နိဗ္ဗာန (၁)
Vol. 022 Ch. 1068
ထိုသူသည် မီးခိုးရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်ကနေ မိစ္ဆာစွမ်းအင်များ ထွက်ပေါ်ကာ သူ့နောက်၌ မိစ္ဆာအရိပ်တစ်ခုကို ဖြစ်နေစေသည်။
ချပ်ဝတ်အောက်၌ သူ့မျက်နှာကို မြင်ရဖို့ မဖြစ်နိုင်ချေ။ ချပ်ဝတ်ခမောက်အောက်၌ ထိုသူ၏ မထူးခြားနားအကြည့်ကိုသာ မြင်နိုင်၏။
စကားဆိုနေရင်း သူ့အကြည့်က ဝမ်လင်းထံ၌သာ ရှိနေ၏။
ဝမ်လင်းအသွင်သည် သုန်မှုန်နေ၏။ သူ့လက်ကို ဝွေ့ယမ်းကာ ဦးခေါင်းများကို သူ့သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်၏။ထို့နောက် ဝမ်လင်းသည် ထိုမန်ဟိုင်လို့ ခေါ်သည့်လူကို တည်ငြိမ်စွာ ကြည့်နေ၏။ သူသည် ထိုလူမှာ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ထက် အားမနည်းကြောင်းကို ခံစားမိသည်။
သူ့ကို ပို၍ ထူးဆန်းစွာ ခံစားမိစေသည်က သူ့ထံမှ ထွက်ပေါ်နေသော မိစ္ဆာစွမ်းအင်များထဲ၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များပါ ပါဝင်နေခြင်းပင်။
ဝမ်လင်းသည် ထိုလူကို ကြည့်၍ တည်ငြိမ်စွာ မေးလိုက်၏။ “ဒီနေရာမှာ ငါ တစ်ယောက်တည်း ရှိတာလား။ တခြား ဘယ်သူ ရှိသေးလဲ…”
မန်ဟိုင်က အနည်းငယ် စဉ်းစားသွားပြီးနောက် ခေါင်းယမ်းပြ၏။ထို့နောက် သူ့မျက်လုံးသည် ရုတ်တရက် တောက်ပလာကာ သူသည် ဖြည်းဖြည်းချင်း ပြောလာ၏။ “မင်းငါ့ကို နိုင်ရင် မင်း အကုန်လုံး သိလာလိမ့်မယ်…”
ခြေတစ်လှမ်းဖြင့်ပင် သူသည် မျှော်စင်ကနေ ခုန်ဆင်းလာ၏။ သူသည် လေထဲသို့ ရောက်သည်နှင့် သူ့လက်ကို လေဟာနယ်ထဲသို့ ခပ်ကြမ်းကြမ်း ဖမ်းဆုပ်သည်။ အနက်ရောင်အခိုးငွေ့အမျှင်တန်းငါးခု ပေါ်ထွက်လာပြီး ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာသည်။
၎င်းတို့သည် ရွှေ့လျားလာနေရင်း ပုန်းကွယ်နေသော အမှတ်အသားငါးခု ပေါ်လာ၏။
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ချက်ခြင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ ထိုအနက်ရောင်အခိုးငွေ့များက ဝမ်လင်းရှိနှင့်ခဲ့သော မြေပြင်ထက်သို့ ပြင်းထန်စွာ ထိမှန်၍ သဲများကို လွင့်ထွက်ကုန်စေသည်။ သဲထု လှိုင်းများသည် လေထဲ ပေရာချီထိ မြင့်တက်ကာ ဝမ်လင်းပေါ်သို့ ပြိုဆင်းကျလာသည်။
ဝမ်လင်းသည် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်၍ ပြောလိုက်၏။ “မိုးဆင့်ခေါ်ခြင်း…”
သူထိုသို့ ပြောလိုက်သည့်နောက် ကောင်းကင်သည် အရောင်ပြောင်းလဲကာ မရေမတွက်နိုင်သောမိုးစက်များ ထွက်ပေါ်လာသည်။
ထိုမိုးစက်များထဲ၌ လောကရှိ မူလစွမ်းအင်တို့ ပါဝင်၏။မိုးစက်များသည် သဲထုနှင့် ထိပ်တိုက်တွေ့ဆုံချိန်၌ သဲများထံမှ ခပ်အုပ်အုပ်အသံများပါ ထွက်ပေါ်လာပြီး လွင့်ပြယ်ပျောက်ကွယ်သွားကြသည်။
ဝမ်လင်းသည် ရပ်တန့်ခြင်း မရှိဘဲ နောက်သို့ ဆက်ဆုတ်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်စေကာ မိုးစက်များကို စုစည်း၏။ ပေတစ်သောင်းအတွင်းသည် မိုးစက်များနှင့် ဖုံးလွှမ်းသွားချေသည်။
ကောင်းကင်ထက်မှ မိုးစက်များသည် ဓားသွားများအလား သက်ဆင်းလာ၏။ ထိုမိုးစက်များ၏ ဖိနှိပ်မှုအောက်၌ သဲလှိုင်းများသည် မြန်ဆန်စွာ လွင့်ပြယ်ရသည်။
ထိုအခိုက်၌ မန်ဟိုင်ဟု ခေါ်သည့်လူမှာ ရှေ့သို့ တိုးလာပြီး သဲလှိုင်းများကို ဖြတ်သန်းလာ၏။ သူက ရှေ့သို့ လက်ညွှန်၍ တိုးညင်းစွာ ဆိုသည်။ “သဲ ပေါက်ကွဲခြင်း…”
သူ့ရှေ့ မြေပြင်ထက်ရှိ သဲများသည် တုန်ခါလာကာ ရုတ်တရက် လေထဲသို့ မြင့်တက်လာကြပြန်၏။ထို့နောက် ဝမ်လင်းရှိရာသို့ အရပ်မျက်နှာအနှံ့ကနေ တိုးဝင်လာကြသည်။
ထိုသဲထုက မျက်စိဖြင့် မြင်နိုင်ရလောက်သည့်ထိ ချဲ့ကားလာ၏။
သဲထုသည် မြန်ဆန်လွန်းရာ အရပ်မျက်နှာကနေ ဝမ်လင်းကို ဝါးမြိုပစ်ချင်နေသည့်ပုံ ပေါ်သည်။
ဝမ်လင်းအသွင်က ပြောင်းလဲသွး၏။သူက ငရဲရှစ်ထပ်ချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ထွေးထုတ်၍ ပျံသန်းထွက်လာစေကာ တောင်ငယ်တစ်လုံးအဖြစ်သို့ ပြောင်းလဲလိုက်စေသည်။ထို့နောက် သူက အော်ပြောလိုက်၏။ “ဆန်းကြယ်လက်နက်…”
တလက်စတည်း သူ့လက်ကို ဝေ့ယမ်းလိုက်၏။
ကောင်းကင်အနှံ့တွင် တစ္ဆေညီးသံများ ပဲ့တင်ထပ်လာကာ ဝမ်လင်းသည် သူ့လက်ကို ဝေ့ယမ်းနေ၏။ သွေးဘိုးဘေး၏ စိတ်ဝိညာဉ်အပါအဝင် မရေမတွက်နိုင်သော စိတ်ဝိညာဉ်များပေါ်လာကာချေသည်။
ထိုများပြားလှသည့် စိတ်ဝိညာဉ်များနှင့် ကောင်းကင်ဘုံသားစိတ်ဝိညာဉ်များမှာ ဝမ်လင်းသတ်ခဲ့သောသူများ၏ စိတ်ဝိညာဉ်များ ဖြစ်ချေ၏။ ဝမ်လင်း၏ မန္တာန်ဖြင့် ဆင့်ခေါ်မှုကြောင့် ၎င်းတို့အားလုံးသည် ထွက်ပေါ်လာရသည်။ထိုတိုက်ပွဲဝင်စိတ်ဝိညာဉ်များသည် ဝမ်လင်း ပတ်လည်၌ နေရာယူထားကြသည်။
ဝမ်လင်း၏ အတွေးတစ်ချက်ဖြင့်ပင် ထိုစိတ်ဝိညာဉ်များသည် ထိုးထွက်သွားကြသည်။ သူတို့ကြား၌ သွေးဘိုးဘေး၏စိတ်ဝိညာဉ်မှာ အကြမ်းဆုံးပင်။ သူက ဝမ်လင်းကို သွေးဆာသောမျက်လုံးဖြင့်ပင် ပြန်ကြည့်လိုက်သေး၏။ သို့သော် သူသည် ချက်ခြင်း ရှေ့သို့ ပြန်လှည့်ကာ မာန်သွင်း၍ ထိုးထွက်သွားတော့သည်။
ထိုများပြားလှသည့် ကောင်းကင်ဘုံသားစိတ်ဝိညာဉ်များသည် ရူးသွပ်သွားသည်အလား သူတို့၏ ပတ်ဝန်ကျင်သို့ ခုန်ပေါက်ဝင်လာကြသည်။
၎င်းစိတ်ဝိညာဉ်များထဲ၌ သတ်ဖြတ်ခြင်းနယ်မြေမှ ဝမ်လင်းသတ်ခဲ့သောသူများလည်း ပါဝင်ပေသည်။ သူတို့ထွက်ပေါ်လာသည်နှင့် ဤဧရိယာတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပြည့်နှက်လာချေ၏။
မရေမတွက်နိုင်သော သဲမှုန်သဲစများသည် ဝမ်လင်း ရှိရာသို့ ပျံသန်းလာနေရင်း ၎င်းတို့သည် စိတ်ဝိညာဉ်များနှင့် ထိပ်တိုက်တွေ့တော့သည်။ထို့အတွက်ကြောင့် ဤလောက၌ အဆုံးမဲ့ မြည်ဟိန်းပေါက်ကွဲသံများ ထွက်ပေါ်လာချေတော့သည်။
မန်ဟိုင်သည် တည်ငြိမ်သည့်ဟန်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်၏။ သူ့မျက်ခုံးနှစ်ခုကြားမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သုံးလက်မခန့်ဓားတစ်လက် ဖြစ်ပေါ်သည်။
ထိုဓားသည် လုံးဝ အဖြူရောင်ပင်။ ၎င်း ထွက်ပေါ်လာသည်နှင့် တုန်လှုပ်ဖွယ် ဓားစွမ်းအင်ကို ထုတ်လွှတ်လာ၏။ ထိုဓားစွမ်းအင်သည် ကောင်းကင်ယံထိ ချိုးဖျက်နိုင်လုနီးပါး အားကောင်းသည်။
“အင်ပါယာက ငါ့ကို ဒီဓား လက်ဆောင် အဖြစ်ပေးအပ်ခဲ့တာ။ ဒီဓားနာမည်က ဖန်ကျူ…”
မန်ဟိုင်အသံထဲ၌ အတိတ်ကို ပြန်အောက်မေ့မှုတို့ပါ ပါဝင်နေ၏။သူက သူ့လက်ထဲရှိ ဓားငယ်ကို ပစ်လွှတ်လိုက်ချေသည်။
ထိုဓားပျံသန်းထွက်လာချိန်၌ အဖြူရောင်အလင်းတစ်ခုအလား။ ၎င်းဓားသည် မြန်လွန်းလှသဖြင့် အဖြူရောင်တန်းတစ်ခုက ဝမ်လင်းနှင့် မြန်ဆန်စွာ နီးကပ်လာသည့်အလား ထင်ရသည်။
“ဒီဓားမှာ စိတ်ဝိညာဉ်ပိုင်ဆိုင်ထားတယ်။ ဒီဓားနဲ့ မင်းသေရမယ်ဆိုရင်တောင် မင်းအတွက် ကံကောင်းတယ်လို့ ဆိုနိုင်တယ်….”
မန်ဟိုင်က တိုးညင်းစွာ သက်ပြင်းချ၏။ သူ့အသွင်ဟန်ပန်ကို တွေ့မြင်ရဖို့ မဖြစ်နိုင်ချေ။သို့သော် သူ့သက်ပြင်းချသံသည် ဝမ်လင်းနားထဲသို့ ရောက်ရှိလာပါ၏။
တုံ့ဆိုင်းမနေဘဲ ဝမ်လင်းသည် ညာလက်သီးကို စုပ်၏။သူ့နောက်၌လည်း ရှေးဟောင်းနတ်ဘုရားအရိပ် ပေါ်လာသည်။ ထို့နောက် သူသည် သဲမှုန်သဲစများကို ဖြတ်သန်း၍ အဖြူရောင်အလင်းတန်းထံသို့ လက်သီးချက် ပစ်သွင်းလိုက်လေသည်။
ကျယ်လောင်စွာ ပေါက်ကွဲသွား၏။ ဝမ်လင်းရှေ့၌ လေဝဲကတော့တစ်ခု ပေါ်လာကာ သဲအားလုံးကို လွင့်စင်စေ၍ အဖြူရောင်အလင်းတန်းနှင့် သူ့လက်သီးချက်သည် ထိပ်တိုက်တွေ့သွားသည်။
ဤအခိုက်၌ တုန်ဟီးဖွယ် ဓားစွမ်းအင်သည် ပေါက်ကွဲထွက်လာသည်။လင်းထျန်ဟူ၏ ဓားစွမ်းအင်ပင် ယခုဓားစွမ်းအင်အောက်၌ အတော်လေး ပြတ်ကျန်ရစ်နိုင်၏။ သည်ဓားစွမ်းအင်က သက်တံတစ်ခုအလား ပေါ်ထွက်လာသည်နှင့် ဝမ်လင်းလက်သီးချက်ကြောင့် ဖြစ်ပေါ်လာသည့် လေဝဲကတော့သည် ပျက်စီးသွားရတော့သည်။
ထိုလေဝဲကတော့ အလယ်ကနေ နှစ်ပိုင်းပြတ်သွားရခြင်းပင်။
ဝမ်လင်းအသွင်က သုန်မှုန်လာ၏။ သူသည် နောက်သို့ ဆက်၍ ဆုတ်သည်။ တုန်ဟီးသံများ ဆက်တိုက် ဖြစ်ပေါ်နေ၏။သူသည် ၎င်းဓားစွမ်းအင်ကို ရှောင်နိုင်ရန် နောက်ဘက် ပေတစ်ထောင်ကျော်ထိ ဆုတ်လာခဲ့ရသည်။
မန်ဟိုင်၏မျက်လုံးထဲ၌ စိတ်ပျက်ဟန် ဖြစ်ပေါ်နေ၏။ သူသည် နောက်လှည့်၍ မျှော်စင်ရှိရာသို့ ပြန်လျှောက်သွားသည်။
ထိုဓားငယ်က ဝမ်လင်းလက်သီးချက်များ၏ တုန်ခါလှိုင်းအားလုံးကို ချိုးဖျက်ပစ်ခဲ့ပြီး ဖြစ်သည်။ ထို့နောက် ၎င်းက ဖျပ်ခနဲပင် အဖြူရောင်အလင်တန်းအဖြစ် ပြောင်း၍ ဝမ်လင်းရှိရာသို့ တဟုန်ထိုး ဝင်လာနေသည်။
ဝမ်လင်းသည် မျက်မှောင်တင်းကြပ်စွာ ကြုတ်နေမိ၏။ သူ့ညာမျက်လုံးမှ အပြာရောင်အလင်းတန်းတစ်ခု ဖျပ်ခနဲ လင်းလက်သွားသည်။ထိုအခါသူ့ရှေ့၌ အဇူရာအလင်းဒိုင်း ပေါ်လာကာ အဖြူရောင်အလင်းနှင့် ထိတွေ့မိကြသည်။
တစီစီအသံများ မြည်ဟိန်းနေ၏။ ဝမ်လင်းနောက်ဘက်မှ ရှေးဟောင်းနတ်ဘုရားအရိပ်သည် ပို၍ ပီပြင်လာသည်။ သူသည် ရှေးဟောင်းနတ်ဘုရားကြယ်များ ခပ်မှန်မှန် လှည့်ပတ်နေရင်း တိတ်ဆိတ်စွာ စဉ်းစားနေ၏။ ထူစီထံမှ ဆက်ခံခဲ့သည့် မှတ်ဉာဏ်များသည် ဝမ်လင်း စိတ်ထဲ၌ တဖျပ်ဖျပ် ပေါ်လာနေသည်။
အသက်ဝဝရှုသွင်းပြီးနောက် ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို သူ့ခန္ဓာကိုယ်ရှေ့သို့ ပို့၏။ ထို့နောက် သူ့လက်ချောင်းများကို ကြက်ခြေခတ်အသွင် ဖြစ်စေကာ ထူးဆန်းသောအမှတ်အသားတစ်ခုကို ဖြစ်ပေါ်စေသည်။
“ကောင်းကင်ရဲ့ ကောင်းချီးပေးခြင်းကို လုယူခြင်း၊ စကြဝဠာရဲ့ စိတ်ဝိညာဉ်ကို ထုတ်ယူခြင်း၊ ရှေးအမိန့်ကို စုစည်းခြင်း၊ ထာဝရ အမှတ်ရမှု…”
ရှေးဟောင်းနတ်ဘုရား ဘာသာစကားသည် သူ့ပါးစပ်ထဲကနေ တဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။သူက ထိုသို့ ဆိုနေရင်း သူ့နောက်ရှိ ရှေးဟောင်းနတ်ဘုရားအရိပ်သည်လည်း တူညီသော ချိပ်လက်ဟန်ကို ထုတ်ဖော်နေ၏။
ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားမန္တာန်များစွာကို အမွေဆက်ခံခဲ့ရသော်လည်း ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါးအနေဖြင့် သူသည် အချို့ကိုသာ အသုံးပြုနိုင်၏။ ရှေးဟောင်းဘိုးဘေးများ၏ စွမ်းအားကို ဆင့်ခေါ်ခြင်း၊ နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ဆင့်ခေါ်ခြင်းတို့အပြင် အခု သည်မန္တာန်ကိုသာ အသုံးပြုနိုင်၏။
ထိုမန္တာန်သည် ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါးအနေဖြင့် အသုံးပြုနိုင်ဖို့ အကန့်အသတ် ရှိ၏။ ၎င်းမန္တာန်ကို ကောင်းချီးစိတ်ဝိညာဉ်ဟု ခေါ်တွင်၏။
၎င်းမန္တာန်သည် အဖြူရောင်ဓားကို ရယ်ရည်ချင်းမဟုတ်ဘဲ မန်ဟိုင်ထံသို့ ပစ်မှတ်ထားခြင်းပင်။ဝမ်လင်းသည် သူ့လက်ချိပ်ဟိန်ကို ရှေ့သို့ တွန်းထုတ်၏။ရှေးဟောင်းနတ်ဘုရားများ၏စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်နေရင်း သူ့လက်ချိပ်ဟန်ပေါ်သို့ စုစည်းနေသည်။
“ကောင်းကင်ဘုံရဲ့ ကောင်းချီးလုယူခြင်း…”
ဤအခိုက်အတန့်တွင် လောကသည်ပင် ပြောင်းလဲလာ၏။ မှန်ဖျော့နေသော ကောင်းကင်ကို ဧရာမလက်ကြီးတစ်စုံက ဆွဲဖြဲလိုက်သည့်အလား။ ပတ်ဝန်းကျင်ရှိသဲများသည် ချက်ခြင်း တုန်ခါလှိုင်းကြောင့် လွင့်စင်ကုန်သည်။ ထိုအဖြစ်က ဆန်းကြယ်လက်နက်မန္တာန်မှ စိတ်ဝိညာဉ်များကို ရှေ့သို့ ရောက်ရှိသွားစေသည်။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ အပြင်ဘက် ဟင်းလင်းပြင်လောကသည်ပင် ပြောင်းလဲလာသည်။အဆုံးမဲ့မူလစွမ်းအင်များက စတင် စုစည်းသည်။ထိုမူလစွမ်းအင်များသည် နတ်ဆိုးစိတ်ဝိညာဉ်ရှိ အရှေ့နတ်ဆိုးပင်လယ်ရှိ ဝဲကတော့ကို ချိုးဖျက်၍ နဂါးကိုးကောင်အစီအရင်ကို ကျော်ဖြတ်ကာ ငါးခုမြောက်လှိုဏ်ဂူထဲသို့ တိုးဝင်လာကြသည်။
ဤအခိုက်အတန့်၌ ငါးခုမြောက်လှိုဏ်ဂူတစ်နေရာရှိ သစ်သားတံတားပေါ်တွင် ထိုင်နေသော လူရှေ့ရှိ အဖြူရောင်ကျောက်စိမ်းပုလင်းသည် မြောလွင့်နေပြီး ဖုံးကွယ်နေသော အနက်ရောင်မြူများသည် အပြင်းအထန် စတင်တုန်ယင်လာကြ၏။
“အယ်…” မြူနက်ထဲမှ အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုမြူနက်အတွင်းရှိ လူ၏ မျက်လုံးထံမှ တစ္ဆေအလင်းသည် ရုတ်တရက် တောက်ပလာသည်။ သူက ရုတ်တရက် အထက်သို့ မော့ကြည့်၏။အနက်ရောင်ဝဲကတော့ ပေါ်လာ၏။ဝဲကတော့မှ ထွက်ပေါ်လာသည့် မူလစွမ်းအင်သည် ကျောက်စိမ်းပုလင်းရှိရာသို့ တိုးဝင်လာ၏။
“ဒါက အပြင်လောကရဲ့ စွမ်းအားတွေကိုပါ စွဲဆောင်တာပဲ…” ထိုအနက်ရောင်မြူအတွင်းရှိ လူထံမှ ထွက်ပေါ်လာသည့်အသံထဲ၌ တုန်လှုပ်မှုတို့ ပါနေသည်။
“မူလတုန်းက ငါ့အာရုံစိုက်ဖို့လိုတဲ့လူ လေးယောက်ပဲ ရှိတယ်။ဒါပေမဲ့ အခု မထင်ထားဘဲ နောက်တစ်ယောက် ရှိနေတာပဲ…” ထိုအနက်ရောင်မြူထဲမှ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာပြီး သူ့မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ ခြောက်သွေ့သောလက်တစ်ဖက်သည် မြူနက်ထုထဲမှ ဆန့်ထွက်ကာ အဖြူရောင်ကျောက်စိမ်းပုလင်းထံသို့ လှမ်း၍ ခပ်ကြမ်းကြမ်း ညှစ်ချေလိုက်သည်။
ထိုအခါ ကျောက်စိမ်းပုလင်းထဲသို့ စတင်တိုးဝင်လာနေသည့် မူလစွမ်းအင်သည် ပျက်စီး လွင့်ပြယ်သွားတော့သည်။
ထိုအနက်ရောင်မြူနက်ထုထဲမှ လူသည် တိုးဝင်လာသည့် မူလစွမ်းအင်ကို ဖျက်စီးလိုက်သည့်အခိုက် ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားဘာသာစကားသည် သဲနက်ကန္တာရထဲတွင် နောက်တစ်ဖန် မြည်ဟိန်းလာသည်။
“စကြဝဠာရဲ့ စိတ်ဝိညာဉ်ကို ယူဆောင်ခြင်း…”
သူ ဤသို့ ပြောလိုက်သည့်နောက် သူ့နောက်ရှိ ရှေးဟောင်းနတ်ဘုရားအရိပ်သည် မာန်သွင်းလိုက်လေ၏။ ထိုမာန်သွင်းဟိန်းသံသည် လောကကို နှစ်ပိုင်းခြမ်းစေမည့်အလား။ တောင်များ၊ကြယ်စုံကောင်းကင်နှင့် စကြဝဠာတို့၏ စိတ်ဝိညာဉ်များကို ထုတ်နှုတ်ယူလိုက်သည့်အလား ထင်ရသည်။
စကြဝဠာသည် စိတ်ဝိညာဉ် မပိုင်ဆိုင်ပေ။ သို့သော် ရှေးဟောင်းနတ်ဘုရားမန္တာန်က ၎င်းထံမှ စိတ်ဆန္ဒကို ထုတ်ယူနိုင်ပေသည်။ ဤအရာက ရှေးဟောင်းနတ်ဘုရားမန္တာန်၏ အဆုံးစွန်စွမ်းအားပင်။ သို့သော် ထိုမန္တာန်၏စွမ်းအားသည် အသုံးပြုသူ၏စွမ်းအားအပေါ် မူတည်ပေသည်။
ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါးကသာ ဤကောင်းချီးစိတ်ဝိညာဉ်မန္တာန်ကို အသုံးပြုခဲ့ပါက စကြဝဠာ၏ စိတ်ဆန္ဒ စိတ်ဝိညာဉ်ကို ထုတ်ယူနိုင်ရုံမျှသာမက လောကရှိ ဥပဒေသအချို့ကိုပါ ထုတ်နှုတ်ယူနိုင်ကာ ကောင်းကင်နှင့်မြေကြီးကို ပြောင်းလဲပစ်ရန် အသုံးပြုနိုင်ပေမည်။
တကယ်တော့ ဝမ်လင်းသည် ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါးသာ ဖြစ်၏။ထို့ကြောင့် သူသည် ထိုအရာများကို မလုပ်နိုင်သေးပေ။ သို့ရာတွင် သူသည် တော်ဝင်ရှေးဟောင်းနတ်ဘုရား မည်၏။ သူသည် အနည်းဆုံးတော့ သည်သဲနက်ကန္တာရကို တုန်ခါသွားအောင် လုပ်နိုင်ပါသေးသည်။
သစ်သားတံတားပေါ်ရှိ မိစ္ဆာအရိပ်သည် အဖြူရောင်ကျောက်စိမ်းပုလင်း ပြင်းပြင်းထန်ထန် တုန်ခါလာချိန်၌ မူလစွမ်းအင်များကို ချေမွပစ်ခဲ့၏။ ကျောက်စိမ်းပုလင်း ထိုသို့ ပြင်းပြင်းထန်ထန် တုန်ခါခြင်းမှာ ပုလင်းအတွင်းရှိ အားတစ်ခုခုက စုပ်အားတစ်ခုကို ဆက်တိုက် ထုတ်လွှတ်နေသကဲ့သို့ပင်။
ကျောက်စိမ်းပုလင်းအဖုံးသည်လည်း တုန်ယင်လာကာ ပုလင်းအတွင်းသို့ စုပ်ယူခံရတော့မည်အလား ထင်ရသည်။
မြူနက်တို့ဖြင့် ခြုံလွှမ်းနေသည့် မိစ္ဆာအရိပ်၏ မျက်လုံးထံမှ တစ္ဆေအလင်းတစ်ခုသည် ပေါက်ကွဲထွက်လာချေသည်။
***