အခန်း ၃၀၈
Vol. 31 Ch. 308
အပိုင်း ၃၀၈
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
လင်းအောင်း၏စကားများကြောင့် ကွေ့ချင်းရှောင်း ရင်ထဲ နွေးထွေးသွားရ၏။ ဤနှစ်များအတွင်း သူမ အနှစ်သက်ဆုံးမှာ လင်းအောင်း၏ ရည်မှန်းချက်ကြီးမားမှုနှင့် သဘောထားကြီးမှုပင်။
သူမ နေရာမှာပင် ရပ်နေကာ ခေါင်းလှည့်မကြည့်သော်လည်း ရင်ထဲ၌မူ ဖော်ပြရခက်လောက်အောင် ရှုပ်ထွေးနေခဲ့သည်။
လင်းအောင်းသည် ဒူးတစ်ဖက် ထောက်ထားကာ သူမ၏ အဖြေကို စောင့်နေဆဲပင်။ သူမ အချိန်အတော်ကြာသည်အထိ အသံမထွက်လာသည်ကို မြင်သောအခါ သူ တိုက်ရိုက်ပင် ပြောလိုက်သည်။
“ကိုယ် တစ်ကြိမ်ပဲ လက်ထပ်ခွင့် တောင်းမှာပါ... အကယ်လို့ မင်း သဘောမတူရင် မွေးစားအဖေကို သွားပြီး ရှင်းရှင်းလင်းလင်း ပြောလိုက်တော့မယ်”
ကွေ့ချင်းရှောင်း အေးစက်စွာ ပြန်ဖြေလိုက်သည်။
“ဆိုလွန်က ငါ့ကို အနိုင်ကျင့်ခဲ့တယ်... နင် ငါ့ကို လက်ထပ်ချင်ရင်..”
“သူ့ကို သတ်နိုင်တဲ့အချိန်ကျရင် ငါ နင့်ကို ကတိပေးမယ်”
လင်းအောင်း တွေဝေမနေဘဲ လက်စွပ်ကို ပြန်သိမ်းကာ လှည့်ထွက်သွားတော့သည်။
…
“ဘယ်လိုလဲ”
ကျိနင် မေးလိုက်သည်။
“ထူလင်းတိ ငယ်ငယ်တုန်းက ဆိုလွန်ရဲ့ ကျူးလွန်စော်ကားတာကို ခံခဲ့ရတယ်”
လင်းအောင်း ဖြေလိုက်၏။
“ဘယ်နှစ်နှစ်တုန်းကလဲ”
“ရှစ်နှစ်တုန်းကပါ”
ကျိနင်၏ နှလုံးသား ချက်ချင်း ခုန်ပေါက်သွားကာ တစ်ကိုယ်လုံး ပူနွေးလာသည်။
လင်းအောင်းက ဆက်ပြောလိုက်၏။
“ဒီကိစ္စကို ထူလင်းတိ ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး... ကွေ့ချင်းရှောင်း၊ ထူလင်းတိနဲ့ ဆိုလွန် သုံးယောက်ပဲ သိတာ”
“မိန်းမတွေက ဖိနှိပ်ခံရလို့ ချစ်သွားတတ်သလို မုန်းရာကနေလည်း ချစ်သွားတတ်ကြတယ်”
မင်းသမီးကျိနင် တစ်စုံတစ်ခုကိုတွေးမိသွားကာ ဆိုလိုက်သည်။ ထို့နောက် လင်းအောင်းကိိုပြုံးပြကာ မေးလိုက်၏။
“မင်း ကွေ့ချင်းရှောင်းကို လက်ထပ်ခွင့်တောင်းတာ ဘယ်လိုနေလဲ”
လင်းအောင်း မျက်မှောင်ကြုတ်သွားပြီး ပြန်ဖြေလိုက်သည်။
“သူက ဆိုလွန်ကို သတ်ခိုင်းတယ်”
“ဆိုလွန်ကို သတ်ခိုင်းတာက လွယ်တော့မလွယ်ဘူး..ဒါပေမဲ့ သူ တကယ်ပဲ သိပ်မကြာခင် ပြီးဆုံးတော့မှာပါ”
“ဒီလူက ဉာဏ်ကောင်းပြီး မာနကြီးပေမဲ့ တကယ်တော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
…
ဆိုလွန်နှင့် ယန်ယန်တို့ အင်အား တစ်သောင်းကျော်ရှိသော စစ်တပ်ကြီးကို ဦးဆောင်ကာ အရှေ့ဘက်သို့ ဆက်လက် ချီတက်လာခဲ့ကြသည်။
ယနေ့တွင် ထျန်းရွှေမြို့နှင့် လီ တစ်ထောင့်ခုနစ်ရာခန့်သာ ကွာဝေးတော့၏။ ခရီးစဉ်မှာ အလွန် ချောမွေ့ခဲ့ပြီး သူတို့ကို စောင့်ကြည့်နေသည့် မျက်လုံးပေါင်းများစွာ ရှိနေသော်လည်း ကြီးကြီးမားမား တိုက်ခိုက်ခံရခြင်း မရှိခဲ့ချေ။
ယန်ယန်သည် ချီတက်ရင်း လေ့ကျင့်မှုများ ပြုလုပ် နေခဲ့၏။ ထို့ပြင် လူရိုင်းများ၏ စခန်းအချို့ကို ဝင်ရောက် ချေမှုန်းရန် တပ်များကို ဦးဆောင်ခဲ့ကာ မရေမတွက်နိုင်သော သားရဲမျိုးစုံကိုလည်း အမဲလိုက် သတ်ဖြတ်ခဲ့သေးသည်။
ကြီးမားသည့် သားရဲများပင် ဖြစ်လင့်ကစား အင်အားကြီးမားသော စစ်တပ်ကြီး၏ ရှေ့၌ အသုံးမဝင်ကြောင်း ဆိုလွန် တွေ့ရှိခဲ့ရသည်။
သက်သာလာပြီဖြစ်သော နိုင်အာမှာ စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ယန်ယန်၏ လက်ထောက်အဖြစ် စစ်တပ်ကို အစွမ်းကုန် ကွပ်ကဲခြင်း၊ လေ့ကျင့်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေခဲ့သည်။ ဆိုလွန်နှင့် ချစ်ကြည်နူးနေခြင်း လုံးဝ မရှိခဲ့ပေ။
ထို့ပြင် ဆိုလွန်နှင့် ဆုံတွေ့သည့်အခါ၌လည်း ချစ်ခင်ကြင်နာသည့် အသွင်မပြဘဲ မျက်နှာအမူအရာမှာ အလွန် လေးနက်တည်ကြည်နေခဲ့၏။ မတော်တဆ အကြည့်ချင်း ဆုံမိသည့် အချိန်မျိုးတွင်သာ လှပသော မျက်ဝန်းများ၌ ပျော်ရွှင်မှုနှင့် နူးညံ့သည့် အရိပ်အယောင်လေးများ ပေါ်လာတတ်သည်။
နိုင်အာနှင့် ဆိုလွန်တို့ ယှဉ်တွဲမြင်းစီးလာရင်း သူမက ပြောလိုက်သည်။
“ဒီခရီးက အရမ်း ငြိမ်းချမ်းလွန်းနေတယ်... ကျွန်မတို့ စစ်တပ်က ဘာတိုက်ခိုက်မှု ဒါမှမဟုတ် အနှောင့်အယှက်မှ မခံရဘူး..ဒါက ပုံမှန်မဟုတ်ဘူး”
ဆိုလွန် ခေါင်းညိတ်လိုက်၏။ ဤမျှ ငြိမ်းချမ်းနေခြင်းက တကယ်ကို ပုံမှန်မဟုတ်ချေ။
ထျန်ယဲ့မြို့မှ အရှေ့ဘက်သို့ ထွက်ခွာလာကတည်းက သူနှင့် ယန်ယန်တို့ အမြဲတမ်း အရေးပေါ် အခြေအနေ၌ ရှိနေကာ တင်းကျပ်စွာ ကာကွယ်ထားခဲ့ကြသည်။ သို့သော် သူတို့ တွေးထားခဲ့သည့် လမ်းခုလတ် ဖြတ်တောက် တိုက်ခိုက်ခြင်းများနှင့် ခြုံခိုတိုက်ခိုက်ခြင်းများ လုံးဝ ဖြစ်ပေါ်မလာခဲ့ပေ။
ရုတ်တရက် ဆိုလွန် ပြုံးကာ ပြောလိုက်သည်။
“နိုင်အာ... ကိုယ်တို့ စကားပြောရင် မင်းက ကိုယ့်ကို ဘာလို့ နာမည်မခေါ်ရတာလဲ”
“နာမည်လည်း မခေါ်ဘူး... တခြားဟာလည်း မခေါ်ဘူး... အများဆုံး ခေါ်တာက မင်း နဲ့ ရှင် ပဲ”
နိုင်အာ တစ်ဖက်သို့ လှည့်သွားကာ ပြန်မဖြေချေ။ သူမ ဘယ်လိုခေါ်ရမည်ကို မသိသောကြောင့်ပင်။
လက်မထပ်ရသေးသဖြင့် ယောကျ်ား ဟု ခေါ်၍မရသလို နာမည်ကို တိုက်ရိုက်ခေါ်ပြန်လျှင်လည်း စိမ်းကားသလို ဖြစ်နေမည်။ သို့သော် ချစ်စနိုး ခေါ်ရန်မှာလည်း သူမ မခေါ်ရဲပေ။
ဆိုလွန် ပြုံးကာ ပြောလိုက်၏။
“ဒီလိုလုပ်... မင်း ကိုယ့်ကို အချစ် လို့ ခေါ်မလား ဒါမှမဟုတ် အစ်ကိုဆိုလွန် လို့ ခေါ်မလား... ဘယ်လိုလဲ”
ယန်နိုင်အာ ချက်ချင်းပင် မြင်းကို ဆက်စီးသွားကာ ဘာမှမကြားရသလို ဟန်ဆောင်နေလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမ သံခမောက်ကို ဆောင်းထားသဖြင့် သူမ၏ နားရွက်များ နီရဲနေသည်ကို မည်သူမှ သတိမထားမိနိုင်ချေ။
ဘေးမှ လူဆိုးကောင်နှင့် ပတ်သက်၍ သူမ အနည်းငယ်မျှပင် အလျှော့ပေး၍ မရကြောင်း တွေ့ရှိလိုက်ရ၏။ မဟုတ်ပါက သူက သေချာပေါက် အခွင့်ကောင်းယူပေလိမ့်မည်။
ထို့ပြင် ဤအချိန်၌ သူမ အမှန်တကယ်ပင် အနည်းငယ် ဂနာမငြိမ် ဖြစ်နေမိသည်။ အလွန်အမင်း တိတ်ဆိတ် ငြိမ်းချမ်းလွန်းနေခြင်းက သူမ၏ စူးရှလှသော စစ်မြေပြင် အာရုံခံနိုင်စွမ်းကို သိသိသာသာ ဆန့်ကျင်နေ၏။
အကယ်၍ သူမသာ ရန်သူဖြစ်ပါက လမ်းခုလတ်၌ မိမိတို့၏ စစ်တပ်ကို လုံးဝ မချေမှုန်းနိုင်လျှင်တောင် အဆက်မပြတ် ခြုံခိုတိုက်ခိုက်မှုများ ပြုလုပ်ကာ အနှောင့်အယှက်ပေးမည်သာ။ မိမိတို့စစ်တပ် အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားစေရန် ဖိအားပေးပြီး ထျန်းရွှေမြို့သို့ မချီတက်နိုင်အောင် လုပ်ဆောင်မည်ဖြစ်သည်။
ထ်ိုအချိန်၌ အရှေ့ဘက်မှ မြင်းသုံးကောင် ရုတ်တရက် ထွက်ပေါ်လာ၏။ အဖြူတစ်ကောင်နှင့် အမည်းနှစ်ကောင်ဖြစ်ပြီး ဆိုလွန်တို့၏စစ်တပ်ဆီသို့ တဖြည်းဖြည်း နီးကပ်လာလေပြီ။
ယန်ယန် လက်မြှောက်လိုက်သည်နှင့် အင်အား တစ်သောင်းကျော်ရှိသော စစ်တပ်ကြီး ချက်ချင်း ရပ်တန့်သွားသည်။ ရက်အတော်ကြာ ချီတက်ခြင်းနှင့် လေ့ကျင့်ခြင်းကြောင့် ကနဦး အောင်မြင်မှုများ ရရှိခဲ့ပြီဖြစ်ကာ အနည်းဆုံးအနေဖြင့် အမိန့်နှင့် တားမြစ်ချက်များကို တင်းကျပ်စွာ လိုက်နာမှု ရှိနေပြီဖြစ်သည်။
ထိုမြင်းစီးသမား သုံးဦး ဆိုလွန်တို့စစ်တပ်ရှိရာဆီသို့ အလျင်အမြန် ရောက်လာကြ၏။ ခေါင်းဆောင်ဖြစ်သူမှာ ချောမောသော အမျိုးသားတစ်ဦး ဖြစ်သည့် ဖန်ချင်းရှူပင်။
သူ၏အနောက်မှ လူနှစ်ဦးမှာမူ နာမည်ကြားရုံနှင့်ပင် လူများကို ကြောက်လန့်တုန်လှုပ်သွားစေသည့် မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံး၏ တရားသူကြီးများ ဖြစ်ကြသည်။
“သခင်ဆိုလွန်... ကျေးဇူးပြုပြီး ကျုပ်နဲ့အတူ မြင့်မြတ်နတ်နဂါးကျောင်းတော်ကို လိုက်ခဲ့ပေးပါ.. တချို့ကိစ္စတွေ ခင်ဗျား ရှင်းရှင်းလင်းလင်း ပြောဖို့ လိုအပ်နေလို့ပါ”
ဖန်ချင်းရှူ အေးဆေးစွာ ပြောလိုက်သည်။
နောက်ဆုံး၌ တွေးပူနေရသည့် အရာ အမှန် တကယ် ဖြစ်လာလေပြီ။ ရန်သူက နောက်ဆုံးတွင် လှုပ်ရှားလာခဲ့ကာ အရေးအကြီးဆုံး အားနည်းချက်ကို တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်ပြီဖြစ်သည်။
တရားရုံးသို့ ခေါ်ဆောင်ခံရပြီးသည်နှင့် ပြန်ထွက်လာနိုင်မည် မဟုတ်ချေ။ ထို့ပြင် မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံး၏ ဆင့်ခေါ်မှုကို မည်သူမှ ငြင်းဆန်နိုင်စွမ်း မရှိပေ။
“သခင်ဆိုလွန်... ကျေးဇူးပြုပြီး ကျုပ်နဲ့အတူ မြင့်မြတ်နတ်နဂါးကျောင်းတော်ကို လိုက်ခဲ့ပေးပါ”
ဖန်ချင်းရှူထပ်မံ ဆိုလိုက်ပြန်သည်။
ထိုအခါ ဆိုလွန် မေးလိုက်၏။
“ဘာလို့လဲ... ပထမအချက်အနေနဲ့ ကျုပ်က နဂါးတံဆိပ်တုံး ကျောက်တိုင်ရဲ့ အမွေအနှစ်ကို လုံးဝ ပေးအပ်မှာ မဟုတ်ဘူးဆိုတာ အာမခံနိုင်တယ်”
ဖန်ချင်းရှူ အေးဆေးစွာ ပြန်ပြောလိုက်သည်။
“ခင်ဗျား အရမ်းတွေးနေပါပြီ... နဂါးတံဆိပ်တုံး ကျောက်တိုင်ရဲ့ အမွေအနှစ်ဆိုတာ နတ်နဂါးက လူသားတွေကို ပေးအပ်တဲ့ ကျေးဇူးတော်ပါ... ပေးအပ်တာ၊ မပေးအပ်တာက မိမိဆန္ဒအရ သက်သက်ပါပဲ”
ထိုစကားကြားလျှင် ဆိုလွန် ဆက်ပြောလိုက်၏။
“အဲ့ဒါဆိုရင် တရားရုံးက ကျုပ်ကို ဘာလို့ လာရှာရတာလဲဆိုတာ စဉ်းစားရခက်သွားပြီ.. ကြီးမြတ်တဲ့ စည်းမျဉ်းကြီး သုံးရပ်ထဲက ဘယ်အချက်ကို ကျုပ် ဖောက်ဖျက်မိလို့လဲ”
မြင့်မြတ်နတ်နဂါးကျောင်းတော်၏ စည်းမျဉ်းကြီး သုံးရပ်မှာ နတ်နဂါး ယုံကြည်မှုကို ဆန့်ကျင်ခြင်း၊ နဂါးစွမ်းအား ကျင့်ကြံမှုကို ဆန့်ကျင်ခြင်းနှင့် လူသားအဖွဲ့အစည်းကို ဆန့်ကျင်ခြင်းတို့ ဖြစ်သည်။
ထိုသုံးချက်အနက်မှ တစ်ချက်ချက်ကို ဖောက်ဖျက်မှသာလျှင် မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံးအနေဖြင့် မည်သူ့ကိုမဆို ဖမ်းဆီးခွင့်ရှိမည် ဖြစ်၏။
“ခင်ဗျားက လူသားအဖွဲ့အစည်းကို ဆန့်ကျင်ပြီး လူရိုင်းတွေ၊ နတ်နဂါး ဆန့်ကျင်ရေး အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကြံစည်နေတယ်လို့ ကျွန်တော်တို့ သံသယရှိတယ်... ခင်ဗျား အဖမ်းခံမှာလား ဒါမှမဟုတ် ခုခံမှာလား”
ဖန်ချင်းရှူ ပြန်မေးလိုက်သည်။
ခုခံမည်ဆိုပါက နောက်ဆက်တွဲမှာ အလွန် ဆိုးရွားမည် ဖြစ်သည်။ ထွက်ပြေးလျှင်လည်း မြင့်မြတ်နတ်နဂါးကျောင်းတော်က ကမ္ဘာတစ်ဝန်းသို့ သူတော်စင် ဖမ်းဝရမ်း ထုတ်ပြန်မည်ဖြစ်ရာ ကမ္ဘာပေါ်၌ ပုန်းအောင်းစရာ နေရာ ရှိတော့မည် မဟုတ်ချေ။
ဥပမာအားဖြင့် ဆိုလွန်က သူ၏ စစ်တပ်ကို အမိန့်ပေးကာ ဖန်ချင်းရှူတို့ သုံးဦးကို တိုက်ခိုက်မည် ဆိုလျှင် မြင့်မြတ်နတ်နဂါးကျောင်းတော်က သူတော်စင် တပ်ဖွဲ့များကို စေလွှတ်၍ ဆိုလွန်၏ စစ်တပ်ကို တိုက်ရိုက် ချေမှုန်းပစ်မည် ဖြစ်သည်။ သို့မဟုတ် မြင့်မြတ်နတ်နဂါးကျောင်းတော်က စစ်တပ်စေလွှတ်ရန်ပင် မလိုဘဲ နုလန်ဘုရင့်နိုင်ငံ၏ စစ်တပ်က တိုက်ရိုက် ဝင်ရောက်ကာ ဆိုလွန်၏ စစ်တပ်ကို ဖျက်ဆီးပစ်မည်သာ။
ဤအချက်အတွက် ဆွေးနွေးစရာ လမ်းကြောင်း မရှိချေ။
“ဒါဆိုရင် ကျုပ် ဘယ်က မြင့်မြတ်နတ်နဂါးကျောင်းတော်ကို သွားရမှာလဲ”
“လာဗာမြို့”
ဖန်ချင်းရှူ ပြန်ဖြေလိုက်သည်။
လာဗာမြို့မှာ ဤနေရာမှ လီသုံးရာ ကွာဝေးပြီး နုလန်ဘုရင့်နိုင်ငံ၏ တောင်ပိုင်းရှိ နာမည်ကြီး မြို့တစ်မြို့ ဖြစ်၏။
“ဒီနေရာမှာပဲ စစ်ဆေးလို့ မရဘူးလား”
“မကောင်းပါဘူး”
“ဒီမှာက ခင်ဗျားစကားတွေကို ခွဲခြားသိနိုင်မယ့် စိတ်ဝိညာဉ်သခင် မရှိဘူး”
ဖန်ချင်းရှူက သူသည် လူရိုင်းများနှင့် မြင့်မြတ်နတ်နဂါးကျောင်းတော် ဆန့်ကျင်ရေး အဖွဲ့ဝင်များနှင့် ပူးပေါင်းကြံစည်နေသည်ဟု သံသယရှိနေသည်။
သေချာပေါက် ဤအချက်က မုန်ထိုလော့ကို ရည်ညွှန်းနေခြင်းပင်။ သို့သော် ရိုးရိုးသားသား ပြောရလျှင် ဖန်ချင်းရှူက သူ့ကို မတရားစွပ်စွဲနေခြင်း မဟုတ်ချေ။
ဤကိစ္စနှင့် ပတ်သက်၍ ဆိုလွန်၏ ရင်ထဲ၌လည်း ကြိုတင် ပြင်ဆင်မှုများ ရှိပြီးသား ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက မည်သည့်အရာကိုမျှ စောင့်ဆိုင်းနေမည် မဟုတ်ပေ။ မြင့်မြတ်နတ်နဂါးကျောင်းတော်ကို နိုင်အာ့အပေါ် အသုံးပြုနိုင်လျှင် ဆိုလွန်အပေါ်လည်း သေချာပေါက် အသုံးပြုနိုင်ပေသည်။
ဆိုလွန် လူရိုင်းနယ်မြေသို့ သွားရောက်ကာ မုန်ထိုလော့နှင့် ပူးပေါင်းခဲ့သည်ကို ထူလင်းတိ မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရ၏။
ထိုအချက်ကို မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံးက ဆိုလွန်အား သတ်ဖြတ်ရန် အသုံးပြုလာသည်။ သို့သော် တစ်ကြိမ် သာအသုံးပြုနိုင်မည်ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်မံ အသုံးပြုနိုင်မည်မဟုတ်ပါချေ။
ထိုတစ်ကြိမ်ဖြင့်လည်း လုံလောက်သည်ဟုတွက်ဆထားသောကြောင့်ပင်။ အကြောင်းမှာ မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံး၏ ဆင့်ခေါ်မှုကို မည်သူမျှ ငြင်းဆန်နိုင်မည် မဟုတ်သောကြောင့်ဖြစ်သည်။
လူတစ်ယောက်၏ အဆင့်အတန်း မည်မျှမြင့်မားနေပါစေ၊ သိုင်းပညာ မည်မျှ ကောင်းမွန်နေပါစေ မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံး၏ ဆင့်ခေါ်မှုကို ငြင်းဆန်၍ မရချေ။
အရင်က နိုင်အာ ဖမ်းဆီးမခံရခြင်းမှာ နဂါးတံဆိပ်တုံး ကျောက်တိုင်ကို ယဇ်ပူဇော် သတ်ဖြတ်နိုင်ခဲ့ကာ နဂါးစွမ်းအား ကျင့်ကြံမှုကို ဆန့်ကျင်သည်ဆိုသော သံသယကို တိုက်ရိုက် ရှင်းလင်းခဲ့ခြင်းကြောင့် ဖြစ်သည်။
ယခုမူ ဆိုလွန်မှာ နဂါးမီးလျံ ဓာတ်တော်ကို ပေးအပ်ရန် ဆန္ဒမရှိသလို ပေးအပ်လျှင်လည်း အသုံးဝင်မည် မဟုတ်ချေ။
ဤကိစ္စ၏ လေးနက်မှုကို ဆိုလွန် အပြည့်အဝ နားလည်ထားပြီ ဖြစ်၏။
သူသည် နိုင်အာနှင့် ယန်ယန်တို့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“သခင်ယန်ယန်... ခင်ဗျား စစ်တပ်ကို ဦးဆောင်ပြီး ထျန်းရွှေမြို့ဆီ ဆက်သွားပါ.. ကျွန်တော် မြန်မြန် လိုက်လာခဲ့ပါ့မယ်”
ယန်ယန် ခေါင်းညိတ်လိုက်ပြီး လက်မြှောက်ကာ အမိန့်ပေးလိုက်၏။
“ရှေ့ဆက် ချီတက်”
အင်အား တစ်သောင်းခွဲရှိသော စစ်တပ်ကြီးသည် ချက်ချင်းပင် ယန်ယန်၏ ကွပ်ကဲမှုအောက်၌ ထျန်းရွှေမြို့ဆီသို့ ဆက်လက် ချီတက်သွားကြ၏။
“သွားကြစို့”
ဆိုလွန် ဖန်ချင်းရှူဘက်လှည့်ကာ ပြောလိုက်သည်။
ထို့နောက် ဖန်ချင်းရှူနှင့် တရားသူကြီးနှစ်ဦးတို့သည် ဆိုလွန်ကို ရှေ့နောက် ညှပ်ကာ ကြီးမားသည့် စစ်တပ်ကြီးနှင့် ခွဲထွက်ပြီး မြောက်ဘက်ရှိ လာဗာမြို့ဆီသို့ ထွက်ခွာလာခဲ့ကြသည်။
နိုင်အာမှာမူ ဆိုလွန်တို့၏ အနောက်ဘက် မီတာရာဂဏန်းခန့် အကွာမှ အနီးကပ် လိုက်ပါလာခဲ့၏။
……
အပိုင်း ၃၀၈ ပြီး။