အခန်း ၉၅၃
Vol. 91 Ch. 953
အခန်း (၉၅၃) - အိပ်မက်ကမ္ဘာကို မိတ်ဆက်ခြင်း၊ လူသားမျိုးနွယ်၏ ဒုတိယကမ္ဘာ၊ လူတိုင်းအဆင့်တက်ခြင်း (၅)
"အိပ်မက်မက်မနေကြစမ်းပါနဲ့... ဘိုးဘေးကျိုး အချိန်တိုအတွင်းမှာ သတ္တမအဆင့် အစီအရင်ပညာရှင်၊ သတ္တမအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာတာက အိပ်မက်ကမ္ဘာရဲ့ စွမ်းအားကို အနည်းနဲ့အများ အကူအညီယူခဲ့တာ မှန်ပေမဲ့… မင်းတို့ကိုယ်မင်းတို့ ဘိုးဘေးကျိုးနဲ့ ယှဉ်နိုင်မယ်လို့ ထင်နေတာကတော့ သက်သက် အိပ်မက်မက်နေတာပဲ..."
"အိပ်မက်ကမ္ဘာ ပေါ်လာတာက အင်မော်တယ်ကျင့်ကြံခြင်း အတတ်ပညာ အခြေခံအဆင့်ကို ဝင်ရောက်ဖို့ ကန့်သတ်ချက်ကို လျှော့ချပေးရုံသက်သက်ပဲ... မင်းတို့တကယ် အမြင့်ဆုံးအဆင့်ကို တက်လှမ်းနိုင်မယ်လို့ ဆိုလိုတာ မဟုတ်ဘူး လုံလောက်တဲ့ ပါရမီမရှိဘူးဆိုရင် ရှေ့ဆက်ဖို့ ခက်ခဲနေဦးမှာပဲ..."
"ဘိုးဘေးကျိုးမှာ ဒီနေ့ခေတ်လို အောင်မြင်မှုတွေ ရလာတာက ပြင်ပအင်အားတွေရဲ့ အထောက်အကူများစွာကြောင့်ချည်း မဟုတ်ဘူး သူ့ကိုယ်ပိုင် ပါရမီကလည်း ပုံမှန်ထက်ကို လွန်ကဲနေလို့ ဒီလို စိတ်ကူးယဉ်ဆန်တဲ့ ကိစ္စမျိုးကို လုပ်နိုင်တာ..."
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
အိပ်မက်ကမ္ဘာသည် အမှန်တကယ် အံ့မခန်းဖြစ်ပြီး အထူးစွမ်းရည်များကို ပိုင်ဆိုင်ထားသော်လည်း အရာအားလုံးကို တတ်စွမ်းနိုင်သည်တော့ မဟုတ်ပေ။
အကယ်၍ လုံလောက်သော ကြိုးစားအားထုတ်မှုနှင့် လုံလောက်သော ပါရမီသာ မရှိပါက ဤလမ်းစဉ်တွင် အဝေးကြီးအထိ လျှောက်လှမ်းနိုင်မည် မဟုတ်ချေ။
မှန်ပေသည်၊ ကန့်သတ်ချက်ကို လျှော့ချပေးရုံသက်သက် ဆိုလျှင်ပင် အဆင့်နိမ့်ကျင့်ကြံသူများစွာအတွက်မူ သတင်းကောင်းတစ်ခုပင် ဖြစ်၏။
ဤသည်က လူသားမျိုးနွယ်တွင် အနာဂတ်၌ ပို၍အစွမ်းထက်သော ကျင့်ကြံသူများ အများအပြား ပေါ်ထွက်လာမည်ဖြစ်ကြောင်းကိုလည်း ကိုယ်စားပြုနေသည် မဟုတ်ပါလော။
"ဒါပေမဲ့ ဘိုးဘေးကျိုး လုံးဝ ရူးသွားတာများလား..."
"ဒီလို လျှို့ဝှက်ရတနာမျိုးက အင်မော်တယ်လက်နက် မဟုတ်ရင်တောင်မှ တကယ်တမ်းကျတော့ အင်မော်တယ်လက်နက်နဲ့ သိပ်ကွာခြားမှု မရှိတော့ဘူး..."
"အကယ်လို့ အပြင်ကို ပေါက်ကြားသွားမယ်ဆိုရင် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုရဲ့ တပ်မက်မှုကို သေချာပေါက် ဆွဲဆောင်မိလိမ့်မယ်..."
"အရင် ချန်လုံကုန်းမြေတိုက်တုန်းက လူသားမျိုးနွယ်ဆီမှာ အကာအကွယ်အနေနဲ့ ဧကရာဇ်မြို့တော် ရှိခဲ့သေးတယ်… ပြီးတော့ လူသားဧကရာဇ်လို မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ရှိခဲ့တယ်..."
"ဒါပေမဲ့ အခု ကျုပ်တို့ ဖုန်းရှီးကျွန်းမှာက ခန္ဓာပေါင်းစည်းခြင်းအဆင့် နှစ်ယောက်တည်း ရှိတာ..."
"မတော်လို့ ဒီရတနာရဲ့ လျှို့ဝှက်ချက်သာ ပေါက်ကြားသွားရင် ဖုန်းရှီးကျွန်းတစ်ခုလုံး ပျက်စီးသွားနိုင်တယ်..."
ထိုအချိန်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ မျက်နှာမှာ အလွန်တည်ကြည်လေးနက်နေပြီး မည်သည့်ဝမ်းသာမှုမျိုးမှ ရှိမနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက အိပ်မက်ကမ္ဘာ ပေါ်ထွက်လာခြင်းသည် ကြီးမားလှသော အကျပ်အတည်းကြီးကို သယ်ဆောင်လာနိုင်ပြီး သေရေးရှင်ရေး အကျပ်အတည်းပင် ဖြစ်လာနိုင်သည်ဟု ခံစားနေရသည်။
ဤကိစ္စ ပေါက်ကြားသွားမည်မှာ ရာခိုင်နှုန်းပြည့် သေချာသည်ဟု သူ တွေးထင်မိသည်။
မည်သို့ပင်ဆိုစေ ဖုန်းရှီးကျွန်းတစ်ခုလုံးတွင် လူသား ဘီလီယံတစ်ရာကျော် ရှိရာ မည်သူကမှ လူတိုင်း လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်မည်ဟု အာမမခံနိုင်ပေ။
လျှို့ဝှက်ချက် ဖောက်ဖျက်မည့်သူ များများစားစား မလိုအပ်ချေ။
တစ်ယောက်တည်းဆိုလျှင်ပင် လုံလောက်နေပြီး လူတိုင်းထံသို့ ပျက်စီးကိန်းများ သယ်ဆောင်လာရန် လုံလောက်နေပေသည်။
ဤကမ္ဘာလောကတွင် လူတိုင်း သူတော်စင်များ ဖြစ်နေရန်မှာ မဖြစ်နိုင်ပေ။
လူ့အဖွဲ့အစည်းကို ဆန့်ကျင်သော စရိုက်ရှိသူအချို့က သေချာပေါက် ပေါ်ထွက်လာစမြဲ ဖြစ်၏။
ဤကဲ့သို့သော ရတနာမျိုးကို လူသားမျိုးနွယ်စုသည် အနည်းဆုံး အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု ဖြစ်လာပြီးနောက်မှသာ လူသားတိုင်း၏ လက်ထဲသို့ ဖြန့်ဝေပေးရန် သင့်တော်မည်ဟု သူ ယူဆထားသည်။
ဘိုးဘေးကျိုး၏ ဤလုပ်ရပ်မှာ တကယ်ကို မဆင်မခြင်နိုင်လွန်းလှပေသည်။
အစပြုသည့် ရည်ရွယ်ချက်က ကောင်းမွန်သည်မှာ မှန်သော်လည်း လုံးဝလိုအပ်မှု မရှိချေ။
"ဟားဟား... ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘာမှ စိတ်ပူနေစရာ မလိုပါဘူး..."
"ဘိုးဘေးကျိုးက ဘယ်လိုလူမျိုးလဲ… သူက ဒီအချက်ကို ဘယ်လိုလုပ် မတွေးမိဘဲ နေမှာလဲ..."
"အမှန်တကယ်တော့ ကျုပ်တို့ ခန္ဓာကိုယ်ပေါ်မှာ အိပ်မက်ဆိုး အမှတ်အသား ပေါ်လာကတည်းက အိပ်မက်ကမ္ဘာနဲ့ ဝိညာဉ်ပဋိညာဉ် ချုပ်ဆိုပြီးသွားပြီ..."
"ဒီလို ဝိညာဉ်ပဋိညာဉ်မျိုးက အားကောင်းတဲ့ ချုပ်ချယ်နိုင်စွမ်း ရှိတယ်..."
"ဘယ်သူ့ကိုမှ အိပ်မက်ကမ္ဘာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပေါက်ကြားခွင့် မပြုထားဘူး..."
"အကယ်လို့ ပေါက်ကြားစေခဲ့ရင် ဝိညာဉ် ပေါက်ကွဲပြီး သေဆုံးသွားလိမ့်မယ်..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ယောက်က ဟားတိုက်ကာ ရယ်မောလိုက်သည်။
လျှို့ဝှက်ချက်သာ ပေါက်ကြားသွားပါက ကြီးမားသော ကပ်ဘေးကြီးကို သေချာပေါက် ဆွဲဆောင်မိမည်ဆိုသည့် အချက်ကို သူမည်ကဲ့သို့ မသိဘဲ နေပါမည်နည်း။
ယခုအချိန်တွင် ဖုန်းရှီးကျွန်းသည် ကျွန်းပိတ်ထားသည့် အခြေအနေတွင် ရှိနေပြီး လူသားများမှာ ဖုန်းရှီးကျွန်းမှ ထွက်ခွာ၍ မရနိုင်သေးသည်မှာ မှန်ပေသည်။
အချိန်တိုအတွင်း၌လည်း လျှို့ဝှက်ချက် ပေါက်ကြားမည့် ပြဿနာကို စိတ်ပူရန် မလိုအပ်ပေ။
သို့သော် ဖုန်းရှီးကျွန်းသည် အနှေးနှင့်အမြန် ကျွန်းပြန်ဖွင့်လာမည်ဖြစ်ပြီး လူသားကျင့်ကြံသူများသည်လည်း တစ်ချိန်ချိန်တွင် ဖုန်းရှီးကျွန်းမှ ထွက်ခွာကာ ကြယ်ကွဲပင်လယ်ရှိ အခြားနေရာများသို့ သွားရောက်ကြရမည် ဖြစ်ရာ မျိုးနွယ်ခြား ကျင့်ကြံသူများနှင့် ထိတွေ့ဆက်ဆံရမည်ကို ရှောင်လွှဲ၍ မရနိုင်ပေ။
အကယ်၍ ထိတွေ့ဆက်ဆံမှုများ ဖြစ်ပေါ်လာပါက ဖုန်းရှီးကျွန်း၏ လျှို့ဝှက်ချက်များစွာ ပေါက်ကြားသွားနိုင်လေသည်။
အိပ်မက်ကမ္ဘာ တည်ရှိနေမှုသည်လည်း ပေါက်ကြားသွားမည်ပင် ဖြစ်၏။
ထိုအချိန်ရောက်လျှင် ပျက်စီးကိန်းဆိုက်မည့် ကပ်ဘေးကို ဆွဲဆောင်လာနိုင်ပေသည်။
သို့သော် ဤကိစ္စကို ကျိုးစွေ့က စောစီးစွာကတည်းက ဖြေရှင်းထားပြီး ဖြစ်လေသည်။
သဘောတူပဋိညာဉ် ချုပ်ဆိုထားသရွေ့ မည်သူကမျှ အခြားကျင့်ကြံသူများထံ အိပ်မက်ကမ္ဘာနှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို ဖွင့်ဟနိုင်မည် မဟုတ်ပေ။
"ဒီလိုကိစ္စမျိုးလည်း ရှိတာလား..."
"အကယ်လို့ ဒီလိုဆိုရင်… ဘာလို့ အခု ခင်ဗျားက ကျုပ်တို့ကို ဒီအကြောင်းတွေ ပြောပြနိုင်နေတာလဲ..."
တစ်စုံတစ်ယောက်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့တွင် အိပ်မက်ဆိုးအမှတ်အသား ရှိဟန်မတူသေးရာ တစ်ဖက်လူအနေဖြင့် အိပ်မက်ကမ္ဘာနှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုနိုင်စွမ်း မရှိသင့်ပေ။
သို့ရာတွင် ယခုအခါ၌မူ မည်သည့်စိုးရိမ်ပူပန်မှုမျှ မရှိဘဲ အကျယ်တဝင့် ပြောဆိုနေလေသည်။
ထို့ကြောင့် ဝိညာဉ်သဘောတူပဋိညာဉ်ဆိုသည်၏ ကန့်သတ်ချုပ်ချယ်နိုင်စွမ်းကို သူ အလွန်တရာ သံသယဖြစ်မိသွားခဲ့၏။
"ဒီကိစ္စကတော့ သဘာဝကျကျပဲ လူတိုင်းမှာ အိပ်မက်ဆိုးအမှတ်အသား စောစောကတည်းက ရှိနေလို့ပေါ့..."
"ဒါကြောင့်မို့လို့ ကျုပ်က ခင်ဗျားတို့ကို အိပ်မက်ကမ္ဘာနဲ့ ပတ်သက်တဲ့အကြောင်းတွေ မိတ်ဆက်ပေးနိုင်တာ..."
"ဒီလိုမှမဟုတ်ရင် ကျုပ်အနေနဲ့ အိပ်မက်ကမ္ဘာနဲ့ ပတ်သက်တဲ့ ဘယ်အရာကိုမှ ဖွင့်ဟနိုင်မှာ မဟုတ်ဘူး..."
"ခင်ဗျားတို့ရဲ့ လက်ခုံတွေကို ကြည့်လိုက်ကြပါဦး။ ထူးဆန်းတဲ့ ပုံစံတစ်ခု ပေါ်လာတယ် မဟုတ်လား..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးက ခပ်ဖွဖွပြုံးလိုက်ပြီး လူအများကို ဝေ့ကြည့်လိုက်သည်။
မှန်ပေ၏၊ ဤနေရာရှိလူများတွင် အိပ်မက်ဆိုးအမှတ်အသားများ စောစီးစွာကတည်းက ရှိနေခြင်းပင်။ သို့မဟုတ်ပါက သူသည် အိပ်မက်ကမ္ဘာ တည်ရှိနေကြောင်းကို ထုတ်ဖော်ပြောဆိုဝံ့မည်မဟုတ်ပေ။
အကယ်၍ ပြောဆိုခဲ့ပါက ပဋိညာဉ်ကို ဖောက်ဖျက်မိပြီး သူ၏ဝိညာဉ်မှာ 'အိပ်မက်ဝိညာဉ်ကူ'၏ ဝါးမျိုခြင်းကို ခံလိုက်ရမည်မှာ သေချာလှသည်။
"ကျစ်... တကယ်ကြီးပဲ။ ငါ့လက်ခုံပေါ်မှာ ဘယ်အချိန်တုန်းက ထူးဆန်းတဲ့ အမှတ်အသားတစ်ခု ပေါ်လာတာလဲ..."
"ဒါက အိပ်မက်ဆိုးအမှတ်အသားဆိုတာပဲ ဖြစ်ရမယ်..."
"ပြဿနာက ငါတို့ ဘယ်တုန်းက ပဋိညာဉ်ချုပ်လိုက်တာလဲဆိုတာပဲ။ လုံးဝကို သတိမထားမိလိုက်ဘူး..."
ဤစကားကို ကြားလိုက်ရချိန်တွင် ကျင့်ကြံသူများစွာမှာ လုံးဝ ကြက်သေသေသွားကြတော့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် မိမိတို့ကိုယ်တိုင် အိပ်မက်ကမ္ဘာနှင့် မည်သည့်အချိန်က သဘောတူပဋိညာဉ် ချုပ်ဆိုခဲ့သည်ကို လုံးဝ မသိရှိလိုက်သောကြောင့်ပင် ဖြစ်၏။
သို့သော်ငြား မိမိတို့၏ လက်ခုံများပေါ်တွင် အိပ်မက်ဆိုးအမှတ်အသားများ ပေါ်လာခဲ့ခြင်းက တကယ်ကို တွေးတောရခက်လှပေသည်။
"ဒီရက်ပိုင်းအတွင်းမှာ ကျုပ်တို့က မြို့ကြီးတွေရဲ့ လမ်းမတွေပေါ်မှာ အိပ်မက်ဆိုးအမှတ်အသားပါတဲ့ အလံတွေကို စိုက်ထူခဲ့တယ်..."
"အခြေခံအားဖြင့် အိပ်မက်ဆိုးအမှတ်အသားကို တစ်ချက်ကြည့်လိုက်တာနဲ့ အလိုအလျောက် ပဋိညာဉ်ချုပ်ဆိုပြီးသား ဖြစ်သွားပြီး ချက်ချင်းကို အမှတ်အသား ပြုလုပ်ခံရမှာပဲ..."
"ဒီရက်ပိုင်းအတွင်း ခင်ဗျားတို့လည်း ဒီထူးဆန်းတဲ့အလံတွေကို သတိထားမိကြမှာပါ..."
လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးက ရှင်းပြလိုက်သည်။
သူသည် ဖုန်းရှီးကျွန်းမှ အထက်လူကြီးများ၏ စီစဉ်မှုကို ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ အိပ်မက်ကမ္ဘာကို ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ဖြန့်ဝေရန်ပင် ဖြစ်လေသည်။
ဖုန်းရှီးကျွန်းရှိ လူသားကျင့်ကြံသူတိုင်း အိပ်မက်ဆိုးအမှတ်အသားကို ပိုင်ဆိုင်စေပြီး အိပ်မက်ကမ္ဘာသို့ ဝင်ရောက်နိုင်စေရန် မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်သည်။
"အဲဒီအချိန်ကတည်းက ပဋိညာဉ်ချုပ်ပြီးသား ဖြစ်သွားတာလား..."
"ဒီလျှို့ဝှက်ရတနာ အိပ်မက်ကမ္ဘာက အရမ်းကို စွမ်းအားကြီးမားလွန်းပါတယ်။ ဒါက အတင်းအကျပ် သတ်မှတ်ချက်ကြီးပဲ။ ငါတို့ကို ငြင်းဆန်ခွင့်ပေးဖို့ လုံးဝ ရည်ရွယ်မထားဘူး..."
"ဟုတ်ပါ့...။ ဒါက သေချာပေါက် အင်မော်တယ်လက်နက်ပဲ ဖြစ်ရမယ်။ ဒီလိုမှမဟုတ်ရင် ဒီလောက်စွမ်းအားမျိုး ပိုင်ဆိုင်ထားနိုင်စရာ အကြောင်းမရှိဘူး..."
လူသားကျင့်ကြံသူ အများအပြားမှာ ရုတ်တရက် သဘောပေါက်သွားကြလေသည်။
၎င်းတို့၏ စိတ်နှလုံးများမှာ အလွန်တရာ ရှုပ်ထွေးသွားပြီး မည်သို့ပြောရမည်ကိုပင် မသိတော့ပေ။ မသိမသာဖြင့် ကျော့ကွင်းထဲသို့ ဝင်ရောက်သွားခဲ့ခြင်းပင် ဖြစ်၏။
အကယ်၍ တစ်ဖက်လူကသာ မကောင်းသော ရည်ရွယ်ချက်ရှိခဲ့ပါက သူတို့အနေဖြင့် မည်သို့သေဆုံးသွားမည်ကိုပင် သိလိုက်ရမည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် ဘိုးဘေးကျိုးသည် လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်ကာ မိမိတို့ဘက်တော်သား ဖြစ်နေချေသည်။
အကယ်၍ အခြားမျိုးနွယ်စုများမှ သက်ရှိများသာဆိုလျှင် သေချာပေါက် ကြောက်မက်ဖွယ်အကောင်းဆုံး ရန်သူ ဖြစ်လာပေလိမ့်မည်။
ဖုန်းရှီးကျွန်းရှိ လူသားအားလုံး အမြစ်ပြတ် သေဆုံးသွားကာ အရိပ်အယောင်မျှပင် ကျန်ရစ်ခဲ့မည် မဟုတ်သည်မှာ သေချာလှသည်။
"ဘာမှ မသင့်တော်ဘူးလို့ ခံစားနေစရာ မလိုပါဘူး..."
"တကယ်တော့ အိပ်မက်ဆိုးအမှတ်အသားကို ပိုင်ဆိုင်ပြီးတဲ့နောက် ခင်ဗျားတို့လည်း အကျိုးကျေးဇူး အများကြီး ရရှိမှာပါ..."
"ပထမအကျိုးကျေးဇူးကတော့ ရန်သူတွေက ခင်ဗျားတို့ကို ဝိညာဉ်ရှာဖွေမှု ပြုလုပ်နိုင်မှာ မဟုတ်သလို ခင်ဗျားတို့ရဲ့ ဝိညာဉ်တွေဆီကနေ ဘယ်လိုသတင်းအချက်အလက်ကိုမှ ရရှိနိုင်မှာ မဟုတ်ဘူး..."