အခန်း ၅၃၁
Vol. 54 Ch. 531
အခန်း (၅၃၁)
" ဖုန်းအာ ငါက မင်းနဲ့ မတွေ့ခင်တုန်းက သက်တမ်းနှစ်တစ်ရာထက် မပိုတဲ့ သာမန်လူသားတစ်ယောက်ပဲ။ ဒါပေမယ့် အခုတော့ အင်ပါယာကံကြမ္မာနဲ့ ပေါင်းစည်းပြီး သက်တမ်းက ရှည်လျားနေပြီ။ အရင်ဘုရင်တွေထက် သာလွန်နေပြီ။ " ရင်ကျန့်က အားရပါးရ ရယ်မောလိုက်သည်။
" အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ငါ့ရဲ့ ချင်အင်ပါယာကို ဖျက်ဆီးပြီး ငါ့ရဲ့ ပြည်သူတွေကို စားသောက်ချင်နေကြတယ်။ ငါက ဒါကို ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ။ သူတို့က ငါ့အသက်နဲ့ ငါ့ပြည်သူတွေကို လိုချင်တယ်ဆိုရင်တော့ သူတို့နဲ့ အဆုံးထိ တိုက်သွားမယ်။ သေရင်တောင် နောက်တမရှိဘူး။ "
ထိုစကားများကို ကြားသောအခါ ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။ " ခမည်းတော် စိတ်မပူပါနဲ့။ ရှန်းကျိုးနယ်မြေရဲ့ ကံကြမ္မာစွမ်းအားက စုစည်းနေတော့ အခုလောလောဆယ် သူတို့က သားတော်တို့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ သားတော်တို့မှာ အချိန်အလုံအလောက်ရှိပါတယ်။ ပြီးတော့ သိုင်းတာအိုကို ဖြန့်ဝေရမယ့်အချိန်ရောက်ပြီ။ ဟွာရှလူမျိုးတိုင်း သိုင်းတာအိုကို လေ့ကျင့်နိုင်ရမယ်။ "
" အင်း မင်းပြောတဲ့အတိုင်း လုပ်ရမယ်။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး သိလိုစိတ်ဖြင့် ထပ်မေးလိုက်သည်။ " ဒါနဲ့ ဖန်လိုင်ကျွန်းက အင်မော်တယ်က ဘယ်လောက်သန်မာလဲ။ "
" အဲ့ဒီအင်မော်တယ်တမန်တော်က တကယ်အင်မော်တယ်မဟုတ်သေးပါဘူး။ သားတော် သူ့ကို သတ်လိုက်ပြီ။ ဒါပေမယ့် သူ့ရဲ့ ဝိညာဉ်ကိုတော့ ဖမ်းဆီးလာခဲ့တယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်ပြီး သူ၏ လက်ဝှေ့ရမ်းလိုက်သည်။
ကံကြမ္မာထိန်းချုပ်ခြင်းအိုးက ပေါ်လာပြီး အထဲတွင် အင်မော်တယ်တမန်တော်၏ ဝိညာဉ်ကို ဖမ်းဆီးထားသည်။ အင်မော်တယ်တမန်တော်က ကျောက်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်နေသည်။
" ငါမေးမယ်။ မင်းဖြေရမယ်။ " ကျောက်ဖုန်းက အင်မော်တယ်တမန်တော်ကို ကြည့်ပြီး ပြောလိုက်သည်။
"ငါက ကောင်းကင်ဘုံရဲ့ အင်မော်တယ်တစ်ယောက်ပဲ။ မင်းသာ ငါ့ရဲ့ ဝိညာဉ်ကို ဖျက်ဆီးရဲရင် ကောင်းကင်ဘုံကလည်း မင်းရဲ့ ဝိညာဉ်ကို ငရဲဘုံကို ပို့ပြီး ထာဝရချုပ်နှောင်ထားလိမ့်မယ်။ " အင်မော်တယ်တမန်တော်က ကျောက်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်ပြီး ပြောလိုက်သည်။
ကျောက်ဖုန်းက ဘာမှမပြောဘဲ မရဏလောကမီးတောက်ကို စုစည်းကာ အင်မော်တယ်တမန်တော်ဆီသို့ ပစ်လွှတ်လိုက်သည်။
" အား..... အား....." မရဏလောက်မီးတောက်က ကျောက်ဖုန်း၏ ထိန်းချုပ်မှုအောက်တွင် သူ၏ ဝိညာဉ်ကို ဖြည်းညင်းစွာ လောင်ကျွမ်းနေပြီး ပြင်းထန်သော နာကျင်မှုကို ခံစားသွားရစေသည်။
" ငါ ထိန်းချုပ်ထားတဲ့ ဒီမီးတောက်က ဝိညာဉ်တွေကို ဖျက်စီးပစ်နိုင်တယ်။ မင်းမပြောရင် ဒီမီးတောက်နဲ့ မင်းကို နှစ်ပေါင်းထောင်ချီ လောင်ကျွမ်းနေအောင်လုပ်မယ်။ မင်းရဲ့ ဝိညာဉ်မပျက်စီးမချင်း အဆုံးမရှိတဲ့ နာကျင်မှုကို ခံစားစေရမယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
အချိန်ခဏကြာပြီးနောက်။
" ပြောပါမယ်၊ ပြောပါမယ်။ ဘာတွေမေးချင်တာလဲ။ " အင်မော်တယ်တမန်တော်က နောက်ဆုံးတွင် မခံနိုင်တော့ဘဲ တောင်းပန်လိုက်သည်။
၎င်းကို မြင်သောအခါ ကျောက်ဖုန်းက မရဏလောကမီးတောက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
" သူတော်စင်တွေ ဘယ်ရောက်သွားတာလဲ။ " ကျောက်ဖုန်းက တိုက်ရိုက်မေးလိုက်သည်။
ရင်ကျန့်က ထိုစကားများကို နားမလည်ပေ။
" မင်းက သူတော်စင်တွေအကြောင်းက်ု သိနေတာလား။ "အင်မော်တယ်တမန်တော်က ကျောက်ဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
" စကားအပိုတွေမပြောနဲ့။ မေးတာဖြေ။ ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
" ဒဏ္ဍာရီတွေအရ နတ်ဘုရားချီးမြှောက်ခြင်းအပြီးမှာ သူတော်စင်တွေအားလုံးက ကောင်းကင်အလွန်ကို ဝင်ရောက်သွားကြပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး။ " အင်မော်တယ်တမန်တော်က ကျောက်ဖုန်းကို မကျေမနပ်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။
" ကောင်းကင်အလွန်က ဖရိုဖရဲဟင်းလင်းပြင်ဖြစ်လိမ့်မယ်။ သူတွေစင်တွေအားလုံး ဖရိုဖရဲဟင်းလင်းပြင်မှာ စုဝေးနေကြတာ ဘာလုပ်ဖို့လဲ။ အဲ့ဒီနောက်မှာ ကမ္ဘာကြီးတစ်ခုလုံးက သူတော်စင်မရှိတဲ့ခေတ်ကို ရောက်သွားတယ်။ ငါသိတဲ့ကမ္ဘာနဲ့တော့ ကွဲပြားနေတယ်။ ငါမှတ်မိသလောက်ဆိုရင် နတ်ဘုရားချီးမြှောက်ခြင်းအပြီးမှာ အနောက်ဘက်ခရီးသွားခြင်းရှိခဲ့တယ်။ အဲ့ဒါတွေအားလုံးက သူတော်စင်တွေရဲ့ ကြိုးကိုင်မှုပဲ။ ဒါပေမယ့် အခုတော့ သူတော်စင်တွေ ပျောက်ကွယ်သွားပြီ။ " ကျောက်ဖုန်းက နက်ရှိုင်းစွာ စဉ်းစားလိုက်သည်။
" အင်မော်တယ်ဘုံမှာ ဘယ်အဖွဲ့အစည်းက အသန်မာဆုံးလဲ။ ပဋိပက္ခတွေရော ရှိလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" အင်မော်တယ်ဘုံမှာ အနောက်ဘက်ဗုဒ္ဓနယ်မြေနဲ့ ငါတို့ရဲ့ ကောင်းကင်ဘုံက အသန်မာဆုံးပဲ။ နတ်ဘုရားချီးမြှောက်ခြင်းကို ကြုံတွေ့ပြီးတဲ့နောက်မှာ ငါတို့ရဲ့ ကောင်းကင်ဘုံက နတ်ဘုရားတွေ အများကြီးရှိခဲ့တယ်။ ဗုဒ္ဓနယ်မြေကလည်း အဲ့ဒီကတည်းက အင်အားကြီးမားလာခဲ့တာ။ " အင်မော်တယ်တမန်တော်က ပြောလိုက်သည်။
" အင်မော်တယ်ဘုံက လူအားလုံးက စိတ်ဝိညာဉ်အမြစ်ဆေးလုံးတွေကို စားသုံးကြတာလား။ စိတ်ဝိညာဉ်အမြစ်ဆေးလုံးက ဘယ်ကလာတာလဲ။ အင်မော်တယ်ဘုံရဲ့ တိုက်ကြီးလေးတိုက်ထဲမှာရှိတဲ့ အဖွဲ့အစည်းအားလုံးက စိတ်ဝိညာဉ်အမြစ်ဆေးလုံးကို စားသုံးကြတာလား။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။
" ငါ စိတ်ဝိညာဉ်အမြစ်ဆေးလုံး ဘယ်ကလာလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ။ ငါတို့စားတဲ့ဆေးတွေက ကောင်းကင်ဘုံက ပေးတာတွေပဲ။ " အင်မော်တယ်တမန်တော်က တုန်ယင်စွာ ပြန်ဖြေလိုက်သည်။
" မင်းမှာ စိတ်ဝိညာဉ်အမြစ်ဆေးလုံးရှိလား။ "
" စိတ်ဝိညာဉ်အမြစ်ဆေးလုံးက အရမ်းတန်ဖိုးကြီးတယ်။ ကောင်းကင်ဘုံအတွက် အလုပ်လုပ်ပေးတဲ့သူတွေပဲ ဒါကိုရတာ။ ငါ ငါက လူသားဘုံမှ နှစ်တစ်ထောင် အလုပ်လုပ်ပေးခဲ့လို့ ဒါကို ရခဲ့တာ။ ဒီလိုတန်ဖိုးကြီးတဲ့အရာကို အလကားတော့ မပေးနိုင်ဘူး။ " အင်မော်တယ်တမန်တော်က ပြန်ဖြေလိုက်သည်။
" ဒါဆို အင်မော်တယ်ဘုံက လူတိုင်းက စိတ်ဝိညာဉ်အမြစ်ဆေးလုံးကို မစားရဘူးပေါ့။ မစားရတဲ့သူတွေကိုတော့ သွေးအစာတွေအဖြစ် မွေးမြူထားတာဖြစ်ရမယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
အင်မော်တယ်တမန်တော်က ကျောက်ဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ " မင်းက သွေးအစာတွေအကြောင်းလည်း သိနေတာလား။ မင်းက ဘယ်သူလဲ။ မင်းက ဝူကျွမ်းဘုရားကျောင်း ဒါမှမဟုတ် အနောက်ခွန်လွန်ကလာတာလား။ မဟုတ်ဘူး...မင်းဆီမှာ စိတ်ဝိညာဉ်စွမ်းအားမရှိဘူး။ မင်းရဲ့ စွမ်းရည်တွေကလည်း အင်မော်တယ်နည်းစနစ်တွေမဟုတ်ဘူး။ မင်းက တကယ်ဘယ်သူလဲ။ "
" ငါက မင်းကို မေးနေတာ မင်းငါ့ကို ပြန်မမေးနဲ့။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ " ဝူကျွမ်းဘုရားကျောင်းနဲ့ အနောက်ခွန်လွန် ဒီအဖွဲ့အစည်းနှစ်ခုက စိတ်ဝိညာဉ်အမြစ်ဆေးလုံး မစားကြဘူးလား။ "
ကျောက်ဖုန်းက ကွေ့ကူကျိကို ကြည့်လိုက်သည်။
" အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုးက အင်မော်တယ်ဘုံမှာ သီးခြားကျင့်ကြဲသူတစ်ယောက်ဖြစ်ခဲ့တာပါ။ အင်မော်တယ်ဘုံအကြောင်း သိပ်မသိပါဘူး။ " ကွေ့ကူကျိက ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။
" စိတ်ဝိညာဉ်အမြစ်ဆေးလုံးက ကောင်းကင်ဘုံနဲ့ ဗုဒ္ဓနယ်မြေမှာပဲရှိတဲ့ ကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲ။ လူတိုင်းသာ စိတ်ဝိညာဉ်အမြစ်ဆေးလုံးကို စားခွင့်ရမယ်ဆိုရင် သွေးအစာက ဘယ်ကရလာမှာလဲ။ ဝူကျွမ်းဘုရားကျောင်းနဲ့ အနောက်ခွန်လွန်က စိတ်ဝိညာဉ်အမြစ်ဆေးလုံးမရနိုင်တဲ့ အဖွဲ့အစည်းနှစ်ခုပဲ။ သူတို့နေရာမှာပဲ တိတ်တိတ်ဆိတ်ဆိတ် နေနေကြတာ။ " အင်မော်တယ်တမန်တော်က မောက်မာသော လေသံဖြင့် ပြောလိုက်သည်။
" မင်းစကားအရဆို လက်ရှိ အင်မော်တယ်ဘုံမှာ အင်အားအကြီးဆုံးက ကောင်းကင်ဘုံနဲ့ ဗုဒ္ဓနယ်မြေပေါ့။ သူတို့က ဘယ်လောက်တောင်အင်အားကြီးလဲ။ " ကျောက်ဖုန်းက ဂရုမစိုက်ဘဲ မေးလိုက်သည်။
" အင်း အဲ့ဒါက..." အင်မော်တယ်တမန်တော်က ဘာပြောရမှန်းမသိတော့ပေ။
" ဘာပဖြစ်ဖြစ် မင်းက အောက်ဘုံက ကျင့်ကြံသူတစ်ယောက်ဆိုတော့ အင်မော်တယ်ဘုံအကြောင်း သိပ်သိမှာမဟုတ်ဘူး။ အင်မော်တယ်ဘုံအကြောင်း မင်းဆီက ဒီလောက်သိရတာနဲ့တင် လုံလောက်ပါပြီ။ ဒါဆို အခု လူသားဘုံမှာ ကျင့်ကြံသူ ဘယ်နှစ်ယောက်ရှိလဲ။ " ကျောက်ဖုန်းက နောက်ထပ်မေးခွန်းတစ်ခုကို မေးလိုက်သည်။
" ရှန်းကျိုးနယ်မြေထဲမှာတော့ ကျင့်ကြံသူတွေ မရှိဘူး။ ကျင့်ကြံခြင်းလမ်းစဉ်ကို ဖျက်ဆီးပြီး စိတ်ဝိညာဉ်အကြောတွေကို ဖြတ်တောက်ထားတယ်။ ရှန်းကျိုးနယ်မြေရဲ့ အပြင်ဘက်မှာတော့ ကျင့်ကြံသူတွေရှိတယ်။ ငါက ကောင်းကင်ဘုံကဖြစ်ပြီး အနောက်ဘက်နယ်စပ်မှာ ဗုဒ္ဓနယ်မြေက ကျင့်ကြံသူတွေရှိတယ်။ " အင်မော်တယ်တမန်တော်က ပြောလိုက်သည်။
" ဗုဒ္ဓနယ်မြေက ကျင့်ကြံသူတွေ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
လူသားဘုံတွင် ကောင်းကင်ဘုံနှင့် ဗုဒ္ဓနယ်မြေကပါ ကျင့်ကြံသူများ ပေါ်လာခွင့်ပြုမည်မဟုတ်ပေ။ သူတို့က ရှန်းကျိုးနယ်မြေ၏ ကံကြမ္မာစွမ်းအားကို သန်မာစေနိုင်သောကြောင့် ကျင့်ကြံခြင်းလမ်းစဉ်ကို ဖြတ်တောက်ထားခြင်းဖြစ်သည်။ ရှန်းကျိုးနယ်မြေတွင် ကျင့်ကြံသူများမရှိလျှင် ကံကြမ္မာစွမ်းအားက အချိန်တန်လျှင် ပြိုကွဲသွားပေလိမ့်မည်။ ထိုအချိန်တွင် ရှန်းကျိုးနယ်မြေကို အင်မော်တယ်ဘုံထဲ ပေါင်းထည့်ပြီး ရှန်းကျိုး၏ ကံကြမ္မာစွမ်းအားကို လုယူနိုင်မည်ဖြစ်သည်။ ထိုကိစ္စက ကောင်းကင်ဘုံနှင့် ဗုဒ္ဓနယ်မြေ၏ ရည်ရွယ်ချက်က အတူတူပင်ဖြစ်သည်။
" မင်းငါ့ကို ဘာမှမဖုံးကွယ်ဘဲ ပြောပြခဲ့လို့ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြောလိုက်သည်။
" ငါကို ပြန်လည်မွေးဖွားခြင်းထဲ ဝင်ရောက်ခွင့်ပေးပါ။ အတိတ်က အရာအားလုံးကို မေ့ပစ်ပါမယ်။ " အင်မော်တယ်တမန်တော်က တောင်းပန်လိုက်သည်။
ထိုစကားကို ကြားသောအခါ ကျောက်ဖုန်းက ရယ်မောလိုက်သည်။ " မင်းက ငါ့ကို လူမိုက်လို့ ထင်နေတာလား။ "
ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်ရာ ကံကြမ္မာထိန်းချုပ်ခြင်းအိုးက အင်မော်တယ်တမန်တော်၏ ဝိညာဉ်ကို ဖိနှိပ်ပြီး ပျောက်ကွယ်သွားသည်။
" ခမည်းတော် တစ်ခုခုနားလည်တာရှိလား။ " ကျောက်ဖုန်းက ရင်ကျန့်ကို မေးလိုက်သည်။
" အင်မော်တယ်ဘုံက နတ်ဆိုးတွေပဲ ရှိနေတာမဟုတ်ဘူး။ သူတို့အပြင် အခြားအဖွဲ့အစည်းတွေ ရှိသေးတယ်။ ပြီးတော့ အဲ့ဒီအဖွဲ့အစည်းတွေက ကောင်းကင်ဘုံနဲ့ ဗုဒ္ဓနယ်မြေတွေရဲ့ ရန်သူတွေပဲ။ ဒါကြောင့် ငါတို့က အဲ့ဒီအင်မော်တယ်တွေ၊ နတ်ဘုရားတွေနဲ့ တိုက်ခိုက်ခဲ့ရင်တောင် ငါတို့ဘက်မှာ စစ်ကူတွေ ရှိလာလိမ့်မယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
သူက ဧကရာဇ်တစ်ပါးဖြစ်သောကြောင့် ဧကရာဇ်တစ်ပါး၏ အမြင်ရှိသည်။ အင်မော်တယ်ဘုံက ကျယ်ပြန့်လွန်းပြီး ကောင်းကင်ဘုံနဲ့ ဗုဒ္ဓနယ်မြေတို့ပင် အကုန်မထိန်းချုပ်နိုင်ပေ။
" မှန်ပါတယ်။ " ကျောက်ဖုန်းက ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့