အခန်း ၃၀၂
Vol. 31 Ch. 302
အပိုင်း ၃၀၂
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
အသူရာမိစ္ဆာကြယ်စကားကိုကြားသောအခါ ဆိုလွန်၏ မျက်လုံးများ ချက်ချင်း တောက်ပသွား၏။ ဝိုင်းရံခံရမှုမှ ဖောက်ထွက်ရန် အစီအစဉ်တစ်ခု စဉ်းစားမိသွားလေပြီ။
‘အသူရာမိစ္ဆာကြယ်... အခုထိ မင်း စုပ်ယူထားတဲ့ ဓာတ်ရောင်ခြည်တွေက နဂါးစစ်သည်တော်တစ်ပိုင်းကို သတ်ဖို့ လုံလောက်လား’
ဆိုလွန် မေးလိုက်သည်။
“လုံလောက်လောက်ပါတယ်”
အသူရာမိစ္ဆာကြယ် ပြန်ဖြေ၏။
ထျန်ယဲ့ မြို့စား ကျိကန်းသည် ကြီးမားသော နိုင်ငံရေး အာဏာကို ကိုင်စွဲထားသူ ဖြစ်သည်။ သူသည် အကြီးဆုံး ကြေးစားစစ်သည်အဖွဲ့နှင့် ကုန်သည်ယာဉ်တန်း ကွန်ရက်ကို ထိန်းချုပ်ထား၏။
သို့သော် သူ၏ အစစ်အမှန် သိုင်းပညာစွမ်းရည်မှာ ပုံမှန်သာဖြစ်ပြီး နဂါးစစ်သည်တော်တစ်ပိုင်းအဆင့်သာ ရှိသည်။ ဝန်းရံပိတ်ဆို့ထားမှုမှ အောင်မြင်စွာ ဖောက်ထွက်နိုင်ရန် မြွေ၏ ခေါင်းကို ဖြတ်ပစ်ရန် လိုအပ်သည်။
အကယ်၍ ဆိုလွန်သာ ကျိကန်းနှင့် ထူလင်းတိကို သတ်နိုင်ပါက ရန်သူ့တပ်များ ကမောက်ကမ ဖြစ်သွားမည်ဖြစ်ရာ ငွေရောင်ဝံပုလွေ စစ်တပ်အတွက် လွတ်မြောက်ရန် အခွင့်အရေးအစစ်အမှန် ရရှိပေလိမ့်မည်။
ပုံမှန် အခြေအနေများ၌ ဆိုလွန်၏ မြှားများမှာ ထူလင်းတိနှင့် ကျိကန်းကဲ့သို့ ကျွမ်းကျင်သူများကို ရင်ဆိုင်ရာတွင် လုံးဝ အသုံးမဝင်ချေ။ သူတို့သည် ဓားတစ်ချက်တည်းဖြင့် သူ၏ မြှားများကို လေထဲ၌ပင် အလွယ်တကူ ရိုက်ချနိုင်ကြ၏။
သို့သော် သူ၏ မြှားများသာ သိပ်သည်းစွာ စုစည်းနေသည့် ဓာတ်ရောင်ခြည် ပေါက်ကွဲမှုကို ထုတ်လွှတ်နိုင်ပါက တိုက်ရိုက် ထိမှန်ရန်ပင် မလိုအပ်တော့ပေ။ မြှားများကို သူတို့အနီးသို့ ရောက်သွားစေရုံမျှဖြင့် သေစေနိုင်မည့်ဒဏ်ရာပေးနိုင်ပေလိမ့်မည်။
ဆိုလွန်တစ်ယောက် အစီအစဉ်ကိုသေချာတွေးတောလိုက်ပြီးနောက် အသူရာမိစ္ဆာကြယ်ကို ကြောက်မက်ဖွယ် ဓာတ်ရောင်ခြည်များအား အဆက်မပြတ် ဆက်လက် ဝါးမျိုစေခိုင်းလိုက်သည်။
သို့သော် ခဏအကြာ၌ လေပြင်းတစ်ချက် ထပ်မံ တိုက်ခတ်သွားကာ ထူထပ်သော တိမ်မည်းကြီးများကို လပြည့်ဝန်းပေါ်သို့ ပြန်လည် ဆွဲယူလိုက်၏။ လရောင် မကျရောက်တော့သဖြင့် ဟွမ်ချွမ် ရေကန်၏ ကြောက်မက်ဖွယ်ရာ စိမ်းဝါရောင် အလင်းမှာ လျင်မြန်စွာ မှေးမှိန်သွားပြီး သေစေနိုင်သော ဓာတ်ရောင်ခြည် လုံးဝ ပျောက်ကွယ်သွားသည်အထိ အားနည်းသွားလေပြီ။
ဆိုလွန် သက်ပြင်းရှည်ကြီး ချလိုက်၏။ သူ ဓာတ်ရောင်ခြည်များကို ထပ်မံ စုဆောင်း၍ မရတော့သော်လည်း အနည်းဆုံးတော့ ငွေရောင်ဝံပုလွေ စစ်တပ်နှင့် နိုင်အာတို့ ဓာတ်ရောင်ခြည်သင့် သေဆုံးမည့်အရေးမှ ဘေးကင်းသွားပြီ ဖြစ်သည်။
ဆိုလွန် လေ့ကျင့်ရေးကွင်းသို့ အလျင်အမြန် ပြန်သွားကာ ယန်ယန်ထံ တည့်တည့် လျှောက်သွားလိုက်သည်။
“သခင်ကြီး ယန်ယန်... ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့ အနက်ရောင် ဝတ်ရုံ တစ်ထည် ဝတ်ပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
ယန်ယန် စကားတစ်ခွန်းမျှ မပြောဘဲ ခန္ဓာကိုယ် တစ်ခုလုံးနှင့် မျက်နှာကို ဖုံးကွယ်ထားနိုင်သည့် အနက်ရောင် ဝတ်ရုံကြီးကို ဆွဲယူကာ ရှေးဟောင်းမြို့တော်၏ အစွန်းဘက်သို့ ဆိုလွန်နောက်မှ လိုက်ပါသွားသည်။
ဤအချိန်၌ မီးများ ဆက်မလောင်တော့ဘဲ တဖြည်းဖြည်း ငြိမ်းစ ပြုနေပြီ ဖြစ်၏။ လောင်ကျွမ်းလွယ်သော သစ်သားများ အားလုံး ပြာကျသွားပြီဖြစ်ရာ မီးလောင်ထားသော ကျောက်တုံးများနှင့် ရွှံ့စေးများသာ ကျန်ရစ်တော့သည်။
သူတို့ မြို့၏ အကာအကွယ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ယန်ယန် သူ၏ ဓားကို ဆွဲထုတ်လိုက်ပြီး သူတို့ထံသို့ ပျံသန်းလာသော မြှားများကို အားစိုက်ထုတ်စရာမလိုဘဲ ကာကွယ်လိုက်သည်။
သူတို့ရှေ့၌ ထျန်ယဲ့ မဟာမိတ်တပ်များ သိပ်သည်းစွာ စုရုံးနေကြလေပြီ။
ဆိုလွန် အသက်ပြင်းပြင်း ရှူပြီး အသံကုန် အော်ဟစ်လိုက်သည်။
“ထျန်ယဲ့ မြို့စား ကျိကန်း... ထူလင်းတိ... မင်းတို့ သတ္တိကြောင်တဲ့ နှစ်ယောက် ရှေ့ထွက်ပြီး ငါနဲ့ စကားပြောရဲလား”
ထိုစကားကိုကြားလျှင် ရန်သူ့တပ်များကြားမှ ထူလင်းတိ လက်ကို မြှောက်လိုက်၏။ မြှားမိုးများ ချက်ချင်း ရပ်တန့်သွားသည်။
ခဏအကြာ၌ ထူလင်းတိနှင့် မြို့စားကြီး ကျိကန်းတို့ စစ်တပ်ထဲမှ မြင်းစီး၍ ထွက်လာကြပြီး ဆိုလွန်နှင့် မီတာ သုံးရာအကွာ တိတိ၌ ရပ်လိုက်ကြသည်။ သူတို့ တစ်ယောက်စီ၏ ဘေး၌ လက်ရွေးစင် စစ်သူရဲ သက်တော်စောင့် ဒါဇင်ကျော် ခြံရံထား၏။
“ထူလင်းတိ... မြို့စားကြီး ကျိကန်း”
“ငါ့ရဲ့ တကယ့် ကျွမ်းကျင်မှုက မြှားပစ်တာပဲ ဆိုတာ မင်းတို့ နှစ်ယောက်လုံး သိတယ်မလား...အင်း တက်တူးထိုးတာလည်း ပါသေးတာပေါ့”
ဆိုလွန် လှမ်း၍ အော်ဟစ်လိုက်သည်။
တက်တူးထိုးခြင်း ဟူသော စကားလုံးကို ကြားသောအခါ ထူလင်းတိ၏ မျက်နှာမှာ ဒေါသကြောင့် ပြင်းထန်စွာ ရှုံ့မဲ့သွားသည်။ ဆိုလွန်က သူမ၏ တင်ပါးပေါ်၌ အရှက်ရဖွယ် စကားလုံးများကို ဖျက်မရအောင် ထွင်းထားခဲ့သည်ကို သတိရသွားသောကြောင့်ပင်။
“ဒီည ငွေရောင်ဝံပုလွေ စစ်တပ်က ပျက်စီးဖို့ ဖန်လာသလို ငါလည်း သူတို့နဲ့အတူ သေရတော့မယ် ထင်တယ်...”
“ဒါကြောင့် ငါတို့ နောက်ဆုံး အသည်းအသန် လောင်းကြေးတစ်ခု လုပ်ကြမလား”
ဆိုလွန် အော်ဟစ်လိုက်သည်။
ထူလင်းတိ ဆိုလွန်ကို အေးစက်စွာသာ စိုက်ကြည့်နေကာ ပြန်လည်ဖြေကြားခြင်းမရှိချေ။
ထိုသည်ကိုမြင်လျှင် ဆိုလွန် ဆက်ပြောလာ၏။
“မင်းတို့ဆီ ငါ မြှားနှစ်စင်း တိတိ ပစ်မယ်...”
“မင်းတို့ နှစ်ယောက်လုံးကို မြင်းပေါ်က ပြုတ်ကျအောင် လုပ်နိုင်ရင် ငါ နိုင်တယ်၊ မင်းတို့ စစ်တပ်တွေကို ဆုတ်ခွာဖို့ အမိန့်ပေးရမယ်...”
“ဒါပေမဲ့ ငါ ရှုံးခဲ့ရင် ငါ့သေခြင်းတရားကို ဝမ်းမြောက်စွာ လက်ခံပြီး ငွေရောင်ဝံပုလွေ စစ်တပ်ကလည်း နောက်ထပ် မတိုက်ခိုက်တော့ဘဲ လက်နက်ချမယ်... ဘယ်လိုလဲ”
‘အိပ်မက် မက်နေလိုက်စမ်း ငတုံးကောင်...’
ထူလင်းတိ စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်ကာ ပြန်လည်အော်ဟစ်ပြီး ကမ်းလှမ်းချက်ကို ငြင်းပယ်ရန်ပြင်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူတို့က လုံးဝ အသာစီး ရနေသည်မဟုတ်ပါလော။ အဘယ်ကြောင့်း လောင်းကြေးကို သဘောတူရမည်နည်း။
သို့သော် အရှက်ကင်းမဲ့သော ဆိုလွန်သည် အဖြေကိုပင် မစောင့်ဘဲ လေးကို ချက်ချင်းဆွဲတင်ကာ မြှားနှစ်စင်းကို သူတို့ဆီသို့ ချိန်ရွယ်လိုက်တော့သည်။
ထိုသည်ကိုမြင်သော်လည်း ကျိကန်းရော ထူလင်းတိပါ အနည်းငယ်မျှပင် စိုးရိမ်ပူပန်မှု မရှိကြချေ။ ဆိုလွန်၌ မြှားပစ် ပါရမီ ရှိကြောင်း သူတို့ သိသော်လည်း သူ၏ သိုင်းပညာ ကျင့်ကြံခြင်းအဆင့်မှာ သနားစရာ ကောင်းအောင်အားနည်းလှသည်။
သူတို့ထဲမှ မည်သူမဆို မျက်လုံးမှိတ်ထားရင်းပင် ထိုမြှားများကို အလွယ်တကူ ကာကွယ်နိုင်ကြ၏။
‘စိတ်အာရုံ ပစ်မှတ်သတ်မှတ်ခြင်း’
ဆိုလွန် စိတ်ထဲမှ ရေရွတ်လိုက်သည်။
ထိုအခါ အသူရာမိစ္ဆာကြယ်သည် ယခုလေးတင် ဝါးမျိုထားသော ကြောက်မက်ဖွယ် ဓာတ်ရောင်ခြည်များဖြင့် မြှားထိပ်များကို ဖုံးလွှမ်းသွားစေလိုက်၏။ သေစေနိုင်သော စွမ်းအင်များ သတ္တုအတွင်း၌ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားလေပြီ။
“ဝှစ် ဝှစ်”
ဆိုလွန် မြှားနှစ်စင်းကို တစ်ဆက်တည်း ပစ်လွှတ်လိုက်၏။
တစ်စင်းက ကျိကန်းဆီသို့ တည့်တည့် သွားပြီး နောက်တစ်စင်းက ထူလင်းတိဆီသို့ ကျဆင်းသွားသည်။ မြှားများသည် ကြယ်ပျံများအလား ညကောင်းကင်ယံကို ဖြတ်သန်းသွားကာ မီတာ သုံးရာ အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်သွားသည်။
ကျိကန်းနှင့် ထူလင်းတိတို့ အထင်အမြင်သေးစွာ လှောင်ပြုံး ပြုံးလိုက်ကြ၏။ သူတို့၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များဖြင့် လေခွင်းပျံသန်း လာနေသော မြှားများ၏လားရာကို အာရုံခံလိုက်ပြီး ဓားများဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်ကြသည်။
သူတို့ကဲ့သို့ အဆင့်မြင့် ကျွမ်းကျင်သူ နှစ်ဦးအနေဖြင့် ဆိုလွန်၏ ဆန်းကြယ်ရွှေနက် မြှားများကို လေထဲ၌ပင် အလွယ်တကူ ရိုက်ချကာ အန္တရာယ်ကင်းစွာ လွင့်စင်သွားစေနိုင်သည်မဟုတ်ပါလော။
ဓားသွားများ နှင့် မြှားများ ထိတွေ့သွားလေပြီ။
“ဝုန်း”
မြားများအတွင်း၌စုစည်းနေသော ဓာတ်ရောင်ခြည်စွမ်းအင်များပွင့်ထွက်လာကာ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားတော့သည်။
သေစေနိုင်သော မမြင်ရသည့် ဓာတ်ရောင်ခြည်စွမ်းအင်သည် သံချပ်ကာများ၊ လက်နက်များနှင့် ခန္ဓာကိုယ် ကာကွယ်မှုများ အားလုံးကို လျစ်လျူရှုကာ ကျိကန်းနှင့် ထူလင်းတိတို့နှစ်ဦးစလုံးကိုလွှမ်းခြုံသွားသည်။
ထိုနှစ်ယောက်လုံး၏ အမြင်အာရုံများ မှောင်အတိကျသွားကာ အသံတစ်စက်မျှပင်မထွက်လိုက်နိုင်ဘဲ စစ်မြင်းများပေါ်မှ လိမ့်ကျသွားသည်။ သူတို့၏ ကံကြမ္မာမှာ လုံးဝ မသိရှိရတော့ချေ။
“ဝှစ် ဝှစ် ဝှစ်”
ဆိုလွန် ရပ်တန့်မနေဘဲ နောက်ထပ် မြှားတစ်သုတ်ကို ထပ်မံ ပစ်လွှတ်လိုက်၏။
မြှားများ ဖြောင့်တန်းစွာ ပျံသန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း မီတာ ရာပေါင်းများစွာကို ဖြတ်ကျော်သွားသည်။
ထိုအခိုက်အတန့်၌ ထိပ်တန်း အထက်တန်းလွှာ မိသားစုများကြားရှိ ကွာဟချက် ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
ဆိုလွန်၏ နောက်တစ်သုတ် မြှားများ ပစ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ထူလင်းမိသားစုမှ စစ်သည်များ ချက်ချင်း ရှေ့ထွက်လာသည်။ ထို့နောက် သူမကို ကာကွယ်ရန် အသေခံစစ်သည်များအဖြစ် မြားများလာရာလမ်းကြောင်းဆီပစ်ဝင်လိုက်ကြ၏။ အချို့စစ်သည်များကမူ ထူလင်းတိကို စစ်တပ်စခန်း၏ ဘေးကင်းရာသို့ အလျင်အမြန် သယ်ဆောင်သွားကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျိကန်း၏ သက်တော်စောင့်များမှာ ခေတ္တမျှ မှင်သက်သွားပြီးနောက်မှ သူတို့၏ သခင်ကို ဆွဲထူရန် ကြိုးစားကြသည်။
“ဖောက် ဖောက် ဖောက်”
ဆိုလွန်၏ မြှားများ ကျိကန်းကို တည့်တည့် ထိမှန်သွားကာ ခေါင်းနှင့် ရင်ဘတ်ကို ဖောက်ထွင်းသွားပြီး သွေးများ ပန်းထွက်လာသည်။
အစောပိုင်းက သတိလစ်ရုံသာ ဖြစ်သွားခဲ့သော ကျိကန်းတစ်ယောက် ယခုအခါ လုံးဝ သေဆုံးသွားလေပြီ။
တစ်ဖက်ရှိ ထူလင်းမိသားစု စစ်သည်များမှာ တုံ့ဆိုင်းမှုမရှိဘဲ လျင်မြန်စွာ လှုပ်ရှားခဲ့ကြသဖြင့် ထူလင်းတိတစ်ယောက်တန်းမသေသွားခဲ့ပေ။ ယခုအခါ မြင်းစီးစစ်သည် ရာပေါင်းများစွာ ထူလင်းတိကို အကာအကွယ်ပေးထားပြီး အရေးပေါ် ကုသမှုခံယူရန် အနီးဆုံး မြင့်မြတ်နတ်နဂါးကျောင်းတော်ရှိရာ အရှေ့ဘက်သို့ ဒုန်းစိုင်း ထွက်ခွာသွားကြ၏။
အရာအားလုံး အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် ကျိကန်း လုံးဝ သေဆုံးသွားမှသာ စစ်သည်များ သတိပြန်ဝင်လာကြသည်။
မြို့စားကြီး ကျိကန်းကျရှုံးသွားလေပြီ။
သူတို့အားလုံး အိပ်မက်မက်နေပါသလော။ ကျိကန်းသည် ထျန်ယဲ့မြို့ကို ဆယ်နှစ်ကျော်တိုင်အောင် မြို့စားအဖြစ် အုပ်ချုပ်ခဲ့သည့် သရဖူမဲ့ ဘုရင်တစ်ပါးပင်။
အဘယ်ကြောင့် ဤမျှအလွယ်တကူ ကျရှုံးသွားရသနည်း။
ကျိကန်းသည် ထျန်ယဲ့မြို့ နှစ်စဉ် ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းကိုသာ ရရှိပြီး ယန်ယန်ထက် နည်းပါးသော်လည်း ကြီးမားသော ကုန်သည်ယာဉ်တန်း အများအပြားကို ထိန်းချုပ်ထားဆဲပင်။ ယင်းက သူ့ကို လောကတစ်ခုလုံး၌ အချမ်းသာဆုံး လူများထဲမှ တစ်ဦး ဖြစ်လာစေသည်။
သူ၏ သိုင်းပညာစွမ်းရည်မှာ အကောင်းဆုံး မဟုတ်သော်လည်း ငွေအများဆုံးနှင့် စစ်သည်အများဆုံး ပိုင်ဆိုင်ထားသဖြင့် မဟာမိတ်တပ်များ၏ အငြင်းပွားဖွယ်မရှိသော ခေါင်းဆောင် ဖြစ်ခဲ့သည်။
ယခုမူ သူ သေဆုံးသွားလေပြီ။
စစ်မြေပြင်တွင် မြင်နေသမျှကိုအံ့ဩဆုံးသူမှာ ဆိုလွန်ဘေး၌ ရပ်နေသော ယန်ယန်ပင်။ မြှားများ ပစ်လွှတ်လိုက်သည့် အခိုက်အတန့် ဆိုလွန်၏ ကျင့်ကြံခြင်းအဆင့်ကို ယန်ယန် ရှင်းလင်းစွာ ခံစားမိလိုက်၏။
ဆိုလွန်မှာ အလယ်အလတ်အဆင့် လေးကိုင်စစ်သည် တစ်ဦးသာ ဖြစ်သေးသည်။ ထိုအဆင့်မှာ ကျိကန်းနှင့် ထူလင်းတိကဲ့သို့ ကျွမ်းကျင်သူများကို သတ်ရန် အလွန် အားနည်းလွန်းလှ၏။
သူ၏ ပထမဆုံး မြှားများကို သူတို့၏ ဓားများဖြင့် ရှင်းလင်းစွာ ကာကွယ်နိုင်ခဲ့သည်မဟုတ်ပါလော။ ဒါဆို သူ ဘယ်လိုလုပ် သူတို့ကို အနိုင်ယူနိုင်ခဲ့သနည်း။
…
စစ်မြေပြင် တစ်ခုလုံး အပ်ကျသံပင်ကြားရလုနီးပါးအထိ တိတ်ဆိတ်သွား၏။
ကျိကန်း သေဆုံးသွားပြီး ထူလင်းတိမှာ အမည်မသိ ဒဏ်ရာများဖြင့် ထွက်ပြေးသွားလေပြီ။ ဟွမ်ချွမ် ရှေးဟောင်းမြို့တော် အပြင်ဘက်ရှိ စစ်သည် လေးသောင်း ပါဝင်သော မဟာမိတ်တပ်ကြီးမှာ ရုတ်တရက် ခေါင်းဆောင်မဲ့ ဖြစ်သွားတော့၏။
“ထျန်ယဲ့မြို့ရဲ့ ကျန်တဲ့ ခေါင်းဆောင် ဆယ်ယောက် ဘယ်မှာလဲ”
ဆိုလွန် ထိုတပ်များအရှေ့တိုးသွားလိုက်ကာ အော်ဟစ် မေးမြန်းလိုက်သည်။
မည်သူမှ ထွက်မလာကြချေ။ ဆိုလွန်၏ မြှားများမှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေသောကြောင့်ဖြစ်သည်။
သူတို့ မသိသည်မှာ အသူရာမိစ္ဆာကြယ် သိုလှောင်ထားသော ဓာတ်ရောင်ခြည် စွမ်းအင်အားလုံးနီးပါးကို ဆိုလွန်အသုံးပြုပြီးသွားပြီ ဖြစ်ကြောင်းကိုပင်။ ဆိုလွန်၏ မြှားများမှာ ယခုအခါ အားမကောင်းတော့ဘဲ အဆင့်မြင့် စစ်သည် မည်သူမဆို အလွယ်တကူ ကာကွယ်နိုင်နေပြီ ဖြစ်၏။
အပိုင်း ၃၀၂ ပြီး။