အခန်း ၁၈၉
Vol. 19 Ch. 189
အခန်း (၁၈၉) - ရှို့ဝူ၏ သံသယ
ကျူးလင်က အဒေါ်ကျန့်ကို ခေါင်းညိတ်ပြလိုက်ပြီး ကျီယန်ကို သွားရှာလိုက်၏။ သူမက ကျီယန်နှင့် အခြားသူများကို ရှာတွေ့ချိန်တွင် သာမန်လူအများစုမှာ ကျီယန်က စစ်အခြေစိုက်စခန်းမှ ငှားရမ်းထားသည့် စစ်သုံးထရပ်ကားများပေါ်သို့ တက်ရောက်နေကြပြီဖြစ်ပြီး ၎င်းတို့အား ပြန်လည်ပို့ဆောင်ရန် ပြင်ဆင်နေကြလေပြီ။
အလတ်တန်းစား အမျိုးသမီးတစ်ဦးနှင့် ကောင်လေးတစ်ဦးကို ခေါ်ဆောင်ကာ ပြန်လာသော ကျူးလင်ကို မြင်သောအခါ ကျီယန်က မေးလိုက်၏။
"ရှောင်လင်... သူတို့က ဘယ်သူတွေလဲ..."
ကျူးလင်က ကျန့်ကျင့်နန်၏ ခေါင်းကို သာသာလေး ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
"ဒီကောင်လေးက ကျွန်မရဲ့ တပည့်ပဲ... သူ့နာမည်က ကျန့်ကျင့်နန် တဲ့... ပြီးတော့ ဒီအမျိုးသမီးက သူ့ရဲ့ အမေလေ..."
သူမက ထိုသို့ပြောလိုက်သောအခါ ကျီယန်နှင့် ထန်ဝေ့တို့က ကျန့်ကျင့်နန်ကို စိတ်ဝင်တစား ကြည့်လိုက်ကြသော်လည်း ရှို့ဝူကမူ မျက်မှောင်အနည်းငယ် ကြုတ်ကာ သံသယစိတ်များဖြင့် ထိုကောင်လေးကို စိုက်ကြည့်ရင်း တွေးတောနေလေ၏။
'သန့်စင်ယင်ရုပ်ခန္ဓာပါလား... ဒီကမ္ဘာမှာ ကျင့်ကြံခြင်း ရုပ်ခန္ဓာနဲ့ မွေးဖွားလာတဲ့သူ ဘယ်လိုလုပ် ရှိနေရတာလဲ... သံသရာနတ်ဘုရားကများ အမှားအယွင်းလုပ်ပြီး ခြောက်ဘုံက ဝိညာဉ်တွေကို ဒီကမ္ဘာထဲ မှားပို့လိုက်တာများလား...'
ရှို့ဝူ တွေးတောနေစဉ်အတွင်း ကျန့်ကျင့်နန်နှင့် သူ့အမေက သူတို့သုံးဦးကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ကြ၏။ ရှို့ဝူက အတွေးထဲမှ ရုန်းထွက်လာပြီးနောက် ထိုသားအမိနှစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။
"ရှောင်လင်က ခင်ဗျားရဲ့သားကို တပည့်အဖြစ် လက်ခံလိုက်ပြီဆိုမှတော့ ကျွန်တော်တို့က ခင်ဗျားတို့နှစ်ယောက်လုံးကို ကာကွယ်ပေးမှာပါ... ခင်ဗျားတို့ ဒီမှာ နေထိုင်ဖို့အတွက်လည်း နေရာတစ်ခု ပြင်ဆင်ပေးပါ့မယ်..."
ရှို့ဝူ၏ စကားကို ကြားပြီးနောက် ထန်ဝေ့က ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။
"ဟုတ်တယ်... ကျန့်ကျင့်နန်... မင်း ငါတို့ကို အစ်ကိုကြီးလို့ပဲ ခေါ်နော်... တစ်ခုခု လိုအပ်တာရှိရင် ငါတို့ဆီ လာခဲ့..."
ကျီယန်ကလည်း ကျန့်ကျင့်နန်၏ အမေကို ပြုံးပြရင်း ပြောလိုက်သည်။
"အဒေါ်... ကျွန်တော်တို့ ဗီလာအနီးမှာ ဗီလာအသေးလေးတစ်လုံး ရှိပါတယ်...အဒေါ်တို့ စိတ်မရှိဘူးဆိုရင် သားဖြစ်သူနဲ့အတူ အဲဒီမှာ နေထိုင်နိုင်ပါတယ်..."
ဗီလာတွင် နေထိုင်ရမည်ဟူသော စကားကို ကြားလိုက်ရချိန်တွင် အဒေါ်ကျန့်သည် မိမိနားကိုပင် မယုံနိုင်အောင် ဖြစ်သွားပြီး ကျီယန်ကို အံ့ဩမှင်သက်စွာ စိုက်ကြည့်နေမိတော့၏။
အသက်လေးဆယ်ကျော် ဖြတ်သန်းလာခဲ့သည့် သူမ၏ဘဝတွင် အကောင်းဆုံး နေထိုင်ခဲ့ဖူးသည့် နေရာမှာ မင်္ဂလာဦးခရီးစဉ်အတွင်း ခင်ပွန်းဖြစ်သူနှင့်အတူ တည်းခိုခဲ့ဖူးသည့် ဟိုတယ်သာ ရှိခဲ့ဖူးသည်။
သို့သော် ယခု ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်နေချိန်တွင်မှ ဇိမ်ခံဗီလာကြီးတစ်လုံး၌ နေထိုင်ခွင့် ရရှိတော့မည်လော။
ဘဝဟူသည် အမှန်တကယ်ပင် ခန့်မှန်းရ ခက်ခဲလှပေစွ။
သူမ မယုံကြည်နိုင်ဖြစ်နေသည်ကို သိရှိသောကြောင့် ကျီယန်က ပြုံးလျက် ပြောလိုက်သည်။
"မနက်စာစားဖို့ အချိန်နီးနေပြီဆိုတော့ အဒေါ်တို့ကို အရင်နေရာချပေးပါ့မယ်... ပြီးမှ မနက်စာ အတူတူစားကြတာပေါ့... အဒေါ်... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ..."
ပြောပြီးနောက် ကျီယန်က သူတို့ဗီလာအနီးရှိ ဗီလာအသေးလေးဆီသို့ ဦးဆောင်ကာ လျှောက်လှမ်းသွားလေသည်။ ကျန့်ကျင့်နန်သည် ကျီယန်နောက်သို့ မလိုက်မီ ကျူးလင်ကို ကြည့်ကာ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။
"ဆရာ... တပည့် ခဏနေရင် ဆရာ့ကို လာရှာပါ့မယ်..."
တပည့်လေး၏ ပိန်လှီလှသော ခန္ဓာကိုယ်နှင့် စုတ်ပြဲနေသည့် အဝတ်အစားများကို ကြည့်ကာ ကျူးလင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။
သူမသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရေခဲပန်းပွင့်ဆွဲသီးထဲမှ ကာကွယ်ရေးနတ်ဘုရား ဝတ်စုံတစ်စုံကို ထုတ်ယူကာ ကျန့်ကျင့်နန်ထံသို့ ကမ်းပေးရင်း ပြောလိုက်သည်။
"ဒါကို ယူထားလိုက်... မင်း အဝတ်အစားတွေ လဲဖို့ အချိန်တန်ပြီ..."
ကျန့်ကျင့်နန်သည် မိမိကိုယ်နှင့် မလိုက်အောင် ကြီးမားလွန်းလှသော ရှေးဟောင်းဝတ်စုံကို တစ်ချက်ကြည့်လိုက်ပြီး လက်ခံယူကာ ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် ဆရာ..."
ကျူးလင်က ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
"အင်း... သွားပြီး သန့်ရှင်းရေးလုပ်ပြီး အဝတ်အစားလဲလိုက်ဦး... ပြီးရင် မနက်စာ အတူတူ စားကြတာပေါ့..."
"ဟုတ်ကဲ့ပါ ဆရာ..."
ကျန့်ကျင့်နန်က ရှို့ဝူနှင့် ထန်ဝေ့တို့ကို ခေါင်းညိတ်နှုတ်ဆက်ပြီးနောက် သူ့အမေနှင့် ကျီယန်တို့၏ နောက်ကွယ်သို့ အပြေးအလွှား လိုက်သွားလေတော့သည်။ သူတို့သုံးဦး ထွက်ခွာသွားပြီးနောက် ရှို့ဝူက ကျူးလင်ကို ကြည့်ကာ မေးလိုက်၏။
"မင်း သူ့ကို ဘာလို့ တပည့်အဖြစ် လက်ခံလိုက်တာလဲ..."
ကျူးလင်က ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။
"သူက ကျွန်မနဲ့ ရေစက်ရှိတယ်လေ... ပြီးတော့ သူက ကျင့်ကြံခြင်းလမ်းစဉ်အတွက် ပါရမီလည်း ရှိတယ်..."
သူမ၏စကားကို ကြားပြီးနောက် ဆန်းကြယ်မှုများနှင့် ကျင့်ကြံခြင်းဝတ္ထုများကို အသည်းစွဲ ကြိုက်နှစ်သက်သော ထန်ဝေ့မှာ ရင်ထဲမှ အားကျမနာလိုမှုများ ဖြစ်ပေါ်လာကာ ပြောလိုက်၏။
"ငါလည်း ကျင့်ကြံချင်တယ်..."
ရှို့ဝူက သူ၏အားကျပြီး စိတ်မကောင်းဖြစ်နေသော အမူအရာကို ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း ကျင့်ကြံနေဖို့ မလိုပါဘူး... ငါ မင်းကို ကူညီပေးနိုင်တယ်..."
ထိုသို့ပြောပြီးနောက် ထန်ဝေ့နှင့် ကျူးလင်တို့ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ သူသည် ထွက်ခွာသွားလေတော့၏။ ကျူးလင်၏ ပခုံးပေါ်တွင် ထိုင်နေသော ထူထူသည် ရှို့ဝူ၏ ကျောပြင်ကို ကြည့်ကာ တွေးတောလိုက်သည်။
'သူက ခြောက်ဘုံရဲ့ တစ်ဦးတည်းသော ရှေးဟောင်းနတ်ဘုရား ဖြစ်နေတော့... ဘယ်သူ့ကိုမဆို မိမိစိတ်ကြိုက် နတ်ဘုရားအဖြစ် အပ်နှင်းနိုင်စွမ်း ရှိတာပဲ...'
ဗီလာသို့ သွားရာလမ်းတစ်လျှောက်တွင် ကျန့်ကျင့်နန်သည် ဆန်းကြယ်သော အရာများကို ပြုလုပ်နေကြသည့် စွမ်းအားရှင်များစွာကို တွေ့မြင်ခဲ့ရ၏။
လမ်းလျှောက်နေစဉ်အတွင်း သူတို့က လေထုကို စားသောက်နေသကဲ့သို့ ပါးစပ်များကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေကြသည်ကိုကြည့်ကာ သူသည် နားမလည်နိုင်စွာ ခေါင်းကို စောင်းလျက် မေးလိုက်သည်။
"အစ်ကိုကြီး... သူတို့ အဲဒီမှာ ဘာလုပ်နေကြတာလဲ..."
ကျီယန်က ထိုလူများကို တစ်ချက်ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။
"သူတို့က ကျင့်စဉ်ကျင့်နေကြတာလေ... ဒါပေမဲ့ မင်းကတော့ သူတို့လိုလိုက်လုပ်ဖို့ မလိုပါဘူး... မဟုတ်ရင် မင်းလည်း သူတို့လိုပဲ ထူးဆန်းတဲ့သူ ဖြစ်သွားလိမ့်မယ်..."
ကျန့်ကျင့်နန်က ခေါင်းညိတ်ပြလျက် ပြောလိုက်၏။
"ကျွန်တော် နားလည်ပါပြီ..."
ဗီလာအသေးလေးသို့ ရောက်ရှိသောအခါ ကျီယန်က ပြောလိုက်သည်။
"ဒုတိယထပ်မှာ မိန်းကလေးနှစ်ယောက် နေထိုင်ကြတယ်... အဒေါ်နဲ့ အဒေါ့်သားက ကျန်တဲ့ အခန်းလွတ်တွေထဲက ကြိုက်တဲ့ အိပ်ခန်းကို ရွေးချယ်နိုင်ပါတယ်..."
တံခါးကို ဖွင့်လှစ်ကာ ကျီယန်သည် ဗီလာထဲသို့ ဝင်ရောက်သွားရာ ဧည့်ခန်းအတွင်း မနက်စာ စားသောက်နေကြသော မုန့်ကျယ်လန်နှင့် ဝမ်နတို့ကို တွေ့မြင်လိုက်ရ၏။
သူက အလတ်တန်းစား အမျိုးသမီးတစ်ဦးနှင့် ကောင်လေးတစ်ဦးကို ခေါ်ဆောင်ကာ ရောက်ရှိလာသည်ကို မြင်သောအခါ ဝမ်နားက ပြုံးလျက် မေးလိုက်သည်။
"အစ်ကိုကြီးကျီ... မင်္ဂလာမနက်ခင်းပါ... အစ်ကိုကြီးက ကျွန်မတို့ဆီကို လာလည်ခဲတယ်နော်..."
ကျီယန်က သူမကို ပြုံးပြရင်း ပြန်လည်ဖြေကြားလိုက်၏။
"မင်္ဂလာမနက်ခင်းပါ... မိန်းကလေးဝမ်နဲ့ မိန်းကလေးမုန့်... ဒါက အဒေါ်ကျန့်နဲ့ သူ့ရဲ့သား ကျန့်ကျိနန်လေ... သူတို့က ဒီနေ့ကစပြီး ဒီဗီလာမှာ မင်းတို့နဲ့အတူ နေထိုင်သွားကြမှာ..."
ထိုအလတ်တန်းစား အမျိုးသမီးနှင့် ကောင်လေးမှာ သူတို့၏ အိမ်နီးနားချင်းအသစ်များ ဖြစ်လာကြမည်ကို သိရှိသွားပြီးနောက် မုန့်ကျယ်လန်နှင့် ဝမ်နတို့က မတ်တတ်ရပ်ကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ကြ၏။
မုန့်ကျယ်လန်က ချိုသာစွာ ပြုံးလျက် ပြောလိုက်သည်။
"မင်္ဂလာပါ အဒေါ်... ကျွန်မနာမည်က မုန့်ကျယ်လန်ပါ... အဒေါ်က ကျွန်မကို မုန့်မုန့်လို့ပဲ ခေါ်နိုင်ပါတယ်..."
ဝမ်နက အဒေါ်ကျန့်ကို နွေးထွေးစွာ ပွေ့ဖက်ရင်း ပြောလိုက်၏။
"အဒေါ်... ကျွန်မနာမည်က ဝမ်နပါ... ကျွန်မကို နနလို့ ခေါ်နိုင်ပါတယ်... ကျွန်မတို့ရဲ့ အိမ်လေးကနေ နွေးထွေးစွာ ကြိုဆိုပါတယ်နော်..."
ထိုသို့ နွေးထွေးသော ကြိုဆိုမှုကို ရရှိပြီးနောက် အဒေါ်ကျန့်မှာ စိတ်သက်သာရာ ရရှိသွားတော့၏။ သူမသည် ၎င်းတို့နှစ်ဦးကို ပြုံးပြလျက် ပြောလိုက်သည်။
"နောင်ခါမှာ သမီးတို့နှစ်ယောက်ကို အားနာရဦးမှာပဲ... အန်တီတို့ကို ကြိုဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွယ်..."
သူတို့ အချင်းချင်း ရင်းနှီးအဆင်ပြေစွာ ဆက်ဆံနေကြသည်ကို မြင်သောအခါ ကျီယန်က အဒေါ်ကျန့်ကို ကြည့်ကာ ပြောလိုက်သည်။
"အဒေါ်... သန့်ရှင်းရေးလုပ်ပြီးတာနဲ့ တောင်ကုန်းပေါ်က ဗီလာကို လာခဲ့ပေးပါဦး... ကျွန်တော်တို့ အဒေါ်တို့သားအမိကို မနက်စာ အတူတူစားဖို့ စောင့်နေပါ့မယ်..."