← Chapters

အခန်း ၄၃၁

Vol. 37 Ch. 431

အခန်း ၄၃၁

Vol. 37 Ch. 431

အခန်း ၄၃၁

"ဒါ ပင်လယ်စွန်ရဲကျွန်းလား။ ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာပေမဲ့ တခြားမြို့တွေနဲ့တော့ တော်တော်လေး ကွာခြားနေသလို ခံစားရတယ်"

ဆိပ်ကမ်း ပလက်ဖောင်း။

ဆေးတောင့်ပုံစံဥမင်လိုဏ်ခေါင်းအတွင်း၌ ရထားကို သိုလှောင်သိမ်းဆည်းမှု ပြီးစီးသွားပြီးနောက် ကျောက်လင်သည် ကျောပိုးအိတ်ကို လွယ်ကာ မြို့တော်အတွင်းသို့ ဝင်ရောက်လာချေပြီ။ သူမ၏ ပခုံးထက်တွင်မူ ကပ်ဘေး လမင်းသားရဲ ပိုးလောင်းလေးမှာ အမွေးထူထူ အနက်ရောင် လည်စည်းပုဝါလေးတစ်ခုသဖွယ် ခွေခေါက်လျက် ဝပ်နေလေ၏။

"ဒါ ညီမလေးရဲ့ အိမ်မွေးတိရစ္ဆာန်လေးလား။ တော်တော်လေး ချစ်စရာကောင်းတာပဲ။ သူ့မှာ နာမည်လေးဘာလေး ရှိလား"

ထိုနေရာ၌ စောင့်ဆိုင်းနေသော ရှန်ကွမ်းရင်းရွှယ်က ပြုံးရွှင်စွာ လျှောက်လာရင်း ကျောက်လင်၏ ပခုံးပေါ်ရှိ သားရဲငယ်လေးကို မြင်ကာ ပေါ့ပေါ့ပါးပါးပင် စကားစမြည် ပြောဆိုလာလေ၏။

"သူ့နာမည်က ရှောင်ယွဲ့တဲ့။ အစ်မရှန်ကွမ်းရယ် တကယ်တော့ အစ်မ ကိုယ်တိုင် လာကြိုစရာ မလိုပါဘူး။ ကျွန်မက ဒီလို လူစုလူဝေး ပွဲလမ်းသဘင်တွေကို တက်ရောက်ဖို့ သိပ်ပြီး စိတ်မပါလှမှန်းလည်း အစ်မ သိသားနဲ့"

ရှန်ကွမ်းရင်းရွှယ်က ရှောင်ယွဲ့လေးအား ပွတ်သပ်ရန် လက်လှမ်းလိုက်သော်လည်း ထိုကောင်လေးမှာ ရုတ်တရက် ခုန်ထွက်သွားပြီး အနီးရှိ မြက်ခင်းပြင်အတွင်းသို့ ပျောက်ကွယ်သွားလေတော့၏။

"ဟင် သူက"

ရှန်ကွမ်းရင်းရွှယ် အံ့ဩသွားခိုက် ကျောက်လင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

"ကိစ္စမရှိပါဘူး။ ကျွန်မ ထွက်သွားတဲ့အခါ သူ ကျွန်မရှိတဲ့နေရာကို သေချာပေါက် ရှာတွေ့နိုင်မှာပါ"

ထိုသို့ ဖြစ်ပျက်နေခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သည်မှာ ထင်ရှားလှပေသည်။ ရထားဒင်္ဂါး ရာပေါင်းများစွာ အကုန်အကျခံ ဝယ်ယူထားရသော အိမ်မွေးတိရစ္ဆာန်လေး ဖြစ်သည်နှင့်အညီ ပထမ အကြိမ်အနည်းငယ်ခန့်က ထိုကောင်လေး ရုတ်တရက် ပျောက်ကွယ်သွားတိုင်း တစ်ခုခု အန္တရာယ်များ တွေ့ကြုံရလေမလားဟု ကျောက်လင် အလွန်အမင်း စိုးရိမ်ပူပန်ခဲ့ရ၏။ သို့ရာတွင် ဘူတာရုံကမ္ဘာ အတော်များများကို ဖြတ်သန်းခဲ့ပြီးနောက်၌မူ သူမ ထွက်ခွာလိုသည့် အချိန်တိုင်း၌ ထိုကောင်လေးသည် သူမ၏ အနီးသို့ အမြဲလိုလို ပြန်ရောက်လာတတ်ချေပြီ။

ထိုအခြေအနေမှာ ဘူတာရုံကမ္ဘာများအတွင်း၌သာမက မြို့တော်အတွင်း၌ပင် အလားတူ ဖြစ်ပျက်လေ့ရှိရာ အကြိမ်အနည်းငယ် ကြုံတွေ့ပြီးသည့်နောက်တွင်တော့ ကျောက်လင်တစ်ယောက် ကျင့်သားရနေခဲ့လေပြီ။

"အဲ့ဒီလိုလား။ ဒါဆိုလည်း သွားကြစို့။ မဟာမိတ်အဖွဲ့က ဧည့်ခံပွဲ ပြီးပြည့်စုံအောင် ပြင်ဆင်ထားပြီးသား။ နောက်နှစ်ရက်လောက် နေရင် ကျွန်မတို့နဲ့ တစ်သုတ်တည်း ထွက်လာတဲ့ ရထားမောင်းနှင်သူတွေ ဒီကို ထပ်ရောက်လာကြဦးမှာ။ အဲ့ဒီအချိန်ကျရင် ထိပ်တန်းအဆင့် ရထားမောင်းနှင်သူ စီနီယာတစ်ယောက်ပါ ရောက်လာလိမ့်မယ်။ သူက ကျွန်မတို့ မဟာမိတ်အဖွဲ့ရဲ့ နောက်ခံ ဂိုဏ်းကြီးရဲ့ ဥက္ကဋ္ဌ၊ ဒီစုဝေးပွဲကို ဦးစီးကျင်းပသူ ဖြစ်တဲ့အပြင် ဒီပင်လယ်စွန်ရဲကျွန်းရဲ့ ကျွန်းသခင်လည်း ဖြစ်တယ်"

ထိုစကားကို ကြားသောအခါ ကျောက်လင် အနည်းငယ် တွေဝေသွားကာ မေးလိုက်၏။

"အစ်မရှန်ကွမ်း ဒီတစ်ခေါက် စုဝေးပွဲက တကယ်ပဲ ကုန်သွယ်မှု သက်သက်ပဲလား"

"ဟုတ်လည်း ဟုတ်တယ် မဟုတ်ဘူးလည်း ပြောလို့ရတယ်"

ရှန်ကွမ်းရင်းရွှယ်က ဖုန်းကို ထုတ်ယူကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အနီးရှိ ကော်ဖီဆိုင်တစ်ဆိုင်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

"အချိန်က စောပါသေးတယ်။ ကော်ဖီ သောက်မလား"

ကျောက်လင်က ချက်ချင်း တုံ့ပြန်လိုက်၏။

"ကျွန်မတို့ ကော်ဖီအစား နို့လက်ဖက်ရည် သောက်လို့ မရဘူးလား"

"..."

နို့လက်ဖက်ရည်ဆိုင်၌ ထိုင်ပြီးသည့်နောက် ရှန်ကွမ်းရင်းရွှယ်က ဤကုန်သွယ်ရေးပွဲတော်၏ အစစ်အမှန် ရည်ရွယ်ချက်ကို ကျောက်လင်အား အသေးစိတ် ရှင်းပြလေတော့၏။

ကုန်သွယ်ရေးပွဲတော်မှာ တကယ်ပင် ရှိပေသည်။ ဤနေရာ၌ ရထားမောင်းနှင်သူများ အချင်းချင်း အဆင့် ၄ အထက် ပစ္စည်းများကို လွတ်လပ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်၏။ ထိုမျှမကသေးဘဲ ပင်လယ်စွန်ရဲကျွန်း မဟာမိတ်အဖွဲ့က အဆင့် ၅ နှင့် အဆင့် ၆ ပစ္စည်းအချို့ကိုပါ လေလံတင် ရောင်းချပေးမည် ဖြစ်ရာ လူသစ် ရထားမောင်းနှင်သူများအဖို့ ကုန်သွယ်မှုမှတစ်ဆင့် လျင်မြန်စွာ ကြီးထွားလာနိုင်မည့် အခွင့်အလမ်းပင် ဖြစ်ပေသည်။

ထိုလေလံပွဲ ပြီးဆုံးပြီးနောက်၌မူ ဤလူသစ် ရထားမောင်းနှင်သူများအတွက် သီးသန့် ကျင်းပမည့် လူသစ် စစ်တလင်း ပြိုင်ပွဲတစ်ခု ရှိနေချေသည်။ လူသစ်များ အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ပြီး တိုက်ခိုက်ရေးစွမ်းရည်၊ အထောက်အကူပြုစွမ်းရည် သို့မဟုတ် အထူး ရှင်သန်ရေးစွမ်းရည် အမျိုးမျိုးတို့ကို ပြသနိုင်ပေသည်။

ဒိုင်လူကြီးများ၏ စစ်ဆေးမှုကို အောင်မြင်သရွေ့ ဗိုလ်စွဲသူ ထွက်ပေါ်လာသည်အထိ ဆက်လက် ယှဉ်ပြိုင် တက်လှမ်းနိုင်မည်ဖြစ်ကာ နောက်ဆုံး အနိုင်ရရှိမည့် ချန်ပီယံမှာ အဓိက ဆုကြီးအဖြစ် ရထားဒင်္ဂါး ၃၀၀ နှင့် အဆင့် ၇ ပစ္စည်းတစ်ခုကို ဆွတ်ခူးရရှိမည် ဖြစ်၏။

"ဒါ ဖျော်ဖြေရေး တီဗီအစီအစဉ်တစ်ခုလို ဖြစ်မနေဘူးလား"

ကျောက်လင်၏ အမေးကို ရှန်ကွမ်းရင်းရွှယ်က ခေါင်းညိတ် ထောက်ခံလိုက်သည်။

"ညီမ ပြောတာ မှန်တယ်။ ဒါ တကယ့်ကို ဖျော်ဖြေရေး တီဗီအစီအစဉ်တစ်ခုပဲ။ ဟိုဘက်ကို ကြည့်လိုက်"

ရှန်ကွမ်းရင်းရွှယ်က တစ်နေရာဆီသို့ လက်ညှိုးထိုးပြလိုက်၏။

"ဟိုဘက်မှာ ကြည့်ရှုသူ ခြောက်သောင်းထက်မနည်း ဆံ့တဲ့ စစ်တလင်းကြီး တစ်ခုကို သီးသန့် တည်ဆောက်ထားတယ်။ ဒါပေမဲ့ ဒါက အဓိက မဟုတ်ဘူး။ အဓိက အချက်က ဒီပြိုင်ပွဲကို မြို့တော်တွေ အားလုံးမှာ တစ်ပြိုင်တည်း တိုက်ရိုက်ထုတ်လွှင့်သွားမှာပဲ။ ဒါ့အပြင် ဒီတိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အရေးအကြီးဆုံး တိုက်ခိုက်ရေး အပိုင်းတွေမှာ သေခြင်း ရှင်ခြင်းကို ကန့်သတ်ထားတာ မရှိဘူး"

တိုက်ရိုက်ထုတ်လွှင့်မှုများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ အသေအလဲ တိုက်ပွဲများ။

လူသစ် ရထားမောင်းနှင်သူ တစ်စုအား ဖျော်ဖြေတင်ဆက်စေပြီး နောက်ဆုံး ပေးအပ်သည့် ဆုလာဘ်မှာ မဖြစ်စလောက် ရထားဒင်္ဂါး ၃၀၀ နှင့် အဆင့် ၇ ပစ္စည်းတစ်ခုတည်းသာ ဖြစ်ချေသည်။ ထိုဆုလာဘ်များမှာ အလွန် ရက်ရောလှကြောင်း ကျောက်လင် မငြင်းဆိုနိုင်ပေ။ ၎င်းတို့မှာ ဘူတာရုံကမ္ဘာ အမြောက်အမြား၌ အသက်ကို ဖက်နဲ့ထုပ်ကာ စွန့်စားပြီးနောက်မှသာ ရရှိရန် အခွင့်အရေး အနည်းငယ် ရှိနိုင်မည့် ဆုလာဘ်များ ဖြစ်၏။

သို့သော် ဤဖျော်ဖြေရေး တိုက်ရိုက်ထုတ်လွှင့်မှုကို ဖန်တီးခဲ့သူသည် ဤအစီအစဉ်မှနေ၍ အကျိုးအမြတ် မည်မျှပင် ရရှိသွားမည်နည်း။

"ဒါဆို အစ်မတို့ အားလုံး ဝင်ပြိုင်ကြမှာလား"

ရှန်ကွမ်းရင်းရွှယ်က ပြုံးလိုက်၏။

"ဘာလို့ မပြိုင်ရမှာလဲ။ ဘူတာရုံကမ္ဘာထဲမှာ စွန့်စားရတာလည်း စွန့်စားမှုပဲလေ။ ဒီမှာက နှိုင်းယှဉ်ကြည့်ရင် ပိုပြီး လုံခြုံမှုရှိတဲ့အပြင် ဆုလာဘ်တွေကလည်း ပိုပြီး ရက်ရောသေးတယ်။ အဆင့် ၇ ပစ္စည်းတစ်ခုဆိုတဲ့ အဆင့်အတန်းမျိုးနဲ့ဆိုရင် နောက်ပိုင်း ဝင်ရမယ့် ဘူတာရုံကမ္ဘာတွေကို ပိုပြီး လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မှာပေါ့။ ဒါနဲ့ စကားမစပ် နာမည်ကြီး စူပါစတား အဲလစ်လည်း မနက်ဖြန် ဒီဘူတာကို ရောက်လာလိမ့်မယ်။ သီချင်းဆိုပွဲတော့ မရှိပေမဲ့ ညီမလေး သူ့ဆီက လက်မှတ်တော့ ရနိုင်လောက်တယ်"

ကျောက်လင် အနည်းငယ် တွေဝေ တုံ့ဆိုင်းသွား၏။

အထူးသဖြင့် အဆင့် ၇ ပစ္စည်းကို ကြားပြီး သူမလည်း အနည်းငယ် စိတ်လှုပ်ရှား စွဲဆောင်ခံလိုက်ရသည်။ သူမတွင် ထိုအဆင့် ပစ္စည်းတစ်ခု ရှိပြီးသား ဖြစ်သော်ငြား ရထားဒင်္ဂါး ၃၀၀ ကိုမူ သူမ အလွန် လိုအပ်နေချေသည်။ သူမသည် လက်ကျန် ကံကောင်းခြင်း စွမ်းအင်ကို အတည်ပြု စစ်ဆေးလိုက်ပြီးနောက် ဆုံးဖြတ်ချက် တစ်ခုကို ပြတ်ပြတ်သားသား ချမှတ်လိုက်လေတော့၏။

————

"ဟင် ဖျော်ဖြေရေး တိုက်ရိုက်ထုတ်လွှင့်မှုတဲ့လား။ မြို့တော်ထဲက လူတွေကတော့ တကယ့်ကို ကစားတတ်တာပဲ"

ပင်လယ်စွန်ရဲကျွန်းနှင့် မဝေးလှသော ကျွန်းငယ်လေး တစ်ကျွန်းထက်၌ ဖြစ်၏။

ရဲချီယန်သည် နေကာမျက်မှန်ကို ချွတ်လိုက်ကာ စနစ် အလင်းမျက်နှာပြင်ပေါ်မှ ကျောက်လင် ပေးပို့ထားသော စာတိုကို ကြည့်လိုက်ပြီး အနီးရှိ ဧရာမ ဖန်သားပြင်ကြီးဆီသို့ မျက်လုံးလှန် ကြည့်လိုက်သည်။

"အပန်းဖြေကျွန်းပေါ်မှာ ဘာလို့ ဒီလိုအရာမျိုး ရှိနေတာလဲလို့ တွေးနေခဲ့တာ။ အကြောင်းရင်းက ဒါကိုး"

ဝင်ပြိုင်ရမလား။ မေ့လိုက်စမ်းပါ။

ရထားဒင်္ဂါး ၃၀၀ ဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်သည့်တိုင်အောင် အကယ်၍ သူသာ ဝင်ပြိုင်မည်ဆိုပါက မည်သည့် စွမ်းရည်ကို ထုတ်သုံးရမည်နည်း။

သူ၏ လက်ထဲ၌ ရှိသမျှထဲတွင် အားအနည်းဆုံး အရာဆိုလျှင်ပင်...

ရဲချီယန်သည် မဝေးလှသော သဲသောင်ပြင်ဆီသို့ တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်သည်။ ထိုနေရာ၌ မိုးပြာရောင် ဟိန်းဟောက်သံ မိုးကြိုးသိမ်းငှက်က ဝက်ဝံပေါက်လေးအား ဆွဲသယ်သွားကာ ပင်လယ်ရေပြင်ပေါ်တွင် ရေခဲလျှောစီးတမ်း ကစားနေချေသည်။

ဟင်း။

ဒုတိယ ရွေးချယ်စရာပင် ရှိလိမ့်မည် မထင်ချေ။

သို့ရာတွင် ထိုဝက်ဝံပေါက်လေး မည်မျှပင် အားနည်းသည်ဟု ဆိုစေကာမူ သွေးမျိုးနွယ် အဆင့်မြှင့်တင်မှုနှင့် အဆင့်မြင့် အသွင်ကူးပြောင်းခြင်းတို့ကို ဖြတ်သန်းပြီးသည့်နောက်၌ အဆင့်နိမ့် ရထားမောင်းနှင်သူ အချို့အား အနိုင်ယူ တိုက်ခိုက်ခြင်းမှာ တစ်ဖက်သတ် အနိုင်ကျင့် ဗိုလ်ကျခြင်းသက်သက်သာ ဖြစ်နေလိမ့်ဦးမည်။

ထိုမျှမက သူသည် ဝက်ဝံပေါက်လေး တစ်ကောင်တည်းကိုသာ အားပြု၍ နောက်ဆုံးအထိ တိုက်ခိုက်မည်ဆိုပါကလည်း လွယ်လွယ်ကူကူ အနိုင်ရရှိရန် ဖြစ်နိုင်ခြေ အလွန် နည်းပါးလှ၏။

အဘယ့်ကြောင့်ဆိုသော် ဤကောင်လေးမှာ ငယ်ရွယ် နို့စို့အရွယ်သာ ရှိသေးရာ စွမ်းရည် အနည်းငယ်ခန့် သုံးလိုက်သည်နှင့် မောပန်း၍ ခွေခေါက် သွားလေ့ရှိသောကြောင့် ပေတည်း။

ထိုသို့ဆိုလျှင် သူက အီဘိုနီကို ထုတ်သုံးရမည်လား သို့တည်းမဟုတ် အဆင့် ၈ ရှိသည့် အဆုံးမဲ့ စက်ရုပ်စစ်သည်တော်ကို ဆင့်ခေါ်ရမည်လော။ သို့မဟုတ် အီဘိုနီကို ဆွဲထုတ်ကာ တစ်ချက်တည်းဖြင့် လူတွေကို ပစ်သတ်ရမည်လား။

ထိုသို့လုပ်ခြင်းက အနိုင်ကျင့်ခြင်း မဟုတ်တော့ဘဲ အကြောက်တရားဖြင့် ခြိမ်းခြောက် နှိပ်စက်ခြင်းသာ ဖြစ်သွားပေလိမ့်မည်။

ဒုက္ခပင်လယ် ဝေနေကြရှာသော သူ့တစ်သုတ်တည်းသား အပေါင်းအဖော်များကို သွားရောက် ခြောက်လှန့်ရန်အထိ သူ အားမယားနေသည့်အပြင် သူသည် သွေးဆာ ရက်စက်တတ်သူ သို့မဟုတ် ဖျော်ဖြေရေးအတွက် လူသတ်တတ်သည့် လူစားမျိုးလည်း မဟုတ်ပေ။

【"မပြိုင်ဘူး၊ စိတ်မဝင်စားဘူး"】

ထိုစကားစုကို ပေါ့ပေါ့ပါးပါး အကြောင်းပြန်လိုက်ပြီးနောက် ရဲချီယန်သည် နေကာမျက်မှန်ကို ဘေးသို့ ပစ်ချလိုက်လေ၏။

ကျောက်လင်နှင့် သွားရောက် တွေ့ဆုံရန်လည်း သူ အစီအစဉ် မရှိချေ။

ထို့နောက် သူသည် ကုန်သွယ်ရေး ပလက်ဖောင်းပေါ်မှ ခုလေးတင် ဝယ်ယူထားသော ငါးမျှားတံကို ကောက်ကိုင်လိုက်သည်။

"လီဆက် ဒီညတော့ ငါးဟင်း စားကြမယ်"

ဘယ်တော့မှ မမေ့စမ်းနှင့်။ ဤတစ်ကြိမ် သူ ဒီကို ရောက်လာခြင်းမှာ အပန်းဖြေ ခရီးထွက်ရန် သက်သက်သာ ဖြစ်၏။

ကုန်သွယ်မှုလော။ ဖျော်ဖြေရေး တိုက်ရိုက်ထုတ်လွှင့်မှု အသေအလဲ တိုက်ပွဲတဲ့လား။ လက်မှတ်တစ်စောင် ဝယ်ပြီး ကြည့်ရှုသူ ပရိသတ်အဖြစ် သွားထိုင်ကြည့်လျှင်တော့ ကောင်းပေလိမ့်မည်။ သို့သော် ကိုယ်တိုင် ဝင်ပြိုင်ရန်မှာမူ ဝေးသေး၏။

သူ့တစ်သုတ်တည်းသား ရထားမောင်းနှင်သူများ၏ တိုးတက်မှုကို တစ်ခါတစ်ရံ စောင့်ကြည့်ရခြင်းမှာလည်း မဆိုးလှပေ။ ဘယ်သူသိနိုင်မည်နည်း။ စိတ်ဝင်စားစရာ တစ်ခုခုနှင့် ကြုံလာနိုင်ချေသည်။

"ဟိုသယံဇာတ ပလက်ဖောင်းရဲ့ တည်နေရာ ကိုဩဒိနိတ်တွေ ကုန်သွားတာ နှမြောစရာပဲ။ မဟုတ်ရင် အဲ့ဒီနေရာက အပန်းဖြေဖို့ ပိုတောင် သင့်တော်သေးတယ်~"

လှေငယ်လေးတစ်စင်းကို စီးနင်းကာ ပင်လယ်ပြင်ဆီသို့ ထွက်ခွာလာစဉ် မျက်ရည်နီ နတ်ဆိုးမလေးက လောကကြီးကို လုံးဝ ဂရုမစိုက်ဘဲ အေးဆေး နေထိုင်နေသော သူမ၏ သခင်အတွက် ငါးမျှားတံကို တိတ်ဆိတ်စွာ ကိုင်ဆောင် ပေးထားလေ၏။

စွဲထင်နေသောမျက်ရည် ဓားက ပင်လယ်ရေပြင်ကို တိတ်ဆိတ် ငြိမ်သက်စွာ ထိတွေ့နေချေသည်။

မျက်ရည်နီ နတ်ဆိုးက ရဲချီယန်၏ လက်ချောင်းများကို ညင်သာစွာ ထိတွေ့လိုက်၏။

ထိုအခါ ပင်လယ်ရေပြင်ထက်မှ လှိုင်းလုံးများ တဖြည်းဖြည်း ငြိမ်သက် သွားတော့သည်။

လေပြင်းနှင့်အတူ အမည်မသိ သာယာ ငြိမ့်ညောင်းသော တေးဂီတသံစဉ်လေး လွင့်ပျံ့ လာလေ၏။

ရဲချီယန်၏ အလွန်အမင်း ကုန်ခမ်းနေသော ကိုယ်ခံစွမ်းအားများ တဖြည်းဖြည်း ပြန်လည် ပြည့်ဝလာချေပြီ။

【ကိုယ်ခံစွမ်းအား - ၈၉ (ကိုယ်ခံစွမ်းအား ပြင်းထန်စွာ ကုန်ခမ်းနေသည်)】

【စိတ်ခံစားမှု - အေးချမ်း တည်ငြိမ်သည်】

ငါးမျှားတံက တုန်ခါသွား၏။ မျက်ရည်နီက မည်သည့်အချိန်ကတည်းက အိပ်မောကျသွားမှန်း မသိသော သူမ၏ သခင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီးနောက် စွဲထင်နေသောမျက်ရည် ဓားဖြင့် ငါးမျှားကြိုးကို ဖြတ်တောက် လိုက်လေတော့သည်။

ဒီညအတွက် ငါးဟင်းကိုတော့ စားရတော့မည် မထင်ချေ။

All Chapters