အခန်း ၁၈၈
Vol. 19 Ch. 188
အခန်း (၁၈၈) - တပည့်လက်ခံခြင်း
ကျန့်ကျင့်နန်၏ သတိကြီးစွာ စိုက်ကြည့်နေသော မျက်လုံးများကို ကြည့်ရင်း ကျူးလင်က ပြုံးလိုက်ကာ ပြောလိုက်၏။
"မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အရမ်းကို ရှားပါးတယ်... ငါ့တပည့်အဖြစ် မခံယူရင် မင်း အသက်ဆယ့်သုံးနှစ်ထက် ပိုပြီးအသက်ရှင်ရမှာ မဟုတ်ဘူး..."
မိခင်ဖြစ်သူ၏ မျက်လုံးများထဲရှိ အံ့ဩတုန်လှုပ်မှုကို မြင်လိုက်ရသဖြင့် ကျူးလင်က သူမကို လှည့်ကြည့်ကာ မေးလိုက်၏။
"အစ်မ... ရှင့်ရဲ့သားက မွေးကတည်းက ရက်အနည်းငယ်ခြားတစ်ခါ ဖျားနာတတ်ပြီး ခန္ဓာကိုယ်အပူချိန်ကလည်း သာမန်ထက် နိမ့်ကျနေတယ် မဟုတ်လား...”
“သူ့နှလုံးခုန်သံက အရမ်းနှေးပြီး ဝမ်းဗိုက်အောက်ပိုင်းလည်း အမြဲတမ်းလိုလို နာကျင်နေရတယ် မဟုတ်လား..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန့်ကျင့်နန်နှင့် သူ၏မိခင်တို့သည် မျက်လုံးများ ပြူးကျယ်သွားကာ ကျူးလင်ကို စိုက်ကြည့်မိကြတော့၏။
ကျန့်ကျင့်နန် မွေးဖွားကတည်းက ခံစားခဲ့ရသမျှကို တစ်သဝေမတိမ်း တိကျစွာ ပြောပြနိုင်သူဟူ၍ ဤတစ်ကြိမ်သည် ပထမဆုံးပင် ဖြစ်လေသည်။ ခေတ္တမျှ ဆိတ်ဆိတ်နေပြီးနောက် မိခင်ဖြစ်သူက တုန်ရီစွာ မေးလိုက်၏။
"မိန်းကလေး... ကျွန်မသားရဲ့ ကျန်းမာရေးက ဘာဖြစ်နေလဲဆိုတာကို သိလို့လား..."
ကျူးလင်က ခေါင်းညိတ်ပြကာ ပြောလိုက်၏။
"အစ်မ... ရှင့်ရဲ့သားက ဖျားနာနေတာ မဟုတ်ပါဘူး... သူက မွေးကတည်းက အရမ်းရှားပါးတဲ့ သန့်စင်ယင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပါ..."
မိခင်ဖြစ်သူက သံသယများဖြင့် ပြန်မေးလိုက်၏။
"သန့်စင်ယင်ခန္ဓာကိုယ်... အဲဒါက ဘာလဲဟင်..."
ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။
"သန့်စင်ယင်ခန္ဓာကိုယ်ဆိုတာ မွေးရာပါ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဆယ့်နှစ်မျိုးထဲက တစ်ခုပဲ...”
“သန့်စင်ယင်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့သူတွေက အရမ်းကို ပါရမီထူးခြားကြပြီး ရေဓာတ်နဲ့ ယင်စွမ်းအင်ကို ပိုင်ဆိုင်ထားကြတယ်...”
“ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ သူတို့ရဲ့ ပါရမီကြောင့် ယင်စွမ်းအင်နဲ့ သဟဇာတ ဖြစ်နေကြတာပေါ့...”
“သူတို့ရဲ့ပါရမီက အရမ်းမြင့်မားလွန်းလို့ သူတို့ရဲ့ခန္ဓာကိုယ်က ယင်စွမ်းအင်ကို အလိုအလျောက် စုပ်ယူနေလိမ့်မယ်..."
“အဲဒီလိုနဲ့ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်အပူချိန်က ကျဆင်းလာပြီး နောက်ဆုံးမှာတော့ အသက်တိုစေတာပဲ...”
“ရှင့်သားရဲ့ လက်ရှိအခြေအနေအရဆိုရင် အများဆုံး နောက်ထပ်နှစ်နှစ်ပဲ အသက်ရှင်နိုင်တော့မယ်..."
ကျူးလင်၏ ရှင်းပြချက်ကို ကြားပြီးနောက် မိခင်ဖြစ်သူက လက်ကို တင်းတင်းဆုပ်လိုက်ကာ မေးလိုက်၏။
"မိန်းကလေး... နန်နန်ရဲ့ အခြေအနေကို သိနေမှတော့ သူ့ကို ကုသပေးနိုင်မယ့် နည်းလမ်းကိုလည်း သိတာပေါ့ ဟုတ်လား..."
သူမ၏ စိုးရိမ်ပူပန်နေသော အမူအရာကို ကြည့်ပြီး ကျူးလင်က တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။
"သန့်စင်ယင်ခန္ဓာကိုယ်ဆိုတာ ရောဂါတစ်ခု မဟုတ်တဲ့အတွက် ကုသစရာ နည်းလမ်းမရှိဘူး...”
“ဒါပေမဲ့ သူ့ကို သာမန်လူတစ်ယောက်လို ရှင်သန်ခွင့်ပေးနိုင်ပြီး သူကိုယ်တိုင် ဆန္ဒရှိမယ်ဆိုရင် ကျင့်ကြံသူတစ်ယောက် ဖြစ်လာအောင် ကူညီပေးနိုင်တဲ့ နည်းလမ်းကို ကျွန်မသိတယ်...”
“သူ့ရဲ့ ပါရမီနဲ့ဆိုရင် ဆယ်စုနှစ်အနည်းငယ်လောက် ကြိုးစားအားထုတ်ရုံနဲ့တင် ကောင်းကင်ဘုံကို တက်လှမ်းနိုင်လိမ့်မယ်..."
ကျူးလင်၏ ပထမပိုင်း စကားများကို ကြားရသောအခါ မိခင်ဖြစ်သူမှာ အလွန်ပင် ဝမ်းသာသွား၏။
သို့သော် နောက်ပိုင်း စကားများကို ကြားလိုက်ရချိန်တွင်မူ သူမသည် ကျူးလင်၏ အဝတ်အစားနှင့် စကားပြောပုံကို မကြည့်ဘဲမနေနိုင် ဖြစ်သွားရသည်။ မိခင်ဖြစ်သူသည် သားဖြစ်သူဘက်သို့ လှည့်ကြည့်ရင်း စိတ်ထဲမှ တွေးတောလိုက်မိ၏။
'ဒီမိန်းကလေးက ကြည့်ရတာ စိတ်သိပ်မှန်ပုံမရဘူး... ငါ သူ့ကို တကယ်ပဲ ယုံကြည်လို့ရပါ့မလား..."
“ဒါပေမဲ့ သူပြောတဲ့ နန်နန်ရဲ့ အခြေအနေကလည်း တစ်ချက်လေးတောင် မမှားဘူး...”
“ငါ ဘာလုပ်သင့်လဲ... ငါ တကယ်ပဲ လျှို့ဝှက်ပညာရှင်တစ်ယောက်ယောက်နဲ့ ဆုံတွေ့နေတာလား...'
မိခင်ဖြစ်သူ၏ စိုးရိမ်ပူပန်မှုများကို သိရှိနေသကဲ့သို့ ကျန့်ကျင့်နန်က မိခင်၏လက်ကိုဆွဲကာ ဘေးသို့ အသာအယာ ခေါ်ဆောင်သွားပြီး တိုးတိုးလေး ပြောလိုက်၏။
"အမေ... အခု ကျွန်တော်တို့ သွားစရာ နေရာမရှိတော့ဘူး... စစ်တပ်အခြေစိုက်စခန်းကို ပြန်မသွားဘဲ ဒီမှာပဲ နေသင့်တယ်လို့ ထင်တယ်...”
“အဲဒီအစ်မပြောတာတွေက မယုံကြည်နိုင်စရာကောင်းသလို ဖြစ်နေပေမဲ့ ကျွန်တော်တို့ကို လိမ်ညာစရာ အကြောင်းလည်း မရှိပါဘူး...”
“သူ့ရဲ့ ကမ်းလှမ်းချက်ကို သဘောတူသင့်တယ်လို့ ထင်တယ်... ပြီးတော့ တစ်ခုခုကြောင့်မို့လို့ ကျွန်တော် သူ့ကို ယုံကြည်မိပြီး သူ့နားမှာပဲ နေချင်တယ်..."
သားဖြစ်သူ၏ စကားကို ကြားပြီးနောက် မိခင်ဖြစ်သူက ခေတ္တမျှ စဉ်းစားကာ သဘောတူလိုက်၏။
မည်သို့ပင် ကြည့်စေကာမူ ကျူးလင်၏ ဖိတ်ခေါ်မှုသည် သူတို့အတွက်သာ အကျိုးရှိစေပြီး ကျူးလင်အတွက်မူ မည်သည့်အကျိုးအမြတ်မျှ မရှိချေ။ ဆုံးဖြတ်ချက်ချပြီးနောက် မိခင်ဖြစ်သူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"ကောင်းပြီလေ... သူ့ကို ယုံကြည်ကြည့်ကြတာပေါ့..."
တိုတောင်းသော ဆွေးနွေးမှုအပြီးတွင် သားအမိနှစ်ယောက်လုံး ကျူးလင်ထံသို့ ပြန်လည် လျှောက်လှမ်းလာကြ၏။ မိခင်ဖြစ်သူက ကျူးလင်ကို ကြည့်ကာ ပြောလိုက်လေသည်။
"မိန်းကလေး... ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်မတို့မှာ သွားစရာ နေရာမရှိတော့တဲ့အတွက် မရှက်မကြောက်ဘဲ ဒီကျေးဇူးကို လက်ခံပါရစေ..."
သူမက ကျူးလင်ကို ဦးညွှတ်လိုက်ရင်း စိတ်ရင်းမှန်ဖြင့် တောင်းပန်လိုက်၏။
"ကျေးဇူးပြုပြီး ကျွန်မရဲ့သားကို ကယ်တင်ပေးပါဦး..."
မိမိထက် ငယ်ရွယ်သော မိန်းကလေးတစ်ဦးအား မိခင်ဖြစ်သူက ဦးညွှတ်ကာ တောင်းပန်နေသည်ကို မြင်ရသောအခါ ကျန့်ကျင့်နန်သည် မျက်ဝန်းများ ပူစပ်လာရရှာသည်။ သူက မျက်ရည်များကို အမြန် သုတ်လိုက်ပြီး ကျူးလင်ကို ဦးညွှတ်ကာ ပြောလိုက်၏။
"အစ်မကြီး... ကျေးဇူးတင်ပါတယ်..."
ကျူးလင်က လက်ကို ဆန့်ထုတ်ကာ မိခင်ဖြစ်သူအား အသာအယာ ထူမပေးလိုက်ပြီးနောက် ပြောလိုက်၏။
"အစ်မ... ကျွန်မကို ဦးညွှတ်ဖို့ မလိုပါဘူး... ရှင့်ရဲ့သားက ကျွန်မတပည့်အဖြစ် ခံယူဖို့ သဘောတူလိုက်ပြီဆိုရင်တော့ ရှင်နဲ့ ကျွန်မက ဂုဏ်သိက္ခာချင်း တန်းတူပဲ ဖြစ်သွားပါပြီ..."
ထိုသို့ ပြောပြီးနောက် သူမက ကျန့်ကျင့်နန်ဘက်သို့ လှည့်ကြည့်ကာ ဆက်ပြောလိုက်၏။
"ဒူးထောက်ပြီး ဆရာအဖြစ် ကန်တော့လှည့်..."
သူမ၏ စကားကို ကြားသောအခါ ကျန့်ကျင့်နန်သည် ခေါင်းကို မော့ကြည့်လိုက်ရာ ကျူးလင်က သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သူမ၏ မျက်လုံးများနှင့် ဆုံမိလိုက်သည့် တခဏချင်းမှာပင် ကျန့်ကျင့်နန်သည် ဤအခွင့်အရေးသည် တစ်သက်တွင် တစ်ခါသာ ရနိုင်မည့် အခွင့်အရေးဖြစ်ကြောင်း နားလည်လိုက်၏။
အကယ်၍ ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက ဘဝတစ်လျှောက်လုံး နောင်တရသွားလိမ့်မည်ကိုလည်း သူ့စိတ်က သိရှိနေပေသည်။
ကျန့်ကျင့်နန်သည် တွန့်ဆုတ်ခြင်းမရှိဘဲ မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ပြီး သုံးကြိမ်တိုင်တိုင် ဦးညွှတ်ကန်တော့ကာ ပြောလိုက်၏။
"တပည့်က ဆရာကို ဂါရဝပြုပါတယ်..."
ကျူးလင်က ခေါင်းညိတ်ပြကာ သူ့ကို ထူပေးလိုက်ပြီး ပြောလိုက်၏။
"လိမ္မာတဲ့ တပည့်လေးပဲ... ပထမဆုံး ဆုံတွေ့တဲ့ လက်ဆောင်အနေနဲ့ ဆရာက မင်းကို ပေးစရာတစ်ခု ရှိတယ်..."
ထိုသို့ ပြောပြီးနောက် သူမသည် မီးဓာတ်သစ်သီး တစ်လုံးကို ထုတ်ယူလိုက်ကာ ပြောလိုက်၏။
"ဒီအသီးကို မီးဓာတ်သစ်သီးလို့ ခေါ်တယ်... သူ့ထဲမှာ သန့်စင်တဲ့ ယန်စွမ်းအင်တွေ ပါဝင်နေတယ်... ဒီအသီးကို စားလိုက်ရင် မင်းရဲ့ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်ကို ဟန်ချက်ညီစေပြီး နာကျင်မှုတွေကိုလည်း သက်သာစေလိမ့်မယ်..."
သစ်သီးကို လှမ်းယူလိုက်ပြီးနောက် ကျန့်ကျင့်နန်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်...ဆရာ”
ကျူးလင်က သူ့ကို ခေါင်းညိတ်ပြကာ ပြောလိုက်၏။
"အခုပဲ စားလိုက်တော့..."
မိခင်ဖြစ်သူထံသို့ လှည့်ကြည့်ရာ သူမက ခေါင်းညိတ်ပြသည်ကို မြင်သဖြင့် ကျန့်ကျင့်နန်သည် မီးဓာတ်သစ်သီးကို တစ်ကိုက် ကိုက်စားလိုက်၏။
နောက်တစ်စက္ကန့်တွင် မီးဓာတ်သစ်သီး၏ ဖျော်ရည်ကို မျိုချလိုက်သည်နှင့် သူ၏မျက်ဝန်းများမှ မျက်ရည်များ ရုတ်တရက် စီးကျလာလေတော့သည်။ သားဖြစ်သူ မျက်ရည်ကျနေသည်ကို မိခင်ဖြစ်သူက မြင်သောအခါ အမြန်ဖက်ထားလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်ရှာ၏။
"နန်နန်... ဘာဖြစ်လို့လဲ... ဘယ်နေရာက နေမကောင်းဖြစ်လို့လဲ..."
ကျန့်ကျင့်နန်က ခေါင်းခါယမ်းပြကာ မီးဓာတ်သစ်သီးကို အမြန်ပင် ကုန်အောင် စားလိုက်၏။ သူ၏ တစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် မည်သည့်နာကျင်မှုကိုမျှ မခံစားရတော့ချေ။
မျက်ရည်များဖြင့် ပြည့်နှက်နေသော သူ့မျက်နှာလေးကိုကြည့်ကာ ကျူးလင်က သူ့ခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း ပြောလိုက်၏။
"နာကျင်မှုကို ကောင်းကောင်းသည်းခံနိုင်ခဲ့တယ်... တော်တယ်..."
ကျန့်ကျင့်နန် စိတ်ငြိမ်သွားပြီးနောက် ကျူးလင်က သူမ၏ တပည့်သစ်နှင့် သူ၏မိခင်ကို ကြည့်ကာ ဆက်ပြောလိုက်၏။
"အစ်မ... နှစ်ယောက်လုံး ကျွန်မနဲ့ လိုက်ခဲ့ကြပါ... နေထိုင်ဖို့ နေရာတစ်ခု ပြင်ဆင်ပေးပါ့မယ်..."
ကျန့်ကျင့်နန်၏မိခင်က ကျေးဇူးတင်သော အပြုံးဖြင့် သူမကို ကြည့်ကာ ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေးကျူး..."