← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း (၁၉၀) - ကံကောင်းခြင်း

ကျီယန်၏ စကားကို ကြားလိုက်ရချိန်တွင် ဝမ်နနှင့် မုန့်ကျယ်လန်တို့မှာ အလွန်အံ့အားသင့်သွားကြ၏။ ကျူးလင်တို့နှင့် ဆုံတွေ့ပြီးကတည်းက သူတို့အားလုံး တစ်ခါမျှ အတူတူ စားသောက်ခဲ့ကြဖူးခြင်း မရှိပေ။

သို့သော် ယနေ့တွင်မူ ကျီယန်က အဒေါ်ကျန့်နှင့် သူမ၏ သားဖြစ်သူကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားနေလေသည်။ ကြည့်ရသည်မှာ ဤအန်တီကြီးနှင့် သူမ၏ ပိန်လှီသော သားဖြစ်သူမှာ သူတို့ ထိပါး၍ရမည့်သူများ မဟုတ်ပေ။

ဤနေရာတွင် သူ ကူညီရန် မလိုတော့သည်ကို မြင်သောအခါ ကျီယန်က ပြောလိုက်သည်။

"ကျုပ်မှာ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ အရင် ခွင့်ပြုပါဦးနော်... နောက်မှ တွေ့ကြတာပေါ့ အန်တီ..."

ကျန့်အဒေါ်နှင့် ကျန့်ကျင့်နန်တို့က ကျီယန်ကို အပြင်အထိ လိုက်ပါ ပို့ဆောင်နေစဉ် မုန့်ကျယ်လန်နှင့် ဝမ်နတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။

ထို့နောက် ထိုသားအမိကို စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေမိကြ၏။ ယခုအချိန်အထိ ဤအပန်းဖြေစခန်းတွင် နေထိုင်နိုင်သူများမှာ ခေါင်းဆောင်ရှို့နှင့် ကျူးလင်တို့၏ မိတ်ဆွေများ၊ အလုပ်သမားများ သို့မဟုတ် စွမ်းအားကြီးသူများသာ ဖြစ်ကြသည်။

ကျီယန်နှင့် သူတို့၏ ဆက်ဆံရေးကို ကြည့်ခြင်းအားဖြင့် ဤသားအမိမှာ ကျူးလင်၏ မိတ်ဆွေများ ဖြစ်ပုံရပေသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်နက မုန့်ကျယ်လန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"မုန့်မုန့်... တို့တွေ ဒီမှာ နေခွင့်ရတာ အရမ်းကို ကံကောင်းတာပဲလို့ ထင်တယ်..."

မုန့်ကျယ်လန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်... အစ်မကျူးလင်ကို ကူညီပြီး စိုက်ပျိုးရေးအလုပ်တွေကို တို့တွေ ပိုပြီး ကြိုးစားလုပ်ပေးရမယ်..."

ခဏအကြာတွင် အဒေါ်ကျန့်နှင့် ကျန့်ကျင့်နန်တို့ ပြန်လည်ဝင်ရောက်လာပြီး သူတို့ကို ပြုံးပြသည်ကို မြင်လိုက်ရ၏။ သူတို့နှစ်ဦး၏ စိုးရိမ်စိတ်ပူနေပြီး အားနာနေသော မျက်နှာများကို ကြည့်ကာ မုန့်ကျယ်လန်က ပြုံးလျက် ပြောလိုက်သည်။

"အဒေါ်တို့သားအမိနှစ်ယောက် အရင်ဆုံး အိပ်ခန်းတစ်ခန်းကို ရွေးချယ်ပြီး သန့်ရှင်းရေး အရင်လုပ်လိုက်ပါလား..."

သူမ၏ သူငယ်ချင်းဖြစ်သူ စကားကို ကြားသောအခါ ဝမ်နက ခေါင်းညိတ်ထောက်ခံရင်း ပြောလိုက်သည်။

"သမီးနဲ့ မုန့်မုန့်ရဲ့ အိပ်ခန်းတွေက ဒုတိယထပ်မှာရှိတာ... ဒုတိယထပ်မှာ အားတဲ့အိပ်ခန်း ငါးခန်း ရှိသေးသလို ပထမထပ်မှာလည်း အားတဲ့အိပ်ခန်း ငါးခန်း ရှိသေးတယ်... အဒေါ်တို့ သဘောကျတဲ့ အခန်းကို ရွေးချယ်နိုင်ပါတယ်နော်..."

ဤအိမ်ကြီးထဲတွင် အိပ်ခန်းပေါင်းများစွာ ရှိနေသည်ကို ကြားလိုက်ရသဖြင့် အဒေါ်ကျန့်မှာ အလွန်အံ့အားသင့်သွားပြီး တွေးလိုက်မိသည်။

'ဒီမှာ အခန်းလွတ်တွေ အများကြီး ရှိနေတော့ နောက်ကျရင်လည်း လူအသစ်တွေ ဒီအိမ်ထဲကို ထပ်ရောက်လာဦးမှာပဲ... အခန်းတွေ ခွဲနေမယ့်အစား နန်နန်နဲ့အတူ အခန်းတစ်ခန်းတည်းမှာပဲ အတူတူနေတာ ပိုကောင်းမယ် ထင်တယ်...'

ထိုသို့ တွေးတောပြီးနောက် အဒေါ်ကျန့်က ပြောလိုက်သည်။

"ဒါဆိုရင်တော့ အဒေါ်တို့လည်း ဒုတိယထပ်မှာပဲ နေပါ့မယ်..."

မုန့်ကျယ်လန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"အိပ်ခန်းတိုင်းမှာ ရေချိုးခန်း ကိုယ်စီပါတာမို့လို့ ရေချိုးခန်း လုသုံးရမယ့် ပြဿနာ မရှိပါဘူး...”

“ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင်နဲ့ ခေါင်မိုးထပ်တွေကတော့ အများသုံးနေရာတွေဖြစ်လို့ အတူတူ သန့်ရှင်းရေး လုပ်ကြရမယ်... အဒေါ်... ဒီလိုစီစဉ်တာကို ဘယ်လိုသဘောရလဲ..."

အဒေါ်ကျန့်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"အဒေါ်ကတော့ ဘာမှကန့်ကွက်စရာ မရှိပါဘူး... သမီးတို့ ပုံမှန် လုပ်နေကျအတိုင်းပဲ လုပ်ကြတာပေါ့..."

အဒေါ်ကျန့်၏ ရိုးသားပြီး ဖော်ရွေသော မျက်နှာကို ကြည့်ကာ မုန့်ကျယ်လန်နှင့် ဝမ်နတို့ နှစ်ဦးလုံး စိတ်အေးသွားကြတော့သည်။

အတူနေအခန်း‌ဖော်များက ဆက်ဆံရခက်ခဲပါက နေထိုင်ရသည်မှာ များစွာ ဒုက္ခရောက်ပေလိမ့်မည်။

သို့သော် ယခုကဲ့သို့ ကြင်နာတတ်သော အဒေါ်တစ်ဦးနှင့် တိတ်ဆိတ်အေးဆေးသော မောင်လေးတစ်ဦးကို အဖော်အဖြစ် ရရှိခဲ့သဖြင့် သူတို့ အလွန်ပင် ကံကောင်းလှပေသည်။

သူတို့၏ ပင်ပန်းနွမ်းနယ်နေပြီး ညစ်ပေနေသော မျက်နှာများကို မြင်သောအခါ မုန့်ကျယ်လန်က ပြောလိုက်သည်။

"အဒေါ်... အဒေါ်နဲ့ မောင်လေးရှောင်ကျန့်တို့ အရင်ဆုံး ရေချိုးလိုက်ကြပါဦး...”

“သမီးတို့ အခန်းက ဒုတိယထပ်ရဲ့ အဆုံးမှာရှိတာလေ... အဒေါ်တို့ ကြိုက်တဲ့ တခြားအခန်းကို ရွေးချယ်နိုင်ပါတယ်နော်..."

ဖော်ရွေသော မိန်းကလေးနှစ်ဦးကို ကြည့်လျက် အဒေါ်ကျန့်က ခေါင်းညိတ်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ကောင်းပါပြီကွယ်... ကျေးဇူးအများကြီးတင်ပါတယ် သမီးမုန့်နဲ့ သမီးဝမ်..."

အဒေါ်ကျန့်နှင့် ကျန့်ကျင့်နန်တို့ ဒုတိယထပ်သို့ တက်သွားသည်ကို ကြည့်ပြီးနောက် မုန့်ကျယ်လန်နှင့် ဝမ်နတို့မှာ နံနက်စာ ဆက်လက် စားသောက်နေကြ၏။

ခဏမျှ ရွေးချယ်ပြီးနောက် ကျန့်ကျင့်နန်တို့သားအမိသည် ဒုတိယထပ်ရှိ အကြီးဆုံး အခန်းကို ရွေးချယ်ကာ ဝင်လိုက်ကြသည်။

ဖုန်များဖြင့် ညစ်ပတ်နေသော အိပ်ခန်းကို ကြည့်ကာ အမေက သားဖြစ်သူကို လှည့်၍ ပြောလိုက်သည်။

"နန်နန်... ရေချိုးခန်းထဲမှာ ရေလာမလာ သွားကြည့်ပေးပါဦး..."

ကျန့်ကျင့်နန်က ခေါင်းညိတ်ပြလိုက်ပြီး ရေချိုးခန်းထဲသို့ လျှောက်သွား၏။ ရေချိုးခန်းထဲတွင် ဘာမှမရှိသည်ကို မြင်သဖြင့် သူသည် ရေပိုက်ခေါင်းကို ဖွင့်ကြည့်လိုက်ရာ ရေများ ပန်းထွက်လာလေသည်။

ထိုအေးစက်ပြီး သန့်ရှင်းသော ရေကို မြင်လိုက်ရသဖြင့် သူသည် အလွန်အံ့အားသင့်သွားကာ ရေပိုက်ခေါင်းကို အမြန်ပြန်ပိတ်လိုက်မိသည်။

ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် သူက ပြောလိုက်သည်။

"မေမေ... သန့်ရှင်းတဲ့ရေတွေ လာတယ်ဗျ... ဒီရေကို သုံးဖို့ ပိုက်ဆံပေးရမလားဆိုတာ ဟိုအစ်မနှစ်ယောက်ကို သွားမေးကြည့်ရမလား..."

သူ့အမေက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"အင်း... ယဉ်ယဉ်ကျေးကျေးလေး သွားမေးကြည့်လိုက်ပါဦး..."

ကျန့်ကျင့်နန်က ခေါင်းညိတ်လျက် အောက်ထပ်သို့ ဆင်းသွားလေသည်။

မုန့်ကျယ်လန်က ဧည့်ခန်းရှိ စားပွဲပုလေးကို ဖုန်သုတ်နေပြီး ဝမ်နက မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးနေသည်ကို မြင်လိုက်ရသဖြင့် သူသည် အလွန်အံ့အားသင့်သွားကာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

'သူတို့က ပန်းကန်ဆေးဖို့အတွက် ရေကို ဒီအတိုင်း သုံးနေကြတာလား... အခုအချိန်မှာ ရေက ဘယ်လောက်တောင် အဖိုးတန်လဲဆိုတာ သူတို့ မသိကြဘူးလား...'

သူ့ခြေသံကို ကြားသောအခါ မုန့်ကျယ်လန်က ခေါင်းမော့ကြည့်လိုက်ပြီး မေးလိုက်သည်။

"မောင်လေးရှောင်ကျန့်... ဘာအကူအညီလိုလို့လဲ..."

သူမ၏ မေးခွန်းကို ကြားမှ ကျန့်ကျင့်နန်လည်း အတွေးထဲမှ နိုးထလာကာ မေးလိုက်၏။

"အစ်မကြီးမုန့်... ကျွန်တော်တို့ ရေဖိုး ပေးရမလားခင်ဗျာ... တစ်နေ့ကို ရေသုံးစွဲခွင့် ကန့်သတ်ချက်ရော ရှိလား..."

ဤအပန်းဖြေစခန်း၏ အပြင်ဘက်တွင် ရေသည် အလွန်ပင် အဖိုးတန်လှသဖြင့် လူများက စျေးကြီးပေး၍ ရောင်းချနေကြသည်ကို သိရှိထားသောကြောင့် မုန့်ကျယ်လန်က သတိပေးလိုက်သည်။

"ဒီမှာတော့ ရေကို စိတ်ကြိုက် သုံးလို့ရပါတယ်... ဒါပေမဲ့ ရေကို ဖြုန်းတီးလို့တော့ မရဘူးနော်...”

“ဘာလို့လဲဆိုတော့ ဒီရေကို စခန်းကနေ ထောက်ပံ့ပေးထားတာမို့လို့ပဲ... သူတို့က နေ့တိုင်း ရေနဲ့ တခြားအထောက်အပံ့ပစ္စည်းတွေ သုံးစွဲမှုကို မှတ်တမ်းတင်ထားတာ...”

“တကယ်လို့ ရိက္ခာပစ္စည်းတွေကို ကိုယ်ကျိုးအတွက် ပြန်လည်ရောင်းချနေတာကို စခန်းက မိသွားရင်တော့ အပြစ်ပေးခံရပြီး ဒီစခန်းကနေ တစ်သက်လုံးမောင်းထုတ်ခံရလိမ့်မယ်..."

သူမ၏ စကားကို ကြားပြီးနောက် စခန်းထဲသို့ ဝင်ခွင့် ပိတ်ပင်ခံရခြင်းမှာ အသတ်ခံရခြင်းထက်ပင် ပိုမို ရက်စက်သော အပြစ်ဒဏ်ဖြစ်သည်ကို ကျန့်ကျင့်နန် နားလည်သွား၏။

ဘေးကင်းသော နေရာတစ်ခု မရှိပါက သူတို့၏ အဆုံးသတ်မှာ စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ကြေကွဲစရာ ကောင်းပေလိမ့်မည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ရိုးသားစွာ ပြောလိုက်သည်။

"ကျွန်တော် သေသေချာချာ မှတ်ထားပါ့မယ်..."

သူက မိမိစကားကို နားလည်သွားသည်ကို မြင်သဖြင့် မုန့်ကျယ်လန်က ခေါင်းညိတ်ပြလိုက်၏။

သူတို့ ရောက်ရှိလာစဉ်က မည်သည့်အရာမျှ သယ်ဆောင်လာခြင်း မရှိသည်ကို သတိရသွားသဖြင့် မုန့်ကျယ်လန်က ပြောလိုက်သည်။

"မောင်လေးတို့ အထွေထွေအုပ်ချုပ်ရေးရုံးကို သွားပြီး နေ့စဉ်သုံးပစ္စည်းတွေကို ထုတ်ယူနိုင်တယ်...”

“တို့တွေက လစဉ် နေ့စဉ်သုံးပစ္စည်းတစ်ထုပ်စီ ထုတ်ယူခွင့် ရှိတာမို့လို့ ကိုယ့်ဘာသာကိုယ် သွားထုတ်ဖို့ မမေ့နဲ့နော်...”

“စားစရာနဲ့ တခြားအရာတွေကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ရှာဖွေရလိမ့်မယ်..."

ကျန့်ကျင့်နန်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မကြီးမုန့်..."

မုန့်ကျယ်လန်က သူ့ကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး... အထွေထွေအုပ်ချုပ်ရေးရုံးကို သွားတဲ့လမ်းကို သိလား... တကယ်လို့မသိရင် အစ်မ လမ်းညွှန်ပေးမယ်လေ..."

All Chapters