အခန်း ၃၀၄
Vol. 31 Ch. 304
အပိုင်း ၃၀၄
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ရုတ်တရက် ဆိုလွန်၏ စိတ်ထဲ၌ အကြံတစ်ခု ဖြတ်ပြေးသွားသည်။ လွန်ခဲ့သောနာရီအနည်းငယ်က နဂါးတံဆိပ်တုံး ဓာတ်တော်ကို သူ ထုတ်ယူလိုက်ချိန်တွင် ယန်ယန်၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် မရဏဝိညာဉ် စွမ်းအင်ကို ဆွဲထုတ်လိုက်ရုံသာ မဟုတ်ချေ။
အသုဘခန်းမထဲမှမျက်စိဖြင့် မမြင်ရသော တစ္ဆေဝိညာဉ် ရာပေါင်းများစွာလည်း ထွက်ပေါ်လာကာ ဓာတ်တော်၏မီးလျံထံ ပျံသန်းသွားသည့် ပိုးဖလံများအလား ဝိုင်းအုံသွားခဲ့ကြသည်။
နဂါးတံဆိပ်တုံး ကျောက်တိုင်၏ မြင့်မြတ်သော အလင်းရောင်မှာ မရဏဝိညာဉ်များအတွက် ငြင်းဆန်၍မရနိုင်သော ဆွဲဆောင်မှုတစ်ခု ရှိနေသည့်အလားပင်။ အလင်းရောင်က သူတို့ကို ပြာအဖြစ် လောင်ကျွမ်းသွားစေမည် ဖြစ်သော်လည်း သူတို့သည် ယင်းဆီသို့ ဆွဲငင်ခံရပြီး မိမိကိုယ်မိမိ လုံးဝ မထိန်းချုပ်နိုင်ကြချေ။
ဟွမ်ချွမ် ရှေးဟောင်းမြို့တော်သည် ရာစုနှစ်ပေါင်းများစွာ တစ္ဆေမြို့တော် ဖြစ်ခဲ့၏။ ထို့ကြောင့် မြို့ရိုးများအတွင်း၌ မရေမတွက်နိုင်သော လူများ သေဆုံးခဲ့ကြကာ အနည်းဆုံး သောင်းနှင့်ချီ ရှိပေမည်။
သူတို့အားလုံး လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးခဲ့ကြသဖြင့် သူတို့၏ ဝိညာဉ်များမှာ ငြိမ်းချမ်းမှု မရရှိဘဲ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။ သာမန် နေရာများ၌ သေဆုံးသွားသော ဝိညာဉ်များသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားတတ်ကြ၏။
သို့သော် ဤရှေးဟောင်းမြို့တော်သည် အမှောင် ယင် စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ မြေအောက်၌ မရဏဝိညာဉ် ဘယ်နှစ်ကောင် ပုန်းအောင်းနေမည်ကို မည်သူမှ မသိနိုင်ချေ။
အကယ်၍ ယခုအချိန်၌ နဂါးတံဆိပ်တုံး ကျောက်တိုင်ကို ထုတ်ယူလိုက်ပါက မရဏဝိညာဉ် မည်မျှကို ဆွဲဆောင်နိုင်မည်နည်း။ ထောင်ပေါင်းများစွာလော။ သောင်းနှင့်ချီ၍လော။
ယခုအချိန်၌ မရဏဝိညာဉ် စစ်တပ်ကြီးတစ်ခု ရုတ်တရက် ပေါ်လာပါက ရန်သူ၏ သတ္တိကို လုံးဝ ချိုးဖျက်ပစ်နိုင်ပြီး အသက်လု ထွက်ပြေးစေမည်မှာ သေချာလှသည်။
ဆိုလွန်အနေဖြင့် မရဏဝိညာဉ် စစ်တပ်ကြီး တစ်ခုလုံးကို ဆင့်ခေါ်လိုက်ပါက သူ့ကိုယ်သူ အလွန် ကြီးမားသော အန္တရာယ်ထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားပေမည်။ ပျောက်ဆုံးသွေး မြို့တော်၌ နောက်ဆုံးအကြိမ် ထိုသို့ဖြစ်ခဲ့စဉ်က သူ၏ ခန္ဓာကိုယ်မှာ သေခြင်းစွမ်းအင်များဖြင့် ပြည့်နှက်သွားခဲ့၏။
အသူရာမိစ္ဆာကြယ်သာ မရှိခဲ့လျှင် သူ အကြိမ်တစ်ထောင်မက သေဆုံးပြီးဖြစ်ပေလိမ့်မည်။
သို့သော် ယခုအချိန်၌ သူ့တွင် တခြား ရွေးချယ်စရာ မရှိတော့ချေ။ ငွေရောင်ဝံပုလွေ စစ်တပ် သုတ်သင်ခံရမည်ကို ဘေးမှ ရပ်ကြည့်မနေနိုင်ပေ။
ထို့ကြောင့် ဆိုလွန်အံကြိတ်ကာ နဂါးမီးလျံကျောက်ထည့်ထားသောသေတ္တာငယ်ကို ထုတ်ယူလိုက်သည်။ ယင်းကို အနည်းငယ် ဟလိုက်ရာ နဂါးတံဆိပ်တုံး ကျောက်တိုင်၏ ရွှေရောင် မြင့်မြတ်သော အလင်းရောင်များ ဖြာထွက်လာသည်။
မြို့ရိုး မြေအောက် အနက်ပိုင်းမှ ထူးဆန်းသည့် ပွတ်တိုက်သံများထွက်ပေါ်လာလေပြီ။
သူ မျှော်လင့်ထားသည့်အတိုင်းပင် မြင့်မြတ်သော အလင်းရောင်မှာ မရဏဝိညာဉ်များအတွက် ငြင်းဆန်၍မရနိုင်သော သွေးဆောင်မှုတစ်ခု ဖြစ်နေ၏။
“ခရက်”
ရုတ်တရက် မြေပြင် ကွဲအက်သွားကာ တစ္ဆေဝိညာဉ် တစ်ကောင် မြေကြီးထဲမှ တွားသွားထွက်လာသည်။
ထို့နောက် ဒုတိယမြောက်၊ တတိယမြောက်၊ စတုတ္ထမြောက်...။
စစ်မြေပြင်ရှိ လူတိုင်း ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်သော ကြောက်မက်ဖွယ် အိပ်မက်ဆိုး တစ်ခုကို မြင်တွေ့လိုက်ကြရသည်။
ထောင်ပေါင်းများစွာသော မရဏဝိညာဉ်များ မြေကြီးအောက်မှ ထွက်လာကြခြင်းပင်။ သူတို့ လူ့လောကသို့ ထွက်ပေါ်လာသည်နှင့်အမျှ လေထုသည်ပင် အေးစက်သောအငွေ့အသက်များဖြင့် တုန်ခါလာ၏။
အစပိုင်း၌ ထိုဝိညာဉ်များမှာ လမ်းပျောက်ပြီး ဇဝေဇဝါ ဖြစ်နေပုံရသော်လည်း ရုတ်တရက် မျက်ဝန်းများ တောက်ပသွားကာ ဆိုလွန်ထံသို့ အကြည့်ရောက်သွားကြသည်။ ဒီရေလှိုင်းကြီး တစ်ခုအလား မရေမတွက်နိုင်သော မရဏဝိညာဉ်များ အော်ဟစ်ကာ သူ့ဆီသို့ ရူးသွပ်စွာ ပြေးဝင်လာလေပြီ။
ဆိုလွန့်အနီးရှိ လေထုမှာ အပူချိန်မှာ ရေခဲမှတ်အထိ ကျဆင်းသွားပြီး အမှောင်ဖုံးနေသော ညကောင်းကင်ယံသည် တစ္ဆေများ၏ ကြောက်မက်ဖွယ် ညည်းတွား အော်ဟစ်သံများဖြင့် ပြည့်နှက်သွား၏။
ရန်သူ့စစ်သည်များ ထိတ်လန့်မှုကြောင့်အေးခဲသွားကြလေပြီ။ အဆိုးဆုံး အိပ်မက်ဆိုးများထဲ၌ပင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော အရာမျိုးကို ဘယ်သောအခါမှ မမြင်ဖူးခဲ့ကြချေ။
ဆိုလွန် အခွင့်အရေးကို အရယူကာ အသံကုန် အော်ဟစ်လိုက်သည်။
“မရဏ စစ်တပ်... ငါ့အမိန့်ကို နာခံ... မင်းတို့ ရှေ့က ရန်သူ အားလုံးကို ဝါးမျိုပြီး ငရဲကို ဆွဲချသွားကြစမ်း”
ထိုသို့ အော်ဟစ်ပြီးသည်နှင့် ဆိုလွန် ကိုယ်ကိုလှည့်ကာ ရန်သူ့စစ်ကြောင်းများဆီသို့ တည့်တည့် ပြေးဝင်သွားတော့သည်။ သူ၏အနောက်မှ မရေမတွက်နိုင်သော မရဏဝိညာဉ်များ ရူးသွပ်စွာ လိုက်ပါလာကြသည်။
ထိတ်လန့်နေသော ရန်သူ့စစ်သည်များ၏ အမြင်၌ ဆိုလွန်တစ်ယောက် ထောင်ပေါင်းများစွာသော တစ္ဆေစစ်တပ်ကို အမိန့်ပေးကာ သူတို့၏ စစ်ကြောင်းများထဲသို့ ရူးသွပ်စွာ ချီတက်လာနေလေပြီ။
ထိုအခိုက်အတန့်၌ သာမန် စစ်သည်များသာ မှင်သက်သွားခြင်း မဟုတ်ချေ။ တပ်မှူး အိုးဝူယန် ပင်လျှင် အံ့ဩတုန်လှုပ်မှုကြောင့် အေးခဲသွားရ၏။
‘ဒီ... ဒီဆိုလွန်က မရဏ စစ်တပ်ကို တကယ်ပဲ အမိန့်ပေးနိုင်တာလား’
ထိုအတွေးတစ်ချက်မှာ ရန်သူစစ်တပ်ရှိလူတိုင်းအားလုံး၏ စိတ်ထဲ၌ ပဲ့တင်ထပ်သွားသည်။ ယင်းမှာ နားလည်၍မရနိုင်သော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုပင်။
ရှေ့တန်းမှ စစ်သည်များမှာ အလွန် ကြောက်ရွံ့သွားကြသဖြင့် ကြွက်သား တစ်ခုမျှပင် မလှုပ်ရှားနိုင်တော့ချေ။ အချို့ဆိုလျှင် အလွန် ထိတ်လန့်သွားသဖြင့် နေရာ၌ပင် သေးထွက်ကျသွားကြ၏။
ယင်းမှာ နှလုံးသားအနက်ရှိုင်းဆုံးနေရာမှလာသည့် ကြောက်ရွံ့မှုဖြစ်သည်။
“ပြေးတော့”
တစ်စုံတစ်ယောက် နောက်ဆုံးတွင် သတိဝင်လာကာ သူ၏ လက်နက်ကို လွှင့်ပစ်ပြီး အော်ဟစ်လိုက်သည်။
“အမေရေ... အဖေရေ...”
“ပြေး... ကိုယ့်အသက်ကိုယ် ကယ်ကြ”
အော်ဟစ်နေသော တစ္ဆေ ထောင်ပေါင်းများစွာ ရှေ့၌ မဟာမိတ်တပ်ကြီး တစ်ခုလုံး ပြိုကွဲသွားလေပြီ။
အမိန့်အားလုံးကို လျစ်လျူရှုကာ စစ်သည်များ စစ်ကြောင်းများကို ဖျက်ပြီး အသက်လု ထွက်ပြေးကြတော့သည်။ တစ်ချို့ဆိုလျှင် အပို ခြေထောက်များ ပါမလာသောကြောင့်အသည်းအသန် ငိုကျွေးနေကြ၏။
ထိုသူများမှာ ရွှေဒင်္ဂါး အနည်းငယ် ရရန် ဤနေရာသို့ လာခဲ့ကြသည့် ကြေးစားစစ်သည်များနှင့် လေလွင့်စစ်သူရဲများပင်။ ငွေရောင်ဝံပုလွေ စစ်တပ်ကို တိုက်ခိုက်ရခြင်းမှာ ဒဏ်ရာရနေသော ကျားတစ်ကောင်ကို နှိမ်နင်းရသကဲ့သို့ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။
ဆိုလွန်၌ ဤမျှ ကောင်းကင်ကို အန်တုနိုင်သော မှော်ပညာ ရှိလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ကြချေ။ သာမန် လူသားများသည် အဆုံးအစမရှိသော မရဏ စစ်တပ်ကို မည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း။
မျက်စိတစ်မှိတ်အတွင်း သောင်းနှင့်ချီသော မဟာမိတ်တပ်များမှာ ပြိုကျသွားသော နှင်းမုန်တိုင်း တစ်ခုအလား အလွန်လျင်မြန်စွာဆုတ်ခွာသွားကြသည်။ တစ်စက္ကန့်လေး နောက်ကျသွားလျှင်ပင် ငရဲသို့ တည့်တည့် ဆွဲချခံရ တော့မည့်အလား အလွန်အမင်း လျင်မြန်စွာ ပြေးသွားကြခြင်းပင်။
လူသောင်းချီ၍ အစုလိုက်အပြုံလိုက် အထိတ်တလန့် ထွက်ပြေးကြသည့်အခါ မည်သို့ဖြစ်လာမည်နည်း။
ကြိတ်ကြိတ်တိုး တိုးဝှေ့ကြမည်။ နင်းမိကြမည်။ ဒဏ်ရာရကာ သေဆုံးကြပေလိမ့်မည်။
ထျန်ယဲ့မြို့၏ မဟာမိတ်စစ်တပ်များမှာ လက်နက်နှင့် သံချပ်ကာအင်္ကျီများကို လွှင့်ပစ်လိုက်ကြ၏။ သူတို့သည် ထွက်ပြေးရန် လောကြီးနေကြသဖြင့် မြင်းပေါ်တက်ရန်ပင် အချိန်မယူနိုင်ကြတော့ချေ။
ငွေမည်မျှ ပေးပါစေ ထိုစစ်သားများအားလုံး ဤကျိန်စာသင့်နေသော နေရာ၌ ဆက်မနေလိုကြတော့ပေ။
အိုးဝူယန်နှင့် အခြားသော ထျန်ယဲ့မြို့မှ ခေါင်းဆောင်ဆယ်ဦးတို့မှာ ဝရုန်းသုန်းကားဖြစ်နေသော စစ်တပ်ကို တားဆီးရန် အသည်းအသန် ကြိုးစားနေကြ၏။ သို့ရာတွင် မည်မျှပင် ထူးချွန်သည့် စစ်သူကြီးဖြစ်နေပါစေ ထိုမျှ ကြီးမားသော ဆုတ်ခွာမှုကို မတားဆီးနိုင်ချေ။
ခေါင်းဆောင်အချို့၌ ထူးခြားပြောင်မြောက်သည့် သိုင်းပညာများရှိကြပြီး အချို့ဆိုလျှင် နဂါးစစ်သည်တော်များပင် ဖြစ်ကြသည်။ သို့သော် ဤအခြေအနေ၌ အပြင်းထန်ဆုံး သိုင်းပညာများပင် အသုံးမဝင်တော့ချေ။ စစ်သားများမှာ ကြောက်လန့်တကြား ထွက်ပြေးနေကြလေပြီ။
ခေါင်းဆောင်များမှာ ကိုယ်ရံတော် အယောက်တစ်ရာခန့်ကိုသာ အမိန့်ပေးနိုင်ပြီး သောင်းနှင့်ချီသော စစ်ပြေးများကြား၌ လှိုင်းပုတ်ခံနေရသည့် လှေငယ်လေးများအလား ဖြစ်လာကြတော့သည်။
“သခင်ကြီး... ကျွန်တော်တို့ မြန်မြန်ပြေးမှ ရမယ်.. မဟုတ်ရင် ဝိညာဉ်တပ်ကြီးက မသတ်ရင်တောင် ငွေရောင်ဝံပုလွေ စစ်တပ်က သတ်သွားလိမ့်မယ်”
အနားရှိ ကိုယ်ရံတော်တစ်ဦးက အိုးဝူယန်ကို သတိပေးလိုက်ခြင်းပင်။
သူ၏ရှေ့မှောက်ရှိ စိတ်ပျက်ဖွယ် ရှုံးနိမ့်မှုကို ကြည့်ရင်း အိုးဝူယန်တစ်ယောက် မျှော်လင့်ချက်မဲ့သွားရလေပြီ။
ဤတိုက်ပွဲကြီးမှာ တစ်လတိုင်တိုင် ကြာမြင့်ခဲ့၏။ စစ်သည်အင်အား ငါးသောင်းကျော်ကို အသုံးပြုခဲ့ရပြီး စစ်စရိတ်အတွက် ရွှေဒင်္ဂါး သိန်းပေါင်းများစွာ ကုန်ကျခဲ့သည်။
ထို့ပြင် ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်သွားခြင်းနှင့် ကုန်သည်လှည်းတန်းများ ဓားပြတိုက်ခံရခြင်းတို့ကြောင့် အခြားသော ဆုံးရှုံးမှုများမှာလည်း မရေမတွက်နိုင်အောင်ပင်။
ငွေရောင်ဝံပုလွေ စစ်တပ်ကို ရှင်းလင်းရန် ကြိုးစားရသည့် တန်ဖိုးမှာ အလွန်တရာ ကြီးမားလွန်းလှသည်။ အဆိုးဆုံးအချက်မှာ ရန်သူကို မချေမှုန်းနိုင်ခဲ့သည့်အပြင် သူတို့ကိုယ်တိုင်ပင် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ရသည်။
တစ်လကြာ ပြင်းထန်သည့် တိုက်ပွဲများအပြီး၌ မဟာမိတ်တပ် ၁၂ဖွဲ့မှာ ထောင်နှင့်ချီ၍ သေကျေဒဏ်ရာရခဲ့ကြ၏။ ဆန့်ကျင်ဘက်အနေဖြင့် ငွေရောင်ဝံပုလွေ တပ်မတော်ဘက်၌ ရာဂဏန်းခန့်သာ ကျဆုံးခဲ့သည်။
ယနေ့ည၏ ကြီးမားသော ဝရုန်းသုန်းကား ပြေးလွှားမှုအတွင်း နင်းမိ၍ သေဆုံးဒဏ်ရာရသူ အရေအတွက်မှာ ပြီးခဲ့သည့် တစ်လလုံး စုစုပေါင်း သေဆုံးသူအရေအတွက်ထက်ပင် ပိုများလာပေလိမ့်မည်။
…
ဆိုလွန်တစ်ယောက် မရဏဝိညာဉ်တပ်ကြား၌ နဂါးမီးလျံ သလင်းကျောက်ကို ထားခဲ့ရန် အစွမ်းကုန် အသုံးပြုလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းပင် မရေမတွက်နိုင်သော မရဏဝိညာဉ်တို့ မီးကိုတိုးသည့် ပိုးဖလံများအလား မြင့်မြတ်သောအလင်းရောင်ထွက်ပေါ်နေသည့် နဂါးမီးလျံသလင်းကျောက်ဆီသို့ ပြေးဝင်သွားကြလေပြီ။
“ဝှစ်... ဝှစ်... ဝှစ်...”
တကယ်ကို ခမ်းနားကြီးကျယ်သည့် မြင်ကွင်းပင်။ မရေမတွက်နိုင်သော ဝိညာဉ်များ တစ်ခုပြီးတစ်ခု ပျက်စီးသွားကြကာ မျက်တောင်တစ်ခတ်အတွင်း ပြာအဖြစ် ပြောင်းလဲသွားကြသည်။
သောင်းနှင့်ချီသော ဝိညာဉ်များကို နဂါးမီးလျံမှ အပြည့်အဝ ဝါးမျိုလိုက်ကာ အရိပ်အယောင်ပင် မကျန်ရစ်ခဲ့ဘဲ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်၌ သောင်းနှင့်ချီသော မဟာမိတ်တပ်သားများလည်း အပြိုပြိုအလဲလဲဖြစ်နေလေပြီ။ လူတိုင်း အသက်လုပြေးနေကြသည့် အဆုံးမရှိသော ပရမ်းပတာ လူအုပ်ကြီးထဲ၌ ပိတ်မိနေကြသည်။ ထွက်ပြေးနေသည့် လူအုပ်ကြီးမှာ တားဆီး၍မရနိုင်သော ကြောက်မက်ဖွယ် ဒီရေလှိုင်းကြီးနှင့် တူလှပေသည်။
နာရီဝက်တိတိ ကြာပြီးနောက်မှ ကြောက်မက်ဖွယ် ကောင်းလှသော ပရမ်းပတာအခြေအနေကြီး ပြီးဆုံးသွား၏။
မဟာမိတ်တပ်များ လုံးဝ ထွက်ပြေးသွားကြကာ ဒဏ်ရာရသူများနှင့် သေဆုံးသူများကိုသာ ချန်ထားရစ်ခဲ့သည်။ ရှုံးနိမ့်သွားသော စစ်သားအချို့မှာ သက်ဆိုင်ရာ စစ်စခန်းသို့ ပြန်သွားကြပြီး အချို့ကမူ မြို့ရှိရာသို့ တန်းတန်းမတ်မတ် ထွက်ပြေးကြသည်။
ထျန်ယဲ့မြို့မှာ ကြီးမားသည့် ပြဿနာများနှင့် ရင်ဆိုင်ရပေတော့မည်။
ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ကို ဝန်းရံထားသည့် စခန်းများ၌ အလောင်းများဖြင့် ပြည့်နှက်နေကာ မသေသေးသူများမှာ နာကျင်စွာ အော်ဟစ်ညည်းတွားနေကြသည်။ ကြီးမားသည့် ဝရုန်းသုန်းကား ပြေးလွှားမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ ခြောက်ထောင်ခန့် ရှိခဲ့ကာ ပြီးခဲ့သည့် တစ်လလုံး တိုက်ပွဲဝင် သေဆုံးမှုထက် များစွာ သာလွန်သွားလေပြီ။
သံချပ်ကာများ၊ မြှားများနှင့် လက်နက်များ နေရာအနှံ့ ပြန့်ကျဲနေသည်။ မြို့သိမ်းတိုက်ပွဲ ဖြစ်သည့်အတွက် မြင်းစီးရန် မလိုအပ်သောကြောင့် စစ်မြင်းအားလုံးကို နေရာတစ်ခုတည်း၌ ထားရှိခဲ့၏။ ထွက်ပြေးမှုမှာ ရုတ်တရက် ဆန်လွန်းသဖြင့် စစ်သားများအနေဖြင့် မြင်းဇောင်းသို့သွားကာ မြင်းပေါ်တက်ရန် အချိန်မလုံလောက်ခဲ့ကြပေ။
ထို့ကြောင့် မရေမတွက်နိုင်သော စစ်မြင်းများ ကျန်ရစ်ခဲ့၏။ စစ်တပ်ကြီး လုံးဝ ပျောက်ကွယ်သွားပြီးနောက် ထိုမြင်းများမှာ မြက်ခင်းပြင်၌ အေးဆေးစွာ မြက်စားနေကြလေပြီ။
သံသရာဖြစ်ဖွယ်ရာမရှိ ဟွမ်ချွမ်မြို့သိမ်းတိုက်ပွဲကြီးပြီးဆုံးသွားခဲ့၏။
အပိုင်း ၃၀၄ ပြီး။