← Chapters

လျှောက်လှမ်းခြင်း (၂)

Vol. 022 Ch. 1066

လျှောက်လှမ်းခြင်း (၂)

Vol. 022 Ch. 1066

ယနေ့တွင် ဝမ်လင်းသည် မျက်လုံးမှိတ်ထားလျက် သုန်မှုန်စွာ ရှေ့သို့ ဆက်သွားနေသည်။ဤအခိုက်၌ အလွန်ဖျော့တော့သော နတ်ဘုရားအာရုံတစ်ခုသည် မြန်ဆန်သောနှုန်းဖြင့် သူ့အား ဖြတ်ကျော်သွားသည်။

ဝမ်လင်းသည် သွားနေခြင်းကို ရပ်တန့်ခြင်း မပြုဘဲ ခပ်တိုးတိုး ဆို၏။ “ကိုးကြိမ်မြောက်…”

သည်နှစ်လအတွင်း သူ့ကို နတ်ဘုရားအာရုံတစ်ခု ဖြတ်ကျော်သွားသည်မှာ ကိုးကြိမ်မြောက် ရှိပြီ။ အကြိမ်တိုင်းမှာလည်း နတ်ဘုရားအာရုံက ဖိအားကွာခြားမှုကို ပေးနေ၏။ထိုအချက်က မတူညီသောလူကိုးယောက်မှန်း သိသာစေသည်။

အသက်ရှုချိန် သုံးခါစာလောက် ကြာမြင့်ပြီးသည့်နောက် နတ်ဘုရားအာရုံက ဝမ်လင်းကို ဖြတ်ကျော်သွားပြီး ပြန်ရုတ်သိမ်းသွား၏။ ဝမ်လင်းသည် တည်ငြိမ်စွာပင် ရှေ့သို့ ဆက်လျှောက်နေသည်။

နတ်ဘုရားအာရုံ ပြန်ရုတ်သိမ်းသွားသည့်နောက် ဝမ်လင်းက ရှေ့တည့်တည့်သို့ ခေါင်းမော့၍ ကြည့်၏။ သူက ခပ်တိုးတိုး ဆို၏။ “မလုံလောက်သေးဘူး…”

ဤသဲကန္တာရထဲ၌ လျှောက်လှမ်းနေရချိန် အထူးသဖြင့် နေ၊လ မရှိသည့်အတွက် အချိန်ကို မေ့နေဖို့ လွယ်၏။ဝမ်လင်းသာ အချိန်အတန်ကြာကတည်းက အထီးကျန်မှုနှင့် အသားကျခဲ့သူ တစ်ယောက်မဟုတ်ခဲ့ပါက သူသည် ဤနေရာတွင်ပင် ရူးသွားနိုင်သည်။

သူက ဆက်လျှောက်နေရင်း သူ့ပုံရိပ်မှာ အကွာအဝေးတစ်ခုသို့ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနေ၏။

လူတစ်ယောက် လောကတစ်ခုသာ တည်ရှိ၍ အတောမသပ်နိုင်သည့်အထိ တိတ်ဆိတ်စွာ လျှောက်လှမ်းနေရခြင်း။

တစ်လပြီးတစ်လ…။ ဝမ်လင်းသည် သည်သဲနက်ကန္တာရ၌ လျှောက်လှမ်းနေသည်မှာ ခြောက်လတိုင်ခဲ့လေပြီ။ ဤကာကမှာ သာမန်ကျင့်ကြံသူတစ်ယောက်ကို ရူးသွားစေဖို့ လုံလောက်၏။ ဤအရာက ကျင့်ကြံနေခြင်း မဟုတ်။ အထီးကျန်မှု ဖိအားနှင့် လူသူကင်းမဲ့သည့် ကန္တာရထဲတွင် အဆုံးမဲ့ လျှောက်လှမ်းနေရခြင်း မဟုတ်လား။

သို့သော် ထိုအချက်များက ဝမ်လင်းအတွက်မူ သာမညသာ။

သဲနက်ကန္တာရသည် အဆုံးမရှိနိုင်သည့်အလား။ နတ်ဘုရားအာရုံတစ်ခုက ဝမ်လင်းကို ရိုက်ခတ်သွားပြန်၏။

ဤအခိုက်၌ ဝမ်လင်းသည် ဆတ်ခနဲ ခေါင်းမော့လိုက်၏။ သူ့မျက်လုံးထဲ၌လည်း အေးစက်မှုတို့ ရှိနေ၏။

“(၃၂)ကြိမ်မြောက် နတ်ဘုရားအာရုံ…ငါ့မှာ လုံလောက်တဲ့မိစ္ဆာစွမ်းအင် ရှိနေပြီ…”

ခုလက်ရှိတွင် ဝမ်လင်းသည် မြူများနှင့် ဖုံးအုပ်နေ၏။သူသည် မိစ္ဆာစွမ်းအင်များနှင့် ဖုံးအုပ်ထားခံရခြင်းပင်။

ထိုနတ်ဘုရားအာရုံသည် ရိုက်ခတ်သွားပြီး ဝမ်လင်းနှင့် အတော်လှမ်းသည့်နေရာထိ ရောက်ရှိသွား၏။

အသက်ရှုချိန်အတော်အတန်ကြာပြီးနောက် ထိုနတ်ဘုရားအာရုံသည် မြန်ဆန်စွာ ပြန်ဆုတ်လာ၏။ သို့ရာတွင် ၎င်းက ဝမ်လင်းကို ပြန်ဖြတ်ကျော်မည့်အခိုက်၌ ဝမ်လင်းထံမှ မိစ္ဆာစွမ်းအင် ပေါက်ကွဲထွက်လာချေသည်။

သူသည် နှစ်ဝက်စောင့်နေခြင်းပင်။ နှစ်ဝက်လုံး လေ့လာကြည့်နေခြင်းလည်း ဖြစ်၏။ သည်နှစ်ဝက်အတွင်း လုံလောက်မည့် မိစ္ဆာစွမ်းအင်အတွက် တိတ်ဆိတ်စွာသာ စောင့်ဆိုင်းနေခြင်းလည်း ဖြစ်သည်။ သည်အချိန်အတွင်း သူ့အဖို့ ၎င်းမိစ္ဆာစွမ်းအင်သည် သူ့မူလစိတ်ဝိညာဉ်အပေါ်သို့ သက်ရောက်မှု မရှိစေရန် သေချာဂရုစိုက်ထားရ၏။ ခုချိန်တွင်မူ သူ စုဆောင်းမိနေသည့် မိစ္ဆာစွမ်းအင်အားလုံး ပေါက်ကွဲထွက်လာလေပြီ။

မိစ္ဆာမီးတောက်သည် ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ အနက်ရောင်မီးတောက်တစ်ခုက ကောင်းကင်ကိုပါ ကျွမ်းလောင်စေချင်သည့်အလား။ ဧရမာမိစ္ဆာအရိပ်တစ်ခု ပေါ်လာကာ နောက်ပြန်ဆုတ်သွားနေသည့် စောနက နတ်ဘုရားအာရုံကို ဝါးမြိုရန် တာဆူလာချေသည်။

နတ်ဘုရားအာရုံသည် နောက်ဆုတ်ရန် ကြိုးစားလိုက်သည့်အခိုက်၌ ၎င်း၏ အစိတ်အပိုင်းအချို့မှာ ဝါးမြိုခြင်း ခံလိုက်ရ၏။ သည်အခိုက်၌ ဝမ်လင်းသည် အေးစက်စက်စွမ်းအင်တစ်ခု မိစ္ဆာစွမ်းအင်ကနေ ဖြတ်၍ သူ့စိတ်ထဲသို့ ဝင်လာသည်ဟု ခံစားမိ၏။

နတ်ဘုရားအာရုံသည် လျှင်မြန်စွာ ကျုံ့၍ အမည်မသိနည်းလမ်းအချို့နှင့် မိစ္ဆာမီးတောက်များထံကနေ လွတ်မြောက်သွား၏။၎င်းက အဝေးသို့ ထွက်ပြေးရန် ပြင်၏။

အေးစက်မှုတစ်ခု ဝမ်လင်း မျက်လုံးထဲ၌ ဖြတ်ပြေးသွား၏။ သူက အခုအခိုက်အတန့်အတွက် ခြောက်လစောင့်နေခဲ့သည် မဟုတ်လား။

နတ်ဘုရားအာရုံ ထွက်ပြေးသည့်အချိန် ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ဖြန့်ကား၍ မာန်သွင်းလိုက်ရာ နှစ်ဝက်တာ သူ့တောင့်ခံထားသည့် မိစ္ဆာစွမ်းအားတို့ကို ထုတ်လွှတ်စေသည်။

ချက်ခြင်းပင် သူ့ပတ်လည်ရှိ မိစ္ဆာစွမ်းအင်အားလုံး အရူးအမူး ပျံ့နှံ့ကုန်၏။ဝမ်လင်းသည် ထိုနေရာတွင် ရပ်နေရင်းဖြင့် သူ့ခန္ဓာကိုယ်မှ အနက်ရောင်အခိုးငွေ့အမျှင်တန်းများ ထွက်ပေါ်နေသည်။အနက်ရောင်မြူများ ပျံ့နှံ့နေရင်း သိပ်မကြာခင်တွင် ပေထောင်ချီကို ခြုံလွှမ်းသွား၏။

ဝမ်လင်း၏ခန္ဓာကိုယ်မှ အနက်ရောင်အခိုးငွေ့များ ထုတ်လွှတ်လိုက်ကာ အဝေးသို့ ပျံ့သွားချိန်၌ သူ့ပုံသဏ္ဌာန်အစစ်အမှန်သည် နောက်ဆုံးတွင် ပြန်မြင်လာရ၏။

ဝမ်လင်းကို သိထားသည့် သူတိုင်း ခုလက်ရှိ သူ့ကို တွေ့ပါက ပင့်သက်ရှိုက်မိကုန်မည်။

ခုလက်ရှိ၌ ဝမ်လင်း၏မျက်နှာမှာ ရှုံ့တွနေကာ အရိုးစုလို ဖြစ်နေ၏။

အထူးသဖြင့် သူ့မျက်လုံးမှာ ဟောက်ပတ်ဖြစ်နေကာ သွေးကြောမျှင်အနက်များ ရှိလို့နေသည်။ သူသည် သာမန်ကျင့်ကြံသူတစ်ယောက်ပုံစံ မရှိတော့ဘဲ မိစ္ဆာကျင့်ကြံသူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

ပုံမှန်အားဖြင့် နှစ်ဝက်လောက် မိစ္ဆာစွမ်းအင်များကို စုစည်းခြင်းက ဝမ်လင်းကို ခုလိုပုံစံ မပြောင်းလဲစေနိုင်ပေ။ သူက ခုလောက်များပြားသည့် မိစ္ဆာစွမ်းအင်များကိုလည်း စုစည်းနိုင်လိမ့်မည် မဟုတ်ပေ။သူသည် ခုလောက်ထိ မိစ္ဆာစွမ်းအင်များကို စုစည်းနိုင်ဖို့ ဆယ်စုနှစ်တစ်ခုလောက် သည်နေရာတွင် ကျင့်ကြံဖို့ လို၏။

ဝမ်လင်း ခုလိုမျိုး လုပ်နိုင်ခြင်းမှာ သူသည် လမ်းမှန်ကျင့်ကြံသူတစ်ယောက် မဟုတ်ခဲ့သေကြောင့်သာ ဖြစ်သည်။သူသည် နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း လမ်းမှန်၊လမ်းမှား နှစ်ဖက်လုံးတွင် ရပ်တည်ခဲ့သူ မဟုတ်လား။အထူးသဖြင့် သူ နတ်ဆိုးလက်ချောင်းကို အသုံးပြုချိန်တွင် သူ့ကို ခဏတာ မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်လာစေပေသည်။

ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်၍ မိစ္ဆာစွမ်းအင်သည် မြန်ဆန်စွာ ချဲ့ကားထွက်သွား၏။

ထွက်ပြေးနေသော နတ်ဘုရားအာရုံကို ကြည့်၍ ဝမ်လင်းက မာန်သွင်းလိုက်၏။

သူ့ မာန်သွင်းသံ မထွက်ပေါ်ခင်မှာပင် အတောမသပ်နိုင်သည့် မိစ္ဆာစွမ်းအင်များ ရုတ်တရက် ပြိုပျက်လာ၏။ ၎င်းတို့က ပြိုပျက်သည်နှင့် မြန်ဆန်စွာ ပျံ့နှံ့ကုန်သည်။

မိစ္ဆာစွမ်းအင်များ မြန်ဆန်စွာ ပျံ့နှံ့၍ ကီလိုမီတာ သောင်းချီကို ဖုံးလွှမ်းသွားသည်။ ထွက်ပြေးနေသော နတ်ဘုရားအာရုံသည် ထိုစွမ်းအင်များကြား ခြုံလွှမ်းခြင်း ခံရ၏။

ထိုအချက်က မလုံလောက်သေးပေ။ သူ့အတွက် ဒုတိယခြေလှမ်းမျှသာ ရှိသေး၏။ နောက်ထပ် တတိယခြေလှမ်း ကျန်နေဆဲပင်။

မိစ္ဆာစွမ်းအင်များ ကီလိုမီတာသောင်းချီသို့ ပျံ့နှံ့သွားသည့်အခိုက် ဝမ်လင်းသည် ခြေတစ်လှမ်း လှမ်းလိုက်ရာ တွင်းနက်တစ်ခု ပေါ်လာ၏။ ဝမ်လင်းသည် အံ့မခန်းနှုန်းဖြင့် ထိုးထွက်လာ၏။

တချိန်တည်းမှာပင် သူ့မျက်နှာပေါ်ရှိ သွေးကြောမျှင်နက်များက လှုပ်ရှားလာကာ သူ့ခန္ဓာကိုယ်ရှိ မိစ္ဆာစွမ်းအင်များကဲ့သို့ ပြုမူသည်။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြီး နတ်ဆိုးလက်ချောင်းဖြင့် ကောင်းကင်ထက်သို့ ညွှန်သည်။

သူက နတ်ဆိုးလက်ချောင်း၏ စွမ်းအားကို ငှားယမ်း၍ လောကရှိ မိစ္ဆာစွမ်းအင်တို့ကို ထိန်းချုပ်၏။ထို့ကြောင့် ရလဒ်အနေဖြင့် မိစ္ဆာစွမ်းအင် လွင့်ပြယ်နှုန်းသည် နှေးလာကာ သူနှင့်အတူ ရွှေ့လျားလာ၏။ ထိုအဖြစ်က ဝမ်လင်းကိုလည်း မိစ္ဆာစွမ်းအင်များနှင့် ခြုံလွှမ်းသွားစေသည်။

ဤအခိုက်အတန့်တွင် ဝမ်လင်း၏ စိတ်သည် ရှင်းလင်းနေ၏။ အသက်ရှုလိုက်တိုင်း မိစ္ဆာစွမ်းအင်များက ပို၍ လွင့်ပြယ်နေသည်။ သူသာ သည်နတ်ဘုရားအာရုံ၏ရင်းမြစ်ကို ရှာမတွေ့နိုင်ပါက သူ့နှစ်တစ်ဝက်လုပ်အားသည် အလကား ဖြစ်သွားပေလိမ့်မည်။

သူသည် နတ်ဘရားအာရုံနောက်သို့ အကန့်အသတ် အမြန်နှုန်းနှင့် လိုက်နေ၏။

လူတစ်ယောက်သည် အထက်စီးမှ ကြည့်ပါက သည်တုန်လှုပ်ဖွယ်မြင်ကွင်းကို တွေ့မြင်ပေမည်။ကီလိုမီတာထောင်ချီ ခြုံလွမ်းနေသည့် မိစ္ဆာစွမ်းအင်သည် မြန်ဆန်သောနှုန်းဖြင့် ရွှေ့လျားနေသည် မဟုတ်ပါလား။ သို့သော် မိစ္ဆာစွမ်းအင်၏ အဝန်းအဝိုင်းသည်လည်း မြန်ဆန်စွာ လွင့်ပါးနေပေ၏။

ဝမ်လင်းအဖို့ သည်ကန္တာရထဲကနေ ထွက်သွားနိုင်မှ ဖြစ်ပေမည်။ ထိုသို့ ထွက်သွားနိုင်ဖို့ကလည်း သူ့အား ဖြတ်ကျော်သွားခဲ့သည့် နတ်ဘုရားအာရုံက သော့ချက် ဖြစ်သည်။သို့ရာတွင် ဝမ်လင်းသည် ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် မထောက်လှမ်းဝံ့ပေ။ သူ သူ့ကိုယ်ပိုင် နတ်ဘုရားအာရုံကို အသုံးပြုပါက သည်သဲကန္တာရ၏ အန္တရာယ်များကို ဖိတ်ခေါ်မိသလို ဖြစ်မှာ စိုးသောကြောင့်ပင်။

သူက အောင့်အီး၍ စောင့်ဆိုင်းနေခဲ့ပေသည်။သို့ရာတွင် သူ့အဖို့ ဆယ်စုနှစ်များကြာအောင် စောင့်နေဖို့ အချိန်မရှိပေ။ ကျောက်ရီကို ကူညီပေးဖို့ ထည့်မတွက်လျှင်ပင် စစ်ထူနန်၏အဆိပ်ကိုလည်း အချိန်မီ ဖယ်ရှားပေးရဦးမည် မဟုတ်လား။

လွန်ခဲ့သောနှစ်ဝက်က သူသည် မိစ္ဆာစွမ်းအင်အမျှင်တန်းတစ်ခုကို ချေမွပစ်ချိန်၌ တစ်စုံတစ်ခုကို သတိပြုမိခဲ့ပေသည်။ မိစ္ဆာစွမ်အင် ပျံ့နှံ့သည့် အခိုက်၌ ဝမ်လင်းသည် သူဟာ လေဟာနယ်အတွင်းသို့ ရောက်ရှိနေသကဲ့သို့လည်း ခံစားမိ၏။

သူသည် သည်လေဟာနယ်အတွင်းရှိ သည်နေရာနှင့် ပတ်သတ်၍ အချို့ကို နားလည်လာခဲ့၏။ထိုအခါကျမှ သူ့နတ်ဘုရားအာရုံကိုလည်း ပေတစ်ထောင်ကျော်ထိ ဘာအတားအဆီးမှ မရှိ ဖြန့်ကျက်လာနိုင်ခဲ့သည်။

ထိုတွေ့ရှိမှုသည် ဝမ်လင်းအဖို့ ရှုပ်ထွေးမှုကို လှစ်ဟပေးသည့် တံခါးတစ်ချပ်ပင်။

သူသည် နှစ်ဝက်အတွင်း များပြားလှသည့် မိစ္ဆာစွမ်းအင်များကို စုဆောင်းနိုင်ဖို့ နတ်ဆိုးလက်ချောင်းကို အသုံးပြုကာ စုပ်ယူခဲ့ခြင်းပင်။သူသည် အစစ်အမှန်မိစ္ဆာကျင့်ကြံသူတစ်ယောက်ကဲ့သို့ သည်မိစ္ဆာစွမ်းအင်များကို လုံလုံလောက်လောက် မြန်မြန်ဆန်ဆန် စုပ်ယူနေခဲ့ပေသည်။

ထို့အတွက်ကြောင့် ဝမ်လင်းသည် အားကောင်းသောမိစ္ဆာစွမ်းအင်ကို ပိုင်ဆိုင်လာနိုင်၏။သို့သော် ထိုအတွက် ပေးဆပ်ရသည့် တန်ကြေးကလည်း မြင့်မား၏။ သူ့ရုပ်ပိုင်းအသွင် ပြောင်းလဲသွားရရုံသာမက သူ့ခန္ဓာကိုယ်ထဲ၌လည်း ခုချိန်တွင် မိစ္ဆာစိတ်ဆန္ဒတစ်ခု ရှိလာခဲ့သည်။

သည်အခိုက်အတန့်၌ ဝမ်လင်းသည် ရှေ့သို့ မြန်နှုန်းအပြည့်ဖြင့် သွားနေ၏။ သူ့နတ်ဘုရားအာရုံကိုလည်း ကီလိုမီတာထောင်ချီအတွင်း ဖြန့်ကျက်ထား၏။ သူ ထုတ်လွှတ်ခဲ့သည့် မိစ္ဆာစွမ်းအင်များသည် လွင့်ပါးနေရင်းဖြင့် အကွာအဝေးမှာ မြန်ဆန်စွာ ကျုံ့လာနေ၏။

သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်နိုင်ခြင်းမှာ မိစ္ဆာစွမ်းအင်အဝန်းအဝိုင်းအတွင်းသာ ဖြစ်သည်။ ထိုအတောအတွင်း ဖြန့်ကျက်ပါက သည်သဲကန္တာရကနေ မည်သည့်တန်ပြန်မှုမှ မဖြစ်ပေါ်စေပေ။ သို့ရာတွင် ဝမ်လင်းက သူ့နတ်ဘုရားအာရုံသာ သည်မိစ္ဆာစွမ်းအင်အဝန်း အပြင်ဘက်သို့ ရောက်ရှိသွားပါက သဲကန္တာရသည် တန်ပြန်လာမည်ကို သိထားပေသည်။

ဤအခိုက်အတန့်၌ သူသည် နောက်ဆုတ်ထွက်ပြေးနေသော နတ်ဘုရားအာရုံပေါ်သို့ သူ့နတ်ဘုရားအာရုံဖြင် ထပ်ကြပ်မကွာ ရှိနေစေ၏။ သူက မိစ္ဆာစွမ်းအင်အတော်များများ စုဆောင်းမိထားသည် ဆိုသော်လည်း ၎င်းတို့က မြန်ဆန်စွာ လွင့်ပြယ်နေခြင်းပင်။ ခုချိန်တွင် မိစ္ဆာစွမ်းအင်တို့မှာ တစ်ဝက်ထက် နည်းပါးနေပြီ ဖြစ်၏။

ဝမ်လင်းသည် အံတင်းတင်း ကြိတ်၍ စိတ်ထဲကနေ ကျုံးဝါးလိုက်သည်။ “ဒီထက်ပိုမြန်ဖို့ လိုသေးတယ်…”

ထွက်ပြေးနေသော နတ်ဘုရားအာရုံက ရုတ်တရက် ရပ်တန့်သွား၏။၎င်းက ဆက်၍ ထွက်မပြေးတော့ဘဲ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။

“ဖြက်တောက်ပစ်တာလား…” ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူသည် အခြားဘက်မှ လူသည် ထိုသို့ ပြုလုပ်မည်ကို မျှော်လင့်ထားခဲ့ပြီး ဖြစ်၏။ နတ်ဘုရားအာရုံ အပိုင်းအစကို ဖြက်တောက်ပစ်ခြင်းက ထိုသူတို့၏ တည်နေရာကို ရှာမတွေ့နိုင်ခြင်းကို ဖြစ်စေသည် မဟုတ်လား။

နတ်ဘုရားအာရုံ ဖြက်တောက်လိုက်သည့်အခိုက်၌ ဝမ်လင်းသည် သွေးအန်ထုတ်၏။ သွေးများသည် အလွန်တောက်ပသွား၏။ဝမ်လင်းက ၎င်းသွေးများထဲသို့ ခုန်ဝင်ကာ ရှေ့သို့ ဖျပ်ခနဲ ရောက်ရှိသွားသည်။

သွေးလွတ်မြောက်ခြင်း။

သွေးလွတ်မြောက်ခြင်းသည် မိမိကိုယ်ကို ဒဏ်ရာရစေ၍ အမြန်နှုန်းကို အဆုံးစွန် မြှင့်တင်ခြင်း ဖြစ်၏။ ဝမ်လင်း လွန်ခဲ့သောနှစ်ဝက်က လေဝဲကတော့များနှင့် ရင်ဆိုင်ရချိန် သည်နည်းလမ်းကို အသုံးမပြုခဲ့ခြင်းမှာ လေဝဲကတော့များသည် မီးခိုးရောင်အခိုးငွေ့များကို စုပ်ယူ၍ မြန်နှုန်းတိုးလာနေခြင်းကြောင့် ဖြစ်၏။ သွေးလွတ်မြောက်ခြင်းသည် အမြန်နှုန်းကို အချိန်တိုအထိသာ မြင့်ပေးနိုင်ပေသည်။

သွေးအလင်း တောက်ပသွားသည်နှင့် ဝမ်လင်း၏အမြန်နှုန်းက ကြီးစွာ တိုးတက်လာ၏။ သူက နတ်ဘုရားအာရုံ ဖျက်တောက်ပစ်ခြင်းကို လစ်လျှူရှုကာ ၎င်းနတ်ဘုရားအာရုံ ထွက်ပေါ်လာသည့် နေရာသို့ တဟုန်ထိုး ဆက်သွား၏။

အကွာအဝေးတစ်ခု၌ ဝမ်လင်း၏မြင်ကွင်းတွင် အရိပ်ကြီးတစ်ခု ပေါ်လာလေ၏။

***

All Chapters