မင်း ငါ့ကို ဘာလို့ တွေ့ချင်ရတာလဲ..."

သူ၏ မေးခွန်းကို ကြားသောအခါ ဟွမ်ရိဟန်က ခေါင်းမော့၍ ရှို့ဝူကို ကြည့်လိုက်သည်။

သူ၏ အကြည့်များက ကျူးလင်ထံသို့ ကျရောက်သွားချိန်တွင် သူသည် ဆွံ့အမှင်တက်သွား၏။ ကျူးလင်ကို သူစိုက်ကြည့်နေသည်ကို မြင်သောအခါ ရှို့ဝူက သူမ၏ရှေ့တွင် ရပ်ကာ ဟွမ်ရိဟန်၏ အမြင်အာရုံကို ကွယ်လိုက်လေသည်။

သတိပြန်ဝင်လာပြီးနောက် ဟွမ်ရိဟန်က ရှို့ဝူကို ပြုံးပြရင်း ပြောလိုက်၏။

"ဗိုလ်ကြီးရှို့ တစ်ခုခု မှားနေတယ်ထင်တယ်... ဗိုလ်ကြီး ကျွန်တော့်စခန်းကို ရောက်လာတယ်လို့ ကြားပေမဲ့ ကျွန်တော် ဗိုလ်ကြီးကို ဖိတ်ကြားခဲ့တာ လုံးဝမဟုတ်ပါဘူး..."

ထိုစကားကို ကြားသောအခါ ရှို့ဝူက မျက်ခုံးအနည်းငယ် တွန့်သွားသည်ကို မြင်ရသဖြင့် ဟွမ်ရိဟန်က ခဏမျှ စဉ်းစားကာ လှောင်ပြုံး ပြုံးလိုက်လေသည်။

သူက စိတ်ထဲမှ ရေရွတ်လိုက်၏။

'‌လေ့ကျားမင်က တကယ်ကို သတ္တိရှိတာပဲ... ဒီမျက်နှာသေ မိစ္ဆာဘုရင်ကိုတောင် ပစ်မှတ်ထားဝံ့တယ်ပေါ့... ငါ သူ့ကို ငါ့စခန်းထဲကနေ မြန်မြန်နှင်ထုတ်ရမယ်... မဟုတ်ရင် သူက ငါ့ရဲ့ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်...'

All Chapters