အခန်း ၃၀၉
Vol. 31 Ch. 309
အပိုင်း ၃၀၉
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
နာရီအနည်းငယ်ကြာပြီးနောက်။
ဖန်ချင်းရှူနှင့် တရားသူကြီးနှစ်ဦးတို့သည် ဆိုလွန်ကို ခေါ်ဆောင်ကာ လာဗာမြို့သို့ ရောက်ရှိလာသည်။
မြို့၏ ပထဝီဝင် အနေအထားမှာ အလွန်ထူးခြားလှပြီး နေရာအနှံ့၌ ချော်ရည်များ ရှိနေကာ မြို့နံရံများကိုချော်ကျောက်များဖြင့် တည်ဆောက်ထားသည်။ ထို့ကြောင့်ပင် လာဗာဟူသော မြို့အမည်ကို ရရှိခဲ့ခြင်းပင်။
လာဗာမြို့မှာ အလွန်အမင်းကြီးမားခြင်းမရှိဘဲ လူဦးရေ နှစ်သောင်း၊ သုံးသောင်းခန့်သာ ရှိ၏။ တောင်ပိုင်းရှိ နာမည်ကြီး မြို့တစ်မြို့ ဖြစ်လာရခြင်းမှာ မြင့်မြတ်နတ်နဂါးကျောင်းတော်၏ အရေးပါသော နေရာတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။
လာဗာမြို့၌ ကျောင်းတော်ခွဲတစ်ခု ရှိပြီး မြင့်မြတ်နတ်နဂါးကျောင်းတော်၏ တပည့်မျိုးစုံကို အထူးလေ့ကျင့်ပေးလေ့ရှိသည်။ ကျောင်းတော်ခွဲ တစ်ခုလုံး၏ အကျယ်အဝန်းမှာ မူ တစ်ထောင်ခန့်ရှိပြီး တရားရုံးမှာ ထိုကျောင်းတော်ဝင်းအတွင်း၌ တည်ရှိနေသည်။
ဖန်ချင်းရှူက ဆိုလွန်ကို ခေါ်ဆောင်ကာ ဝင်လာချိန်၌ ကျောင်းဆင်းချိန်နှင့် အံကိုက် ကြုံသွားသည်။ လူငယ်လူရွယ်များ စာသင်ခန်းများမှ ထွက်လာကြပြီး ပျော်ရွှင်စွာ စကားပြောဆိုနေကြ၏။
ဖန်ချင်းရှူနှင့် ဆိုလွန်ကဲ့သို့ ချောမောသည့် အမျိုးသားနှစ်ဦးကို ပထမဆုံးအကြိမ် တွေ့လိုက်ရသောအခါ မိန်းကလေးငယ်များစွာက ခိုးကြည့်ကြပြီး အချင်းချင်း နောက်ပြောင်ကာ ဆူညံသွားကြသည်။
ကျောင်းတော်ခွဲ၏ ပညာရေး လေထုမှာ တော်ဝင်အကယ်ဒမီထက် ပိုမိုကောင်းမွန်ပြီး ပညာရပ်ပိုင်းဆိုင်ရာကို ပိုမို အသားပေးကာ ကမ္ဘာမြေပေါ်ရှိ တက္ကသိုလ်များနှင့် တူညီလှ၏။
သို့ရာတွင် ဤမြင့်မြတ်သည့် နေရာ၌ ကြောက်မက်ဖွယ်ကောင်းသော နေရာတစ်ခု လျှို့ဝှက်စွာတည်ရှိနေသည်။
မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံး။
မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံးမှာ အလွန် လျှို့ဝှက်ပြီး ကြောက်စရာကောင်းသည့် နေရာတစ်ခုပင်။ လူတိုင်းက ကြားဖူးရုံသာ ကြားဖူးကြပြီး တကယ်တမ်း မြင်ဖူးသူ မရှိကြပေ။
ယင်းမှာ မြင့်မြတ်နတ်နဂါးကျောင်းတော်၏ အမြင့်ဆုံး တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်း ဖြစ်ကာ မည်သည့် နိုင်ငံနှင့် အဖွဲ့အစည်းကိုမဆို ကျော်လွန်၍ မည်သူ့ကိုမဆို ဖမ်းဆီး ကွပ်မျက်ပိုင်ခွင့် ရှိသည်။
မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံးသို့ ဝင်သွားပြီးနောက် မည်သူမှ ပြန်မထွက်လာနိုင်တော့ချေ။ သေသွားလျှင် သေ၊ မသေလျှင် ရူးသွပ်သွားသူများအဖြစ် ပြန်ထွက်လာရမည်သာ။
ခြွင်းချက် လုံးဝ မရှိပေ။
ယခုမူ ဆိုလွန်တစ်ယောက် ထိုတရားရုံး၏ ပုံပန်းသဏ္ဌာန်ကို နောက်ဆုံး၌ မြင်တွေ့ခွင့် ရသွားခဲ့လေပြီ။
တြိဂံပုံသဏ္ဌာန် အဆောက်အအုံလေး တစ်ခုသာဖြစ်ပြီး ဝင်သွားပြီးနောက် အတွင်း၌ ပြတင်းပေါက် တစ်ခုမျှ မရှိသဖြင့် မှောင်မိုက်နေ၏။
အဆောက်အအုံအတွင်း၌ စတုရန်းမီတာ အနည်းငယ်ခန့်ကျယ်ဝန်းပြီး စားပွဲတစ်လုံးနှင့် ကုလားထိုင် နှစ်လုံးသာ ရှိသည်။
ကုလားထိုင်တစ်လုံးမှာ အလွန်နိမ့်ကာ လှေကားအောက်၌ ရှိပြီး အခြားကုလားထိုင်တစ်လုံးမှာ အလွန်မြင့်ကာ လှေကားအထက်၌ ရှိသည်။ စားပွဲမှာမူ လှေကားအလယ်၌ ရှိ၏။
“ကျွီ......”
တရားရုံးတံခါး ဖြည်းညင်းစွာ ပိတ်သွားပြီး ဖယောင်းတိုင်မီးများ လင်းထိန်လာသည်။
“ထိုင်ပါ”
ဖန်ချင်းရှူ ပြောလိုက်ပြီး လှေကားအထက်ရှိ ကုလားထိုင်၌ ဝင်ထိုင်လိုက်လျှင် ဆိုလွန်က လှေကားအောက်ရှိ ကုလားထိုင်တွင် ထိုင်လိုက်သည်။
တစ်ချိန်တည်းမှာပင် တရားရုံး၏ ထောင့်သုံးထောင့်မှ ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်စွမ်းအား သုံးခု ပေါ်ထွက်လာ၏။ စိတ်ဝိညာဉ်သခင် သုံးဦး တင်ပျဉ်ခွေ ထိုင်နေကြခြင်းပင်။
“အခုကစပြီး ခင်ဗျားကို စစ်ဆေးပါမယ်... ကြီးမြတ်တဲ့ စည်းမျဉ်းကြီး သုံးရပ်ထဲက တစ်ခုခုကို ဖောက်ဖျက်ထားတာ ပေါ်ပေါက်လာရင် ခင်ဗျားကို ကွပ်မျက်ပါမယ်”
ဖန်ချင်းရှူက ဆိုလိုက်သည်။
“မေးပါ”
“ပထမမေးခွန်း... ခင်ဗျား နဂါးတံဆိပ်တုံး ကျောက်တိုင်ကနေ ဘာအမွေအနှစ် ရခဲ့လဲ”
ဖန်ချင်းရှူ မေးလိုက်သည်။
ဤအချိန်၌ စိတ်ဝိညာဉ်စွမ်းအား သုံးခုက ဆိုလွန်၏ စိတ်ဝိညာဉ်အရှိန်အဝါကို အပြည့်အဝ ပစ်မှတ်ထားဖိအားပေးလာ၏။ သူ၏အရှိန်အဝါ၌ လှိုင်းဂယက် အနည်းငယ်မျှ ရှိလာလျှင်ပင် ချက်ချင်း ဖမ်းမိသွားမည် ဖြစ်သည်။
“နဂါးမီးလျံ သလင်းကျောက်”
ဆိုလွန် ဖြေလိုက်သည်။ သူ လိမ်မပြောထားသဖြင့် စိတ်ဝိညာဉ် လှိုင်းဂယက်မှာ လုံးဝ ပုံမှန်ဖြစ်နေ၏။
“ဒုတိယမေးခွန်း... ခင်ဗျား နဂါးမီးလျံ သလင်းကျောက်ကို ဘယ်ကနေ ရခဲ့တာလဲ”
“ပျောက်ဆုံးသွေး မြို့တော်”
“တတိယမေးခွန်း... ပျောက်ဆုံးသွေး မြို့တော်က လူရိုင်းနယ်မြေရဲ့ အတွင်းပိုင်းမှာ ရှိတာ.. လူသားတွေ ဝင်သွားရင် သေချာပေါက် သေရမယ့် နေရာမျိုးလေ....ခင်ဗျားရဲ့ သိုင်းပညာကလည်း မမြင့်မားဘဲ ဘာလို့ အသက်ရှင်လျက် အဝင်အထွက် လုပ်နိုင်ခဲ့တာလဲ”
ထိုတတိယမေးခွန်းမှာ အရေးအကြီးဆုံးပင်။
ဆိုလွန်တစ်ယောက် လူရိုင်းများနှင့် ပူးပေါင်းကြံစည်မှသာ ပျောက်ဆုံးသွေးမြို့တော်မှ ဘေးကင်းစွာ အဝင်အထွက် လုပ်နိုင်မည် ဖြစ်သောကြောင့်ဖြစ်သည်။ ထိုသို့ဆိုပါလျှင် ဆိုလွန်တစ်ယောက် လူရိုင်းများနှင့် ပူးပေါင်းကာ လူသားအဖွဲ့အစည်းကို ဆန့်ကျင်သည့် အပြစ်ကိုကျူးလွန်ထားကြောင်းပေါ်လွန်သွားမည်ဖြစ်ပြီးချက်ချင်း ကွပ်မျက်ခံရပေမည်။
“ကျုပ်က ကျန်းရွှယ်ရဲ့ အမ်ဘာသားရဲကို စီးပြီး အဝင်အထွက် လုပ်ခဲ့တာ”
ဆိုလွန် ဖြေလိုက်သည်။ ဤစကားမှာ လိမ်ညာထားခြင်း ဖြစ်၏။
သို့သော်လည်း ယခင် ကောင်းကင်သင်္ချိုင်းရှိ စိတ်ဝိညာဉ် တိုက်ပွဲများအတွင်း ဆိုလွန်တစ်ယောက် စိတ်လှိုင်းကြိမ်နှုန်း အမျိုးမျိုးကို အပြည့်အဝ နားလည်ထားပြီး ဖြစ်သည်။ စိတ်လှုပ်ရှားခြင်း၊ လိမ်ညာခြင်း၊ အမှန်ပြောခြင်း စသည့် စိတ်ဝိညာဉ် တုန်ခါမှု ကြိမ်နှုန်းများကို အသေးစိတ် သိရှိထားခဲ့၏။
ထို့ကြောင့် သူ လိမ်ပြောနေသော်လည်း သူ၏ စိတ်ဝိညာဉ် လှိုင်းဂယက်မှာ လုံးဝ ပုံမှန်ဖြစ်နေကာ မည်သည့် အားနည်းချက်မျှ မရှိချေ။
ကျန်းရွှယ် ဟူသော စကားလုံး နှစ်လုံးကို ကြားလိုက်ရသောအခါ ဖန်ချင်းရှူ အနည်းငယ် အံ့အားသင့်သွား၏။ ဤအဖြေကို သူ တကယ် မထင်မှတ်ထားခဲ့ပေ။
“သက်သေပြပါ”
ဖန်ချင်းရှူ အေးဆေးစွာ ပြောလိုက်သည်။
ဆိုလွန် စားပွဲပေါ်သို့ တန်ဖိုးကြီး ဓားတစ်လက် တင်လိုက်ကာ ပြောလိုက်၏။
“ဒီဆန်းကြယ်နဂါးရွှေဓားက ကျန်းရွှယ်ရဲ့ ကိုယ်ပိုင် ဓားပါ... သွေးရောင်ပင်လယ်ရဲ့ တိုက်စားမှုကို ခံရပြီးတဲ့နောက် ဒီဓားကို ကျုပ်ဆီ လက်ဆင့်ကမ်းပေးခဲ့တာပါ”
ဖန်ချင်းရှူ ယူကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒါက သက်သေမပြနိုင်ပါဘူး... ဒီဓားက ကျန်းရွှယ်ရဲ့ ပစ္စည်းဖြစ်ကြောင်း၊ သူက ဒီဓားကို ခင်ဗျားဆီ လက်ဆင့်ကမ်းပေးခဲ့ကြောင်း သက်သေမပြနိုင်ဘူး”
“ဒါပေမဲ့ ကျွန်တော်တို့ ကျန်းရွှယ်ကို သွားရှာပြီး ဒီကိစ္စကို သက်သေပြခိုင်းပါ့မယ်”
ထို့နောက် ဖန်ချင်းရှူ၏ မေးခွန်းများ ပြီးဆုံးသွားလေပြီ။
ဆိုလွန် အနည်းငယ် အံ့အားသင့်သွား၏။ မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံး၏ တရားခွင်ရင်ဆိုင်ရခြင်းမှာ ထိုမျှ ရိုးရှင်းပါသလော။ သူထင်ထားသည်ထက် ပို၍ ကြောက်စရာကောင်းသင့်သည်မဟုတ်ပါလော။
သို့သော် ထိုအတွေးများချက်ချင်းပျောက်ကွယ်သွားရသည်။
အကြောင်းပြချက်မှာ ထောင့်သုံးထောင့်မှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအားများ ရုတ်တရက် နှစ်ဆ တိုးလာခဲ့သောကြောင့်ပင်။
ဖန်ချင်းရှူ ပြန်မေးလိုက်၏။
“ပထမမေးခွန်း... ခင်ဗျား နဂါးတံဆိပ်တုံး ကျောက်တိုင်ကနေ ဘာအမွေအနှစ် ရခဲ့လဲ”
“နဂါးမီးလျံ သလင်းကျောက်”
ဆိုလွန် ဖြေလိုက်သည်။
“ဒုတိယမေးခွန်း... ခင်ဗျား နဂါးမီးလျံ သလင်းကျောက်ကို ဘယ်ကနေ ရခဲ့တာလဲ”
“ပျောက်ဆုံးသွေး မြို့တော်”
“တတိယမေးခွန်း... ပျောက်ဆုံးသွေး မြို့တော်က လူရိုင်းနယ်မြေရဲ့ အတွင်းပိုင်းမှာ ရှိတာ.. လူသားတွေ ဝင်သွားရင် သေချာပေါက် သေရမယ့် နေရာမျိုးလေ”
“ခင်ဗျားရဲ့ သိုင်းပညာကလည်း မမြင့်မားဘဲ ဘာလို့ အသက်ရှင်လျက် အဝင်အထွက် လုပ်နိုင်ခဲ့တာလဲ”
“ကျုပ်က ကျန်းရွှယ်ရဲ့ အမ်ဘာသားရဲကို စီးပြီး အဝင်အထွက် လုပ်ခဲ့တာ”
မေးခွန်းသုံးခုလုံး အတိအကျ တူညီနေသည်။
သို့သော် ဒုတိယအကြိမ် မေးချိန်၌ တရားရုံးအတွင်းရှိ စိတ်ဝိညာဉ် ဖိအားမှာ ချက်ချင်း တိုးလာခဲ့၏။
ဆိုလွန် ရင်ထဲအေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဖန်ချင်းရှူက ထိုမေးခွန်းသုံးခုကို ဆယ်ကြိမ်၊ အကြိမ်နှစ်ဆယ်၊ အကြိမ်သုံးဆယ်အထိ ထပ်ခါတလဲလဲ မေးနေမည်ကို သူ ရှင်းလင်းစွာ သိရှိလိုက်သောကြောင့်ပင်။
ထို့ပြင် ဆိုလွန်၏ စိတ်ဝိညာဉ် ကာကွယ်မှုကို မဖျက်ဆီးနိုင်မချင်း စိတ်ဝိညာဉ် ဖိအားမှာလည်း ပိုမို ကြီးမားလာမည် ဖြစ်သည်။
နောက်ဆုံး ရလဒ်မှာ နှစ်မျိုးသာ ရှိသည်။
ပထမတစ်ခုမှာ ဆိုလွန်၏ စိတ်ဝိညာဉ် ကာကွယ်မှု လုံးဝ ပြိုလဲသွားပြီး အားနည်းချက်များ ပေါ်ထွက်လာကာ အမှန်အတိုင်း ပြောမိသွားခြင်း ဖြစ်သည်။
ဒုတိယတစ်ခုမှာ အသူရာမိစ္ဆာကြယ်၏ စိတ်ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားပြီး ဆိုလွန်က စိတ်ဝိညာဉ်သခင် သုံးဦး၏ ကြီးမားသော ဖိအားကို မခံနိုင်တော့ဘဲ ဦးနှောက် ပျက်စီးသွားကာ အသုံးမကျသူ တစ်ယောက် ဖြစ်သွားခြင်းပင်။
မြင့်မြတ်နတ်နဂါးကျောင်းတော်၏ အမှောင်ဘက်ခြမ်းကို သူတွေးထားခဲ့ပြီးဖြစ်သော်လည်း သူ၏ စိတ်ကူးထက်ပင် ကျော်လွန်နေခဲ့၏။
ဖန်ချင်းရှူက သူ၏ အဖြေကို ဂရုမစိုက်သလို သူက လူရိုင်းများနှင့် ပူးပေါင်းခဲ့သလား ဆိုသည်ကိုလည်း ဂရုမစိုက်ချေ။
သူ၏ ရည်ရွယ်ချက်မှာ တရားဝင် အခြေအနေအရ ဆိုလွန်ကို ကွပ်မျက်ရန် သို့မဟုတ် သူ၏ ဦးနှောက်ကို ဖျက်ဆီးကာ အသုံးမကျသူ တစ်ယောက်အဖြစ် ပြောင်းလဲပစ်ရန်သာ။
အချုပ်ပြောရလျှင် ဆိုလွန်ကို အသက်ရှင်လျက် ပြန်ထွက်သွားခွင့် မပေးလိုခြင်းပင်။
တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်......။
ဖန်ချင်းရှူက ထိုမေးခွန်းသုံးခုကို အဆုံးအစမရှိ ထပ်ခါတလဲလဲ မေးနေခဲ့ပြီး တရားရုံးအတွင်းရှိ စိတ်ဝိညာဉ်သခင် သုံးဦးမှ ထုတ်လွှတ်သော စိတ်ဝိညာဉ်စွမ်းအားများမှာလည်း အဆက်မပြတ် တိုးပွားလာနေသည်။
“သခင်... ဒီပုံစံအတိုင်းဆိုရင် အများဆုံး နှစ်ရက်အတွင်း ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ လုံးဝ ကုန်ခမ်းသွားပြီး သခင့်ရဲ့ စိတ်ဝိညာဉ် ကာကွယ်မှုလည်း အပြီးတိုင် ပျက်စီးသွားလိမ့်မယ်”
“အဲ့ဒီအချိန်ကျရင် သခင်က ကွပ်မျက်ခံရတာ ဒါမှမဟုတ် အသုံးမကျတဲ့သူ ဖြစ်သွားတာပဲ ရှိမယ်... ဒီရလဒ်ကို ပြောင်းလဲလို့ မရဘူး”
အသူရာမိစ္ဆာကြယ်၏ စိုးရိမ်တကြီးဖြစ်နေသောအသံ ဆိုလွန်၏ စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။
ဆဋ္ဌမအကြိမ်၊ သတ္တမအကြိမ်၊ အဋ္ဌမအကြိမ်၊ နဝမအကြိမ်......။
ဖန်ချင်းရှူက အနည်းငယ်မျှပင် မရပ်တန့်ဘဲ ထပ်ခါတလဲလဲ မေးနေခဲ့၏။
သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အနည်းငယ်မျှ အေးစက်ခက်ထန်ခြင်း သို့မဟုတ် ဖိနှိပ်လိုခြင်း မရှိဘဲ အမြဲတမ်း ပြုံးနေခဲ့သည်။
သို့သော် ဆိုလွန်၏ ရင်ထဲ၌မူ သူ၏ ချောမောသည့် မျက်နှာမှာ မိစ္ဆာတစ်ကောင်နှင့် တူညီနေခဲ့လေပြီ။
သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာလည်း ဝန်ပိမှုကို ပို၍ မခံနိုင်တော့ချေ။
ရေလှောင်တမံ တစ်ခုကဲ့သို့ပင်။ တမံ၏ အမြင့်မှာ အမြဲတမ်း ဤအတိုင်းသာ ဖြစ်သော်လည်း ရေလှောင်တမံအတွင်းရှိ ရေမျက်နှာပြင်မှာ အဆက်မပြတ် မြင့်တက်နေခဲ့သည်။
ရေမျက်နှာပြင်က တမံထက် ကျော်လွန်သွားသည်နှင့် ပြိုကျပျက်စီးရန် သေချာနေပြီ ဖြစ်၏။
ယခု ဖန်ချင်းရှူက သူ့ကို သေစေချင်နေသည်။
ဆိုလွန် သံသယဝင်သွား၏။ ဤလူ၌ မည်ကဲ့သို့သော အဆင့်အတန်းမျိုးပိုင်ဆိုင်ထားသနည်း။ အဘယ်ကြောင့် သူ့ကို သေတွင်းထဲ ပို့ချင်နေရပါသနည်း။ ကျိလီရဲ့ ဆန္ဒကြောင့်လော။
ကျိလီ၏ သြဇာအာဏာ ကြီးမားသော်လည်း မြင့်မြတ်နတ်နဂါးကျောင်းတော်၏ အခြေအနေကို ထိန်းချုပ်နိုင်သည့် အဆင့်အထိတော့ မရောက်သေးချေ။
ယခု သူ၏ရှေ့မှ ဖန်ချင်းရှူ၏ အစစ်အမှန်ပုံရိပ်မှာ မည်သူနည်း။
ဒဏ္ဍာရီထဲတွင် မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံးသို့ ဝင်သွားသူ မည်သူမဆို ပြန်ထွက်လာနိုင်ခြင်း မရှိဟု ဆိုကြသည်။ ဤစကားမှာ တကယ်ကို အမှန်ပင်။
နှစ်ရက်။ သူ့၌ နှစ်ရက်သာ အချိန် ရှိတော့သည်။
……
နိုင်အာတစ်ယောက် ဆိုလွန်ကို လာဗာမြို့သို့ လိုက်ပို့ပြီးနောက် အမြန်ဆုံး အမြန်နှုန်းဖြင့် မြောက်ဘက်သို့ ခြင်္သေ့ကျားသားရဲကို စီးကာ ထွက်ခွာလာ၏။ သူမ၏ ဦးတည်ရာမှာ တော်ဝင်မြို့တော် ကျစ်တူးပင်။
ရူးသွပ်ဖွယ်အမြန်နှုန်းဖြင့် အရှိန်အဟုန်ပြင်းစွာ စီးနှင်လာရာ နာရီအနည်းငယ်အတွင်းမှာပင် မိုင်နှစ်ရာနီးပါး ခရီးရောက်ခဲ့လေပြီ။
“ရွှစ်... ရွှစ်... ရွှစ်... ရွှစ်... ရွှစ်......”
ရုတ်တရက် အရပ်မျက်နှာ အသီးသီးမှ မြှားများစွာ ပစ်ခတ်လာ၏။ အချို့က သူမထံသို့ ဦးတည်နေပြီး အချို့က ခြင်္သေ့ကျားသားရဲထံသို့ ပစ်မှတ်ထားနေကြသည်။
“ရွှပ်......”
နိုင်အာ၏ လက်ထဲမှ ထက်မြက်သည့် ဓားချက်တစ်ချက် လျှပ်စီးကဲ့သို့ ထွက်ပေါ်လာသည်။
ချက်ချင်းပင် မြှားများအားလုံး ကျိုးပဲ့ပျက်စီးသွားပြီး သူမ အနည်းငယ်မျှပင် မရပ်တန့်ဘဲ ယခင်အတိုင်း အရှိန်အဟုန်ဖြင့် ရှေ့သို့ ဆက်လက် ချီတက်သွားသည်။
ထိုအချိန်တွင် သူမ၏အရှေ့၌ အရိပ်များစွာ ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုသူအားလုံးမှာ သိုင်းပညာ အလွန်ထူးချွန်သည့် လုပ်ကြံသတ်ဖြတ်သူများပင်။
နိုင်အာ အရှိန်ကို မရပ်တန့်ဘဲ ခြင်္သေ့ကျားသားရဲကို ရှေ့သို့ ဆက်လက် ဒုန်းစိုင်းနှင်သွားသည်။
ချက်ချင်းပင် လျှပ်စီးကဲ့သို့ လျင်မြန်သော အရိပ်များစွာက လက်နက်များကို ဝှေ့ယမ်းကာ သူမထံသို့ တိုးဝင်လာ၏။
ထိုအခါ နိုင်အာ၏ စိတ်ဝိညာဉ်စွမ်းအား ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများအားလုံးကို နှေးကွေးသွား စေလိုက်သည်။
နှစ်ဆ၊ လေးဆ၊ ရှစ်ဆ။
မူလက လျှပ်စီးကဲ့သို့ လျင်မြန်သော လုပ်ကြံသတ်ဖြတ်သူများမှာ ချက်ချင်းပင် လိပ်တစ်ကောင်၏အလျင်နှုန်းဖြစ်သွားကြသည်။
နိုင်အာ၏ ဓားမှာ အမြန်နှုန်းကို မဆိုထားနှင့် နဂါးစွမ်းအားအရပင် သူတို့ထက် များစွာ သာလွန်နေခဲ့ပြီးဖြစ်သည်။
ယခု လုပ်ကြံသတ်ဖြတ်သူအားလုံး လိပ်တစ်ကောင်၏အလျင်နှုန်းမျိုးဖြစ်သွားသဖြင့် နိုင်အာ၏ အာရုံထဲ၌ အရာအားလုံးမှာ အနှေးပြကွက်များကဲ့သို့ ဖြစ်သွားလေပြီ။
အပိုင်း ၃၀၉ ပြီး။