အခန်း ၄၃၇
Vol. 37 Ch. 437
အခန်း ၄၃၇
"အဲ့ဒါ ဘာအသံကြီးလဲ"
ဧရာမ ရေနွေးငွေ့ ဘုရင်ကြီးထံမှ နားကွဲမတတ် ဟိန်းဟောက်သံကြီး ပဲ့တင်ထပ် ထွက်ပေါ်လာ၏။ ပြင်းထန် ဆူပွက်နေသော အဖြူရောင် ရေနွေးငွေ့များက ကောင်းကင်ယံ တစ်ခုလုံးကို တခဏချင်း ဖုံးလွှမ်းသွားတော့သည်။
"ခန္ဓာကိုယ် ကိုယ်ထည်က ကြီးမားပေမဲ့ အဆင့် ၈ လောက်ပဲ ရှိတာပါ" ဟု စစ်တလင်း၏ အလယ်ဗဟို၌ ထွက်ပေါ်လာသော ဧရာမ စက်ယန္တရားကြီးကို မထီမဲ့မြင် ကြည့်ကာ သွေးစုပ်ဖုတ်ကောင် ကောင့်သခင်က ပြောလိုက်သည်။
သို့ရာတွင် ရေနွေးငွေ့ ဘုရင်ကြီး၏ အပေါ်၌ ပုံရိပ်တစ်ခု ပေါ်လာသည့် အခိုက်အတန့်တွင်မူ ထိုမထီမဲ့မြင် အမူအရာတို့က တခဏချင်း ပြောင်းလဲသွားချေပြီ။ ထိုပုံရိပ်ကား လူသားတစ်ဦးနှင့် အလွန်တရာ ဆင်တူပြီး နှလုံးနှင့် ဝမ်းဗိုက်ပိုင်း မရှိသည့်အပြင် ရွှေရောင် သံချပ်ကာကို ဆင်မြန်းထားသော ဂေါ်ဘလင် ချန်ပီယံ တစ်ကောင်ပင် ဖြစ်၏။
ထို့အပြင် ဦးခေါင်းမရှိဘဲ ခပ်ရေးရေး ဝေဝါးနေသော ပထမမြောက် ဂေါ်ဘလင် တမန်တော်၏ ကျန်ရစ်နေသည့် အတုအယောင် စိတ်စွမ်းအင် ပုံရိပ် ထွက်ပေါ်လာသည့် အခိုက်အတန့်တွင်မူ အရာအားလုံး ပြောင်းလဲသွားခဲ့ချေပြီ။
ပထမ တစ်ကောင်က အနည်းငယ် အက်ကွဲနေသော ကြက်ခြေခတ် သံတူရွင်းကြီးကို ကိုင်ဆောင်လျက် ရေနွေးငွေ့ ဘုရင်ကြီး၏ လေထဲသို့ ပစ်တင်လိုက်ခြင်းကို ခံလိုက်ရပြီး သေခြင်းရှင်ခြင်းကို လုံးဝ ဂရုမစိုက်ဘဲ ကောင်းကင် တစ်ခုလုံး ပြည့်နှက်နေသော သွေးစုပ်ဖုတ်ကောင် မှော်အတတ်ပညာများကို ရင်ဆိုင် တိုက်ခိုက်တော့၏။
အစွမ်းကုန် ရိုက်ချလိုက်သည့် တူချက် တစ်ချက်နှင့်အတူ သွေးစုပ်ဖုတ်ကောင်တို့၏ ရထားတစ်စင်းထက်သို့ အတင်းအဓမ္မ ချိတ်တွယ် တက်ရောက်သွားလေသည်။ ထိုမှတစ်ဆင့် ခေါင်မိုးပေါ် ရောက်သည့်တိုင် ဆက်လက် တွယ်တက်သွားပြီးနောက် အထွတ်အထိပ် ကာလက ဂေါ်ဘလင် ချန်ပီယံ ဘုရင်ကြီး၏ အငွေ့အသက်ကို ပြန်လည် အမှတ်ရစေလောက်သည့် စစ်သံကျွေးကို ဟိန်းဟောက် ကြွေးကြော်လိုက်ပေသည်။
ဒုတိယ တစ်ကောင်ကမူ လောဘတကြီး စားသောက်ခြင်းမှ အသွင်ပြောင်း ဆင့်ခေါ်ထားသော သက်ရှိ တပ်မတော်ကြီးကို ဦးဆောင်လျက် မြေပြင်ထက်ရှိ သွေးစုပ်ဖုတ်ကောင်များကို အသေအလဲ တိုက်ခိုက်နေ၏။ ဦးခေါင်းမရှိသော ထိုပုံရိပ်ကြီးက လက်ကိုင်ရှည် သံတူရွင်းကြီးကို ကိုင်ဆောင် ဝှေ့ယမ်းလိုက်တိုင်း သွေးဆာနေသော လင်းနို့ အုပ်ကြီးမှာ အစုလိုက် အပြုံလိုက် ပြုတ်ကျ သေဆုံးသွားကြရလေသည်။
"ဂေါ်ဘလင်တဲ့လား။ မဟုတ်ဘူး၊ ခေါင်းမရှိတဲ့ ဒီဂေါ်ဘလင်က ဘာကြီးလဲ" ဝိုင်ခွက်ကို ကိုင်ဆောင်ထားသော အိုလစ်ဒ်၏ လက်တို့မှာ တစ်ဆက်ဆက် တုန်ရီလာခဲ့သည်။
သူက ကျောပိုးအိတ်တစ်ခုအတွင်း၌ ဂဏာမငြိမ် ရှာဖွေလိုက်ပြီး အလိုရှိ ဖမ်းဝရမ်း စာရွက် တစ်ထပ်ကို ဆွဲထုတ်လိုက်၏။ "ဒါ မဟုတ်ဘူး၊ ဒါလည်း မဟုတ်ဘူး... ဒါ... ဒါကြီးလား"
【အလိုရှိ ဖမ်းဝရမ်း】
【အင်ပါယာအမိန့်တော် အဖွဲ့အစည်း · နတ်ဆိုး စက်ယန္တရား နဂါးလူသား · အော်တိုစ်】
【ဆုကြေးငွေ။ ရထားဒင်္ဂါး ၂၀,၀၀၀ (အသေ သို့မဟုတ် အရှင်)】
【ဖော်ပြချက်။ နတ်ဆိုးများကို အသုံးပြုသော ဆိုးယုတ်သည့် ရထားမောင်းနှင်သူ။ တိုက်ခိုက်ရေးစွမ်းအားမှာ ပြိုင်ဘက်ကင်း၏။ သူ၏ အစစ်အမှန် ရုပ်သွင်ကို မည်သူမျှ မသိရှိကြချေ။ ရက်စက် ကြမ်းကြုတ်ပြီး ထိတ်လန့်ဖွယ်ရာ ကောင်းသလို သွေးဆာ မက်မောတတ်သူ ဖြစ်သည်။ သတ်ဖြတ်ခြင်းကို မြတ်နိုး၍ ဖျက်ဆီးခြင်းကို နှစ်ခြိုက်၏။ မြို့တော်များအတွင်း အကြိမ်အနည်းငယ် ပေါ်ပေါက်ခဲ့ဖူးပြီး ထင်ရှားသော လက္ခဏာများမှာ မှောင်မိုက်သော ရွှေရောင်အဖြစ် အသွင်ပြောင်းနိုင်သည့် စက်ယန္တရား နဂါးကြီး တစ်ကောင်နှင့် ဓားကိုင်ဆောင်ထားသော ဆံပင်နီနှင့် နတ်ဆိုးမလေး တစ်ကောင်တို့ ဖြစ်ကြသည်။】
【သတိပေးချက်။】
【ဤသူနှင့် ကြုံတွေ့ရသော သာမန် ရထားမောင်းနှင်သူများအနေဖြင့် ချက်ချင်း ထွက်ပြေး လွတ်မြောက်ရန် အကြံပြုအပ်ပါသည်။ အကယ်၍ ထွက်ပြေးရန် မဖြစ်နိုင်ပါက ချက်ချင်း ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ကြပါ။】
【နတ်ဆိုး၏ နည်းလမ်းများမှာ အလွန် ထိတ်လန့် ခြောက်ခြားဖွယ် ကောင်းလှရာ သူ၏ လက်တွင်းသို့ ကျရောက်သွားပါက သေတာထက် ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ရပေလိမ့်မည်။】
"နတ်... နတ်ဆိုး စက်ယန္တရား နဂါးလူသားတဲ့လား။ သူ ဖြစ်နေတာလား။ ဒီလို ပုဂ္ဂိုလ်မျိုးက ဘာလို့ လူသစ် ရထားမောင်းနှင်သူတွေလောက်ပဲ အာရုံစိုက်တဲ့ မြို့တော်ငယ်လေးဆီ ရောက်လာရတာလဲ"
"သောက်ကျိုးနည်း"
ကိုယ့်အရည်အချင်းနှင့်ကိုယ် ဤမျှ ထိတ်လန့်ဖွယ် ကောင်းသော သက်ရှိကြီးကို အနိုင်ယူ တိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်ကြောင်း အိုလစ်ဒ် ကောင်းစွာ သိရှိနေ၏။ သူသည် ရထားအဆင့် ၃၆ ရှိသော အဆင့်မြင့် ရထားမောင်းနှင်သူ တစ်ဦး ဖြစ်ရာ နောက်ထပ် တစ်ဆင့်လောက်သာ ထပ်တက်နိုင်ခဲ့လျှင် မာကွေ့စ် အဆင့်သို့ မြှင့်တင်ခံရပြီး ကိုယ်ပိုင် ကမ္ဘာငယ် နယ်မြေတစ်ခု ရရှိတော့မည် ဖြစ်သည်။ ဤတာဝန်ကိုသာ အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့မည် ဆိုလျှင်လေ... သို့ရာတွင် သူက အော်တိုစ်နှင့်မှ လာဆုံနေရသည် တကား။ အင်ပါယာအမိန့်တော် အဖွဲ့အစည်း၏ နတ်ဆိုး စက်ယန္တရား နဂါးလူသားနှင့်ပင်။
"ထွက်ပြေးရမယ်၊ ငါ ပြေးမှ ဖြစ်မယ်။ ဒီနေရာမှာ လုံးဝ အသေခံလို့ မဖြစ်ဘူး"
အိုလစ်ဒ်က ထွက်ခွာရန် မတ်တပ် ရပ်လိုက်ခိုက် မကြာမီ အချိန်အထိ စကားတစ်ခွန်းမျှ မပြောဘဲ တိတ်ဆိတ်နေခဲ့သော အဘိုကာဒို၏ အဘိုးအို ကျုံမော့ကျင်းက မုတ်ဆိတ်မွေးကို သပ်လျက် တခစ်ခစ် ရယ်မောကာ ပြောလိုက်၏။
"ကောင့်သခင် အိုလစ်ဒ်၊ ဘာလို့ ဒီလောက်တောင် ထိတ်လန့် ကြောက်ရွံ့နေရတာလဲ"
"နတ်ဆိုး စက်ယန္တရား နဂါးလူသားတဲ့လား... ဟင်း၊ သူက တကယ်ပဲ အစွမ်းထက်လှတဲ့ ရထားမောင်းနှင်သူ တစ်ယောက်ပါ။"
"ဒါပေမဲ့ ကျွန်ုပ် အဘိုးအိုကလည်း သိပ်ပြီး ညံ့ဖျင်းလှတာ မဟုတ်တော့ သူ့ကို အချိန်အတိုင်းအတာ တစ်ခုအထိတော့ ထိန်းချုပ် တားဆီးထားနိုင်ပါသေးတယ်"
"အဲ့ဒီအချိန်အတွင်း ခင်ဗျားအနေနဲ့ သွေးစုပ်ဖုတ်ကောင် အစစ်အမှန် ဘိုးဘေးဆီ စစ်ကူလွှတ်ပေးဖို့ သွားရောက် အကြောင်းကြားသင့်တယ် မဟုတ်လား"
"မမေ့ပါနဲ့၊ အရှင် အော်တိုစ်က ကတ်ပြား အစီအစဉ် ပိုင်ရှင် တစ်ယောက် ဖြစ်ပြီး ခင်ဗျားတို့ ကိုးကွယ် ယုံကြည်တဲ့ သွေးနတ်ဘုရားကလည်း... ဒီလို ယဇ်ပူဇော်ရာ အရာမျိုးကို လိုအပ်နေတာ မဟုတ်ပေဘူးလား"
လူသားများက နတ်ဘုရားများကို အမဲလိုက်ကြသကဲ့သို့ နတ်ဘုရားများကလည်း လူသားများကို အမဲလိုက်တတ်ကြစမြဲ ဖြစ်၏။ လူသားများက နတ်ဘုရားတို့၏ အမြုတေများကို အသုံးပြု၍ စွမ်းအား တည်ဆောက်ကြသလို နတ်ဘုရားများကလည်း အစွမ်းထက် လူသားတို့၏ ယဇ်ပူဇော်မှုဖြင့် မိမိတို့၏ အဆင့်အတန်းကို မြှင့်တင်ကြလေသည်။
ကျုံမော့ကျင်းက ဖြည်းညင်းစွာ မတ်တပ် ထရပ်လိုက်ပြီး တုတ်ကောက်ကို မြေပြင်ထက်သို့ ခပ်ဖွဖွ ခေါက်လိုက်သည်။
"ကျွန်ုပ် အဘိုးအို ရှုံးမရှုံး ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့"
သူ၏ အသံကား တဖြည်းဖြည်း နုပျို သန်စွမ်းလာခဲ့၏။
ခါးကိုင်းကိုင်း ခန္ဓာကိုယ်ကြီးကလည်း ဖြည်းညင်းစွာ မတ်မတ် ပြင်လာပြီး တစ်ကိုယ်လုံးမှာ အိုမင်း ချည့်နဲ့နေသည့် အခြေအနေမှ သန်မာ တောင့်တင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားကြီး တစ်ဦးအဖြစ်သို့ အသွင်ပြောင်းလဲ သွားတော့သည်။
"အိုကွယ်... အချိန်အကြာကြီး စုဆောင်းထားခဲ့ရတာကို မူလက ထုဖေးပိုင် ဆိုတဲ့ကောင်အပေါ် ထုတ်သုံးမလို့ စိတ်ကူးထားတာ။ ဟီးဟီး... အခုတော့ ပစ်မှတ် ပြောင်းရတော့မယ့် ပုံပဲ"
ဟောင်းနွမ်း စုတ်ပြတ်နေသော တုတ်ကောက်ကြီးက မိုးပြာရောင် ကျောက်မျက်ရတနာ မြှုပ်နှံထားသည့် ရာဇလှံတံကြီး တစ်ခုအဖြစ် ပြောင်းလဲသွား၏။
ရာဇလှံတံ၏ ထိပ်ဖျားက ရှေ့သို့ ချိန်ရွယ်လိုက်သည်။
ဖြောင်း။
ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသော မှန်ပြတင်းပေါက်ကြီးမှာ တခဏချင်း အမှုန့်အဖြစ် ကွဲကြေ သွားတော့သည်။
သို့ရာတွင် ကွဲကြေသွားသော မှန်စများက အောက်သို့ ပြုတ်ကျမသွားဘဲ ကျုံမော့ကျင်း၏ ထိန်းချုပ်မှုအောက်တွင် ကောင်းကင်ယံဆီသို့ ဦးတည်နေသည့် ဖန်သား လှေကားထစ်များအဖြစ် အသွင်ပြောင်းလဲ သွားခဲ့ချေပြီ။
"ကောင့်သခင် အိုလစ်ဒ်၊ ကျွန်ုပ် ပြောခဲ့တာကို မမေ့ပါနဲ့။ ကျွန်ုပ်တို့ အဘိုကာဒိုအနေနဲ့ ဒီအရောင်းအဝယ်ကို သဘောတူ လက်ခံပြီးမှတော့ ကတိဖျက်မှာ မဟုတ်ဘူး"
အိုလစ်ဒ်မှာ မူလကတည်းက သွေးရောင်မရှိသည့် ဖြူရော်ရော် မျက်နှာကြီးက အနည်းငယ် ပြာနှမ်းလာလျက် နေရာတွင်ပင် ရပ်နေမိ၏။
သူက ထိပ်တန်းအဆင့် ရထားမောင်းနှင်သူ တစ်ယောက်လော။
လုံးဝ မဟုတ်ချေ။
အိုလစ်ဒ်သည် ဤအဆင့်၌ တစ်ဆို့ ရပ်တန့်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူက အဆင့်မတက်ချင်၍ မဟုတ်ဘဲ ထာဝရ ညဉ့်ယံ မြို့တော်အတွင်း၌ အဆင့်မြင့် သွေးစုပ်ဖုတ်ကောင်များ အားလုံး ကိုယ့်ရထားအဆင့်ကို မြှင့်တင်လိုပါက အထူး ကုန်ကြမ်းပစ္စည်းများ ပိုင်ဆိုင်ထားလျှင်တောင်မှ အစစ်အမှန် ဘိုးဘေးကြီး ပေးအပ်သော တာဝန်တစ်ခုကို အောင်မြင်အောင် ထမ်းဆောင်ပြီးမှသာ အဆင့်တက်ခွင့် ရရှိနိုင်သောကြောင့်ပင်။
အတင်းအဓမ္မ အဆင့်တက်ရန်လော။
လုံးဝ မဖြစ်နိုင်ပေ။
အစစ်အမှန် ဘိုးဘေးကြီး တစ်ရက်တာ တည်ရှိနေသရွေ့၊ သွေးနတ်ဘုရား တစ်စက္ကန့်မျှ ရှင်သန်နေသရွေ့ သွေးစုပ်ဖုတ်ကောင်များ အားလုံးသည် မိမိတို့ မျိုးနွယ်စု၏ အခြေခံအကျဆုံး မော်ဂျူး ကန့်သတ်ချက်ကို မည်သို့မျှ မဆန့်ကျင်နိုင်ကြချေ။
၎င်းတို့ကို နားထောင်လို့ ကောင်းအောင် သွေးစုပ်ဖုတ်ကောင်များဟု ခေါ်ဆိုကြသော်ငြား အမှန်တကယ်တော့... သူတို့ အားလုံးမှာ သွေးနတ်ဘုရား၏ သွေးကျွန်များ သက်သက်သာ ဖြစ်ကြ၏။
"ဒီအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရရင် နောက်တစ်ခေါက် အဆင့်တက်ဖို့ အခွင့်အရေးက ဘယ်တော့ ရောက်လာဦးမလဲ ဆိုတာ မသိနိုင်တော့ဘူး... သောက်ကျိုးနည်း၊ ဒီထက် ပိုပြီး အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး"
အိုလစ်ဒ်က သွားကို ကြိတ်ကာ စိန်တုံး ပုံသဏ္ဌာန် ပုံဆောင်ခဲတစ်ခုကို ထုတ်ယူလိုက်သည်။
ဤကမ္ဘာကြီးဆီသို့ ဝင်ရောက် ထွက်ခွာ၍ မရနိုင်တော့သလို ပြင်ပလောကနှင့်လည်း ဆက်သွယ်၍ မရနိုင်တော့သည့် အခြေအနေအောက်တွင် ဤစိန်တုံး ပုံဆောင်ခဲက ထာဝရ ညဉ့်ယံ မြို့တော်နှင့် လွယ်ကူစွာ အဆက်အသွယ် ပြုလုပ်နိုင်စွမ်း ရှိနေ၏။
ထိုသို့ ဆက်သွယ်နိုင်သည့် ပုဂ္ဂိုလ်မှာလည်း တစ်ဦးတည်းသာ ရှိချေသည်။
"ဘိုးဘေးကြီး... ပင်လယ်စွန်ရဲကျွန်းမှာ ပြဿနာ တက်နေပါပြီ။ အင်ပါယာအမိန့်တော် အဖွဲ့အစည်းက နတ်ဆိုး စက်ယန္တရား နဂါးလူသား အော်တိုစ် ဒီနေရာကို ရောက်လာခဲ့ပြီ။ သူ... သူက သွေးစုပ်ဖုတ်ကောင်တွေကို အသေအလဲ တိုက်ခိုက် ချေမှုန်းမယ်လို့ ကြွေးကြော်နေပါတယ်"
အိုလစ်ဒ်၏ မျက်လုံးများထဲ၌ နာကြည်း မုန်းတီးမှုတို့ လျှပ်ခနဲ ဖြတ်ပြေးသွား၏။
"တောင်းပန်ပါတယ်၊ မာကွေ့စ် အဆင့်ထက် မြင့်မားတဲ့ တန်ခိုးရှင် တစ်ပါးကို ဒီဆီ စေလွှတ်ပေးတော်မူပါ။ မောက်မာ ရဲတင်းလှတဲ့ အဲ့ဒီ အင်ပါယာအမိန့်တော်က နတ်ဆိုးကို ဒီနေရာမှာတင် ခြေမမှုန့် ချေမှုန်းပစ်လိုက်ပါ။ ဒီနတ်ဆိုးရဲ့ သွေးနဲ့ သွေးနတ်ဘုရားဆီ ယဇ်ပူဇော်ကြပါစို့"
ပုံဆောင်ခဲ၏ တစ်ဖက်ခြမ်းတွင်မူ ထာဝရ ညဉ့်ယံ မြို့တော်၏ မြို့တော်ဝန်၊ သွေးစုပ်ဖုတ်ကောင်တို့၏ အစစ်အမှန် ဘိုးဘေး ကာစတိန်းက သူ၏ ဝိုင်ခွက်ကို အောက်သို့ ချလိုက်သည်။
သူ၏ မျက်လုံးများထဲ၌ ကျေနပ် အားရမှုနှင့် အံ့ဩ အံ့အားသင့်မှုတို့ ယှက်သန်းနေ၏။
"အင်ပါယာအမိန့်တော် အဖွဲ့အစည်းက နတ်ဆိုးတစ်ကောင် ဟုတ်လား"
"အပြည့်အဝ ကြီးထွားလာခြင်း မရှိသေးတဲ့ အဆင့်မြင့် ကတ်ပြား အစီအစဉ် စုဆောင်းသူ တစ်ယောက်ပဲ"
"သူ့ကို ပုခက်ထဲမှာတင် ခြေမမှုန့် သတ်ဖြတ်နိုင်ခဲ့မယ် ဆိုရင်..."
"ဟီးဟီး..."
ကာစတိန်း၏ စိတ်ခံစားမှုမှာ အထူးတလည် ကောင်းမွန် နေတော့သည်။
အင်ပါယာအမိန့်တော် အဖွဲ့အစည်း၏ နတ်ဆိုး အော်တိုစ်။
ဤလူသားသည် နတ်ဆိုး ကတ်ပြား ခုနစ်ခုကိုပင် စုဆောင်းမိနေခဲ့ချေပြီ။
လွတ်လပ်စွာ ထားရှိလိုက်ပါက နောက်ထပ် ကောင်းကင်တမန် ရှာယာ တစ်ယောက် မလွဲမသွေ မွေးဖွားလာပေလိမ့်မည်။
သို့ရာတွင် ရထားမောင်းနှင်သူ တစ်ဦးက လွင်တီးခေါင်ပြင်ထဲသို့ ဝင်ရောက်သွားပြီးတာနှင့် လိုက်လံ ဖမ်းဆီး သတ်ဖြတ်ရန် အလွန် ခက်ခဲသွားတတ်၏။
အိမ်ပြန်ချင်သူများကပင် အင်ပါယာအမိန့်တော် အဖွဲ့အစည်းမှ အဖွဲ့ဝင်များကို မည်သို့ တိုက်ခိုက် နှိမ်နင်းရမည်ကို ယခုထက်တိုင် ဆွေးနွေး တိုင်ပင်နေကြဆဲ ဖြစ်သည်။
ယခုကား အကောင်းဆုံး အခွင့်အရေးကြီးပင်။
"အိုလစ်ဒ်... မင်း လုပ်တာ သိပ်ကောင်းတယ်။ အဲ့ဒီနေရာမှာပဲ စောင့်နေစမ်းပါ၊ သွေးစုပ်ဖုတ်ကောင် မြို့စား တစ်ယောက်ကို တပ်ဖွဲ့တွေ ဦးဆောင်ပြီး အဲ့ဒီဆီ ငါ စေလွှတ်လိုက်မယ်"
"မင်းရဲ့ နှလုံးသားကို ပူဇော်ဖို့ ပြင်ဆင်ထားလိုက်တော့"
အိုလစ်ဒ်သည် မကျေမနပ် ဖြစ်ခြင်းတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြမ်းပြင်ထက်သို့ ဒူးထောက် ဝပ်တွားလိုက်၏။
"အမိန့်တော်အတိုင်းပါ"
သူ၏ နှလုံးသားမှာ ထာဝရ ညဉ့်ယံ မြို့တော်မှနေ၍ ဤနေရာဆီသို့ သွေးစုပ်ဖုတ်ကောင် မြို့စား တည်နေရာ ရွှေ့ပြောင်းလာမည့် ဆက်သွယ်ရေး အမှတ်အသားတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။
ဆက်သွယ်မှု ပြီးဆုံးသွားပြီး ပုံဆောင်ခဲမှာ ကွဲကြေ ပျက်စီးသွားလေ၏။
အိုလစ်ဒ်သည် အပြင်ဘက်၌ တိုက်ခိုက်နေကြသော ရေနွေးငွေ့ ဘုရင်ကြီးများကို နာကြည်း မုန်းတီးစွာ လှမ်းကြည့်လိုက်သည်။
ဤဧရာမ စက်ယန္တရားကြီး၏ နောက်ကွယ်တွင် ရှိနေသော သူတစ်ဦးကို စိုက်ကြည့်နေသည့်အလားပင်။
နတ်ဆိုး အရှင်သခင်ကြီးကိုလေ။