အခန်း ၁၈၇
Vol. 19 Ch. 187
အခန်း (၁၈၇) - ရင်းနှီးနေသော ခံစားချက်
ညနေစောင်းလာသည်ကို မြင်သောအခါ ရှို့ဝူက ပြောလိုက်၏။
"သွားကြရအောင်... အပန်းဖြေစခန်းကို မြန်မြန်ပြန်မှဖြစ်မယ်... မဟုတ်ရင် လောင်ယန်တစ်ယောက် စိတ်ဖိစီးပြီး ဆံပင်တွေ ကျွတ်ကုန်တော့မှာပဲ..."
သူ၏စကားကို ကြားသောအခါ ကျူးလင်က ခေါင်းကို အနည်းငယ်စောင်းကာ မေးလိုက်သည်။
"စိတ်ဖိစီးတယ်ဆိုတာ ဘာလဲ..."
သူတို့နှစ်ယောက် ယှဉ်လျှောက်လာရင်း ရှို့ဝူက သူမကို စတင်ရှင်းပြလေတော့၏။
"စိတ်ဖိစီးတယ်ဆိုတာ..."
နှစ်ရက်ကြာပြီးနောက်တွင်တော့ ရှို့ဝူ၊ ကျူးလင်နှင့် ထူထူတို့သည် အပန်းဖြေစခန်းနယ်မြေသို့ ရောက်ရှိလာခဲ့လေသည်။ သူမ၏အရှေ့ရှိ မြင့်မားသော တံတိုင်းကြီးကို ကြည့်ရင်း ကျူးလင်က ပြောလိုက်၏။
"အလုပ်သမားတွေက အလုပ်လုပ်တာ အရမ်းမြန်တာပဲ... တံတိုင်းကို ရက်အနည်းငယ်အတွင်းမှာပဲ ပြီးအောင် ဆောက်လိုက်နိုင်တယ်ပေါ့..."
ရှို့ဝူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်... သူတို့ကို လုပ်အားခ အများကြီးပေးရတာ တကယ်ကို အလကားမဖြစ်ပါဘူး... သူတို့အလုပ်လုပ်တဲ့နှုန်းနဲ့ဆိုရင် ဆောင်းရာသီမရောက်ခင် ငါတို့စခန်း ပြီးလောက်တယ်..."
သူတို့ တံခါးဝသို့ ရောက်သည်နှင့် အဝေး၌ လူအများအပြား ဝိုင်းရံထားခြင်းကို ခံနေရသော ထန်ဝေ့နှင့် ကျီယန်တို့ကို မြင်လိုက်ရပေသည်။ အခြေအနေမကောင်းသည်ကို မြင်လိုက်ရသဖြင့် သူတို့လည်း အလျင်စလို သွားလိုက်ကြ၏။
အမျိုးသားတစ်ဦးက မျှော်လင့်ချက်အပြည့်ပါသော မျက်လုံးများဖြင့် ကျီယန်ကို ကြည့်ကာ မေးလိုက်လေသည်။
"အစ်ကိုကျီ... ကျွန်တော်တို့ကို ဒီမှာ နေခွင့်ပြုလို့ ရနိုင်မလား..."
ကျီယန်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်၏။
"တောင်းပန်ပါတယ်... အခု တံတိုင်းဆောက်လို့ ပြီးသွားပြီဆိုတော့ အလုပ်သမား အများကြီး မလိုတော့ဘူး... ဒါ့အပြင် မင်းတို့ကိုလည်း အလကား ကျွေးမထားနိုင်ဘူးလေ..."
စကားဆုံးသည်နှင့် မင်ဝေ့ကြေးစားတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဝင်ပြောလိုက်လေသည်။
"အစ်ကိုကျီ ပြောတာ မှန်တယ်... စစ်တပ်စခန်းလောက်ကြီးတဲ့ စခန်းတောင်မှ လူတွေကို ကောင်းကောင်း မကျွေးနိုင်တာ... အခုမှ အတည်တကျတောင် မဖြစ်သေးတဲ့ စခန်းဆီကနေ ဘာတွေများ မျှော်လင့်နေတာလဲ..."
ထိုစကားထွက်လာသည်နှင့် အခြားစွမ်းအားရှင်တစ်ဦးကလည်း ပြောလိုက်၏။
"အေးလေ... မင်းတို့ ဒီမှာနေချင်ရင် အလုပ်လုပ်ရမှာပေါ့... ဒါပေမဲ့ လုပ်စရာအလုပ်မှ မရှိတော့တာဆိုတော့ ဒီကနေ ထွက်သွားလိုက်ကြတော့..."
စကားပြောဆိုပြီးသည်နှင့် အမျိုးသားတစ်ဦးက ရုတ်တရက် ထပြောလေသည်။
"မင်းတို့က ဒီမှာ အလုပ်လုပ်ရသေးတာဆိုတော့ ပြောရတာ လွယ်တာပေါ့... ငါတို့ ထွက်သွားရမယ်ဆိုရင် မင်းတို့လည်း ထွက်သွားရမှာပဲ..."
"ဟုတ်တယ်... မှန်တယ်..."
အခြေအနေပိုဆိုးလာသည်ကို မြင်သောအခါ ရှို့ဝူက ကျူးလင်နှင့်အတူ အေးဆေးစွာ လျှောက်သွားလိုက်သည်။ သူ ပြန်လာသည်ကို မြင်သောအခါ ကျီယန်က ပြုံးပြလိုက်ပြီး ပြောလိုက်၏။
"လောင်ရှို့... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့..."
"အင်း... ဒီမှာ ဘာဖြစ်နေတာလဲ..."
အလုပ်သမားများကို ကြည့်ကာ ရှို့ဝူက မေးလိုက်သည်။
ကျီယန်က ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"အခု တံတိုင်းဆောက်လို့ ပြီးသွားပြီဆိုတော့ ဒီနေ့ပဲ လုပ်အားခတွေ ရှင်းပေးပြီး သူတို့ကို ထွက်သွားခိုင်းမလို့လေ...”
“အဆောက်အအုံတွေ ဆောက်ဖို့နဲ့ မြေညှိဖို့အတွက် စွမ်းအားရှင်တချို့ပဲ လိုတော့တာ... သာမန်လူတွေအတွက်ကတော့ သင့်တော်တဲ့အလုပ် မရှိတော့ဘူး..."
ကျီယန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှို့ဝူက ခေါင်းညိတ်လိုက်ပြီး လူအုပ်ကြီးဘက်လှည့်ကာ ပြောလိုက်လေသည်။
"အားလုံးပဲ... လောင်ယန် ပြောသလိုပဲ ဒီမှာ မင်းတို့နဲ့ သင့်တော်တဲ့အလုပ် မရှိတော့ဘူး... ကျေးဇူးပြုပြီး ပြန်ကြပါတော့..."
တကယ်ကို လုပ်စရာမရှိတော့သည်ကို မြင်သောအခါ သာမန်လူအချို့သည် အနည်းငယ် စိတ်ပျက်သွားကြပြီး ထွက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
သားအမိနှစ်ဦးသည် ကျူးလင်အနီးမှ ဖြတ်လျှောက်သွားချိန်တွင် ကောင်လေးကိုကြည့်ကာ သူမ၏ မျက်လုံးများက ရုတ်တရက် လက်ကနဲဖြစ်သွားလေ၏။
ကောင်လေးက ကျူးလင်ကို ဖြတ်လျှောက်သွားရင်း စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
"အမေ... သားတို့ အခု ဘာလုပ်ကြမလဲ... စစ်တပ်စခန်းကိုပဲ ပြန်သွားရမလား..."
မိခင်ဖြစ်သူက သူမ၏ ဆယ့်တစ်နှစ်အရွယ် သားဖြစ်သူကို ကြည့်ကာ ခေါင်းခါယမ်းလိုက်ပြီး မျက်ရည်များဖြင့် ပြောလိုက်၏။
"အမေ... အမေလည်း မသိတော့ဘူး... စစ်တပ်စခန်းက အခြေအနေနဲ့ဆိုရင် အခုပြန်သွားရင် တို့တွေ ငတ်သေကြလိမ့်မယ်..."
ထိုသို့ပြောပြီးနောက် ကောင်လေး၏ မျက်လုံးများ နီရဲလာပြီး ပြောလိုက်လေသည်။
"အမေ... စိတ်မပူပါနဲ့... သားတို့ လုပ်နိုင်တာတစ်ခုခုတော့ ရှိမှာပါ... သားတို့ အဆင်ပြေသွားမှာပါ..."
သားဖြစ်သူ၏ စကားကို ကြားပြီးနောက် မိခင်ဖြစ်သူက သားဖြစ်သူကို ဖက်ကာ မျက်ရည်များကို သုတ်လိုက်ပြီး ပြောလိုက်၏။
"အင်း... သားတို့ အဆင်ပြေသွားမှာပါ... ဒီကမ္ဘာပေါ်မှာ သားတို့ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အမေ နည်းလမ်းတစ်ခုခု ရှာပါ့မယ်..."
သားအမိနှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း ကျူးလင်က ခဏမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်လေသည်။
"အစ်မ... ခဏလောက် စောင့်ပါဦး..."
မိခင်ဖြစ်သူသည် ကျူးလင်၏ ရှင်းလင်းပြီး တည်ငြိမ်သောအသံကို ကြားလိုက်ရသောအခါ သူမ၏ ရင်ထဲမှ မသက်မသာဖြစ်မှုများနှင့် အကြောက်တရားများ အားလုံး ပျောက်ကွယ်သွားရရှာသည်။
သူမက ခေါင်းကို လှည့်ကြည့်လိုက်ရာ အလွန်လှပသော အမျိုးသမီးငယ်တစ်ဦးက သူမကို ပြုံး၍ ကြည့်နေသည်ကို မြင်လိုက်ရ၏။ ထိုအပြုံးကို ကြည့်ရင်း နတ်ဘုရားက သူမကို စောင့်ကြည့်နေသကဲ့သို့ ခံစားလိုက်ရလေသည်။
မိခင်ဖြစ်သူသည် အံ့ဩရိုသေမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကျူးလင်ကို ငေးမောကြည့်ကာ မေးလိုက်သည်။
"မိန်းကလေး... ကျွန်မ ကူညီပေးလို့ရတာများ ရှိလို့လား..."
ကျူးလင်က သူမထံသို့ လျှောက်သွားလိုက်ပြီး မေးလိုက်၏။
"အစ်မ... စစ်တပ်စခန်းမှာ အခြားဆွေမျိုးတွေ ရှိသေးလား..."
မိခင်ဖြစ်သူက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
"ကမ္ဘာပျက်ကပ် စတင်ချိန်မှာပဲ ကျွန်မရဲ့ ယောက္ခမတွေက ဖုတ်ကောင်တွေ ဖြစ်သွားခဲ့ပြီး ကျွန်မယောက်ျားက ကျွန်မတို့ကို ကာကွယ်ရင်း သေဆုံးသွားခဲ့တယ်... အဲဒီအချိန်ကစပြီး မိသားစုထဲမှာ သားလေးနဲ့ ကျွန်မ နှစ်ယောက်တည်း ကျန်တော့တာ..."
သူမ၏ အဖြေကို နားထောင်ရင်း ကျူးလင်သည် မိခင်ဖြစ်သူ၏ အရှေ့တွင် ကာကွယ်ပေးလိုသော အမူအရာဖြင့် မတ်တပ်ရပ်နေသည့် ကောင်လေးကို ကြည့်လိုက်လေသည်။
သူမက ကောင်လေး၏ မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်ရာ ထိုကြည်လင်နေသော မျက်လုံးများထဲမှ ဇွဲလုံ့လ၊ သတ္တိနှင့် ရင်းနှီးနေသော ခံစားချက်တစ်ခုကို မြင်တွေ့လိုက်ရ၏။
ကျူးလင်က သူ့ကို ပြုံး၍ ကြည့်ကာ မေးလိုက်သည်။
"မင်း နာမည် ဘယ်လိုခေါ်လဲ..."
ကောင်လေးက သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ကျွန်တော့်နာမည်က ကျန့်ကျင့်နန်ပါ... အစ်မ နာမည်ကကော ဘယ်လိုခေါ်လဲ..."
ကျူးလင်က လက်လှမ်းကာ သူ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ ထိုအချိန်တည်းမှာပင် သူမ၏ နတ်ဘုရားအာရုံကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်ထဲသို့ စစ်ဆေးကြည့်လိုက်ရင်း ပြောလိုက်လေသည်။
"အစ်မ နာမည်က ကျူးလင်ပါ..."
နှစ်စက္ကန့်အကြာတွင်တော့ ကျူးလင်၏ မျက်လုံးများက လက်ကနဲဖြစ်သွားပြီး လက်ကို ပြန်ရုပ်လိုက်သည်။ သူမက မိခင်ဖြစ်သူကို ကြည့်ကာ ပြောလိုက်၏။
"အစ်မ... သွားစရာနေရာ မရှိဘူးဆိုရင် ဒီမှာပဲ နေလိုက်ပါလား... အစ်မရဲ့သားက အရမ်းပါရမီပါတာမို့လို့ ကျွန်မ သူ့ကို တပည့်အဖြစ် လက်ခံချင်တယ်..."
သူမ၏စကားကို ကြားသောအခါ ကျန့်ကျင့်နန်နှင့် မိခင်ဖြစ်သူတို့မှာ အံ့အားသင့်သွားကြလေသည်။
သူသည် ဤသူစိမ်းအစ်မအပေါ်တွင် ထူးဆန်းသော ရင်းနှီးမှုမျိုး ခံစားနေရသော်လည်း မိခင်ဖြစ်သူကို ကာကွယ်ရန် လိုအပ်သည့်အပြင် ကမ္ဘာပျက်ကပ်စတင်ကတည်းက လူလိမ်များစွာနှင့် ကြုံတွေ့ခဲ့ရသဖြင့် သတိထားနေရပေသည်။
သတိပြန်ဝင်လာပြီးနောက် ကျန့်ကျင့်နန်က ကျူးလင်ကို မျက်လုံးမှေးကြည့်ကာ မေးလိုက်၏။
"အစ်မက ဘာလို့ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်ရတာလဲ..."