← Chapters

အခန်း ၄၃၃

Vol. 37 Ch. 433

အခန်း ၄၃၃

Vol. 37 Ch. 433

အခန်း ၄၃၃

စစ်တလင်းကြီး ဖွင့်လှစ်သွားသည်နှင့် အစောပိုင်း ယှဉ်ပြိုင်မှုများက တိုက်ပွဲနှင့် မတူဘဲ ဖျော်ဖြေရေး တီဗီအစီအစဉ်တစ်ခုနှင့် ပို၍ပင် တူနေချေသည်။

ဥပမာအားဖြင့် ဟင်းလျာချက်ပြုတ်ခြင်းနှင့် ဆိုင်သော မော်ဂျူးများ ပိုင်ဆိုင်ထားသည့် ရထားမောင်းနှင်သူ အချို့မှာ စားဖိုမှူးအဖြစ် တာဝန်ထမ်းဆောင်ရန် အချို့သော မဟာမိတ်အဖွဲ့တို့၏ ခေါ်ယူငှားရမ်းခြင်းကို ခံရလေ၏။ အချို့ကမူ သီချင်းဆို ကောင်းရုံသက်သက် သို့မဟုတ် ဤကမ္ဘာဆီသို့ မရောက်လာမီကတည်းက တတ်မြောက်ထားသည့် ပြသလောက်စရာ ပါရမီစွမ်းရည် အချို့ ရှိနေသူများ ဖြစ်ကြသည်။

ထိုသူများသည် နောက်ဆုံးဆုလာဘ်ကြီးကို မျှော်မှန်း၍ စင်မြင့်ထက်သို့ တက်လာကြခြင်း မဟုတ်ဘဲ မြို့တော်ကြီးများမှနေ၍ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော မဟာမိတ်အဖွဲ့ကြီးများ၏ မျက်စိကျခြင်းကို ခံရကာ တည်ငြိမ်သည့် အလုပ်အကိုင်တစ်ခု ရရှိရေးကိုသာ ပို၍ လိုလားကြခြင်းပင်။

အချိန် နာရီပေါင်းများစွာကြာ ဖျော်ဖြေတင်ဆက်မှုများ ပြီးဆုံးသွားပြီးနောက်တွင်တော့ လူတိုင်း စောင့်မျှော်နေကြသည့် အဓိက အစီအစဉ်ကြီး ရောက်ရှိလာတော့၏။

"အိုး... ချစ်လှစွာသော ပရိသတ်ကြီးခင်ဗျာ။ နောက်ထပ် တင်ဆက်ပေးမယ့် အစီအစဉ်ကတော့ အားလုံး မျှော်လင့်စောင့်စားနေကြတဲ့ ရထားမောင်းနှင်သူများရဲ့ အသေအလဲ တိုက်ပွဲကြီးပဲ ဖြစ်ပါတယ်"

စင်မြင့်ကြီး လှုပ်ရှားသွားကာ အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ ထိုအပေါ်၌ တပ်ဆင်ထားသမျှသော ဖျော်ဖြေရေး ကိရိယာအယ်လီအင်အားလုံး အစအနမကျန် ပျောက်ကွယ်သွားချေပြီ။

စစ်တလင်း၏ အလယ်ဗဟို၌မူ အဆောက်အအုံများ ပါဝင်သော အထူး စစ်တလင်းပြင်ကြီးတစ်ခု ပေါ်ထွက်လာ၏။ ပျံသန်းနိုင်သော မှော်သားရဲတစ်ကောင်ထက်၌ ရပ်နေသည့် အစီအစဉ်တင်ဆက်သူ၏ လှုံ့ဆော်မှုနှင့်အတူ ကွင်းပြင်တစ်ခုလုံး၏ အငွေ့အသက်မှာ အထွတ်အထိပ်သို့ ဆူညံ သောင်းကျန်းလာလေတော့သည်။

ပတ်ပတ်လည်၌ ပွင့်ဟသွားသော တံခါးပေါက်များဆီမှ ရထားမောင်းနှင်သူ ထောင်နှင့်ချီ၍ ထွက်ပေါ်လာကြသည်။ ကြည့်ရှုသူ ပရိသတ်ကြီးမှာ ဝမ်းသာအားရ သောင်းသောင်းဖြန်းဖြန်း အော်ဟစ် ခုန်ပေါက်နေကြပြီး ထိုရထားမောင်းနှင်သူ ထောင်ပေါင်းများစွာက သေရေးရှင်ရေး သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်သည့် အခိုက်အတန့်တွင်တော့ စိတ်လှုပ်ရှားမှုတို့မှာ အမြင့်ဆုံးသို့ ရောက်ရှိသွားလေ၏။

"ဒီအထဲက အချို့ကို ငါ တကယ် မှတ်မိနေတာပဲ..."

သီးသန့် အခန်းငယ်လေး တစ်ခုအတွင်း၌ ရဲချီယန်သည် သူ၏ ရှေ့ရှိ ဖန်သားပြင်ပေါ်တွင် ပေါ်နေသော ရထားမောင်းနှင်သူများ၏ အမည်စာရင်းကို စောင့်ကြည့်နေသည်။

ကျောက်အန်း၊ ရှန်ကွမ်းရင်းရွှယ်၊ လီရှောင်ရှန်းနှင့် ကျောက်လင်။

၎င်းတို့ အားလုံးမှာ သူတို့နှင့် တစ်သုတ်တည်း အတူပါလာသည့် ဇုန်တစ်ခုတည်းမှ ရထားမောင်းနှင်သူများသာ ဖြစ်ကြ၏။

"ယုတ္တိကျကျ တွေးကြည့်မယ်ဆိုရင် ကျောက်လင် နိုင်သင့်တာ မဟုတ်ဘူးလား"

ရဲချီယန်က လက်နှစ်ဖက်ကို ခေါင်းနောက်၌ ယှက်တင်လိုက်ရင်း ခေတ္တမျှ စဉ်းစားတွေးတောနေသည်။

"ဘာပဲဖြစ်ဖြစ် သူ့ဆီမှာ ကတ်ပြား အစီအစဉ် နှစ်ခုတောင် ရှိသေးတာကိုး။ ဒါပေမဲ့ သူသာ ဖုံးကွယ်ထားချင်သေးတယ် ဆိုရင်တော့ ပြောရခက်လိမ့်မယ်"

ကတ်ပြား အစီအစဉ်များမှာ ပိုင်ရှင် သေဆုံးသွားပြီးနောက် ပျောက်ကွယ်သွားတတ်သည့် စနစ်ယန္တရားမျိုး ရှိသည် ဆိုသော်ငြား အလားတူ ကတ်ပြား အစီအစဉ်မျိုး ပိုင်ဆိုင်ထားသူ တစ်ယောက်ယောက်သာ ရှိနေမည်ဆိုပါက အခြေအနေက ပြောရခက်ချေသည်။

ဥပမာဆိုရသော် အင်ပါယာအမိန့်တော် အဖွဲ့အစည်းထဲမှ ဟုမ်းစ်ရိုင်ယန် ကဲ့သို့သော လူစားမျိုးပင်။

ရဲချီယန်အနေဖြင့် ရိုင်ယန်၏ အကြောင်းကို သေချာ မသိသော်လည်း ထိုကောင်မှာ ညံ့ဖျင်းသူ မဟုတ်ကြောင်း အလိုလို ခံစားမိနေသည်။

အကယ်၍ ကျောက်လင်ထံ၌ လောင်းကစား ကတ်ပြား ရှိနေမှန်းသာ ထိုကောင် ရိပ်မိသွားခဲ့လျှင် ကျောက်လင့်ကို နည်းလမ်းပေါင်းစုံ သုံး၍ ရှာဖွေကာ သူမ လက်ထဲမှ ကတ်ပြားကို လုယူရန် သေချာပေါက် ကြိုးစားလိမ့်မည်သာ။

မဟုတ်သေးပေ။ ဤသည်မှာ မလွဲမသွေ ဖြစ်လာမည့် ကိစ္စရပ်တစ်ခု ဖြစ်၏။

အမျိုးအစားတူ ကတ်ပြား အစီအစဉ် ပိုင်ရှင်များသည် မတူညီသော အခြေအနေ အမျိုးမျိုးအောက်၌ အမြဲတမ်း ဆုံတွေ့ကြရစမြဲ ဖြစ်သည်။

ထိုအချိန် ရောက်လာသည့်အခါ ကျောက်လင်တစ်ယောက် ကံဆိုးခြင်းနှင့် ကြုံရမည်လား၊ သို့တည်းမဟုတ် ကံကောင်းနေဦးမည်လား ဆိုတာကိုတော့ မသိနိုင်ချေ။

အကယ်၍ ကံကောင်းခြင်းသာ ဆိုပါက ရိုင်ယန်တစ်ယောက် ကျောက်လင့်ကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မည်ဟု ရဲချီယန် မထင်မိပေ။

ပြိုင်ပွဲ စတင်လေပြီ။

လူဦးရေ အလွန်များပြားသည့်အတွက် ဤရထားမောင်းနှင်သူ ထောင်ကျော်မှာ ဘောလုံးကွင်း လေးကွင်းစာမျှ ကျယ်ဝန်းသော စစ်တလင်းကြီးအတွင်း၌ နောက်ဆုံး ရှင်သန်ကျန်ရစ်သူ ရွေးချယ်သည့် စနစ်ဖြင့် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

နောက်ဆုံး ကျန်ရစ်သော ခြောက်ဆယ့်လေးဦးသာလျှင် နောက်တစ်ဆင့်သို့ တက်ရောက်ခွင့် ရရှိပေလိမ့်မည်။

အစီအစဉ်တင်ဆက်သူက စတင်ကြောင်း ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် လူထောင်ပေါင်းများစွာမှာ နေရာအသီးသီးဆီသို့ တည်နေရာ ရွှေ့ပြောင်းခံလိုက်ရလေတော့၏။

ထိုအထဲတွင် ပရိသတ်၏ အာရုံကို အဖမ်းစားနိုင်ဆုံးသော ရထားမောင်းနှင်သူမှာ အခြားသူ မဟုတ်ဘဲ လီရှောင်ရှန်းပင် ဖြစ်နေချေသည်။

အကြောင်းရင်းက မည်သည့်အရာ ဖြစ်မည်နည်း။

"ဟီးဟီး... လူသား မင်းက ဘယ်ကို ပြေးချင်သေးတာလဲ"

"ငါ... ငါ အရှုံးပေးတယ်၊ ငါ အရှုံးပေးပါတယ်ဗျာ"

လီရှောင်ရှန်း၏ လက်ဝါးက ပြိုင်ဘက်၏ နှလုံးသားကို ထိုးဖောက် ဝင်ရောက်သွားပြီး ဆုပ်ကိုင်ကာ ခေါင်းပေါ်သို့ မြှောက်တင်လိုက်သည်။

ပူနွေး ဆူပွက်နေသော နှလုံးသွေးတို့က သူ၏ ပါးစပ်အတွင်းသို့ စီးကျလာပြီး သူ၏ ရူးသွပ် ကြမ်းကြုတ်သည့် အမူအရာက ကြည့်ရှုသူ ပရိသတ်ကြီးကို ထိတ်လန့်သွားစေခြင်း မရှိသည့်အပြင် လူအုပ်ကြီး၏ အားပေး သောင်းသောင်းဖြန်းဖြန်း အော်ဟစ်သံကိုသာ ပို၍ပင် ကျယ်လောင်သွားစေလေ၏။

လီရှောင်ရှန်းမှာ မျိုးနွယ်စု ပြောင်းလဲထားသူ တစ်ဦး ဖြစ်သည်။

မိမိတို့၏ မျိုးနွယ်စုကို အသွင်ပြောင်းထားသည့် ရထားမောင်းနှင်သူများသည် အစပိုင်း လူသစ် ကာလများ၌ သာမန်လူများထက် အဆပေါင်းများစွာ ပိုမို သန်မာကြပေသည်။

လီရှောင်ရှန်းက ရူးသွပ်စွာ သွားဖြဲ ရယ်မောနေပြီး သူ၏ အစစ်အမှန် အစွမ်း ထုတ်ဖော် သိရှိသွားမည်ကို လုံးဝ ဂရုမစိုက်ချေ။

သူ၏ စိတ်ထဲတွင်တော့ သူကိုယ်သူ အစွမ်းအထက်ဆုံးဟု မှတ်ယူထား၏။

သယံဇာတ ရေဒါ မော်ဂျူးကြောင့် ဘူတာရုံကမ္ဘာ အများအပြားကို မဖြတ်သန်းခဲ့ရသော်လည်း သူသည် ထာဝရ ညဉ့်ယံ မြို့တော်၌ မြို့တော်ဝန်ကို မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရသည့် တစ်ဦးတည်းသော လူသစ် ဖြစ်ခဲ့သည်။

ဆိုလိုသည်မှာ သူ၏ ရင်ထဲ၌ ရည်မှန်းချက် ကြီးကြီးမားမား ရှိနေဆဲပင်။

မဟုတ်လျှင် လက်ဆောင်ပေးသည့် နည်းလမ်းဖြင့် သူ၏ ရထားအဆင့်ကို အတင်းအဓမ္မ မြှင့်တင်ခြင်း ခံရသည်မှာ ကြာလှပေါ့။

အချိန်တို့က လျင်မြန်စွာ ကုန်ဆုံးသွားပြီး လူအများစု ပြုတ်ထွက်သွားသည့်အခါ နောက်ဆုံး ခြောက်ဆယ့်လေးဦး စာရင်း ထွက်ပေါ်လာချေပြီ။

လီရှောင်ရှန်းမှလွဲ၍ အာရုံစိုက်မှု အခံရဆုံးသူမှာ ငြိမ်းချမ်းရေး မဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌ ကျောက်အန်းပင် ဖြစ်သည်။

ဤကောင်က အပင်များ၏ ကြီးထွားမှုကို အရှိန်မြှင့်တင်ပေးနိုင်ပြီး အချိန်တိုအတွင်း မျိုးစေ့မှ အပင်အဖြစ်သို့ အတင်းအဓမ္မ ပြောင်းလဲစေနိုင်သည့် ပါရမီ ရှိသည့်အပြင် ရုပ်ရည် ဥပဓိရုပ်ကလည်း ကြည့်ကောင်းလှရာ ဌာနေလူသား အများအပြား၏ သဘောကျ နှစ်ခြိုက်မှုကို ဆွဲဆောင်နိုင်ခဲ့၏။

ကျောက်လင်ကတော့ ပြိုင်ပွဲ စကတည်းက ပုန်းအောင်းရမည့် နေရာတစ်ခုကို ရှာတွေ့ခဲ့ရာ နောက်ဆုံးအချိန်အထိ ဘယ်သူမှ မရှာတွေ့ခဲ့သောကြောင့် ခြောက်ဆယ့်လေးဦး စာရင်းထဲသို့ အလွယ်တကူပင် ဝင်ရောက်သွားလေသည်။

"နည်းနည်းတော့ ပျင်းစရာ ကောင်းသားပဲ..."

သီးသန့် အခန်းငယ်လေးထဲ၌ ရဲချီယန်သည် အသက်မဲ့နေသော မျက်လုံးများဖြင့် ငေးကြည့်နေရင်း လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ ပြိုင်ပွဲဝင်များ၏ မြင်ကွင်း ထောင့်ချိုးများကို ဆက်တိုက် ပြောင်းလဲနေ၏။

နေ့စဉ်ဘဝတွင် တိုက်ပွဲ မြင်ကွင်း အမြောက်အမြားကို ကိုယ်တိုင် ဖြတ်သန်း မြင်တွေ့ခဲ့ဖူးသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

ဤသာမန် ရထားမောင်းနှင်သူများ၏ ရိုးရှင်းလှသော တိုက်ပွဲ မြင်ကွင်းများက သူ့ကို သိပ်ပြီး စိတ်ဝင်စားမှု မဖြစ်စေချေ။

ကြက်ပေါက်စလေးများ အချင်းချင်း အစွမ်းပြပွဲလော။ သေချာပေါက် ထိုအတိုင်းပင်။

ဗီလိန်နှင့် ချောက်နက် စက်ယန္တရားကြီးတို့ကို ချခိုင်းရသလောက်တော့ စိတ်လှုပ်ရှားစရာ ကောင်းမည် မဟုတ်ပေ။

အသေအလဲ တိုက်ပွဲဟု အမည်တပ်ထားသော်ငြား အဆင့် အနည်းငယ် မြင့်မားသည့် ရထားမောင်းနှင်သူများအတွက်မူ တကယ့်ကို ဖျော်ဖြေရေး သက်သက် တီဗီအစီအစဉ် တစ်ခုမျှသာ ဖြစ်ချေသည်။

လူတွေ သေတာလား။ လွင်တီးခေါင်ပြင် ကမ္ဘာကြီးထဲမှာ ဘယ်နေရာမှာ လူမသေတာ ရှိလို့လဲ။

လီရှောင်ရှန်း၏ ရက်စက် ကြမ်းကြုတ်မှု ဆိုသည်မှာ လူအတော်များများအတွက် ခံတွင်းမြိန်စေသည့် အမြည်းသဘောမျှသာ ဖြစ်သည်။

ထို့ကြောင့်ပင် ဤတိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိက ပရိသတ်များမှာ ထိုဌာနေလူသားများနှင့် အဆင့်နိမ့် ရထားမောင်းနှင်သူများသာ ဖြစ်ပေသည်။

"ပြိုင်ပွဲ အစီအစဉ်တွေက... သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းလောက်ဘူး။ ထားလိုက်ပါတော့၊ အပြင်ထွက်ပြီး လမ်းလျှောက်ကြတာပေါ့။ အပြင်မှာ တော်တော်လေး စားလို့ကောင်းတဲ့ ဘာဂါဆိုင်တစ်ဆိုင် ရှိတယ်လို့ ကြားတယ်။ သွားကြစို့ လီဆက်၊ သွားမြည်းကြည့်ရအောင်"

ရဲချီယန်က ထိုင်ရာမှ ထရပ်လိုက်ပြီး သီးသန့် အခန်းထဲမှ တန်းခနဲ ထွက်လာခဲ့သည်။

သူ ပြောသည့် ဘာဂါဆိုင်ဆီသို့ ရောက်လာသောအခါ ထိုနေရာ၌လည်း စစ်တလင်းအတွင်းမှ မြင်ကွင်းများကို ထုတ်လွှင့်နေသည့် တီဗီ ဖန်သားပြင်တစ်ခု ရှိနေ၏။

ဆိုင်ထဲ၌ လူအလွန် နည်းပါးလှသည်။ ဆိုင်ဝန်ထမ်းများမှလွဲ၍ ရဲချီယန်နှင့် ထောင့်တစ်နေရာတွင် ထိုင်နေသော ဘေ့စ်ဘော ဦးထုပ်ဆောင်းကာ မျက်နှာဖုံးနှင့် နေကာမျက်မှန် တပ်ဆင်ထားသည့် အမျိုးသမီး တစ်ဦးသာ ရှိချေသည်။

အစားအသောက် မှာယူပြီး ထိုင်ကာ စိတ်ကူးထဲကလောက် အရသာ မရှိလှသည့် ဘာဂါကို စားသောက်နေစဉ် ထောင့်တစ်နေရာမှ အမျိုးသမီးကမူ သူ့ထံသို့ အကြည့်များကို ဆက်တိုက် ပို့လွှတ်နေ၏။

"...တစ်ဆိတ်လောက်ပါရှင်... ကျွန်မ ဒီမှာ ထိုင်လို့ ရမလား..."

"..."

နားမလည်နိုင်စွာ မော့ကြည့်လိုက်ရင်း ရဲချီယန်သည် စကားမပြောဘဲ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ဆိုင်ထဲ၌ အလွတ်ဖြစ်နေသော ခုံတွေ အများကြီး ရှိနေသည် မဟုတ်ပါလော။ ဒီလူက... တစ်ခုခု အကူအညီ လိုနေလို့များလား။

သူမ၏ အပြုအမူက ထူးဆန်းနေမှန်း သတိထားမိသွားပုံရကာ ထိုအမျိုးသမီးသည် မျက်နှာဖုံးနှင့် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး အောက်ရှိ လှပ သေသပ်သော မျက်နှာလေးကို ဖော်ပြလိုက်သည်။

"ကျွန်... ကျွန်မပါ..."

"..." ဒါ ဘယ်သူပါလိမ့်။

ရဲချီယန်သည် သူမ၏ ရုပ်ရည်ကို သေချာ အကဲခတ် ကြည့်လိုက်သော်လည်း ဘယ်သူမှန်း မမှတ်မိချေ။

"ခင်ဗျားကို ကျွန်တော် သိလို့လား။ မိန်းကလေး လူမှားနေပြီ ထင်တယ်"

"ရှင်... မဟုတ်ဘူး မဟုတ်ဘူး၊ အဲ့ဒါ... ကျွန်မက အဲလစ်လေ။ ရှင် တကယ်ပဲ ကျွန်မကို မမှတ်မိဘူးလား"

ရဲချီယန်၏ မျက်ခုံး တစ်ဖက် အနည်းငယ် ပင့်တက်သွားပြီး ဤနာမည်ကို သူ မှတ်မိလိုက်သည်။

ဤကဲ့သို့သော လွင်တီးခေါင်ပြင်ကြီးထဲ၌ပင် စူပါစတားတစ်ဦး ဖြစ်လာနိုင်သည့် အမျိုးသမီး။ ထို့အပြင် အဘိုကာဒို အမည်ရ အကြမ်းဖက် အဖွဲ့အစည်းမှ ထွက်ပြေး လွတ်မြောက်လာသူလည်း ဖြစ်၏။

"ဪ ကိစ္စ တစ်ခုခု ရှိလို့လား"

တစ်ဖက်လူက နာမည်ကျော် တစ်ယောက် ဖြစ်နေသည့်တိုင်အောင် သူ လုံးဝ ဝမ်းသာ ပျော်ရွှင်မသွားသည့်အပြင် ဤပြဿနာကောင် မိန်းမ သူနှင့် ဝေးဝေးနေလျှင် ပိုကောင်းမည်ဟုပင် ဆန္ဒပြုလိုက်မိသည်။

"ကျွန်မ ထိုင်—"

"မရဘူး။ အဲ့ဒါ ဟိုဘက်က ကျွန်တော့်အိမ်စေ ထိုင်မယ့်နေရာပဲ။ ပြီးတော့ ကျွန်တော်က ခင်ဗျားကို သိတောင် မသိတာ"

အာလူးကြော် ပန်းကန်ကို ကိုင်ဆောင်လျက် လျှောက်လာသော လီဆက်က မျက်တောင် တစ်ချက် ခတ်လိုက်ပြီး အဲလစ်ကို ကွင်းရှောင်ကာ ရဲချီယန်၏ မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်သည်။

"ခရမ်းချဉ်သီးဆော့စ် မရှိတော့ဘူးတဲ့"

ရဲချီယန်သည် စောစောက သူ ပြောခဲ့သော စကားကို ပြန်လည် ရုပ်သိမ်းချင်သွား၏။ ဒါက တကယ့် အမှိုက်ဆိုင်ပဲ။

အဲလစ်မှာ အလွန်အမင်း ရှက်ရွံ့ အနေခက်သွားပြီး ဘာလုပ်ရမှန်း မသိဘဲ ထိုနေရာ၌ပင် ရပ်နေမိတော့သည်။

သို့ရာတွင် ပြီးခဲ့သည့် ရက်အနည်းငယ်လုံး သူမကို ကောင်းကောင်း မအိပ်မနားနိုင်အောင် နှောင့်ယှက်နေခဲ့သည့် ကိစ္စကို သတိရသွား၏။

သွားကို ကြိတ်ကာ ဘေးဘက်သို့ ဝင်ထိုင်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

"ရှင်... ရှင်က အော်တိုစ် မဟုတ်လား... အလိုရှိ ဖမ်းဝရမ်းထဲမှာ ရှင့်ရဲ့ မျက်နှာက မသဲကွဲပေမဲ့... ရှင့်ဘေးက ဒီအိမ်စေ မိန်းကလေးဆီကနေ... သိပ်ကို သာယာ ငြိမ့်ညောင်းတဲ့... အချိန်ကာလရဲ့ ရနံ့တစ်ခုကို ကျွန်မ အာရုံခံမိနေတယ်၊ အဲ့ဒီတုန်းက ရနံ့မျိုးအတိုင်းပဲ"

All Chapters