အခန်း ၃၀၅
Vol. 31 Ch. 305
အပိုင်း ၃၀၅
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ပရမ်းပတာ ဖြစ်စဉ်တစ်လျှောက်လုံး၌ အဖွဲ့တစ်ဖွဲ့မှာမူ တန်းစီလျက်သားဖြင့် ငြိမ်သက်နေခဲ့သည်။ ယင်းမှာ ငွေရောင်ဝံပုလွေ စစ်တပ်ပင်။
သူတို့ လုံးဝ အံ့အားသင့်သွားကြ၏။ သေရတော့မည်ဟု ထင်ထားခဲ့သော်လည်း ဘေးကင်းစွာ ရပ်နေနိုင်ခဲ့ကာ ဆိုလွန်တစ်ယောက် မဖြစ်နိုင်သည့် အံ့ဖွယ်ရာတစ်ခု လုပ်ဆောင်နေသည်အား စောင့်ကြည့်ခဲ့ကြသည်။
မရေမတွက်နိုင်သော မရဏဝိညာဉ်များ ပထမဆုံး ပေါ်လာသည့် အချိန်၌ ငွေရောင်ဝံပုလွေ စစ်သားများမှာလည်း အလွန် ကြောက်လန့်သွားခဲ့ရသည်။ သူတို့၏ ခြေထောက်များပင် အားပျော့သွားခဲ့ခြင်းဖြစ်သည်။
သို့သော် မည်သူမျှ ထွက်ပြေးသွားခဲ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ သေရတော့မည်ကို လက်ခံထားပြီးသား ဖြစ်သောကြောင့်ပင်။ ထို့အပြင် ဝိညာဉ်တပ်ကြီးသည် သူတို့ဆီသို့ မလာဘဲ ရန်သူ့စစ်တပ်ဆီသို့သာ တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့၏။
ထို့ကြောင့် ယန်ယန်၏ အမိန့်အောက်၌ ငွေရောင်ဝံပုလွေ စစ်တပ် တစ်ခုလုံး တည်ငြိမ်သည့် တန်းစီမှုဖြင့် မလှုပ်မယှက် ရပ်နေခဲ့ကာ ဖြစ်စဉ်တစ်ခုလုံးကို ငြိမ်သက်စွာစောင့်ကြည့်ခဲ့ကြရသည်။
…
ဆိုလွန် နဂါးမီးလျံ သလင်းကျောက်ကို ဂရုတစိုက် ကောက်ယူကာ ကျောက်စိမ်းသေတ္တာထဲသို့ သတိကြီးစွာ ပြန်ထည့်ပြီး အိတ်ကပ်ထဲသို့ သိမ်းလိုက်သည်။
သူ အောင်မြင်သွားလေပြီ။ အရုဏ်မတက်မီ ငွေရောင်ဝံပုလွေ စစ်တပ်ကို ပိတ်ဆို့မှုမှ ဖောက်ထွက်နိုင်ရန် ကူညီပေးခဲ့ကာ ပြီးပြည့်စုံသည့် အံ့ဖွယ်ရာတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
ယန်ယန် ရှေ့သို့ ထွက်လာကာ ဒူးတစ်ဖက်ထောက်ပြီး သူ၏ ဓားကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
“ငွေရောင်ဝံပုလွေ စစ်တပ်က ယန်ယန် သခင်ကြီးကို ဂါရဝပြုပါတယ်...”
“ဒီနေ့ကစပြီး ငွေရောင်ဝံပုလွေ စစ်တပ်က ဆိုမိသားစုကို မျိုးဆက်အဆက်ဆက် အလုပ်အကျွေး ပြုပါမယ်..ကျွန်တော်တို့ ဘယ်တော့မှ သစ္စာမဖောက်ပါဘူး”
ဆိုလွန် ဓားကို ယူလိုက်ကာ ခေတ္တမျှ ကိုင်ထားပြီးနောက် ယန်ယန်ကို လက်နှစ်ဖက်ဖြင့် ပြန်ပေးလိုက်သည်။ ထို့နောက် သူ လက်ကမ်းပေးလိုက်လျှင် ယန်ယန် ခေါင်းငုံ့ကာ ဆိုလွန်၏ လက်စွပ်ကို နမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏အနောက်ရှိ ငွေရောင်ဝံပုလွေ စစ်သည် ရာပေါင်းများစွာ တညီတညွတ်တည်း ဒူးထောက်လိုက်ကြပြီး အော်ဟစ်လိုက်ကြသည်။
“ငွေရောင်ဝံပုလွေ စစ်တပ်က သခင်ကြီးကို ဂါရဝပြုပါတယ်”
ဤအချိန်မှစ၍ ငွေရောင်ဝံပုလွေ စစ်တပ် တစ်ခုလုံး ဆိုလွန်အပေါ် အကြွင်းမဲ့ သစ္စာခံကြောင်း တရားဝင် ကြေညာခဲ့ကာ ဆိုမိသားစု၏ ကိုယ်ပိုင်တပ် ဖြစ်လာလေပြီ။
မြို့တံခါးဝ၌ နိုင်အာတစ်ယောက် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးများ အနည်းငယ် နီရဲနေ၏။ ဤသည်ကား သူမ အမြဲ မြင်မက်ခဲ့ရသည့် အချိန်အခါမျိုး ဖြစ်ပေလိမ့်မည်။
…
ငွေရောင်ဝံပုလွေ စစ်တပ်များ စစ်မြေပြင်ကို ရှင်းလင်းနေကြသည်။
ထိုနေရာတစ်ဝိုက်၌ စွန့်ပစ်ခံထားရသော သံချပ်ကာများ၊ လက်နက်များ၊ အစားအစာများနှင့် စစ်မြင်းများဖြင့် ပြည့်နှက်နေ၏။ သူတို့၏ ပထမဦးစားပေးမှာ မြင်းများကို စုဆောင်းကာ ပူနွေးသည့် အစားအစာများ ချက်ပြုတ်ရန် ဖြစ်သည်။
ဝလင်စွာ စားသောက်ပြီးနောက် စွမ်းအင်ပြန်လည် ပြည့်ဝလာစေရန် နာရီအနည်းငယ်မျှပင် အိပ်စက်ခဲ့ကြသေးသည်။
မွန်းတည့်ချိန်ခန့်၌ ငွေရောင်ဝံပုလွေ လက်ရွေးစင် စစ်သည် ရာပေါင်းများစွာ ဟွမ်ချွမ်မြို့မှ စတင် ထွက်ခွာလိုက်ကြသည်။ လူတစ်ဦးစီသည် တိုက်ပွဲမှရရှိသော လုယက်ပစ္စည်း အမြောက်အမြားကို သယ်ဆောင်ရန် မြင်းသုံးကောင်စီကို ဆွဲခေါ်လာခဲ့ကြ၏။
သူတို့ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်မှ ထွက်ခွာလာပြီး ငွေရောင်ဝံပုလွေ စခန်းဆီသို့ ပြန်သွားနေကြခြင်းပင်။
လမ်းတစ်လျှောက်၌ ယန်ယန်မှာ သတင်းပို့သူ ၁၁ဖွဲ့ခန့်နှင့် ဆုံတွေ့ခဲ့ရသည်။
ကျိကန်း သေဆုံးသွားလေပြီ။ ထျန်ယဲ့မြို့မှ ကျန်ရစ်သော ခေါင်းဆောင် ဆယ့်တစ်ဦးစလုံး ငြိမ်းချမ်းရေး တောင်းဆိုရန်၊ သနားညှာတာမှု တောင်းခံရန်နှင့် ညှိနှိုင်းမှုတစ်ခု ရယူရန် လူများဆက်တိုက် စေလွှတ်ခဲ့ကြ၏။
ကြီးမားသည့် ရှုံးနိမ့်မှုအပြီး၌ သူတို့၏ ကြံ့ခိုင်မှုမရှိသော မဟာမိတ်အဖွဲ့ကြီး လုံးဝ ပြိုကွဲသွားခဲ့ပြီဖြစ်သည်။ ငွေရောင်ဝံပုလွေ စစ်တပ်သည် နောက်ဆုံး အောင်ပွဲကို ရရှိခဲ့ကာ ထျန်ယဲ့မြို့၌ အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်လာခဲ့သလို ယန်ယန်မှာလည်း ပြန်လည် အသက်ရှင်လာသည်။
ဤနေ့မှစ၍ ငွေရောင်ဝံပုလွေ တပ်မတော်က ထျန်ယဲ့မြို့ကို အကြွင်းမဲ့ အာဏာဖြင့် အုပ်စိုးမည်အား မည်သူမှ တားဆီးနိုင်မည် မဟုတ်တော့ချေ။ သူတို့၌ မြို့စားနှင့် အုပ်ချုပ်သူ ရာထူးနှစ်ခုလုံးကို ကိုင်စွဲထားနိုင်သည့် အင်အားရှိနေပြီ ဖြစ်သည်။
ကံမကောင်းစွာဖြင့် ထိုခေါင်းဆောင် ဆယ့်တစ်ဦးမှာ ငွေရောင်ဝံပုလွေ စစ်တပ် ဆိုမိသားစုအပေါ် သစ္စာခံရန်နှင့် ထွက်ခွာရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းကို လုံးဝ မသိခဲ့ကြပေ။
နှစ်ရက်ကြာပြီးနောက် ယန်ယန်တစ်ယောက် သူ၏ လက်ရွေးစင်များကို ဦးဆောင်ကာ စစ်စခန်းသို့ ပြန်လာသည်။
ထိုစခန်းကို ယခင်က သိမ်းပိုက်ခံခဲ့ရပြီး အစောင့်ချထားသည့် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်များ အားလုံး လက်နက်သိမ်းခံခဲ့ရ၏။ သို့သော် မဟာမိတ်တပ်များ ရှုံးနိမ့်သွားပြီးနောက် အစောင့်များသည် ဖမ်းဆီးခံထားရသော ငွေရောင်ဝံပုလွေ စစ်သားများ အားလုံးကို အလျင်အမြန် လွှတ်ပေးခဲ့ကာ စခန်းကို ပြန်ပေးခဲ့ကြသည်။
ထို့ကြောင့် စစ်စခန်းမှာ အပျက်အစီးမရှိဘဲ ကျန်ရစ်ခဲ့သည်။ အကယ်၍ နိုင်အာသာ ထိုနေ့က စခန်းကို စွန့်ခွာကာ သဲကန္တာရထဲသို့ ထွက်ပြေးရန် ပြတ်သားစွာ မဆုံးဖြတ်လျှင် ငွေရောင်ဝံပုလွေ စစ်တပ် လုံးဝ ပျက်စီးသွားမည်သာ။
စခန်းသို့ ပြန်ရောက်သည်နှင့် ဆိုလွန် ပထမဆုံးလုပ်ခဲ့သည့် အရာမှာ ရွှေဒင်္ဂါး တစ်သိန်းတန်ဖိုးရှိ ရွှေလက်မှတ်များကို ထုတ်ယူလိုက်ခြင်းပင်။
ထိုလက်မှတ်များကို ယန်ယန်ထံ ကမ်းပေးလိုက်ပြီး စစ်သားများ စုဆောင်းရန်နှင့် စစ်လက်နက်ပစ္စည်းများ၊ ရိက္ခာများ ဝယ်ယူရန် ညွှန်ကြားလိုက်သည်။ ရွှေဒင်္ဂါး တစ်သိန်းအနက် ရှစ်သောင်းမှာ သူ၏ကိုယ်ပိုင်ငွေ ဖြစ်ပြီး ကျန်နှစ်သောင်းမှာ သွေးတစ္ဆေ၏ သေတ္တာထဲမှ ရလာခြင်း ဖြစ်သည်။
ရွှေဒင်္ဂါး တစ်သိန်းကို မြင်လိုက်ရသောအခါ ယန်ယန် ချက်ချင်း အံ့အားသင့်သွားရသည်။ ဆိုလွန်မှာ ထျန်းရွှေမြို့ကို ဆုံးရှုံးထားရပြီ ဖြစ်ရာ ဤမျှများပြားသော ငွေများကို ဘယ်ကနေ ရလာပါသနည်း။
ယန်ယန်ကိုယ်တိုင်ပင် ထိုမျှ ကြီးမားသည့် ပမာဏကို လွယ်လွယ်ကူကူ မတတ်နိုင်ချေ။ နှိုင်းယှဉ်ရလျှင် အင်အား ငါးသောင်းရှိသည့် မဟာမိတ်တပ်ကြီး တစ်ခုလုံး၏ စစ်စရိတ်မှာ ရွှေဒင်္ဂါး သိန်းဂဏန်း အနည်းငယ်ခန့်သာ ရှိပြီး ယင်းကိုပင် အင်အားကြီး ဆယ့်နှစ်ဖွဲ့နှင့် နုလန်ဘုရင့်နိုင်ငံတို့ ပူးပေါင်း၍ ထောက်ပံ့ထားခြင်း ဖြစ်သည်။
“စစ်သား ဘယ်လောက် စုဆောင်းရမလဲ”
ယန်ယန် မေးလိုက်သည်။
“နှစ်သောင်း...”
ဆိုလွန် ပြန်ဖြေလိုက်၏။
ယန်ယန် မျက်မှောင်ကြုတ်လိုက်သည်။ “အင်အား နှစ်သောင်းနဲ့ဆိုရင်တောင် ထျန်းရွှေမြို့ကို မိုင်ထောင်ချီ ချီတက်ပြီး ဝိုင်းရဦးမယ်”
“ရွှေဒင်္ဂါး တစ်သိန်းနဲ့ မလောက်ဘူး ထင်တယ်... ငါတို့ ရိုးရိုးစစ်သားတွေကိုပဲ စုဆောင်းသင့်တယ်.. အရာရှိတွေ မလိုဘူး”
ဆိုလွန် ယန်ယန်၏ အဓိပ္ပာယ်ကို နားလည်လိုက်သည်။
သူ စည်းကမ်းမရှိသည့် လူအုပ်ကြီးကို မလိုချင်ဘဲ လက်ရွေးစင် တပ်ဖွဲ့တစ်ဖွဲ့ကိုသာ အလိုရှိနေခြင်းပင်။ အရာရှိများ အားလုံးကို လက်ရှိ ငွေရောင်ဝံပုလွေ စစ်မှုထမ်းဟောင်းများထဲမှ တိုက်ရိုက် ရာထူးတိုးပေးမည် ဖြစ်၏။
သူတို့အနေဖြင့် အမိန့်ကို မေးခွန်းမထုတ်ဘဲ လိုက်နာမည့် စစ်တပ်တစ်ခု လိုအပ်နေသည်။ စည်းကမ်းမရှိသည့် လူအုပ်ကြီး ရှိလာသောအခါ ဘာဖြစ်လာမည်နည်း။
ဟွမ်ချွမ် ရှေးဟောင်းမြို့တော် တိုက်ပွဲက ထိုအရာကို ရှင်းရှင်းလင်းလင်း ပြသသွားခဲ့လေပြီ။
“ငါ့စစ်သည်တွေက စစ်တပ်အင်အား တစ်သောင်း အများဆုံး ကွပ်ကဲနိုင်တယ်”
ယန်ယန်ပြောလိုက်သည်။
“ဆိုမိသားစုမှာ ယိုရှာစစ်သူရဲ တစ်ရာ ရှိတယ်.. သူတို့အားလုံးက မဟာဆရာသခင် ဓားပညာရှင်တွေနဲ့ သူရဲကောင်းတွေချည်းပဲ”
ယန်ယန် ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ..ဒါဆိုရင် ငါတို့ စစ်သား တစ်သောင်းခွဲ စုဆောင်းမယ်.. ထျန်ယဲ့မြို့က အင်အားကြီး ဆယ့်တစ်ဖွဲ့ကို လာပြီး ညှိနှိုင်းဖို့ ဖိတ်စာပို့လိုက်မယ်”
“ဒါဆို ငါတို့ကိုယ်တိုင် အသေးစိတ်လိုက်လုပ်စရာမလိုဘဲ လိုအပ်တာမှန်သမျှစီမံနိုင်လိမ့်မယ်”
ထိုနေ့ညနေ၌ ယန်ယန်နှင့် နိုင်အာတို့နှစ်ဦးသား ညှိနှိုင်းမှုတစ်ခု တက်ရောက်ခဲ့ကြသည်။
ယန်ယန်က ထျန်ယဲ့မြို့ရှိ အင်အားကြီး ဆယ့်တစ်ဖွဲ့ကို ငွေရောင်ဝံပုလွေ စစ်တပ်၏ ဆုံးရှုံးမှုများအတွက် ရွှေဒင်္ဂါး တစ်သိန်းတစ်သောင်း လျော်ကြေးပေးရန် တောင်းဆိုခဲ့၏။ ထို့ပြင် ငွေရောင်ဝံပုလွေ စစ်တပ်၏ မြို့အမြတ်ငွေ ဝေစုကိုလည်း ရာခိုင်နှုန်း နှစ်ဆယ်မှ လေးဆယ်အထိ တိုးမြှင့်ရမည်ဟု ဆိုသည်။
ထိုတောင်းဆိုမှုမှာ အခြားသော ခေါင်းဆောင်များအတွက် သေရာပါမည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာ၏။ နာရီပေါင်းများစွာကြာအောင် ပြင်းထန်စွာ ညှိနှိုင်းပြီးနောက် နောက်ဆုံး၌ ငွေရောင်ဝံပုလွေ စစ်တပ်ကို ထျန်ယဲ့မြို့ အမြတ်ငွေ၏ ၃၀ ရာခိုင်နှုန်း လက်ဝါးကြီးအုပ်ခွင့် ပြုရန် သဘောတူခဲ့ကြရသည်။
ထို့အပြင် အဖွဲ့ဆယ့်တစ်ဖွဲ့က ငွေရောင်ဝံပုလွေ စစ်တပ်ကို လျော်ကြေးအဖြစ် ရွှေဒင်္ဂါး သုံးသောင်း ပူးပေါင်းပေးဆောင်ရမည် ဖြစ်သည်။ ၃၀ ရာခိုင်နှုန်း အမြတ်ဝေစုမှာ တစ်နှစ်လျှင် ရွှေဒင်္ဂါး သုံးသောင်းခန့်နှင့် ညီမျှ၏။
ညှိနှိုင်းမှု ပြီးဆုံးသွားပြီဟု လူတိုင်း ထင်မှတ်နေချိန်၌ ယန်ယန်က ငွေရောင်ဝံပုလွေ စစ်တပ်အနေဖြင့် ထျန်ယဲ့မြို့မှ လုံးဝ ဆုတ်ခွာမည်ဖြစ်ကြောင်း ရုတ်တရက် ကြေညာလိုက်သည်။ ထို့နောက် သူတို့ရရှိထားသော မြို့၏ နှစ်စဉ်ဝင်ငွေ ၃၀ ရာခိုင်နှုန်း ဝေစုကို အမြင့်ဆုံး ဈေးပေးသူအား လေလံတင် ရောင်းချမည်ဟု ကမ်းလှမ်းလိုက်၏။
ထိုသတင်းမှာ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး လူတိုင်း အံ့အားသင့်သွားကြသည်။
နောက်ဆုံး၌ ၃၀ ရာခိုင်နှုန်း ဝေစုကို ရွှေဒင်္ဂါး တစ်သိန်းနှစ်သောင်းဖြင့် လေလံအောင်သွားခဲ့သည်။ ယခင်လျော်ကြေးငွေနှင့် ပေါင်းလိုက်ပါက ယန်ယန်တစ်ယောက် တစ်ညတည်းဖြင့် ရွှေဒင်္ဂါး တစ်သိန်းခွဲအောင်မြင်စွာ ငွေညှစ်နိုင်ခဲ့လေပြီ။
နောက်ပိုင်းတွင် သူ ထိုရွှေဒင်္ဂါး တစ်သိန်းခွဲကို နှစ်ပိုင်းခွဲလိုက်သည်။
“ရွှေဒင်္ဂါး ငါးသောင်းကို သခင်ကြီးအပေါ် သစ္စာခံဖို့နဲ့ စစ်သားတွေ စုဆောင်းရာမှာ ရန်ပုံငွေအဖြစ် သုံးမယ်... ကျန်တဲ့ ရွှေဒင်္ဂါး တစ်သိန်းကိုတော့ နိုင်အာ့ရဲ့ တင်တောင်းငွေအဖြစ် သေချာ သိမ်းထားမယ်”
…
သို့ဖြင်ြ စစ်သားစုဆောင်းခြင်း အစီအစဉ်မှာ အလွန် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။
ကျန်ခေါင်းဆောင် ဆယ့်တစ်ဦးမှာ တားဆီးရန် မကြိုးစားခဲ့ဘဲ ငွေရောင်ဝံပုလွေ စစ်တပ် အမြန်ဆုံး ထွက်ခွာသွားစေရန်အတွက် အပြည့်အဝပင် ပူးပေါင်းကူညီခဲ့ကြသည်။
ထို့ကြောင့် သုံးရက်အတွင်း ကြေးစားစစ်သည် တစ်သောင်းနှစ်ထောင်ကို အောင်မြင်စွာ စုဆောင်းနိုင်လိုက်၏။ သူတို့ ရိုးရိုးစစ်သားများကိုသာ ငှားရမ်းခဲ့ပြီး အရာရှိ တစ်ဦးကိုမျှ မငှားရမ်းခဲ့ချေ။
ဤသည်မှာ ရန်သူ့ သူလျှိုများ စိမ့်ဝင်လာခြင်းကို တားဆီးရန် အရာရှိများ အားလုံးကို မိမိတို့၏ တင်းကြပ်သော ထိန်းချုပ်မှုအောက်တွင်သာ ထားရှိရမည် ဖြစ်သောကြောင့်ပင်။
ထို့အပြင် စပါးများ၊ မြှားများ၊ သံချပ်ကာများနှင့် လက်နက် အမြောက်အမြားအပါအဝင် မရေမတွက်နိုင်သော စစ်မြင်းများ၊ မြည်းများနှင့် လှည်းများကိုလည်း ဝယ်ယူခဲ့၏။
အမှန်တကယ်ဆိုရလျှင် ထျန်ယဲ့မြို့ကဲ့သို့ နေရာမျိုး၌သာ တိုတောင်းသော အချိန်အတွင်း ထိုမျှများပြားလှသည့် ထောက်ပံ့ရေး ပစ္စည်းများကို ထောက်ပံ့ပေးနိုင်သည်။ အခြားနေရာများတွင်ဆိုပါက အကြီးဆုံး မြို့တော်များ၌ပင် တစ်ကြိမ်တည်းနှင့် စစ်မြင်း ထောင်ပေါင်းများစွာကို ဝယ်ယူရန် မဖြစ်နိုင်ချေ။
သို့သော် ထျန်ယဲ့မြို့မှာ ကုန်သွယ်ရေးနှင့် မှောင်ခိုလုပ်ငန်းတို့၏ ဗဟိုချက် ဖြစ်၏။ ညသစ်ခွ မြို့စားနယ်မြေနှင့် ရှီးလျန်ဘုရင့်နိုင်ငံတို့သည် သူတို့၏ စစ်မြင်းအများစုကို ဤနေရာမှတစ်ဆင့် နှစ်စဉ် မှောင်ခိုသွင်းလေ့ ရှိကြသည်။
စစ်ပွဲကြောင့် ကုန်သွယ်ရေး လမ်းကြောင်းများ တစ်လကြာ ပိတ်ဆို့ခံထားရသဖြင့် မြို့အနီး၌ ထောက်ပံ့ရေးပစ္စည်း အမြောက်အမြား စုပုံနေခဲ့သည်။ ဒေသခံ ကုန်သည်များမှာ သူတို့၏ ပစ္စည်းများကို ရောင်းချရန် ရူးမတတ် ဖြစ်နေခဲ့ကြရာ ဆိုလွန်၏အင်တိုက်အားတိုက်ဝယ်ယူမှုကြောင့် အဆင်ပြေသွားသည်။
ရွှေဒင်္ဂါး သိန်းချီသော ငွေများဖြင့် ကုန်သည်လှည်းတန်း များစွာမှ ကျန်ရှိနေသော ပစ္စည်းများကို အလျင်အမြန် ဝယ်ယူနိုင်ခဲ့၏။ စစ်တပ်တစ်ခုဆိုသည်မှာ ငွေများကို ဝါးမျိုသည့် သားရဲကြီးတစ်ကောင်နှင့် တူလှပေသည်။
စုဆောင်းခဲ့သော စစ်သားသစ်များသည် လက်ရွေးစင်များ မဟုတ်သော်လည်း အရာရှိတပ်ဖွဲ့ တစ်ခုလုံးမှာ ငွေရောင်ဝံပုလွေစစ်တပ်မှ တိုက်ပွဲအတွေ့အကြုံ၊ ရင့်ကျက်သည့် စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ငွေများအားလုံး သုံးစွဲလိုက်ပြီးနောက် ဆိုလွန်တစ်ယောက် အင်အားတစ်သောင်းခွဲရှိသည့် လက်နက်အပြည့်အဝတပ်ဆင်ထားသော စစ်တပ်တစ်တပ်ကို ပိုင်ဆိုင်သွားလေပြီ။
အပိုင်း ၃၀၅ ပြီး။