အခန်း ၁၈၄
Vol. 19 Ch. 184
အခန်း (၁၈၄) - ဤမိန်းမက သူ့ဇနီးလော
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဟွမ်ရိဟန်က ရှို့ဝူနှင့် ကျူးလင်တို့ကို ထိုင်ရန် အမူအရာပြလိုက်လေသည်။ သူတို့နှစ်ဦးက သူ့ရှေ့ရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်ကြပြီးနောက် ဟွမ်ရိဟန်က သူတို့အတွက် ရေတစ်ခွက်စီ ငှဲ့ပေးရင်း ပြောလိုက်၏။
"ကျွန်တော် ထင်တာတော့ ဗိုလ်ကြီးရှို့ကို ဘယ်သူ ဖိတ်ခေါ်ခဲ့လဲဆိုတာ ကျွန်တော် သိသလိုပဲ..."
ရှို့ဝူက မျက်ခုံးကို အသာပင့်ကာ ပြောလိုက်၏။
"ကျုပ်ကတော့ အဲဒီကိစ္စကို စိတ်မဝင်စားဘူး... ဒီနေ့ ကျုပ် ဒီကိုလာတာက ကျုပ်ရဲ့ ဇနီး... မဟုတ်ဘူး... သူငယ်ချင်းက မင်းဆီက အကြွေးတောင်းချင်လို့ပဲ..."
သူ့စကားကို ကြားပြီးနောက် ဟွမ်ရိဟန်က ကျူးလင်ကို တစ်ချက်လှမ်းကြည့်ကာ စိတ်ထဲတွင် တွေးလိုက်မိ၏။
'ဗိုလ်ကြီးရှို့က အခုတင်ပဲ ဒီမိန်းမက သူ့ဇနီးလို့ ပြောမလို့လား... ဒါပေမဲ့ သူက ဘာလို့ ရုတ်တရက်ကြီး စကားပြောင်းသွားရတာလဲ... သူမကို ကာကွယ်ဖို့အတွက် လျှို့ဝှက်ထားချင်လို့လား...'
မိမိစကားမှားသွားခြင်းကြောင့် နားလည်မှုလွဲသွားစေသည်ကို ရှို့ဝူတစ်ယောက် မသိရှာပေ။ သူက ကျူးလင်ကို ကြည့်ကာ ပြောလိုက်၏။
"ရှောင်လင်... မင်း သူ့ကို ပြောချင်တာရှိရင် ပြောလိုက်တော့..."
ကျူးလင်က ရှို့ဝူကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ဟွမ်ရိဟန်ဘက်သို့ လှည့်ကာ မေးလိုက်၏။
"ရှင် ဘာလို့ ကျွန်မကို သတ်ဖို့ လုပ်ကြံသတ်ဖြတ်သူတွေကို စေလွှတ်ခဲ့ရတာလဲ..."
ထိုစကားများ ထွက်လာသည်နှင့် ဟွမ်ရိဟန် ဆွံ့အသွားရရှာသည်။
သူသည် ရှို့ဝူက ဤမိန်းမလှလေးနှင့် အိမ်ထောင်ရေးဆက်ဆံရေးကို ဘာကြောင့် တမင်တကာ ဖုံးကွယ်ထားရသနည်းဟူသော အချက်နှင့် သူမသည် သူ့အတွက် မည်မျှအရေးကြီးကြောင်းကိုသာ တွေးတောနေဆဲ ဖြစ်၏။
သို့သော် နောက်တစ်စက္ကန့်တွင်မူ ထိုမိန်းမပျိုကပင် သူမကို သတ်ရန် လုပ်ကြံသတ်ဖြတ်သူအုပ်စုတစ်စုကို စေလွှတ်ခဲ့သည်ဟု သူ့အား စွပ်စွဲလိုက်ပြန်သည်။
ဤသည်မှာ သူ့ကို သေတွင်းထဲ တွန်းပို့နေခြင်းပင် မဟုတ်လော။
စီးပွားရေးသမားတစ်ဦးအနေဖြင့် သူသည် ဤကဲ့သို့သော ဆုံးရှုံးမှုကို လုံးဝ လက်ခံမည် မဟုတ်ပေ။
ဟွမ်ရိဟန်က အသက်ပါပါ ပြုံးပြလိုက်ပြီး ကျူးလင်ကို ကြည့်ကာ ယဉ်ကျေးစွာ ပြောလိုက်၏။
"မိန်းကလေး... ကျွန်တော်က မင်းကို သတ်ဖို့ လုပ်ကြံသတ်ဖြတ်သူတွေကို လွှတ်ခဲ့တယ်ဆိုတာ သက်သေပြနိုင်တဲ့ အထောက်အထား ရှိလို့လား..."
ကျူးလင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်၏။
"အဲဒီလုပ်ကြံသတ်ဖြတ်သူတွေက သူတို့ကို ငှားရမ်းခဲ့တဲ့သူက ဟွမ်ရိဟန်ဆိုတဲ့ အမျိုးသားတစ်ယောက်လို့ ပြောခဲ့ကြတယ်... ရှင့်နာမည်က ဟွမ်ရိဟန် မဟုတ်ဘူးလား..."
သူမ၏စကားကို ကြားသောအခါ ဟွမ်ရိဟန်က မျက်ခုံးအသာ ကြုတ်လိုက်လေသည်။
သူမ၏ ကြည်လင်သော မျက်ဝန်းများနှင့် စကားပြောချိန်တွင် သူ့မျက်လုံးများကို တိုက်ရိုက်ကြည့်ရဲသည့် သတ္တိကို ကြည့်ခြင်းအားဖြင့် ဤမိန်းမပျိုသည် အမှန်တရားကို ပြောနေခြင်း ဖြစ်ကြောင်း ဟွမ်ရိဟန် ယုံကြည်သွား၏။
သူမက အမှန်အတိုင်း ပြောနေသည်ဆိုလျှင် တစ်စုံတစ်ဦးသည် သူ့အမည်ကို အသုံးပြု၍ လုပ်ကြံသတ်ဖြတ်သူများကို စေလွှတ်ခဲ့ပြီး သူ့ကို ဒိုင်းအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ရပေမည်။
ထိုသို့ စဉ်းစားပြီးနောက် ဟွမ်ရိဟန်က ကျူးလင်ကို ကြည့်ကာ ပြောလိုက်၏။
"မိန်းကလေး... ကျွန်တော်က အဲဒီလုပ်ကြံသတ်ဖြတ်သူတွေကို မလွှတ်ခဲ့ဘူးလို့ ပြောရင်တောင် မင်း ယုံမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်...”
“ဒါပေမဲ့ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်..."
သူ၏ ပြုံးရွှင်နေသော မျက်နှာကို ကြည့်ကာ ရှို့ဝူက မေးလိုက်၏။
"မင်း ဘာလိုချင်လို့လဲ..."
ဟွမ်ရိဟန်က တည်ငြိမ်စွာ ပြောလိုက်၏။
"ကျွန်တော့်ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ အခွင့်အရေးတစ်ခုပဲ လိုချင်တာပါ... ကျွန်တော့်ကို တစ်ပတ်လောက် အချိန်ပေးမယ်ဆိုရင် စိတ်ကျေနပ်စရာကောင်းတဲ့ ရှင်းပြချက်တစ်ခု ပေးပါ့မယ်..."
ကျူးလင်က သူမ၏ ကျယ်ပြန့်သော အင်္ကျီလက်အောက်တွင် ပုန်းအောင်းနေသော ထူထူကို တစ်ချက်ကြည့်ကာ စိတ်ထဲမှ မေးလိုက်၏။
'သူ လိမ်ပြောနေတာလား...'
ထူထူက အင်္ကျီလက်ထဲမှ ခေါင်းလေးပြူထွက်လာကာ ပြန်ဖြေလိုက်၏။
‘သခင်မလေး... သူ အမှန်အတိုင်း ပြောနေတာပါ... သူက အဲဒီလုပ်ကြံသတ်ဖြတ်သူတွေကို လွှတ်ခဲ့တာ မဟုတ်ဘူး...’
‘ဒါပေမဲ့ အဲဒီလုပ်ကြံသတ်ဖြတ်သူတွေကို ဘယ်သူလွှတ်လဲဆိုတာ သူ သိနေတယ်...’
ထူထူ၏စကားကို ကြားပြီးနောက် ကျူးလင်က ဟွမ်ရိဟန်ကို တည်ငြိမ်စွာ ကြည့်လျက် ပြောလိုက်၏။
"ရှင်က လုပ်ကြံသတ်ဖြတ်သူတွေကို လွှတ်ခဲ့တဲ့သူ ဘယ်သူလဲဆိုတာ သိနေပြီဆိုမှတော့... အဲဒီလူကို ခေါ်လာဖို့ ရှင့်ကို မိနစ်သုံးဆယ် အချိန်ပေးမယ်..."
သူမ၏ အေးစက်သော စကားလုံးများနှင့် လုံးဝမလိုက်ဖက်သည့် တည်ငြိမ်လှသော အမူအရာကို ကြည့်ကာ ဟွမ်ရိဟန်က စိတ်ထဲမှ တွေးလိုက်မိ၏။
'မျက်နှာသေ မိစ္ဆာဘုရင်ကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ မိန်းမက တကယ် မရိုးရှင်းဘူးပဲ...'
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက သက်ပြင်းချကာ ပြောလိုက်၏။
"မိန်းကလေးက အဲဒီလို လိုလားမှတော့ ကျွန်တော် လုပ်ပေးရတာပေါ့... မိန်းမလှလေးအတွက်ဆို ကျွန်တော် ဘာမဆိုလုပ်ပေးနိုင်ပါတယ်..."
ထိုစကားကို ကြားသောအခါ ရှို့ဝူက သူ့ကို သတိပေးသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
သူ့မျက်လုံးထဲမှ လူသတ်ငွေ့များကို ကြည့်ကာ ရှို့ဝူ၏ ဘေးတွင် ထိုင်နေသော မိန်းမပျိုသည် သူ၏ ဇနီးဖြစ်ကြောင်း ဟွမ်ရိဟန် ပို၍ သေချာသွားတော့၏။
ဟွမ်ရိဟန်က သူ၏ လက်အောက်ငယ်သားကို ခေါ်ကာ နားနားတွင် ကပ်၍ တိုးတိုးလေး ပြောလိုက်ပြီးနောက် ထိုအမျိုးသားသည် အခန်းထဲမှ အမြန် ထွက်ခွာသွားလေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ထိုသူသည် အဖြူရောင် ဂါဝန်ဝတ်ဆင်ထားသော ဆွဲဆောင်မှုရှိသည့် မိန်းမတစ်ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာ၏။ သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသေးမီမှာပင် ထိုမိန်းမ၏ အသံက အရင် ထွက်ပေါ်လာသည်။
သီးသန့်ခန်းထဲသို့ ဝင်ရောက်လာရင်း လေ့ကျားမင်က ဒေါသတကြီး ပြောလိုက်၏။
"ကျွန်မကို ဒီကို ဘာလို့ခေါ်တာလဲ... ကျွန်မမှာ အရေးကြီးတဲ့ ချိန်းဆိုမှု ရှိတယ်ဆိုတာ မသိဘူးလား..."
သူမက ဟွမ်ရိဟန်ကို ထပ်မံ၍ ညည်းညူပြောဆိုတော့မည့်ဆဲဆဲတွင် သူမ၏ မျက်လုံးများက ရှို့ဝူ၏ ခန့်ညားသော မျက်နှာပေါ်သို့ ကျရောက်သွား၏။ သူမ၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားပြီး ချိုသာစွာ ပြောလိုက်လေသည်။
"အစ်ကိုဟွမ်... ဒီမှာ ဧည့်သည်ရှိနေတာကို ညီမကို ဘာလို့ ကြိုမပြောတာလဲ..."
ဟွမ်ရိဟန်က စိတ်ထဲမှ တိတ်တဆိတ် မျက်လုံးလှန်လိုက်မိသော်လည်း လေ့ကျားမင်အပေါ် သူ၏ ရွံရှာမှုကို ဖုံးကွယ်ရန်အတွက် အပြုံးကို ဆက်ထိန်းထားရန် ကြိုးစားလိုက်၏။ သူက ရှို့ဝူနှင့် ကျူးလင်တို့ဘက်သို့ ညွှန်ပြကာ ပြောလိုက်သည်။
"ဒါကတော့ ဗိုလ်ကြီးရှို့ဝူနဲ့... သူ့ရဲ့ သူငယ်ချင်းပါ..."
သူမအား မိတ်ဆက်ပေးချိန်တွင် တုံ့ဆိုင်းသွားသည်ကို သတိပြုမိသွားသဖြင့် ရှို့ဝူက မျက်လုံးများကို ကျဉ်းမြောင်းကာ ဟွမ်ရိဟန်ကို ကြည့်လိုက်၏။
သူ့အကြည့်ကို ခံစားမိသောအခါ ဟွမ်ရိဟန်က ရှို့ဝူကို ပြုံးပြလိုက်ပြီးနောက် လေ့ကျားမင်ကို ကြည့်ကာ ပြောလိုက်လေသည်။
"မိန်းကလေး ကျားမင်... သူတို့ ဒီနေ့ လာတာက မင်းနဲ့ တွေ့ဖို့ပဲ..."
ရှို့ဝူက ယနေ့ လဲ့ဟော်စခန်းသို့ သူမနှင့် တွေ့ဆုံရန် ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့သည်ကို ကြားသောအခါ လေ့ကျားမင်က သူမ၏ ရှည်လျားနူးညံ့သော ဆံပင်များကို ဂုဏ်ယူဝံ့ကြွားစွာ ခါယမ်းလိုက်၏။
သူမသည် မေးစေ့ကိုပင့်ကာ ဖိတ်ခေါ်မှု အပြည့်ရှိသည့် မျက်ဝန်းများဖြင့် ရှို့ဝူကို ကြည့်လျက် ဆွဲဆောင်မှုရှိပြီး အနည်းငယ် အက်ရှရှရှိသော အသံဖြင့် မေးလိုက်လေသည်။
"အစ်ကိုရှို့... ညီမဆီက ဘာလိုချင်လို့လဲ... ညီမတို့ အခန်းထဲသွားပြီး အေးအေးဆေးဆေး စကားပြောကြမလား..."
လေ့ကျားမင် သူ့ကို ကြည့်သည့်အကြည့်ကို မြင်သောအခါ ရှို့ဝူ ရွံရှာသွား၏။ သူ့မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး ဟွမ်ရိဟန်ကို ကြည့်ကာ မေးလိုက်သည်။
"သူမလား..."
ဟွမ်ရိဟန်က ခေါင်းညိတ်ကာ ပြောလိုက်၏။
"ဗိုလ်ကြီးရှို့ စိတ်ကြိုက်စီရင်နိုင်ပါတယ်... သူမ မသေရုံဆိုရင် ကျန်တာအားလုံး ဆွေးနွေးလို့ ရတယ်..."
ဟွမ်ရိဟန်၏စကားကို ကြားသောအခါ လေ့ကျားမင်သည် စိတ်လှုပ်ရှားစွာဖြင့် သူ့ဘက်သို့ လှည့်ကာ မေးလိုက်၏။
"အစ်ကိုဟွမ်... ရှင် ဘာကို ဆိုလိုတာလဲ... အဲဒီရိက္ခာတွေကို ရှင် ရအောင် ကူညီပေးခဲ့တာကို မေ့သွားပြီလား... ညီမသာ မရှိရင် ရှင့်ရဲ့ စခန်းက အဆင့်မြင့်ဖုတ်ကောင်တွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမယ် ထင်လို့လား..."