← Chapters

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း ၃၀၃

Vol. 31 Ch. 303

အပိုင်း ၃၀၃

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက်။

“မင်း ဘာလိုချင်တာလဲ”

နောက်ဆုံးတွင် ရန်သူ့စခန်းမှ တစ်စုံတစ်ယောက် အော်ဟစ်မေးလာ၏။

“ကျိကန်း သေသွားပြီ..ထူလင်းတိလည်း ထွက်ပြေးသွားပြီ... မင်းတို့ ဒီမှာ ဆက်နေတာ ဘာအဓိပ္ပာယ်ရှိသေးလို့လဲ... မင်းတို့ လူတွေကို ဆုတ်ခွာဖို့ အမိန့်ပေးလိုက်ပါ”

ဆိုလွန် ပြန်အော်လိုက်၏။

ရန်သူ့တပ်များကြား၌ လေးလံသော တိတ်ဆိတ်မှုကြီးတစ်ခု ကျဆင်းသွားပြန်သည်။ ထို့နောက်မှ ရုတ်တရက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“ငါတို့ ဆုတ်ခွာလို့ မရဘူး”

“မင်းက ဘယ်သူလဲ”

“ငါက အိုးဝူယန် ပဲ”

အိုးဝူယန်မှာ ထျန်ယဲ့မြို့၌ တတိယမြောက် အကြီးဆုံး အဖွဲ့ ခေါင်းဆောင် ဖြစ်သည်။

“ဘာလို့ ဆုတ်ခွာလို့ မရတာလဲ”

ဆိုလွန် ဆက်မေးလိုက်၏။

“ဒီတိုက်ပွဲကြီးအတွက် ငါတို့ ရွှေဒင်္ဂါး တစ်သိန်းနီးပါး သုံးထားရုံတင်မကဘူး.. ကုန်သွယ်ရေး လမ်းကြောင်းတွေ ပျက်စီးသွားလို့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့တယ်... အခု ဆုတ်ခွာသွားရင် ငါတို့ ဘာမှ မရလိုက်ဘူး ဖြစ်သွားလိမ့်မယ်”

“ကျိကန်းရဲ့ လွတ်သွားတဲ့ နယ်မြေက မင်းတို့အားလုံး ခွဲဝေယူဖို့ မလုံလောက်ဘူးလား”

“မလုံလောက်ဘူး”

အိုးဝူယန် အေးစက်စွာ ပြန်ဖြေသည်။

“ဒါပေမဲ့ ငွေရောင်ဝံပုလွေ စစ်တပ်ရဲ့ ဝေစုကိုပါ ပေါင်းထည့်လိုက်ရင်တော့ ကွက်တိပဲ...ငွေရောင်ဝံပုလွေတွေက သေလုမျောပါး ဖြစ်နေပြီဆိုတော့ သူတို့ကို အဆုံးသတ်လိုက်တာပဲ ကောင်းပါတယ်... “

“ဒါ့အပြင် ဒီနေ့ သူတို့ကို မသုတ်သင်လိုက်ရင် သူတို့ ပြာပုံထဲကနေ ပြန်ထလာပြီး ပြန်လည် အသက်ဝင်လာနိုင်တယ်... အဲ့လိုဆိုရင် ဒီမှာရှိတဲ့ လူတိုင်း ကံကြမ္မာ ဆိုးသွားလိမ့်မယ်”

ဆိုလွန် အံ့ဩသွားရ၏။ ထက်မြက်ပြီး ရက်စက်သော လူများကို နေရာတိုင်း၌ တွေ့နိုင်ပုံရပေသည်။

“နှစ်ဖက်စလုံး လုံးဝ ပျက်စီးသွားမှာကို မင်း မကြောက်ဘူးလား”

ဆိုလွန် လှောင်ပြုံး ပြုံးကာ မေးလိုက်သည်။

“မင်းတို့ဆီမှာ လူတစ်ထောင်တောင် မပြည့်တော့ဘူး.. ငါတို့ဆီမှာ သောင်းနဲ့ချီ ရှိတယ်... မင်းရဲ့ မြှားတွေ ကြောက်စရာကောင်းပေမဲ့ အဲ့ဒါတွေနဲ့ လူဘယ်နှစ်ယောက်များများ သတ်နိုင်မှာလဲ...”

“ငွေရောင်ဝံပုလွေ စစ်တပ်က အခု အားအနည်းဆုံး အချိန်ပဲ... သူတို့ကို သုတ်သင်ဖို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်တစ်ကြိမ် ဘယ်တော့မှ ရမှာ မဟုတ်တော့ဘူး”

အိုးဝူယန် ယုံကြည်မှုရှိစွာ ပြန်ဖြေ၏။

ထိုစကားကို ကြားသောအခါ ကျိကန်းကို သတ်လိုက်ရုံဖြင့် ပြဿနာ မပြေလည်ကြောင်း ဆိုလွန် သိလိုက်သည်။ မဟာမိတ်တပ်များ၌ အခြား ခေါင်းဆောင် ဆယ်ယောက် ရှိနေသေးသဖြင့် နောက်ဆုတ် ထွက်သွားကြမည် မဟုတ်ချေ။

ထိုအခိုက်အတန့်၌ ယန်ယန် ရှေ့ထွက်လာကာ သူ၏ ဝတ်ရုံကို မတင်လိုက်၏။ ဝံပုလွေဘုရင်ကြီး အနေဖြင့် ယန်ယန်သည် လူအများထံမှ ကြီးမားသော လေးစားမှုနှင့် ကြောက်ရွံ့မှုကို ရရှိထားသူ ဖြစ်သည်။

ကျိကန်း သေဆုံးသွားပြီဖြစ်ရာ ယန်ယန်၏ တည်ရှိမှု တစ်ခုတည်းကပင် ကျန်ရှိနေသော ရန်သူ့ခေါင်းဆောင်များကို ခြိမ်းခြောက်ရန် လုံလောက်ပေလိမ့်မည်။

သို့သော် ယန်ယန် မျက်နှာဖော်ပြမည့်အရေးကို ဆိုလွန် တားဆီးလိုက်၏။

ထျန်ယဲ့မြို့မှ ကျန်ရှိနေသော ခေါင်းဆောင်များမှာ အလွန် ရည်မှန်းချက် ကြီးမားကြသည်။ အကယ်၍ ငွေရောင်ဝံပုလွေ စစ်တပ်သာ အထွတ်အထိပ်သို့ ရောက်နေပါက သူတို့ကို အလွယ်တကူ ထိန်းချုပ်ထားနိုင်ပေမည်။

သို့သော် ယခုအချိန်၌ စစ်တပ်မှာ သေလုမျောပါးဖြစ်နေသော ကျားတစ်ကောင်နှင့် တူနေ၏။ ယန်ယန် မည်မျှပင် အစွမ်းထက်စေကာမူ သူသည် လူတစ်ယောက်တည်းသာ။ ထို့အပြင် အိုးဝူယန် ပြောသည်မှာ မှန်ပေ၏။ ဤအချိန်သည် ငွေရောင်ဝံပုလွေများကို သုတ်သင်ရန် အကောင်းဆုံး အချိန်ပင်။

ထိုအချိန်၌ ရန်သူ့မြင်းစီးစစ်သည်တစ်ဦး နောက်တန်းမှ ရှေ့သို့ ပြေးထွက်လာကာ အော်ဟစ်လိုက်သည်။

“ငါ့သခင်က ပြောတယ်... ဆိုလွန်ရဲ့ မြှားတွေက ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ထဲကနေ တွေ့လာတဲ့ မိစ္ဆာပစ္စည်းတွေနဲ့ လုပ်ထားတာ... ကြောက်စရာ ဘာမှမရှိဘူးတဲ့...”

“ထျန်ယဲ့မြို့ရဲ့ ခေါင်းဆောင်တို့... ဆိုလွန်ကို အရင်သတ်နိုင်တဲ့သူက ထျန်ယဲ့မြို့ရဲ့ သခင်သစ် ဖြစ်လာလိမ့်မယ်လို့ အမိန့်ထုတ်လိုက်တယ်”

မြင်းစီးစစ်သည် ပြောသည့် သခင် ဆိုသည်မှာ ထူလင်းတိ ဖြစ်ကြောင်း သံသယဝင်စရာ မလိုချေ။ သူမသည် တိုက်ခိုက်မှုမှ အသက်ရှင်လွတ်မြောက်သွားပြီး ယခု အဝေးမှနေ၍ ကြိုးကိုင်ခြယ်လှယ်နေခြင်းပင်။

ထိုစကားများက ထျန်ယဲ့မြို့ ခေါင်းဆောင်များအားလုံး၏ လောဘနှင့် ရည်မှန်းချက်များကို ချက်ချင်း မီးထိုးပေးလိုက်တော့၏။

အိုးဝူယန် ဓားကို မြှောက်ကာ ဟိန်းဟောက်လိုက်သည်။

“ငွေရောင်ဝံပုလွေ စစ်တပ် ဒီနေ့ သေဖို့ ဖန်လာပြီ...”

“လေးသည်တော်တွေ အားလုံး... ခြေလှမ်း နှစ်ရာ ရှေ့တိုး... ဟွမ်ချွမ် ရှေးဟောင်းမြို့တော်နား ကပ်ပြီး အထဲက လူတိုင်းကို ပစ်... “

“စိတ်မပူပါနဲ့..မြို့ထဲ မဝင်သရွေ့ ကျိန်စာက မင်းတို့ကို ဒုက္ခပေးမှာ မဟုတ်ဘူး”

လေးသည်တော်များ တုံ့ဆိုင်းသွားကြ၏။ သေမင်းမြို့တော်၏ နာမည်ဆိုးက ကြောက်မက်ဖွယ် ကောင်းလှသည်မဟုတ်ပါလော။ အနီးအနားသို့ သွားရခြင်းကပင် လုံလောက်အောင် ကြောက်စရာကောင်းနေပြီဖြစ်ရာ တိုက်ခိုက်ရန်ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။

ယင်းကို မြင်သောအခါ အိုးဝူယန် ထပ်မံအော်ဟစ်လိုက်သည်။

“မြို့နား ကပ်တဲ့ လေးသည်တော်တိုင်းကို ရွှေဒင်္ဂါး နှစ်ပြား အပို ဆုချမယ်”

ရက်ရောသော ဆုလာဘ်သည် သတ္တိရှိသူများကို အမြဲတမ်း ဆွဲဆောင်နိုင်၏။ ချက်ချင်းပင် ပထမဆုံး တပ်ခွဲ စတင် ရှေ့တိုးလာကာ မြို့ရိုးများဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လိုက်ကြသည်။

ထိုအခါမကြာမီ တပ်ဖွဲ့များ ပို၍ပို၍ လိုက်ပါလာကြတော့သည်။ သောင်းနှင့်ချီသော ခြေလျင်စစ်သည်များပင် တင်းကြပ်သော စစ်ကြောင်းများဖြင့် ရှေ့သို့ ချီတက်လာကြသည်။ ကြီးမားသော စစ်တပ်ကြီး မြို့ရိုးနှင့် တဖြည်းဖြည်းနီးကပ်လာသည်မှာ သားကောင်ကို ဝါးမျိုရန် အသင့်ဖြစ်နေသော ဧရာမ သားရဲကြီး တစ်ကောင်နှင့် တူလာ၏။

ဆိုလွန်နှင့် ယန်ယန်တို့ သူတို့၏အရှေ့မှအခြေအနေကို စိုးရိမ်တကြီး အကဲခတ်နေကြသည်။ ရန်သူ့ လေးသည်တော်များ မြို့ရိုးနှင့် လုံလောက်အောင် နီးကပ်လာပါက မြို့တွင်း၌ ဘေးကင်းမည့် နေရာ တစ်ခုမျှ ကျန်ရှိတော့မည် မဟုတ်ချေ။ ဤမျှ သိပ်သည်းသော မြှားမိုးအောက်၌ ငွေရောင်ဝံပုလွေများ အားလုံး သေဆုံးကြရပေလိမ့်မည်။

ပိုဆိုးသည်မှာ လပြည့်ဝန်း အချိန်မရွေး ပြန်လည် ထွက်ပေါ်လာနိုင်ခြင်းပင်။ အကယ်၍ လထွက်ပေါ်လာပါက ဟွမ်ချွမ် ရေကန်မှ ဓာတ်ရောင်ခြည်များ ထုတ်လွှတ်ပြီး မြို့တွင်းရှိ လူတိုင်းကို သတ်ပစ်မည်သာ။

ယန်ယန် ဆိုလွန်ကို ကြည့်ကာ ပြောလိုက်သည်။

“သွား... နိုင်အာ့ကို သွားနှိုး... မင်းတို့ နှစ်ယောက် ဒီကနေ ဖောက်ထွက်ပြီး ထွက်ပြေးကြ”

“သခင်ကြီးနဲ့ ငွေရောင်ဝံပုလွေ စစ်တပ်ကကော ဘယ်လိုလုပ်မလဲ”

ဆိုလွန် စိုးရိမ်ပူပန်စွာ မေးလိုက်၏။

“ငါတို့ အဆုံးစွန်အထိ တိုက်ခိုက်သွားမယ်... ရန်သူ တစ်ယောက်ကို အသေခံခေါ်သွားနိုင်ရင် တန်တယ်၊ နှစ်ယောက်ကို ခေါ်သွားနိုင်ရင် အမြတ်ပဲ”

ယန်ယန် ပြတ်သားစွာ ပြန်ဖြေသည်။

ဤစကားများသည် အစောပိုင်းက ဂူရင် အော်ဟစ်ခဲ့သည့် စကားများပင် ဖြစ်သော်လည်း ယခု ယန်ယန် ကိုယ်တိုင်ပြောလာလေပြီ။ ဆိုလွန်ဆီမီ အဖြေကိုပင် မစောင့်ဘဲ ယန်ယန် ရှေးဟောင်းမြို့တော်ထဲသို့ ပြန်ဝင်သွားလိုက်သည်။

သူသည် နောက်ဆုံး တိုက်ပွဲအတွက် အသက်ရှင်ကျန်ရစ်သူ စစ်သည်များကို စတင် စုစည်းတော့၏။ ဤအချိန်၌ သူတို့တွင် ရွေးချယ်စရာ လုံးဝ မရှိတော့ချေ။

ယန်ယန် လေ့ကျင့်ရေးကွင်းပေါ်ရှိ သူ၏ လူများ ရှေ့၌ ရပ်လိုက်သည်။

“လက်နက်တွေကို ယူကြ... စစ်ကြောင်း ဖွဲ့ပြီး အပြင်ကို ထွက်တိုက်မယ်”

ချက်ချင်းပင် ကျန်ရှိနေသော ငွေရောင်ဝံပုလွေ စစ်သည် ရာပေါင်းများစွာ တစ်ပြိုင်နက် မတ်တတ်ရပ်လိုက်ကြသည်။ ထို့နောက် သူတို့၏ ဓားများကို ဆွဲထုတ်ကာ သခင်ကြီး၏ ဦးဆောင်မှုအောက်၌ စည်းချက်ညီညီဖြင့် မြို့ပြင်သို့ ချီတက်လာကြ၏။

မည်သူမှ တိုက်ပွဲဝင် ကြွေးကြော်သံများ မအော်ဟစ်ကြချေ။ သို့သော် စစ်သည်တိုင်း၏ မျက်လုံးများ၌ တိုက်ပွဲဝင်ရင်း သေရန် အသင့်ဖြစ်နေသော ပြင်းထန်သည့် စိတ်ဓာတ်များ လောင်ကျွမ်းနေလေပြီ။

…

ယခုအချိန်၌ လောင်ကျွမ်းလွယ်သော သစ်သားများ အားလုံး ပြာကျသွားကာ မြို့တွင်းရှိ မီးအများစုမှာ ငြိမ်းသက်သွားပြီဖြစ်သည်။ မြို့တံခါးများ ပျက်စီးနေပြီး အပြင်ဘက် မြို့ရိုး ၏ကြီးမားသော အစိတ်အပိုင်းများ လုံးဝ ပြိုကျနေ၏။

ဆိုလွန် ပျက်စီးနေသော တံခါးများ၏ အတွင်းဘက်၌ ရပ်ကာ ကြီးမားလှသော ရန်သူ့စစ်တပ်ကို ကြည့်နေသည်။

သောင်းနှင့်ချီသော မဟာမိတ်တပ်များ တဖြည်းဖြည်း ရှေ့ တိုးလာနေ၏။ ထိုတပ်များမှာ ဟွမ်ချွမ် ရှေးဟောင်းမြို့တော် တစ်ခုလုံးကို ဝါးမျိုရန် အသင့်ဖြစ်နေသော ဒီရေလှိုင်းကြီး တစ်ခုနှင့် တူနေသည်။

ယင်းနှင့် လုံးဝ ဆန့်ကျင်ဘက်အနေဖြင့် ယန်ယန်၏ စစ်သည်များမှာ ရာဂဏန်းမျှသာ ရှိ၏။

သောင်းနှင့်ချီသော ရန်သူများကို ရာဂဏန်းဖြင့် ရင်ဆိုင်ရပေတော့မည်။

တစ်ဖက်က ပြင်းထန်စွာ ဒဏ်ရာရထားပြီး အစားအသောက်နှင့် ရေ ပြတ်လပ်နေသည်မှာ ရက်အတန်ကြာပြီ ဖြစ်သည်။ အခြားတစ်ဖက်ကမူ ကောင်းစွာ အနားယူထားပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားကာ အရေအတွက် ကြီးမားလှ၏။

ထိုကဲ့သို့ တိုက်ရိုက် ရင်ဆိုင်ရမှုမျိုး၌ အဆုံးသတ်ရလဒ်မှာ သေချာနေလေပြီ။ လောကရှိ အကောင်းဆုံး ကြေးစားစစ်သည်များပင်လျှင် အသက်ရှင်ရန် အခွင့်အရေး ရမည်မဟုတ်ချေ။ ထို့အပြင် ရန်သူ၌ လေးသည်တော် ထောင်ပေါင်းများစွာ ရှိနေ၏။ ရိုးရှင်းသော မြှားပစ်မှု အနည်းငယ်ကပင် ကျန်ရှိနေသော ငွေရောင်ဝံပုလွေများကို သုတ်သင်ရန် လုံလောက်သည်ထက် ပိုနေပြီမဟုတ်ပါလော။

နိုင်အာ၏အကူအညီဖြင့် ထိုအခြေအနေမှ ဆိုလွန်အလွယ်တကူ လွတ်မြောက်နိုင်၏။ သူမ၏ အဆင့်မြင့် သိုင်းပညာစွမ်းရည်များဖြင့် ဖောက်ထွက်ရန်မှာ သိပ်ခက်ခဲလှမည် မဟုတ်ချေ။

သို့သော် နိုင်အာမှာ ကိုယ်တိုင် လွတ်မြောက်ရန်အတွက် မိသားစု စစ်တပ်ကို ဘယ်သောအခါမှ စွန့်ပစ်မည် မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ စစ်တပ် သုတ်သင်ခံလိုက်ရပါက ဆိုလွန်၏ တာဝန် အားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

ယန်ယန်ကို အသက်ပြန်ရှင်စေရန် အရာအားလုံးကို စွန့်စားခဲ့ပြီးမှ ယန်ယန်က ဆယ်မိနစ်အကြာ တိုက်ပွဲ၌ သေဆုံးသွားလျှင် ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။

‘ဒါပေမဲ့ သူတို့ကို ငါ ဘယ်လို ကယ်နိုင်မှာလဲ’

ဆိုလွန် စိုးရိမ်တကြီး တွေးလိုက်၏။ စစ်တပ် နှစ်ခုလုံးက အချိန်မရွေး ပစ်လွှတ်တော့မည့် လေးကြိုးများအလား တင်းမာနေကြသည်။ တစ်ခုခု စဉ်းစားရန် သူ့၌ ၁၅မိနစ်ပင်အချိန်မရှိချေ။

အမှန်စင်စစ်တွင် ကျိကန်း သေဆုံးသွားကာ ထူလင်းတိ ဒဏ်ရာရသွားသဖြင့် မဟာမိတ်တပ်များ၏ စိတ်ဓာတ် အလွန် ကျဆင်းနေကြောင်း ဆိုလွန် သိသည်။ ကြောက်မက်ဖွယ်ကောင်းသော ထိတ်လန့်မှု တစ်ခုတည်းကပင် တပ်များကို ပြိုကွဲစေပြီး ထွက်ပြေးသွားစေရန် လုံလောက်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် ရန်သူက ငွေရောင်ဝံပုလွေများကို သေလုမျောပါး တိရစ္ဆာန် တစ်ကောင်အဖြစ်သာ ရှုမြင်ထားကြသည်။ သူတို့ကို အနီးကပ် တိုက်ခိုက်ရန်ပင် မလိုအပ်ဘဲ အဝေးမှနေ၍ သုတ်သင်ပစ်နိုင်သည်မဟုတ်ပါလော။

မကြာမီ စစ်တပ် နှစ်ခု မျက်နှာချင်းဆိုင် ဖြစ်လာကြ၏။ ငွေရောင်ဝံပုလွေ စစ်သည်များမှာ ဒဏ်ရာ ပြင်းထန်စွာရရှိထားပြီး အရေအတွက် နည်းပါးသော်လည်း တစ်သားတည်း လှုပ်ရှားနေကြသည်။ သောင်းနှင့်ချီသော စစ်တပ်ကြီးကို ရင်ဆိုင်ရသော်လည်း တွေဝေမှု အနည်းငယ်မျှ မရှိဘဲ ရှေ့သို့ ချီတက်သွားကြဆဲပင်။

နှစ်ဖက်စလုံးမှာ မီတာ ရာပေါင်းများစွာသာ ကွာဝေးပြီး အကွာအဝေးမှာ လျင်မြန်စွာ ကျဉ်းမြောင်းလာနေသည်။

“ရပ်”

အိုးဝူယန် အမိန့်ပေးလိုက်၏။ တောင်ဘက်ရှိ ကြီးမားလှသော ရန်သူ့တပ်ဖွဲ့ကြီး ချက်ချင်း ရပ်တန့်သွားသည်။

“လေးပြင်”

ထောင်ပေါင်းများစွာသော ရန်သူ့ လေးသည်တော်များ လေးကို ဆွဲတင်ကာ မြှားများကို တပ်ပြီး ကောင်းကင်သို့ ထောင့်ဖြတ် ချိန်ရွယ်လိုက်ကြသည်။ ငွေရောင်ဝံပုလွေ စစ်တပ် သူတို့၏ ပစ်ကွင်းထဲသို့ ဝင်ရောက်လာသည့် အခိုက်အတန့် သေစေနိုင်သော မြှားမိုးများ ရွာကျလာပေလိမ့်မည်။

“ဒိုင်းကာတွေ မြှောက်”

ယန်ယန် အမိန့်ပေးလိုက်၏။

ငွေရောင်ဝံပုလွေစစ်တပ်မှ ဒိုင်းကာ တစ်ရာခန့် တစ်ပြိုင်နက်တည်း မြင့်တက်လာကာ တည်ငြိမ်သော အရှိန်ဖြင့် ရှေ့သို့ ဆက်လက် ချီတက်သွားကြသည်။

တစ်ချိန်တည်းမှာပင် ကျန်နေသော ထျန်ယဲ့ ခြေလျင်စစ်သည်များက ငွေရောင်ဝံပုလွေစစ်တပ်ကို အပြည့်အဝ ဝိုင်းရံရန် ဖြည်းဖြည်းချင်း တိုးဝင်လာကြ၏။

ငွေရောင်ဝံပုလွေများ၏ ဒိုင်းကာများမှာ ကျဆင်းလာမည့် မြှားမိုးများကို ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ချေ။ သူတို့ သေချာပေါက် သေရတော့မည်သာ။

‘ငါ ဒါကို တားရမယ်’

‘ဒါပေမဲ့ ဘာလုပ်နိုင်မှာလဲ’

ဆိုလွန်၏ စိတ်ထဲအတွေးများစွာပြေးလွှားသွားကာ အသည်းအသန် တွေးတော့သည်။

အပိုင်း ၃၀၃ ပြီး။

All Chapters