အခန်း ၃၁၀
Vol. 31 Ch. 310
အပိုင်း ၃၁၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ထိုအရာအားလုံးမှာ လက်တွေ့ကမ္ဘာ၌ လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြစ်ပျက်သွားခဲ့သည်။
“ရွှပ်......”
သူမ၏ဓားချက်ဖြတ်သန်းသွားပြီး တစ်ချိန်တည်းလိုလို လုပ်ကြံသတ်ဖြတ်သူများစွာ၏ခေါင်းများ ပြတ်ထွက်သွားကြသည်။
ရှေ့ဆုံးမှ နှစ်ဦးမှာ အသန်မာဆုံးဖြစ်ပြီး ခေါင်းများပြတ်ထွက်သွားသော်လည်း သူတို့၏ ဓားများမှာ နိုင်အာ၏ မျက်နှာနှင့် တစ်ပေခန့်သာ ကွာဝေးတော့၏။
နိုင်အာ၏ ဖြူဖွေးသော လက်များ လျှပ်စီးကဲ့သို့ ထွက်ပေါ်လာကာ ထိုးစိုက်လာသည့် ဓားနှစ်လက်ကို ဆုပ်ကိုင်လျက် အားကုန်သုံး လှုပ်ယမ်းပစ်လိုက်သည်။
“ဘုန်း......”
ကြီးမားသည့် နဂါးစွမ်းအားက လုပ်ကြံသတ်ဖြတ်သူ နှစ်ဦးကို ချက်ချင်း အသားစအဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။
စက္ကန့်ပိုင်းအတွင်း လုပ်ကြံသတ်ဖြတ်သူများအားလုံး သတ်ဖြတ်ခံလိုက်ရလေပြီ။
သို့သော် ထိုအချိန်၌ နိုင်အာ ရုတ်တရက် ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် သူမ၏အရှေ့ဘက်လမ်းပေါ်၌ ပိန်ပါးပါး အရိပ်တစ်ခု ပေါ်လာသောကြောင့်ပင်။
ထိုသူမှာ မျက်နှာဖြူရော်ရော်နှင့် ပိန်လှီသော သက်လတ်ပိုင်းအရွယ် မိန်းမစိုးတစ်ဦး ဖြစ်သည်။
သူသည် မင်းသမီးကျိနင်၏ အနားမှ မိန်းမစိုး လီကျူးပင်။ ဤလူသည် တော်ဝင်မြို့တော်ရှိ လူသတ်မှုများစွာတွင် ဒုတိယအကွက်ပင် သုံးစရာမလိုခဲ့သူ ဖြစ်၏။
ယခုတစ်ကြိမ်တွင် လီကျူးတစ်ယောက် နိုင်အာကို အံ့အားသင့်သည့် အကြည့်ဖြင့် ကြည့်နေသည်။
“မွေးစားအဖေဆီကနေ ပညာသင်ပြီးကတည်းက ကျုပ် ပြိုင်ဘက် မတွေ့ဖူးသေးဘူး.. မိန်းကလေးရဲ့ သိုင်းပညာက တကယ်ကို အံ့သြချီးကျူးစရာပဲ”
နိုင်အာ ခြင်္သေ့ကျားသားရဲပေါ်မှ ဆင်းကာ လီကျူးကို အရေးပေါ် အခြေအနေ၌ ရှိနေသကဲ့သို့ ကြည့်လိုက်၏။
ယခုအချိန်မှစ၍ သူမ ရင်ဆိုင်ရမည့် ရန်သူများမှာ ပိုမိုအင်အားကြီးမားလာလိမ့်မည် ဖြစ်ကြောင်း သိလိုက်ရလေပြီ။
နိုင်အာ အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားနှင့် နဂါးစွမ်းအား အားလုံးကို စုစည်းလိုက်သည်။ ဤအချိန်၌ မည်သည့်အရာကိုမျှ ဖုံးကွယ်ထား၍ မရတော့ချေ။
“လာပါ”
ရုတ်တရက် လီကျူး ပြောလိုက်၏။
ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ လက်ထဲမှ ထက်မြက်သည့် ဓားကပါ တစ္ဆေအလား နိုင်အာရှိရာဆီသို့ ချက်ချင်း ရောက်ရှိလာသည်။
နိုင်အာ၏ နူးညံ့သော ခန္ဓာကိုယ်မှာလည်း လျှပ်စီးကဲ့သို့ လျင်မြန်စွာလှုပ်ရှားသွား၏။
“……”
အရိပ်နှစ်ခု ရောယှက်သွားကာ ဓားနှစ်လက် ရိုက်ခတ်သွားလေပြီ။
“ရွှမ်း......”
ဓားသွားမှ အသားတစ်ခုကိုဖြတ်တောက်သွားသော အသံတစ်သံထွက်ပေါ်လာ၏။
နိုင်အာ၏ လှပသော ပခုံးမှ လည်ပင်းအထိရှည်လျားသော ဓားဒဏ်ရာတစ်ခုပေါ်လာကာ သွေးများ စီးကျလာသည်။
သို့သော် လီကျူး၏ ဘယ်ဘက်ရင်အုံမှာမူ တိုက်ရိုက် ဖောက်ထွင်းခံလိုက်ရပြီး ချောင်းတစ်ချက် ဆိုးလိုက်ကာ သွေးများ ပန်းထွက်လာသည်။
နိုင်အာ လီကျူးကို ဒုတိယအချက် ထပ်မထိုးနိုင်မီ အရိပ်များစွာပေါ်လာကာ သူ့ကို ရစ်ပတ် ခေါ်ဆောင်သွားကြသည်။
နိုင်အာ လီကျူးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး လေချွန်လိုက်သည်။ ခြင်္သေ့ကျားသားရဲ ရောက်လာကာ သူမ ခုန်တက်လိုက်ပြီး တော်ဝင်မြို့တော်ဆီသို့ လေပြင်းကဲ့သို့ ဆက်လက် ပြေးလွှားသွားတော့သည်။
“ဒီမိန်းမရဲ့ သိုင်းပညာက... မယုံနိုင်စရာပဲ”
လီကျူး ဘယ်ဘက်ရင်အုံမှ ဒဏ်ရာကို ဖုံးအုပ်ကာ နောက်ထပ် သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။
နိုင်အာ ဒုန်းစိုင်းနှင်လာရင်း သူမ၏ လှပသော ပခုံးပေါ်ရှိ ဒဏ်ရာကို ငုံ့ကြည့်လိုက်၏။ အချိန်ခဏလေးအတွင်း ဓားဒဏ်ရာမှာ အမာရွတ်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေပြီ။
သူမ အင်္ကျီအပေါ်မှ သွေးစွန်းများကို သန့်စင်လိုက်သည်။ တော်ဝင်မြို့တော်သို့ ရောက်ပြီးနောက် အဝတ်အစား လဲရမည်။ ဆိုလွန်ကို ပေးမြင်၍ မဖြစ်ပေ။ မဟုတ်လျှင် သူ ရူးသွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူ ထပ်မံ ပြောထားခဲ့ဖူး၏။ နိုင်အာ ထပ်ပြီး ဒဏ်ရာရလို့ မဖြစ်တော့ချေ။ တစ်ကြိမ် ဒဏ်ရာရပါက သူမ၏အသက်စွမ်းအင်များကို ပို၍ သုံးစွဲလိုက်သလို ဖြစ်သွားမည် ဖြစ်သည်။
လေပြင်းကဲ့သို့ ပြေးလွှားလာရာ တစ်ရက်ခန့် အကြာတွင် နိုင်အာတစ်ယောက် နုလန် တော်ဝင်မြို့တော်သို့ ရောက်ရှိလာ၏။ သူမ မြို့စားကြီးကျိထင်၏ အိမ်တော်သို့ မသွားဘဲ မြင့်မြတ်နတ်နဂါးကျောင်းတော်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
“မင်းသမီးကျိယန်ကို လာရှာတာပါ”
နိုင်အာ ပြောလိုက်သည်။
ထိုအချိန်၌ ကျိယန်တစ်ယောက် ဆရာကြီး ဘိုင်ရွန်နှင့်အတူ ဟာ့ပ်ဆီကော့ဒ် စန္ဒရားကို ကိုယ်တိုင် ဖန်တီးနေသည်။ အဘယ်ကြောင့်ဆိုသော် ဘိုင်ရွန်က ကံကြမ္မာ ဟူသော သီချင်းကို အပြည့်အဝ ဖော်ပြနိုင်ရန် စန္ဒရားအသစ်တစ်ခု အထူး ဖန်တီးရန် လိုအပ်သည်ဟု ပြောသောကြောင့်ပင်။
သူမကို လူလာရှာသည်ဟု ကြားသောအခါ ကျိယန် အနည်းငယ် အံ့အားသင့်သွားပြီး လျှောက်သွားလိုက်ရာ တစ်ကိုယ်လုံး သံချပ်ကာ ဝတ်ဆင်ထားသည့် အမျိုးသမီးကို တွေ့လိုက်ရ၏။
“ဆိုလွန်ကို ဖန်ချင်းရှူက လာဗာမြို့ရဲ့ မြင့်မြတ်နတ်နဂါးကျောင်းတော် တရားရုံးဆီ ခေါ်သွားပြီ”
နိုင်အာ တိုက်ရိုက်ပင် ပြောလိုက်သည်။
“ခဏစောင့်”
ကျိယန် ပြောလိုက်၏။
ခဏအကြာတွင် ဓားတစ်လက်ကိုင်ဆောင်ကာ သူမ ပြန်ထွက်လာသည်။ ထို့နောက် ခြင်္သေ့ကျားသားရဲကို စီးနင်းလျက် သူမတို့နှစ်ဦး မရပ်မနားဘဲ လာဗာမြို့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ထွက်ခွာသွားကြတော့သည်။
…..
ခရီးနှင်နေရင်း နိုင်အာတစ်ယောက် ကျိယန်၏ ရုပ်သွင်ကို ရှင်းလင်းစွာ မြင်လိုက်ရလျှင် ထပ်မံ၍ ငေးကြည့်မိသွားသည်။
ဤသည်ကားလောကတွင် အလှပဆုံး အမျိုးသမီး ဖြစ်နိုင်ပြီး သူမနှင့် ယှဉ်နိုင်သူ ရှိမည်မထင်ပေ။
သူမသည် မင်းသမီးတစ်ပါး ဖြစ်သော်လည်း ယခုဝတ်ဆင်ထားသော အဝတ်အစားများမှာ ခမ်းနားထည်ဝါပြီး ဈေးကြီးလှသည်မျိုး မဟုတ်ချေ။ သာမန် ပိတ်စပါးပါးလေးသာ ဖြစ်ပြီး စကတ်မဟုတ်ဘဲ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ အင်္ကျီလက်မှာလည်း မထင်မှတ်ထားလောက်အောင် ကျဉ်းမြောင်းနေ၏။
ဤအသွင်အပြင်မှာ သာမန် မိန်းကလေးတစ်ဦးနှင့်ပင် တူနေတော့သည်။
သို့သော် ရိုးရှင်းသည့် အဝတ်အစားဖြစ်စေကာမူ ကျိယန်ဝတ်ဆင်လိုက်သောအခါ နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်သွားပြီး သူမ၏ လှပသော ကိုယ်ဟန်ကို အထူးပင် ပေါ်လွင်နေစေ၏။
“ငါနဲ့ ဆရာက စန္ဒရား လုပ်နေတာ... လက်မှုပညာ အလုပ်ဆိုတော့ ပေါ့ပေါ့ပါးပါး ဝတ်ထားရတာ”
နိုင်အာ၏ အကြည့်ကို မြင်သောအခါ ကျိယန် ပြောလိုက်သည်။
နိုင်အာ ကျိယန်ကို ဆက်မကြည့်ဝံ့တော့ချေ။ သူမ၏ မျက်နှာနှင့် ထိုမျက်ဝန်းများတွင် လူကို ညှို့ယူဖမ်းစားနိုင်သည့် မိစ္ဆာအစွမ်းတစ်မျိုး ပါရှိနေသကဲ့သို့ခံစားလိုက်ရသောကြောင့်ပင်။
ခြင်္သေ့ကျားသားရဲမှာ လျင်မြန်စွာ ဒုန်းစိုင်းနှင်နေပြီး အနောက်မှ မြင်းစီးသူရဲ ဆယ်ဦးခန့် အနီးကပ် လိုက်ပါလာကြသည်။ ထိုသူအားလုံးမှာ တော်ဝင်နန်းတော်မှ ထိပ်တန်း သိုင်းပညာရှင်များ ဖြစ်ကြသည်။
နိုင်အာ မေးလိုက်သည်။
“မင်းသမီး... ဖန်ချင်းရှူရဲ့အစစ်အမှန်အထောက်အထားက တကယ်ပဲဘာလဲ... “
“သူကဘာလို့ ဆိုလွန်ကို ပစ်မှတ်ထားနေရတာလဲ”
“သူက ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုပါ”
ကျိယန်က ပြန်ဖြေလိုက်၏။
“မြင့်မြတ်နတ်နဂါးကျောင်းတော်မှာ သူ့ရဲ့ အဆင့်အတန်းက အဲ့ဒီလောက်တောင် မြင့်နေတာလား”
ကျိယန် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် တိုးညှင်းစွာ မေးလိုက်၏။
“လေလွင့်ကျွန်းကို မင်း သိလား”
နိုင်အာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“သိတယ်... ဒဏ္ဍာရီလာ လေလွင့်ကျွန်းဆိုတာ မီးလျံအင်ပါယာထက်တောင် သမိုင်းသက်တမ်း ပိုရှည်တဲ့ လျှို့ဝှက်ကျွန်း မဟုတ်လား”
“ဟုတ်တယ်...အဲ့ဒီ လျှို့ဝှက်ကျွန်းပဲ”
ဤလောကကြီးရှိ ပိုင်နက်နယ်မြေများသည် အချိန်ကြာမြင့်စွာ ကွဲကွာနေပါက ပြန်လည်ပေါင်းစည်းလေ့ရှိပြီး ပေါင်းစည်းနေချိန် ကြာမြင့်ပါကလည်း ပြန်လည်ကွဲကွာသွားလေ့ ရှိသည်။ နဂါးဧကရာဇ် တည်ထောင်ခဲ့သော မီးလျံနဂါးအင်ပါယာသည်လည်း နှစ်တစ်ထောင် မပြည့်မီမှာပင် ပြိုကွဲသွားခဲ့၏။
ထို့နောက် နှစ်ထောင်ပေါင်းများစွာ အကြာတွင် လူသားဘုရင့်နိုင်ငံများ တစ်ခုပြီးတစ်ခု အားပြိုင်ခဲ့ကြသည်။ နိုင်ငံတစ်ခု တက်လာလျှင် အခြားနိုင်ငံတစ်ခု ပျက်သုဉ်းသွားမည်ဖြစ်သည်။
ထိုသို့ဖြင့် နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့ပြီဖြစ်ကာ ယခုအခါ မဟာဘုရင့်နိုင်ငံ လေးခုနှင့် အင်ပါယာ တစ်ခုသာ ကျန်ရှိတော့သည်။နုလန်ဘုရင့်နိုင်ငံ တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ခန့်သာ ရှိသေးပြီး ရှီးလျန်ဘုရင့်နိုင်ငံမှာမူ နှစ်ပေါင်း ၂၀၀ ကျော်သာရှိသည်။ ပေ့ဖုန်းဘုရင့်နိုင်ငံမှာလည်း နှစ်ပေါင်း ၃၀၀ မပြည့်သေးသလို မီးလျံအင်ပါယာသည် နှစ်ပေါင်း ၃၀၀ ခန့်သာ ရှိသေး၏။
သက်တမ်း အရှည်ဆုံးမှာ တုန်းလီဘုရင့်နိုင်ငံဖြစ်ပြီး နှစ်ပေါင်း ၇၀၀ တိုင်ခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် လောက၌ ထောင်စုနှစ်များစွာကြာအောင်ပင် ပျက်စီးပြိုကွဲသွားခြင်းမရှိဘဲရှည်လျားသောသက်တမ်းဖြင့်တည်ရှိနေသည့် ဆန်းကြယ် လျှို့ဝှက်အဖွဲ့အစည်းကြီး လေးခု ရှိသည်။ သူတို့သည် ဘုရင့်နိုင်ငံကြီးများ၏ ပြင်ပ၌ သီးခြားရပ်တည်နေကြသော်လည်း လူသားများစွာ၏ ဘဝကို လျှို့ဝှက်စွာ လွှမ်းမိုး ထိန်းချုပ်နေကြ၏။
လျှို့ဝှက်အဖွဲ့အစည်းကြီး လေးခုမှာ လျှို့ဝှက်ကျွန်း၊ လျှို့ဝှက်ဆန်းကြယ်ကျွန်း၊ မိစ္ဆာကျွန်းနှင့် မဟူရာအရိပ် အဖွဲ့အစည်းတို့ ဖြစ်သည်။
လျှို့ဝှက်ကျွန်းက အဘယ်ကြောင့် ကြောက်မက်ဖွယ် ကောင်းရသနည်း။
လောကရှိ ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါး ထက်ဝက်ခန့်ကို လျှို့ဝှက်ကျွန်းမှ သွန်းလုပ်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ကမ္ဘာ့ငွေကြေး၏ ၅၀ ရာခိုင်နှုန်းမှာ လျှို့ဝှက်ကျွန်းမှ ထွက်ပေါ်လာခြင်းပင်။
အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ လူသားဘုရင့်နိုင်ငံများရှိ ရွှေနှင့် ငွေသတ္တုရိုင်းများမှာ ကမ္ဘာ့ငွေကြေး လည်ပတ်မှုအတွက် လုံးဝ မလုံလောက်သောကြောင့် ဖြစ်သည်။
တစ်ကမ္ဘာလုံးရှိငွေကြေးစနစ်မှာ မဟာဘုရင့်နိုင်ငံ လေးခုနှင့် အင်ပါယာ မပေါ်ပေါက်မီကတည်းက လျှို့ဝှက်ကျွန်း၏ ထောက်ပံ့မှုများဖြင့်လည်ပတ်နေခဲ့ခြင်းဖြစ်၏။
ဒဏ္ဍာရီများအရ လျှို့ဝှက်ကျွန်း၌ မရေမတွက်နိုင်သော ရွှေနှင့် ငွေသတ္တုရိုင်းများ ရှိကာ မရေမတွက်နိုင်သည့် ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးများကို သွန်းလုပ်ကြသည်ဟု ဆိုကြသည်။
လျှို့ဝှက်ကျွန်းသည် မည်သည့်နေရာ၌ ရှိပါသနည်း။ ထိုသည်ကား မည်သူမျှမသိသော လျှို့ဝှက်ချက်တစ်ခုပင်။ လူတိုင်းသိသည်မှာ လိုအပ်လာသည့် အချိန်တိုင်း ပင်လယ်ရေပြင်အောက်မှ ရွှေဒင်္ဂါးများနှင့် ငွေဒင်္ဂါးများ အဆက်မပြတ် ထွက်ပေါ်လာတတ်သည် ဆိုခြင်းပင်။
ထို့ကြောင့် လူအများစုက လျှို့ဝှက်ကျွန်းသည် ပင်လယ်ရပ်ခြားရှိ လျှို့ဝှက်ကျွန်းစုများ ဖြစ်ရမည်ဟု သံသယရှိကြ၏။
“ဖန်ချင်းရှူက လျှို့ဝှက်ကျွန်းက မျိုးဆက်သစ် တစ်ယောက်ပဲ”
ကျိယန်တစ်ယောက် အရေးကြီးသတင်းတစ်ခုကိုထုတ်ပြောလိုက်လေပြီ။
“ဒါကြောင့် ထျန်ယဲ့မြို့မှာ သူ့ကို ဧည့်ခံတဲ့ အဆင့်အတန်းက တော်ဝင်မိသားစု မျိုးဆက်တွေထက်တောင် သာလွန်နေတာကိုး”
နိုင်အာ ပြန်ပြောလိုက်သည်။
အကယ်၍ ဆိုလွန်သာ လျှို့ဝှက်ကျွန်း အကြောင်းကို ကြားခဲ့ပါက ကမ္ဘာမြေပေါ်ရှိ ဒဏ္ဍာရီလာ အကျိုးအမြတ်ရှာဖွေရေး အဖွဲ့အစည်းများကို သေချာပေါက် သတိရသွားပေလိမ့်မည်။ ထိုအဖွဲ့အစည်းများသည် ကမ္ဘာလုံးဆိုင်ရာ ကြီးမားလှသည့် ကြွယ်ဝချမ်းသာမှုများကို လက်ဝါးကြီးအုပ်ထားသည့် လျှို့ဝှက်အဖွဲ့အစည်းမျိုးပင်။
လောကကြီး၏ လျှို့ဝှက်အဖွဲ့အစည်းကြီး လေးခုအနက် လျှို့ဝှက်ကျွန်းက ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးများ သွန်းလုပ်ကာ လျှို့ဝှက်ဆန်းကြယ်ကျွန်းကမူ ကမ္ဘာ့ဆန်းကြယ်သတ္တု အများစုကို လက်ဝါးကြီးအုပ်ထား၏။
ထိပ်တန်း လက်နက်များနှင့် သံချပ်ကာ အားလုံးမှာ ထိုကျွန်းမှ ထွက်ပေါ်လာခြင်း ပင်။ ထို့ကြောင့် တင်စားရမည်ဆိုလျှင် လျှို့ဝှက်ဆန်းကြယ်ကျွန်းမှာ ကမ္ဘာ့အကြီးဆုံး လက်နက်ကုန်သည်ကြီးဖြစ်သည်။
မိစ္ဆာကျွန်းကမူ မှော်ဆရာများကိုသာ မွေးထုတ်ပေးသည်။ ဆန်းကြယ်သည့် မှော်ဆရာအားလုံးနီးပါးမှာ ထိုကျွန်းမှဖြစ်၏။ ဆိုလွန်ကို မျက်နှာပြောင်းလဲပေးခဲ့သူနှင့် ကွေ့ချင်းရှောင်းကို အပျိုမှေး အစားထိုးပေးခဲ့သူများ၏ဇစ်မြစ်မှာ မိစ္ဆာကျွန်းပင်။
မဟူရာအရိပ် အဖွဲ့အစည်း၌မူ လုပ်ကြံသတ်ဖြတ်သူများ ပေါများလှသည်။
ထိုဆန်းကြယ်သည့် လျှို့ဝှက်အဖွဲ့အစည်းကြီး လေးခုသည် ထောင်စုနှစ်များစွာ ကြာအောင် တည်တံ့လာခဲ့သည့် လူသားဘုရင့်နိုင်ငံများကို ဖုံးအုပ်ထားသော မမြင်ရသည့် ပိုက်ကွန်ကြီးတစ်ခုဖြစ်သည်။
သူတို့သည် လောကကြီး၏ နောက်ကွယ်၌ ပုန်းအောင်းနေကာ နေရာအနှံ့တွင် ရှိနေနိုင်ပြီး မရေမတွက်နိုင်သော လူများ၏ ဘဝများသာမက နိုင်ငံအချို့၏ ကံကြမ္မာကိုပင် လွှမ်းမိုးထားနိုင်စွမ်းရှိကြလေသည်။
အပိုင်း ၃၁၀ ပြီး။