← Chapters

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း ၃၀၁

Vol. 31 Ch. 301

အပိုင်း ၃၀၁

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ထိုအချိန်တွင် ယန်ယန်၏ အကြည့်များ ဂူရင်စီရောက်သွားကာ အေးစက်စွာ မေးလိုက်သည်။

“ဂူရင်... ပြောစမ်း...”

“စောစောက ဆိုလွန်ကို သတ်ဖို့ မင်းရဲ့ လူတွေကို ဘာလို့ ဦးဆောင်ခဲ့တာလဲ”

ဂူရင် ခေါင်းငုံ့လိုက်၏။

“သခင်ကြီးကို သတင်းပို့ပါတယ်... သခင်မလေး ယန်ရွှမ်းကို ကယ်ဖို့ လုပ်ခဲ့တာပါ”

“ထူလင်းတိက ဆိုလွန်ရဲ့ ခေါင်းနဲ့ ဖြေဆေးကို လဲဖို့ ကမ်းလှမ်းခဲ့တာလား”

“ဟုတ်ပါတယ်”

ထိုအခါ ယန်ယန် မေးခွန်းများဆက်တိုက်မေးလိုက်သည်။

“ထူလင်းတိက ယန်ရွှမ်းကို အဆိပ်ခတ်တဲ့ တရားခံလား... သူက ငွေရောင်ဝံပုလွေ စစ်တပ်ရဲ့ သေခန်းပြတ် ရန်သူလား... ဝန်ကြီး လျူက သူ့အစ်ကိုလား”

“ဟုတ်ပါတယ်...”

ဂူရင်၏ အသံများ တုန်ယင်လာသည်။

“ဒါဆိုရင် ယန်ရွှမ်းကို အဆိပ်ခတ်ခဲ့တဲ့ သူရဲ့ အမိန့်ကို မင်းက ဘာလို့ နာခံရတာလဲ... တပ်တွေကို ဦးဆောင်ပြီး ကမောက်ကမဖြစ်အောင်တောင် လုပ်ခဲ့သေးတယ်... ငါ မေးမယ်.. ယန်ရွှမ်းနဲ့ ငါ မရှိရင်တောင် ငွေရောင်ဝံပုလွေက ဘယ်သူ့အမိန့်ကို နာခံရမလဲ”

ယန်ယန် အော်ဟစ်မေးမြန်းလိုက်လေပြီ။

ဂူရင် အပြစ်ရှိစွာဖြင့် တံတွေးမြိုချမိလိုက်သည်။

“ပထမတပ်မှူး တွမ် ပါ”

ယန်ယန် ဒေါသတကြီး ဆက်၍မေးလိုက်၏။

“အေး...မင်း သူ့စကား နားထောင်ခဲ့လား... မထောင်ခဲ့ဘူးလေ... အဲ့ဒီအစား အဓိကရုဏ်း ဖန်တီးပြီး တွမ် သေလုနီးပါး ဖြစ်အောင် ဖိအားပေးခဲ့တယ်... မင်း ဘာတွေ တွေးနေတာလဲ”

ကြောက်ရွံ့မှုကြောင့် ဂူရင်၏ မျက်နှာ ရှုံ့မဲ့သွားသည်။

“ကျွန်တော်... ကျွန်တော် ငွေရောင်ဝံပုလွေ စစ်တပ်အတွက် လုပ်ခဲ့တာပါ”

“မင်းရဲ့ ပြစ်မှုအတွက် ဘာပြစ်ဒဏ် ပေးရမလဲ”

“ကျွန်တော်... ငွေရောင်ဝံပုလွေ စစ်တပ်အတွက် အားလုံး လုပ်ခဲ့တာပါ”

ဂူရင် ပြင်းထန်စွာ တုန်ယင်လာ‌၏။

“မင်းရဲ့ ပြစ်ဒဏ်က သေဒဏ်ပဲ”

ယန်ယန် ပြတ်သားစွာ ပြောလိုက်သည်။

သူ ဂူရင် အနီးသို့ လျှောက်သွားကာ ဓားကြီးကို ကောက်ယူပြီး ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။

“ရွှမ်း”

ဂူရင်၏ ခေါင်းကြီး ပြတ်ထွက်သွားကာ သွေးများ လေထဲသို့ ပန်းထွက်သွားလေပြီ။ သို့သော် လေ့ကျင့်ရေးကွင်း တစ်ခုလုံး အပ်ကျသံပင်ကြားရမတတ် တိတ်ဆိတ်နေဆဲပင်။ လူတိုင်း ဂူရင် ကွပ်မျက်ခံရသည်ကို ကြည့်နေပြီး အသံတစ်စက်မျှ မထွက်ရဲကြချေ။

“ဆိုလွန်က ငါ့အသက်ကို ကယ်ခဲ့တယ်..ယန်ရွှမ်းရဲ့ အသက်ကိုလည်း ကယ်ခဲ့တယ်.. ငွေရောင်ဝံပုလွေ စစ်တပ်က သူ့အပေါ် မှာ ကျေးဇူးအများကြီးတင်နေပြီ...”

“ဒီနေ့ကစပြီး သူ့ကို သတ်မယ်လို့ ပြောရဲတဲ့သူတိုင်း သေရမယ်”

ယန်ယန် ကြေညာလိုက်၏။

“ဟုတ်ကဲ့ပါ သခင်ကြီး”

လူတိုင်း လေးစားစွာ ဦးညွှတ်၍ ပြန်ဖြေလိုက်ကြသည်။

ထိုအခါမှ ယန်ယန် ခေါင်းငြိမ့်ကာ ဆက်ပြောလာ၏။

“အခု ငါတို့ စစ်တပ်မှာ လူတစ်ထောင်တောင် မပြည့်တော့ဘူး”

“ပြီးတော့ လုံးဝ ဝိုင်းရံခံထားရတယ်... ငါတို့ ကံကြမ္မာက အဆုံးသတ်သွားပြီလို့ ထင်ရတယ်... ငါ မြို့စားကြီး ဆိုလွန်နဲ့ ကတိတစ်ခု လုပ်ထားတယ်... အကယ်၍ သူသာ မိုးမလင်းခင် ငွေရောင်ဝံပုလွေ စစ်တပ်ကို ဒီဝိုင်းရံခံရမှုကနေ အောင်မြင်စွာ ဖောက်ထွက်နိုင်အောင် ဦးဆောင်နိုင်ရင် ဒီနေ့ကစပြီး ငွေရောင်ဝံပုလွေ စစ်တပ် တစ်ခုလုံးက မြို့စားကြီး ဆိုလွန်နဲ့ ဆိုမိသားစုကို အကြွင်းမဲ့ သစ္စာခံရမယ်...”

“ဘယ်သူ ကန့်ကွက်စရာ ရှိလဲ”

စစ်သည်များ ခေတ္တမျှ မှင်သက်သွားကြသော်လည်း အားလုံး လေးစားစွာဦးညွှတ်ပြီး အော်ဟစ်လိုက်ကြသည်။

“မရှိပါဘူး သခင်ကြီး”

သူတို့၏ ရင်ထဲ၌ ဆိုလွန်တစ်ယောက် ဤနေရာမှ သူတို့ကို အသက်ရှင်လျက်ခေါ်ထုတ်သွားနိုင်မည်ဟု မည်သူမှ မယုံကြည်ကြချေ။ ယင်းမှာ မဖြစ်နိုင်သော တာဝန်တစ်ခုပင်။

သို့သော် သခင်ကြီး ယန်ယန် အမိန့်ပေးထားသဖြင့် နာခံရန်မှလွဲ၍ တခြား ရွေးချယ်စရာ မရှိပေ။

ယန်ယန် ဆိုလွန်ဘက်သို့ လှည့်လိုက်သည်။

“လူကြီးမင်း... အခု အာဏာက မင်းလက်ထဲမှာပဲ...”

“ငါ အပါအဝင် ဒီမှာရှိတဲ့ ဘယ်သူ့ကိုမဆို အမိန့်ပေးနိုင်တယ်... မိုးမလင်းခင် ငါတို့ကို ဖောက်ထွက်နိုင်အောင် လုပ်ပေးရင် ဒီစစ်တပ်က မင်းဟာပဲ”

ဆိုလွန် ဦးညွှတ်လိုက်၏။

“နားလည်ပါပြီ သခင်ကြီး ယန်ယန်”

ထို့နောက် လူအုပ်ကြီးကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

“ငွေရောင်ဝံပုလွေ စစ်သည်တွေ အားလုံး... လက်ရှိနေရာမှာပဲ အတိအကျ နေကြ... ဒီနေရာကနေ ဘယ်မှထွက်မသွားနဲ့”

“ဟုတ်ကဲ့ပါ”

ယန်ယန် ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်၏။

ထို့နောက် ယန်ယန် တင်ပျဉ်ခွေ ထိုင်ချလိုက်ရာ စစ်သည်အားလုံး သူ့အတိုင်း လိုက်လုပ်ကာ လေ့ကျင့်ရေးကွင်းပေါ်၌ သပ်ရပ်စွာ ထိုင်ချလိုက်ကြသည်။ ဤအချိန်၌ မီးမြှားများ ရွာကျလာလျှင်သော်လည်းကောင်း၊ ပြင်းထန်သော မီးတောက်များ သူတို့ မျက်နှာရှေ့၌ လောင်ကျွမ်းနေလျှင်သော်လည်းကောင်း သူတို့ တစ်ချက်မျှ ရွေ့လျားမည် မဟုတ်တော့ချေ။

စစ်တပ်ကို ထိုင်နေရန် အမိန့်ပေးပြီးနောက် ဆိုလွန် လွတ်မြောက်ရေး အစီအစဉ်တစ်ခု စဉ်းစားရန် ခြံဝင်းထဲမှ ထွက်လာခဲ့သည်။

မိုးလင်းရန် သုံးနာရီကျော် လိုသေး၏။ အပြင်ဘက်၌ သောင်းနှင့်ချီသော ရန်သူ့တပ်များကမြို့ကို အပြည့်အဝဝိုင်းရံထားပြီး ဟွမ်ချွမ် ရှေးဟောင်းမြို့တော်မှာ မြေပြင်အထိ ပြာကျလုနီးပါး လောင်ကျွမ်းနေလေပြီ။ ဖောက်ထွက်ရန်မှာ အနောက်ဘက်မှ နေထွက်လာမည်ကို စောင့်နေရသကဲ့သို့ တကယ်ကို မဖြစ်နိုင်ပုံရသည်။

ယင်းမှာ နုကျန်းမြစ်ဘေးရှိ အထီးကျန် တောင်ထွတ်မှ ဖြစ်ရပ်နှင့် မတူချေ။ ထိုစဉ်က ဆိုလွန် ကြိုတင် စီစဉ်ထားပြီး လေထီးများဖြင့် ပျံသန်းလွတ်မြောက်နိုင်ခဲ့သည်။ ဤတစ်ကြိမ်၌ သူ့တွင် မည်သည့် ကြိုတင်ပြင်ဆင်မှုမှ မရှိသလို ပျံသန်းရန် နည်းလမ်းလည်း မရှိပေ။

ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထူထပ်သော တိမ်မည်းကြီးများ ဖုံးလွှမ်းထားသဖြင့် ကြယ်များနှင့် လမင်းကို လုံးဝ မမြင်ရချေ။ မီတာ ရာပေါင်းများစွာ အကွာ၌ မြှားမိုးများ ဆက်လက် ရွာကျနေပြီး ရန်သူ့စစ်သည်များက မီးရောင်အောက်တွင် ပတ်ပတ်လည် ကင်းလှည့်နေကြသည်။

‘အသူရာမိစ္ဆာကြယ်...’

‘သူတို့က ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ကို သေမင်းမြို့တော်လို့ ဘာလို့ ခေါ်ကြတာလဲ... ဒီကို ဝင်လာတဲ့သူတိုင်း ဘာလို့ ရုတ်တရက် သေသွားပြီး ဘယ်သူမှ အကြောင်းရင်းကို ရှာမတွေ့နိုင်ကြတာလဲ... ဒီပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ စွမ်းအင်တွေ အာရုံခံမိလား’

ဆိုလွန် စိတ်ထဲမှ မေးလိုက်သည်။

“ဘာမှအာရုံမခံမိဘူး... အရာအားလုံးက ပုံမှန်ပဲ”

အသူရာမိစ္ဆာကြယ် ပြန်ဖြေ၏။

မြို့အလယ်တည့်တည့်၌ ရှိသော ဟွမ်ချွမ် ရေကန်ဆီသို့ ဆိုလွန်လျှောက်သွားလိုက်သည်။ ရေကန်မှာ ယခင်က ကြီးမားသော်လည်း ယခုအခါ မီတာ အနည်းငယ်မျှသာ ကျယ်ဝန်းတော့၏။

အတိတ်က မြို့ခံများမှာ သောက်သုံးရေ အားလုံးကို ဤနေရာမှ ရယူခဲ့ကြသည်။ သို့သော် တစ္ဆေမြို့တော် ဖြစ်သွားပြီးကတည်းက မည်သူမှ မသောက်ရဲကြတော့ချေ။ ငွေရောင်ဝံပုလွေ စစ်တပ်၌ ရေ လုံးဝ ပြတ်လပ်နေသည်မှာ နှစ်ရက်ရှိပြီ ဖြစ်သော်လည်း သူတို့တောင်မှ ရေကန်ကို မထိရဲကြပေ။

ဆိုလွန် သူ၏ လက်ကို ရေထဲသို့ နှစ်လိုက်သည်။

‘အခုရော ဘာအာရုံခံမိသေးလဲ’

“အင်း... အရမ်း ထူးဆန်းတဲ့ စွမ်းအင်တစ်ခုကိုအာရုံခံမိတယ်”

“ဘယ်လို စွမ်းအင်မျိုးလဲ”

“သံချပ်ကာ၊ နံရံ၊ အသားစတဲ့ အရာအားလုံးကို ဖောက်ထွင်းဝင်ရောက်နိုင်ပြီး သက်ရှိမှန်သမျှကို ဖျက်ဆီးနိုင်တဲ့ စွမ်းအင်ပဲ”

ဆိုလွန် ဓာတ်ရောင်ခြည်ကို ချက်ချင်း တွေးမိလိုက်၏။ ရုပ်ဝတ္ထု အတားအဆီးများကို ဖြတ်ကျော်ပြီး သက်ရှိများကို အတွင်းပိုင်းမှ သတ်ဖြတ်နိုင်သည်မှာ ဓာတ်ရောင်ခြည် တစ်ခုတည်းသာ ရှိသည်။

‘ဒါက သေမင်းမြို့တော်ရဲ့ လျှို့ဝှက်ချက်လား’

“ဖြစ်နိုင်တယ်... ဒါပေမဲ့ ရေထဲက စွမ်းအင်က အရမ်း အားနည်းလွန်းနေတယ်... မြို့တစ်မြို့လုံးကို တိတ်တဆိတ် သုတ်သင်ဖို့နေနေသာသာ လူတစ်ယောက်ကို သတ်ဖို့တောင် မလုံလောက်ဘူး”

အသူရာမိစ္ဆာကြယ် ခွဲခြမ်းစိတ်ဖြာလာပြီးနောက် အသေးစိတ်ရှင်းပြလာသည်။

ထိုသို့ ပြောလိုက်ချိန်၌ ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ထူထပ်သော တိမ်မည်းကြီးများကို ဖယ်ရှားပစ်လိုက်သည်။ တောက်ပသော လရောင်များ ကျဆင်းလာကာ နှင်းဖုံးနေသော မြေပြင်ကို လင်းထိန်သွားစေ၏။

ဆိုလွန် မော့ကြည့်လိုက်ရာ ဝိုင်းစက်နေသော လပြည့်ဝန်းကြီးကို တွေ့လိုက်ရသည်။ ယင်း၏ အရိပ်မှာ ရေကန် မျက်နှာပြင်ပေါ်၌ ရှင်းလင်းစွာ ထင်ဟပ်နေလေပြီ။

ရုတ်တရက် စူးရှသော အအေးဓာတ်တစ်ခု ဆိုလွန်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ထူးဆန်းသော မြင်ကွင်းတစ်ခု သူ၏ မျက်စိရှေ့၌ ပေါ်လာသည်။

ဟွမ်ချွမ် ရေကန်၏ ရေများ အလွန်အေးစက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် အလင်းတန်းများ တောက်ပလာ၏။ ယင်းမှာ လရောင်၏ ထင်ဟပ်မှု သက်သက် မဟုတ်ချေ။ ရေကန်၏ ရေများက စိမ်းဝါရောင် အလင်းများဖြင့်တောက်ပလာခြင်းပင်။

ကမ္ဘာမြေရှိ ဗီဒီယိုဂိမ်း Fallout 4 မှ Glowing Sea ၏ ကြောက်မက်ဖွယ် အလင်းရောင်နှင့် လုံးဝ တူညီနေသည်။

စိမ်းဝါရောင် အလင်းတန်းများ၏လွှမ်းမိုးမှုခံရသည်နှင့်တစ်ပြိုင်နက် ဆိုလွန် ချက်ချင်း ခေါင်းမူးပြီး ပျို့အန်ချင်သွား၏။ သူ၏ခန့်မှန်းချက် မှန်သွားလေပြီ။ ဤသည်ကား ဓာတ်ရောင်ခြည်ပင် ဖြစ်ပြီး အလွန်အမင်း ပြင်းထန်လှသည်။

ပိုဆိုးသည်မှာ ထိုစွမ်းအင်သည် လျင်မြန်စွာ အားကောင်းလာနေခြင်းပင်။

“သခင်... ပြေးတော့... စွမ်းအင်တွေ မြင့်တက်လာနေပြီ... မြို့ထဲက လူတိုင်းကို သတ်တော့မယ်”

အသူရာမိစ္ဆာကြယ် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ချက်ချင်းပင် အသူရာမိစ္ဆာကြယ် အတွင်းရှိ တွင်းနက်ကြီးမှာ လျင်မြန်စွာ လည်ပတ်လာပြီး ဆိုလွန်ကို ကာကွယ်ရန် ကြောက်မက်ဖွယ် ဓာတ်ရောင်ခြည်များကို ရူးသွပ်စွာ ဝါးမျိုတော့၏။

ရေကန်မှ အလင်းရောင်မှာ မျက်စိကျိန်းမတတ် တောက်ပလာပြီး ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။ တောက်ပနေသော ရေများအောက်ရှိ ရေကန်အောက်ခြေ တည့်တည့်တွင် အလွန် ပြင်းထန်စွာ စုစည်းနေသော အလင်းအရင်းအမြစ် တစ်ခုကို ဆိုလွန် သတိပြုမိလိုက်သည်။ ထိုအရာသည် ဧကန်မလွဲ ဓာတ်ရောင်ခြည်၏ အရင်းအမြစ်ပင်။

သို့သော် ယင်းသည် မည်သည့်အမျိုးအစားဓာတ်ရောင်ခြည်ဖြစ်နိုင်ပါသနည်း။ အာကာသထဲမှ ရေဒီယိုသတ္တိကြွ ဥက္ကာပျံ တစ်ခုပေလော။

အကယ်၍ ဥက္ကာပျံ တစ်ခုသာ ဖြစ်ခဲ့လျှင် ဟွမ်ချွမ် ရှေးဟောင်းမြို့တော်၏ အမှောင်ဖုံးနေသောလျှို့ဝှက်ချက်မှာ ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။ ထိုအရာသည် ကောင်းကင်မှ ကျဆင်းလာပြီး ရေကန်ထဲသို့ မကျမီအထိ ဤနေရာမှ လူများ ပျော်ရွှင် ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြ၏။

ပုံမှန် အခြေအနေများ၌ ဥက္ကာပျံသည် အားနည်းသော ဓာတ်ရောင်ခြည် အနည်းငယ်ကိုသာ ဖြာထွက်သည်။ သို့သော် လပြည့် ညများ နှင့် လမိုက် ညများ၌ ယင်းက ကြောက်မက်ဖွယ်ကောင်းသည့် သေစေနိုင်လောက်သော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ပေလိမ့်မည်။

ကမ္ဘာမြေ၌ ရေဒီယိုသတ္တိကြွ ပစ္စည်းများသည် လမင်းနှင့် သက်ဆိုင်ခြင်းမရှိဘဲ လွတ်လပ်စွာ လုပ်ဆောင်ကြသည်။ ရာသီဥတု သို့မဟုတ် နေ့၊ညအချိန် မရွေး ဓာတ်ရောင်ခြည်များကို အဆက်မပြတ် ဖြာထွက်စေနိုင်ကြ၏။ သို့သော် ဤနေရာ၌ ထိုအရာသည် လရောင်နှင့် တိုက်ရိုက် ထိတွေ့မှသာ ကြီးမားသော ဓာတ်ရောင်ခြည်များကို ထုတ်လွှတ်သည်။

ထိုသဘောတရား၏နောက်ကွယ်၌ မည်ကဲ့သို့သော အကြောင်းအရင်းမျိုးရှိနေပါသနည်း။ ယင်း၏ နောက်ကွယ်ရှိ သိပ္ပံနည်းကျ သဘောတရားမှာ မည်သည့် နိယာမကိုဖော်ညွှန်းပါသနည်း။

သိပ္ပံပညာကို ဘေးဖယ်ထားလျှင် ဓာတ်ရောင်ခြည်များမှာ စက္ကန့်နှင့်အမျှ ပိုမို အားကောင်းလာနေသည်။ အသူရာမိစ္ဆာကြယ်သည် ယင်းတို့ကို အဆုံးမရှိ ဝါးမျိုနေ၏။

ဤဓာတ်ရောင်ခြည်သည် ကမ္ဘာမြေ၌ သူ သိထားသည့် အရာများနှင့် အခြေခံအားဖြင့် ကွဲပြားကြောင်း ဆိုလွန် အလျင်အမြန် သတိပြုမိလိုက်သည်။ ယင်းမှာ အသက်ရှင်နေသည့် စွမ်းအင်တစ်ခုအလားပင်။ အသူရာမိစ္ဆာကြယ်၏ တွင်းနက်ကြီးဆီမှ ဆွဲငင်အားကို အာရုံခံမိပြီးနောက် ရေကန်ထဲရှိ ရေဒီယိုသတ္တိကြွ စွမ်းအင်အားလုံး ရုတ်တရက် ဦးတည်ချက် ပြောင်းသွားကာ ဆိုလွန်ရှိရာသို့ ပြင်းထန်စွာ တိုးဝင်လာတော့သည်။

စွမ်းအင် ထုတ်လွှတ်မှုမှာ ရုတ်တရက် မြင့်တက်သွားပြီး ရေကန်တစ်ခုလုံး၏ ဓာတ်ရောင်ခြည်များ အသူရာမိစ္ဆာကြယ်ထဲသို့ တိုက်ရိုက် စီးဝင်လာလေပြီ။

“သခင်... မြန်မြန်... ဒီစွမ်းအင်က ငါ့ရဲ့ စုပ်ယူနိုင်စွမ်း ကန့်သတ်ချက်ကို ကျော်လွန်တော့မယ်”

အသူရာမိစ္ဆာကြယ် အော်ဟစ်လိုက်သည်။

‘ဒီဓာတ်ရောင်ခြည်တွေ ဆက်ပျံ့နေရင် ငွေရောင်ဝံပုလွေ စစ်တပ် သေသွားမှာလား’

ဆိုလွန် အလျင်စလို မေးလိုက်သည်။

“ဟုတ်တယ်... အများဆုံး နာရီဝက်အတွင်း ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ထဲက သက်ရှိအားလုံး သေသွားလိမ့်မယ်”

အသူရာမိစ္ဆာကြယ် အတည်ပြုပေးလိုက်သည်။

‘အပြင်က ရန်သူ့တပ်တွေကရော’

“သူတို့ကတော့ ဘေးကင်းလိမ့်မယ်... ဒီဓာတ်ရောင်ခြည်ရဲ့ သေစေနိုင်တဲ့ အကွာအဝေးက မီတာ ငါးရာထက် မပိုဘူး... ပြီးတော့ ပိုဝေးသွားလေ ဖျက်ဆီးနိုင်စွမ်းက သိသိသာသာ ကျဆင်းသွားလေပဲ”

အပိုင်း ၃၀၁ ပြီး။

All Chapters