အခန်း ၁၈၆
Vol. 19 Ch. 186
အခန်း (၁၈၆) - သံသယ
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှို့ဝူက ဟွမ်ရိဟန်ကို လှည့်ကြည့်ကာ ပြောလိုက်၏။
"ခေါင်းဆောင်ဟွမ်... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျုပ်တို့ ပြန်လိုက်ပါဦးမယ်..."
ရှို့ဝူက လေ့ကျားမင်ကို စစ်ဆေးမေးမြန်းပြီးသွားသည်ကို မြင်သောအခါ ကျူးလင်က မတ်တတ်ထရပ်လိုက်ပြီး သူ့နောက်မှ လိုက်ပါသွားလေသည်။
မထွက်ခွာမီ ရှို့ဝူသည် နောက်သို့ ပြန်လှည့်ကြည့်ကာ လေ့ကျားမင်၏ ကျန်ရှိနေသေးသော အခြားလက်တစ်ဖက်ကိုလည်း သူ၏ဟင်းလင်းပြင်ဓားသွားဖြင့် ဖြတ်တောက်လိုက်၏။
ဘုန်း။
သူမကဲ့သို့ ရက်စက်ကြမ်းကြုတ်သော မိန်းမတစ်ယောက်အတွက် လက်နှစ်ဖက်လုံး ဆုံးရှုံးသွားခြင်းသည် အပြစ်မဲ့သူများအတွက် ကောင်းကျိုးတစ်ခုပင်။
ရှို့ဝူထွက်သွားပြီးနောက် တံခါးပိတ်သွားသည့် တစ်စက္ကန့်တွင် လေ့ကျားမင်သည် မိမိလက်ကောက်ဝတ်များ အေးစက်သွားသလို ခံစားလိုက်ရသဖြင့် ခေါင်းငုံ့ကြည့်လိုက်မိ၏။ ပြတ်တောက်သွားသော လက်ကို မြင်လိုက်ရသောအခါ သူမသည် ထိုနေရာ၌ပင် မေ့လဲသွားတော့သည်။
ကြမ်းပြင်ပေါ်ရှိ ရှုပ်ပွနေသော မြင်ကွင်းကို ကြည့်ရင်း ဟွမ်ရိဟန်က မတ်တတ်ရပ်လိုက်ပြီး အေးဆေးစွာ အမိန့်ပေးလိုက်၏။
"ဒီနေရာကို သန့်ရှင်းရေးလုပ်လိုက်ကြ... မိန်းကလေးကျားမင် မသေစေနဲ့... သူမ နာလန်ထူလာရင် ပြန်ပို့ပေးလိုက်မယ်..."
အစောင့်များက ခေါင်းညိတ်လိုက်ပြီး ပြန်လည်ဖြေကြားလိုက်ကြ၏။
"ဟုတ်ကဲ့ပါ အစ်ကိုကြီးဟွမ်..."
သမ္မတအဆောင်မှ ထွက်လာပြီးနောက် ဟွမ်ရိဟန်က သူ၏လက်ထောက်ကို တစ်ချက်ကြည့်ကာ ညွှန်ကြားလိုက်၏။
"ဒီနေ့ ဗိုလ်ကြီးရှို့နဲ့အတူ လာတဲ့မိန်းမအကြောင်း စုံစမ်းစမ်း... ပြီးတော့ သူတို့ရဲ့ စခန်းအသစ်အကြောင်းလည်း အကုန်လုံးစုံစမ်းလာခဲ့..."
လက်ထောက်က အမိန့်ကို မှတ်သားလိုက်ပြီး ပြန်ပြောလိုက်လေသည်။
"အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်..."
အဆောက်အအုံပြင်ပသို့ ရောက်ရှိလာသောအခါ ကျူးလင်က ရှို့ဝူကို ကြည့်ပြီး မေးလိုက်၏။
"ရှို့ဝူ... ရှင် လုပ်ကြံသတ်ဖြတ်သူကို ခိုင်းလိုက်တဲ့သူကို သိလား..."
ရှို့ဝူက ခေါင်းညိတ်ပြကာ တည်ငြိမ်စွာပင် ဖြေလိုက်လေသည်။
"အင်း... သူ တကယ်သတ်ချင်တဲ့ ပစ်မှတ်က မင်းမဟုတ်ဘူး... ကိုယ်ပဲ..."
"ဘာလို့လဲ... ရှင်နဲ့ သူနဲ့ ရန်ငြိုးရှိလို့လား..."
ကျူးလင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
သူမ၏မေးခွန်းကို ကြားပြီးနောက် ရှို့ဝူက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်လေသည်။
"ဒါကို ရန်ငြိုးလို့ ပြောမယ်ဆိုရင်တော့... လွန်ခဲ့တဲ့ သုံးလက သူ့အတွက် အလုပ်လုပ်ပေးဖို့ ကမ်းလှမ်းချက်ကို ကိုယ် ငြင်းပယ်ခဲ့လို့ ဖြစ်မယ်..."
သူ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျူးလင်က နားလည်သွားပြီး ပြောလိုက်၏။
"ဒါက ရှင့်အတွက် တကယ်ကို မလွယ်ကူတာပဲ... ရှင်က အရမ်းစွမ်းအားကြီးရင်တောင် သူတို့ကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့က မလွယ်လောက်ဘူး..."
ရှို့ဝူက သူမ၏လက်ကို လှမ်းကိုင်လိုက်ပြီး ပြုံးပြလိုက်လေသည်။
"ကိုယ့်ကို သတ်ဖို့ကလည်း သူတို့အတွက် မလွယ်ကူပါဘူး..."
သူတို့နှစ်ဦး လဲ့ဟော်စခန်းမှ ထွက်ခွာလာချိန်တွင် လေ့ဟော်ကျန့်သည် သူတို့ကို အဝေးမှ လှမ်းမြင်လိုက်၏။
သူတို့ လဲ့ဟော်စခန်း၏ ဂိတ်တံခါးနှင့် အဝေးသို့ ရောက်ရှိသွားသည့်တိုင်အောင် သူသည် အနားသို့ တိုးမလာခဲ့ပေ။
သူ ရောက်ရှိလာသည်ကို မြင်သောအခါ ထူထူလေးသည် ကျူးလင်၏ အင်္ကျီလက်အထဲမှ ထွက်လာပြီး လေ့ဟော်ကျန့်ကို လက်လှမ်းပြလိုက်လေသည်။
လေ့ဟော်ကျန့်က ချစ်စဖွယ်ကောင်းသော ယုန်ကလေးကို ပြုံး၍ ကြည့်လိုက်ပြီးနောက် ကျူးလင်ကို ကြည့်ကာ မေးလိုက်၏။
"မိန်းကလေးကျူး... ကိစ္စတွေကို ဖြေရှင်းလို့ ပြီးသွားပြီလား..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
"အင်း... ကျွန်မကို လုပ်ကြံဖို့ ကြိုးစားတဲ့ နောက်ကွယ်ကလူက သခင်လေးလေ့နဲ့ ပတ်သက်မှုရှိနေတယ်ဆိုတာကို သိခဲ့ရတယ်..."
သူမ၏စကားကို ကြားသောအခါ လေ့ဟော်ကျန့်က မျက်ခုံးကို အနည်းငယ်ပင့်လိုက်ပြီး သံသယဖြစ်စွာဖြင့် မေးလိုက်လေသည်။
"တကယ်လား... ကျုပ် လျှို့ဝှက်ဓာတ်ခွဲခန်းထဲကနေ ထွက်ပြေးလာပြီးတဲ့နောက်... မိန်းကလေးကျူးနဲ့ မတွေ့ခင်အထိ လူသားတွေနဲ့ လုံးဝ အဆက်အသွယ် မလုပ်ခဲ့ဖူးဘူး..."
ကျူးလင်က ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်၏။
"သခင်လေးလေ့... ‘လေ့ထီလျန်'ဆိုတဲ့ လူတစ်ယောက်ကို သိလား..."
သူမ၏စကားအဆုံးတွင် လဲ့ဟော်ကျန့်၏ ကိုယ်ခန္ဓာမှာ တုန်လှုပ်သွားလေသည်။ သူသည် တုန်ယင်နေသော လက်များကို အံ့ဩတကြီး ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။
"ကျုပ် သူ့ကို သိနေသလိုပဲ... ဒါပေမဲ့ ကျုပ် လူသားဘဝတုန်းက မှတ်ဉာဏ်တွေအားလုံးကို ဆုံးရှုံးခဲ့ရလို့... ဒီလူနဲ့ ပတ်သက်ပြီး ဘာမှ မမှတ်မိတော့ဘူး..."
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် ကျူးလင်ကို ကြည့်ကာ မေးလိုက်၏။
"မိန်းကလေးကျူး... သူက ဘယ်သူလဲဆိုတာ သိလား..."
"သူက လေ့ကျားမင်ရဲ့ အဘိုးဖြစ်တယ်ဆိုတာပဲ ကျွန်မ သိတယ်...”
“ပြီးတော့ ရှို့ဝူကလည်း သူ့ကို အလုပ်ခန့်ဖို့ လဲ့ထီလျန် ကြိုးစားခဲ့ဖူးတယ်လို့ ပြောတယ်...”
“လုပ်ကြံသတ်ဖြတ်မှုက ရှို့ဝူကို ပစ်မှတ်ထားတာ ဖြစ်နိုင်တယ်... ဘာဖြစ်လို့ အဲ့ဒီလူတွေက ကျွန်မကို တိုက်ခိုက်ခဲ့လဲဆိုတဲ့ အကြောင်းရင်းကိုတော့ ကျွန်မ မသိဘူး..."
ကျူးလင်က တည်ငြိမ်စွာပင် ဖြေကြားပေးလိုက်၏။
သူမ၏ အဖြေကို ကြားပြီးနောက် လေ့ဟော်ကျန့်က ရှို့ဝူဘက်သို့ လှည့်ကာ မေးလိုက်၏။
"သခင်လေးရှို့... လေ့ထီလျန်က ဘယ်သူလဲဆိုတာ သိလား..."
ရှို့ဝူက လေ့ဟော်ကျန့်၏ စကားကို နားမလည်နိုင်မှန်း ထူထူ သိသဖြင့် ယုန်လေးက စေတနာရှေ့ထားကာ ဘာသာပြန်ပေးလိုက်လေသည်။ ထူထူ၏ ဘာသာပြန်မှုကို နားထောင်ပြီးနောက် ရှို့ဝူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"လေ့ထီလျန်က လေ့မိသားစုရဲ့ လက်ရှိမျိုးနွယ်စုခေါင်းဆောင်ပဲ...”
“ငါသိရသလောက်တော့ လေ့မိသားစုက ကမ္ဘာမပျက်ခင်တုန်းက အချမ်းသာဆုံး မိသားစုတွေထဲက တစ်ခုပေါ့... ဒါပေမဲ့ ကမ္ဘာပျက်ကပ်ပြီးနောက်ပိုင်း သူတို့အကြောင်းကိုတော့ ငါ အများကြီး မသိဘူး..."
အတိတ်ကို မမှတ်မိနိုင်သည့်တိုင် မိမိကို တုန်လှုပ်စေနိုင်သော ထိုသူမှာ လေ့မိသားစု၏ လက်ရှိမျိုးနွယ်စုခေါင်းဆောင် ဖြစ်နေကြောင်း ကြားလိုက်ရသောအခါ လေ့ဟော်ကျန့်သည် တိတ်ဆိတ်သွားတော့သည်။
စိတ်ထဲတွင် သံသယများ ပြည့်နှက်နေလျက် သူက သူတို့နှစ်ဦးကို ပြုံးပြပြီး ပြောလိုက်၏။
"ဒီအကြောင်းကို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်... ကျုပ် မိန်းကလေးကျူးနဲ့အတူ လိုက်မသွားနိုင်တော့ဘူး ထင်တယ်... အခွင့်ကြုံရင် ပြန်တွေ့ကြတာပေါ့..."
ထိုသို့ ပြောပြီးနောက် သူသည် ရှို့ဝူကို ခေါင်းညိတ်ပြကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
သူ ပျောက်ကွယ်သွားသည့် တစ်စက္ကန့်တွင် ရှို့ဝူနှင့် ကျူးလင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ‘လေ့ဟော်ကျန့်’ ဟု အမည်ရသော ဤဖုတ်ကောင်သည် အနည်းဆုံး အဆင့်ငါး ဖုတ်ကောင်တစ်ကောင် ဖြစ်နေပုံရလေသည်။
ကျူးလင်က အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသဖြင့် ရှို့ဝူကို ကြည့်ပြီး မေးလိုက်၏။
"ရှို့ဝူ... ရှင်နဲ့ လေ့ဟော်ကျန့်သာ တိုက်ခိုက်ကြရင်... ရှင် သူ့ကို နိုင်ပါ့မလား..."
ရှို့ဝူက ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်လေသည်။
"နိုင်ကောင်းနိုင်လိမ့်မယ်... ဒါပေမဲ့ သူ့ကို နိုင်ဖို့က ကိုယ့်အတွက် မလွယ်ကူဘူး... ဘာလို့လဲဆိုတော့ ဖုတ်ကောင်တွေက လူသားတွေထက် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားသာချက်တွေရှိလို့ပဲ...”
“လူသားတွေက နာကျင်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုကို ခံစားရပေမဲ့... ဖုတ်ကောင်တွေမှာက အဲ့ဒီလို အားနည်းချက်တွေ မရှိဘူး... သူတို့ရဲ့ ပုံဆောင်ခဲအမြုတေကို မဆုံးရှုံးသရွေ့ ထာဝရ တိုက်ခိုက်နိုင်ကြတယ်..."
သူ့စကားကို ကြားသောအခါ ထူထူက ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိ၏။
'ဟုတ်တာပေါ့... မိစ္ဆာနတ်ဘုရားက သူ့ရဲ့ မှတ်ဉာဏ်တွေကို ပြန်ရထားပေမဲ့... သူက ဒီကမ္ဘာမှာ သာမန်လူသားတစ်ယောက်ပဲ ရှိသေးလို့ သူ့စွမ်းအားအပြည့်ကို မထုတ်သုံးနိုင်သေးဘူး... မဟုတ်ရင် လေ့ဟော်ကျန့်ကို မိစ္ဆာနတ်ဘုရားက လက်ညှိုးတစ်ချောင်းတည်းနဲ့တင် ဖိသတ်လိုက်လို့ ရတယ်...'
သူ၏အဖြေကို ကြားပြီးနောက် ကျူးလင်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်၏။
"နားလည်ပြီ... တော်သေးတာပေါ့... သူက မကောင်းတဲ့ဖုတ်ကောင် မဟုတ်လို့..."
ရှို့ဝူက သူမကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
"အဲ့ဒါကိုတော့ ကိုယ်တို့ အသေအချာ မပြောနိုင်ဘူး... ဖုတ်ကောင်တွေက သူတို့ရဲ့ အဆင့်တိုးတက်ဖို့အတွက် လူသားတွေရဲ့ အသားကို စားဖို့ လိုအပ်ပြီး... လူသားတွေကလည်း အဆင့်တက်ဖို့အတွက် ပုံဆောင်ခဲအမြုတေတွေကို စုပ်ယူရတယ်...”
“အဆုံးသတ်မှာတော့ ဖုတ်ကောင်တွေနဲ့ လူသားတွေဟာ အတူယှဉ်တွဲ မနေထိုင်နိုင်ကြဘူး...”
“ဘာလို့လဲဆိုတော့ ကိုယ်တို့က ရှင်သန်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အမဲလိုက်နေကြလို့ပဲ...”
“တကယ်လို့ လေ့ဟော်ကျန့်သာ လူသားတွေကို အမဲလိုက်ချင်တဲ့ ဗီဇစိတ်ကို မထိန်းချုပ်နိုင်ဘူးဆိုရင်... သူက ကိုယ်တို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်..."