← Chapters

အခန်း ၉၅၂

Vol. 91 Ch. 952

အခန်း ၉၅၂

Vol. 91 Ch. 952

အခန်း (၉၅၂) - အိပ်မက်ကမ္ဘာကို မိတ်ဆက်ခြင်း၊ လူသားမျိုးနွယ်၏ ဒုတိယကမ္ဘာ၊ လူတိုင်းအဆင့်တက်ခြင်း (၄)

"အကယ်လို့ မင်းတို့သာ ဆန္ဒရှိမယ်ဆိုရင် အဆင့်မြင့် ကျင့်ကြံသူတွေရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်လို့ရတယ်..."

"အဆင့်မြင့်ကျင့်ကြံသူတွေဆီမှာ ဘယ်လိုအဆင့်လောက်ရှိတဲ့ စွမ်းအားမျိုးတွေ ရှိနေလဲဆိုတာကို သိမြင်ရတာပေါ့..."

"အရင်တုန်းက ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေဆီမှာ ဘယ်လိုစွမ်းအားမျိုးရှိလဲဆိုတာကို ကျုပ် စမ်းသပ်ကြည့်ချင်ခဲ့တာ..."

"ရလဒ်အနေနဲ့ အနားတောင် မကပ်ရသေးဘူး… မျက်နှာချင်းဆိုင်လိုက်ရုံနဲ့တင် ကျုပ်မယ် မမြင်ရတဲ့ စွမ်းအားတွေရဲ့ ဖိကြိတ်မှုအောက်မှာ အသားစင်းကောကြီးအဖြစ် ပြောင်းလဲသွားခဲ့ရတယ်..."

ကျင့်ကြံသူတစ်ယောက်က အသက်ပြင်ပြင်းရှူကာ ပြောလိုက်သည်။

သူသည် ယခင်က မြင်ကွင်းကို ပြန်လည်တွေးတောမိလိုက်သောအခါ ကြောက်ရွံ့တုန်လှုပ်သွားပြီး စိတ်ထဲတွင် ထိတ်လန့်နေဆဲဖြစ်၏။

အိပ်မက်ကမ္ဘာထဲမှ ပုံရိပ်ယောင်တိုက်ပွဲများသည် အမှန်တကယ် မသေဆုံးနိုင်သည်ကား အမှန်ပင် ဖြစ်သည်။ သို့သော်ငြား သေမတတ်ခံစားရသည့် အတွေ့အကြုံမျိုးကမူ အမှန်တကယ်ပင် ခံစားရခက်လှပေသည်။ ဤသည်မှာ ကိုယ်တိုင် အမှန်တကယ် သေဆုံးသွားသည်နှင့် တူညီနေလေသည်။

သေဆုံးခြင်း၏ နောက်ဆက်တွဲ ဝေဒနာတစ်ရပ်ကိုပင် ဖြစ်ပေါ်စေနိုင်စွမ်း ရှိပေ၏။

ထို့ကြောင့် ကျင့်ကြံသူများသည်လည်း အိပ်မက်ကမ္ဘာထဲတွင် အကြိမ်ပေါင်းများစွာ သေဆုံး၍ မရနိုင်ပေ။

ထို့အပြင် တစ်ကြိမ်သေဆုံးပြီးသွားပါက အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းပြီးမှသာ အိပ်မက်ကမ္ဘာသို့ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်နိုင်မည် ဖြစ်လေသည်။

"အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ စွမ်းအားကိုတောင် ခံစားကြည့်လို့ ရနေသေးတာလား..."

ကျင့်ကြံသူအများအပြားမှာ စိတ်လှုပ်ရှားသွားကြသည်။

အမှန်အတိုင်းဆိုရသော် သူတို့သည် ကျင့်ကြံသူများ၏ အဆင့်သတ်မှတ်ချက်များကို သိရှိထားကြပြီး အဆင့်မြင့်ကျင့်ကြံသူများဆိုသည်မှာ မည်မျှတိုင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုးဖြစ်ကြောင်းကိုလည်း အမှန်တကယ် သိရှိထားကြပေသည်။

သို့ရာတွင် အဆင့်မြင့်ကျင့်ကြံသူများက မည်သည့်နေရာတွင် မကြာခဏဆိုသလို လက်စွမ်းပြတတ်ပါမည်နည်း။

လက်စွမ်းမပြလျှင်သာ ရှိမည်ဖြစ်ပြီး တစ်ကြိမ်တစ်ခါ လက်စွမ်းပြလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေမည် ဖြစ်၏။

ထို့ကြောင့် သူတို့အတွက်မူ အဆင့်မြင့်ကျင့်ကြံသူများ ပိုင်ဆိုင်ထားသော စွမ်းအားများနှင့် ပတ်သက်၍ အတိအကျ နားလည်သဘောပေါက်ထားခြင်း မရှိပေ။

သို့သော်ငြား အိပ်မက်ကမ္ဘာထဲတွင်မူ သူတို့အနေဖြင့် အဆင့်မြင့်ကျင့်ကြံသူများ၏ စွမ်းအားများကို ခံစားသိရှိနိုင်မည် ဖြစ်ပြီး အမှန်တကယ် သေဆုံးသွားရန်လည်း မလိုအပ်ချေ။

ဤသည်မှာ ကျင့်ကြံသူများစွာအတွက် အလွန်ကြီးမားလှသော အကျိုးကျေးဇူးပင် ဖြစ်လေသည်။

သံသယဖြစ်ဖွယ်မရှိ အဆင့်မြင့်ကျင့်ကြံသူများ၏ စွမ်းအားကို ကြိုတင်သိရှိထားခြင်းက သူတို့၏ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်အတွက်လည်း အကျိုးကျေးဇူးများစွာ ရှိပေလိမ့်မည်။

"အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ စွမ်းအားကို ခံစားကြည့်ရတာက ဘာမှမဟုတ်သေးဘူး… တကယ်အရေးကြီးတာက မျိုးနွယ်ခြားကျင့်ကြံသူတွေရဲ့ စွမ်းအားကို ခံစားကြည့်ဖို့ပဲ..."

"ကျုပ်တို့က အနှေးနဲ့အမြန် ကြယ်ကွဲပင်လယ်မှာ ခြေကုပ်ယူဖို့ လိုအပ်လိမ့်မယ်ဆိုတာ သိထားဖို့လိုတယ်… ဒါကြောင့် မျိုးနွယ်ခြားတွေရဲ့ စွမ်းအားကိုလည်း ရင်းနှီးကျွမ်းဝင်နေဖို့ လိုအပ်တယ်..."

"အဲဒီလိုမှမဟုတ်ရင် တိုက်ပွဲစဖြစ်တာနဲ့ မျက်နှာချင်းဆိုင်မိတဲ့ တစ်ခဏအတွင်းမှာပဲ ကျုပ်တို့တွေ သေသွားနိုင်တယ်..."

"ဘိုးဘေးကျိုးက လျှို့ဝှက်ရတနာ အိပ်မက်ကမ္ဘာကို ထုတ်ပေးခဲ့တာဟာ တကယ်ကို စေတနာကြီးမားလှတယ်… သူ့ရဲ့ ရည်ရွယ်ချက်က ကျုပ်တို့ ကျင့်ကြံသူတစ်ယောက်ချင်းစီရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးဖို့နဲ့ လူသားမျိုးနွယ်တွေ ကြယ်ကွဲပင်လယ်မှာ အမှန်တကယ် ခြေကုပ်ယူနိုင်ဖို့ပဲ..."

"ဒါပေါ့... ငရဲမိစ္ဆာကမ္ဘာက ကျူးကျော်လာခဲ့ပြီဆိုတော့ အနာဂတ်နှစ်တစ်သိန်းလုံး ကပ်ဘေးကြီးထဲမှာ ဖြတ်သန်းရလိမ့်မယ်… အခုက ကပ်ဘေးကြီးရဲ့ အစပျိုးရုံပဲ ရှိသေးတယ်… ကျုပ်တို့ရဲ့ ဖုန်းရှီးကျွန်းက အခုလောလောဆယ် အရမ်းလုံခြုံနေတယ်လို့ မထင်လိုက်နဲ့… အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ..."

"မင်းပြောတာ မှန်တယ်... မတော်လို့ ငရဲမိစ္ဆာကမ္ဘာက ကျင့်ကြံသူတွေသာ ကျုပ်တို့ရဲ့ ဖုန်းရှီးကျွန်းကို ရှာဖွေတွေ့ရှိသွားခဲ့ရင် သမိုင်းမှာ မကြုံစဖူး ကြီးမားလှတဲ့ စစ်ပွဲကြီးတစ်ရပ် သေချာပေါက် ဖြစ်ပွားလာလိမ့်မယ်… အဲဒီအချိန်ရောက်လို့ ကျုပ်တို့ဆီမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိဘူးဆိုရင် သေချာပေါက် သေဆုံးရမှာပဲ..."

လူသားကျင့်ကြံသူ အများအပြားမှာ ဆက်တိုက်ဆိုသလို သက်ပြင်းချမိလိုက်ကြသည်။

သူတို့သည်လည်း လူမိုက်များ မဟုတ်ကြရာ ဤအိပ်မက်ကမ္ဘာ၏ အစွမ်းထက်မြက်မှုကို မည်သို့လျှင် သတိမထားမိဘဲ နေပါမည်နည်း။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ပုံရိပ်ယောင်တိုက်ပွဲများစွာကို ဖြတ်သန်းပြီးနောက် လူသားကျင့်ကြံသူများသည် တိုက်ပွဲပေါင်းရာချီကို ဖြတ်သန်းဖူးသည့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်လာကြပေလိမ့်မည်။

အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုနှင့် ရင်ဆိုင်ရလျှင်ပင် ထိတ်လန့်ကြောက်ရွံ့နေကြမည် မဟုတ်ပေ။

တိုက်ခိုက်ပြီး အနိုင်ယူနိုင်စွမ်းပင် ရှိလာနိုင်လေသည်။

ဤသည်က လူသားမျိုးနွယ်၏ အရင်းအမြစ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို အစဉ်မပြတ် တိုးတက်လာစေရန် ကူညီပေးနိုင်ပေလိမ့်မည်။

"ဟားဟား... ပုံရိပ်ယောင်တိုက်ပွဲတွေဆိုတာက အိပ်မက်ကမ္ဘာကို အသုံးပြုတဲ့ နည်းလမ်းတစ်ခု ဖြစ်တာတော့ အမှန်ပဲ..."

"ဒါပေမဲ့ အမှန်တကယ်တော့ အိပ်မက်ကမ္ဘာမှာ ဒုတိယအသုံးပြုနည်းတစ်မျိုး ရှိသေးတယ်… အဲဒါကတော့ ကျင့်ကြံခြင်းပဲ..."

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ပြုံးလိုက်ပြီး လူအများကို ကြည့်ကာ ပြောလိုက်သည်။

"ကျင့်ကြံခြင်းလား... ကျုပ်တို့က အိပ်မက်ကမ္ဘာထဲမှာ ကျင့်ကြံလို့ ရတယ်ပေါ့..."

ထိုစကားကို ကြားသောအခါ ကျင့်ကြံသူအများအပြားမှာ ကြက်သေသေသွားကြပြီး အိပ်မက်ကမ္ဘာထဲတွင် မည်သို့ကျင့်ကြံရမည်ကို နားမလည်နိုင်အောင် ဖြစ်သွားကြသည်။

အကယ်၍ အိပ်မက်ကမ္ဘာထဲတွင် ကျင့်စဉ်များကို လည်ပတ်လိုက်ပါက လက်တွေ့ကမ္ဘာရှိ သူတို့၏ ခန္ဓာကိုယ်များကပါ ကျင့်ကြံမှုအဆင့် တိုးတက်လာနိုင်မည်လော။

"ဟားဟား... ကိုယ့်ရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးတာတော့ သဘာဝကျကျ ဘယ်ဟုတ်ပါ့မလဲ..."

"ဒါပေမဲ့ ကျုပ်တို့ရဲ့ အင်မော်တယ်ကျင့်ကြံခြင်း အတတ်ပညာ အမျိုးမျိုးကိုတော့ မြှင့်တင်ပေးနိုင်တယ်..."

"ဥပမာအနေနဲ့ ဆေးဖော်စပ်ခြင်းပညာရပ် ဆိုပါတော့… အိပ်မက်ကမ္ဘာထဲမှာ နေမယ်ဆိုရင်… ကျုပ်တို့က ဆေးလုံးတွေ ဖော်စပ်ဖို့အတွက် ဝိညာဉ်ဆေးပင်အမျိုးမျိုးကို စိတ်ကြိုက် အသုံးပြုလို့ ရနိုင်တယ်..."

"ဆေးဖော်စပ်ခြင်းပညာရပ်ရဲ့ အဆင့်ကို မြှင့်တင်ရတာ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာကို အားလုံး သိထားကြမယ်လို့ ကျုပ် ယုံကြည်တယ်..."

"ကြီးမားတဲ့ အသိပညာ၊ အံ့မခန်း နားလည်နိုင်စွမ်းတွေ လိုအပ်တာတင်မကဘဲ အရေးအကြီးဆုံးက ဆေးဖော်စပ်တဲ့ အကြိမ်တိုင်းမှာ ဝိညာဉ်ဆေးပင် အမြောက်အများကို သုံးစွဲရတာပဲ..."

"အကယ်လို့ ဆေးဖော်စပ်တိုင်းသာ ကျရှုံးနေမယ်ဆိုရင်… ဆုံးရှုံးသွားတဲ့ ဆေးလုံးတွေရဲ့ ပမာဏကို မိသားစုကြီးတွေတောင်မှ ခံနိုင်ရည် ရှိမှာမဟုတ်ဘူး..."

"ဘာဖြစ်လို့ လုံလောက်တဲ့ ပါရမီရှိတဲ့ ကျင့်ကြံသူတွေမှသာ ဆေးဖော်စပ်ပညာရှင် ဖြစ်လာနိုင်ရတာလဲ ဆိုတော့… အစောပိုင်း ဆေးဖော်စပ်တဲ့ ကုန်ကျစရိတ်တွေကို မခံနိုင်လို့ပဲ..."

"တခြားဆေးဖော်စပ်ပညာရှင်တွေရဲ့ အလေးထားမှုကို ခံရတဲ့ ဆေးဖော်စပ်ခြင်း ပါရမီရှင်တွေကသာ အခြားသူတွေရဲ့ ကြိုတင်ရင်းနှီးမြှုပ်နှံမှုကို ခံရနိုင်တာ..."

"သာမန်ကျင့်ကြံသူတွေသာဆိုရင် ဆေးဖော်စပ်ပညာရှင်ဖြစ်ချင်တယ်ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲ..."

"ဒါကြောင့် ဆေးဖော်စပ်ပညာရှင်ဆိုတာ ချမ်းသာကြွယ်ဝတဲ့ ကျင့်ကြံသူတွေမှသာ လုပ်နိုင်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်နေတာပေါ့..."

"ဒါပေမဲ့ အိပ်မက်ကမ္ဘာ ပေါ်လာတာကတော့ ဒီအချက်ကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီပဲ..."

ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူက လေးနက်သောအသံဖြင့် ပြောလိုက်ကာ လူအများကို တစ်ချက် ဝေ့ကြည့်လိုက်လေသည်။

'ဘာ...'

ဤစကားကို ကြားလိုက်ရသောအခါ ကျင့်ကြံသူအများအပြား၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ တုန်လှုပ်သွားကြသည်။

သူတို့သည်လည်း ငတုံးများ မဟုတ်ကြရာ ဤနတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူက အတိအကျ ဘာကိုဆိုလိုနေသနည်း ဆိုသည်ကို မည်ကဲ့သို့ နားမလည်ဘဲ နေပါမည်နည်း။

အိပ်မက်ကမ္ဘာ ပေါ်ထွက်လာခြင်းက ပါရမီမလုံလောက်သော ကျင့်ကြံသူများပင်လျှင် ဆေးဖော်စပ်ရန် ကြိုးစားနိုင်ပြီ ဖြစ်ကြောင်းကို ကိုယ်စားပြုနေပေသည်။

ယခုအခါတွင် လူသားကျင့်ကြံသူများသည် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်ကာ ပုံရိပ်ယောင် ဆေးဖော်စပ်ခြင်းများကို အပြည့်အဝ လုပ်ဆောင်နိုင်ပြီ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ အရာအားလုံးမှာ ပုံရိပ်ယောင်များသာ ဖြစ်သောကြောင့် ကျရှုံးသွားခဲ့လျှင်ပင် ဝိညာဉ်ဆေးပင် အမြောက်အများကို အမှန်တကယ် ဆုံးရှုံးသွားမည် မဟုတ်ဘဲ ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာစေမည် မဟုတ်ပေ။

သူတို့၏ ဆေးဖော်စပ်မှု ကျွမ်းကျင်မှုသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားပြီးနောက်မှသာ လက်တွေ့ကမ္ဘာတွင် ဆေးဖော်စပ်နိုင်မည် မဟုတ်ပါလော။

ဤသို့ဆိုလျှင် ဆေးဖော်စပ်ပညာရှင်များ၏ အရေအတွက်သည် အနာဂတ်တွင် ရေပန်းများ ပန်းထွက်လာသကဲ့သို့ အများအပြား ထွက်ပေါ်လာမည်မှာ သေချာလှသည်။

ထိုအချိန်သို့ ရောက်သောအခါ ဆေးဖော်စပ်ပညာရှင်ဆိုသည်မှာ အထူးသီးသန့် မွန်မြတ်သော အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်နေတော့မည် မဟုတ်ချေ။

မည်သည့် ကျင့်ကြံသူမဆို ဆေးဖော်စပ်ခြင်းကို တတ်မြောက်လာနိုင်ပေလိမ့်မည်။

သံသယဖြစ်ဖွယ်မရှိ ဤသည်မှာ လူသားမျိုးနွယ်စုတစ်ခုလုံးအတွက် သမိုင်းတွင် မကြုံစဖူးသော တိုးတက်မှုကြီးပင် ဖြစ်လေသည်။

"အကယ်လို့ ဒီလိုသာဆိုရင် ဆေးဖော်စပ်ပညာရှင်တင်မကဘူး… အဆောင်ပညာရှင်၊ အစီအရင်ပညာရှင်နဲ့ လက်နက်ဖန်တီးသူတွေအတွက် ကန့်သတ်ချက်ကပါ အများကြီး လျော့ကျသွားမှာပဲ... ဒီအိပ်မက်ကမ္ဘာက ဘယ်လိုလုပ် လျှို့ဝှက်ရတနာ ဖြစ်ရမှာလဲ အင်မော်တယ်လက်နက်လို့ ပြောရင်တောင် မလွန်ဘူး..."

ကျင့်ကြံသူတစ်ယောက်က အလွန်တရာ အံ့အားသင့်ကာ ပြောလိုက်သည်။

သူသည် ဤကဲ့သို့ လုပ်ဆောင်နိုင်စွမ်းရှိသော လျှို့ဝှက်ရတနာမျိုးကို တစ်ခါမှ မကြားဖူးခဲ့ချေ။

ဒဏ္ဍာရီထဲတွင်သာ ရှိသော အင်မော်တယ်လက်နက်များသာလျှင် ဤသို့ လုပ်ဆောင်နိုင်စွမ်းရှိပြီး ဤမျှလောက် စိတ်ကူးယဉ်ဆန်သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားမည်မှာ သေချာလှ၏။

"ဘိုးဘေးကျိုးက အသက်တစ်ထောင်ပဲ ရှိသေးတာတောင် သတ္တမအဆင့် အစီအရင်ပညာရှင်၊ သတ္တမအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်နေတာ မဆန်းတော့ဘူး... ဒါ့အပြင် အင်မော်တယ်ကျင့်ကြံခြင်း အတတ်ပညာမျိုးစုံမှာလည်း မတူညီတဲ့ အဆင့်အတန်းတွေ ရှိနေတာက အိပ်မက်ကမ္ဘာရဲ့ အထောက်အကူကြောင့် ဖြစ်မှာသေချာတယ်..."

ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် သဘောပေါက်သွားလေသည်။

ယခင်က ဘိုးဘေးကျိုးသာ အင်မော်တယ်တစ်ပါး ဝင်စားခြင်း မဟုတ်ပါက အဘယ်ကြောင့် အင်မော်တယ်ကျင့်ကြံခြင်း အတတ်ပညာများကို ယနေ့အချိန်ကဲ့သို့ အဆင့်အတန်းမျိုးအထိ ရောက်အောင် ကျင့်ကြံနိုင်ပါမည်နည်းဟု သူ အံ့ဩနေမိခဲ့သည်။ မိခင်ဝမ်းဗိုက်ထဲကတည်းက စတင်သင်ယူခဲ့လျှင်ပင် ဤမျှ မြန်ဆန်မည်မဟုတ်ပေ။

သို့သော် ယခု ကြည့်လိုက်သောအခါ အိပ်မက်ကမ္ဘာ၏ အထောက်အကူကို အားကိုးခဲ့ရသောကြောင့်သာ ဤမျှ မြန်ဆန်စွာ ကျင့်ကြံနိုင်ခဲ့ခြင်းဖြစ်ကြောင်း သေချာသွားခဲ့ချေပြီ။

All Chapters