← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း (၁၅၂) ပြင်းထန်စွာ ဖိနှိပ်ချေမှုန်းခြင်း၊ ဝိညာဉ်ကို သန့်စင်ခြင်း

ထိုမျှနှင့်တင် ပြီးဆုံးသွားခြင်း မရှိသေးပေ ။

'ဝမ်ကျီဓား'က ကောင်းကင်ကိုဖြတ်ပြီး ရွှေယိချန်းကို နောက်ကနေ တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

ယခုအခိုက်အတန့်တွင် ရှုချွမ်း၏ လက်သီးချက်ကြောင့် ရွှေယိချန်း၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ စုတ်ပြဲသွားခဲ့ရပြီး သွေးများ နေရာအနှံ့ ပန်းထွက်ကုန်တော့သည်။

ထို့အပြင် ထိုဓားချက်က သူ၏ ရင်ဘတ်တွင် ကြီးမားလှသော အပေါက်ကြီးတစ်ပေါက်ကို တိုက်ရိုက် ဖောက်ထွင်းဆုတ်ဖြဲပစ်လိုက်လေသည်။

ကြယ်တာရာတွေရဲ့ စွမ်းအားတွေနဲ့ ပြည့်နှက်နေတဲ့ ရွှေ ယိချန်း အတွက်တောင် ဒီလောက်ကြောက်စရာကောင်းတဲ့ ဒဏ်ရာတွေက မခံမရပ်နိုင်အောင် ပြင်းထန်လွန်းပြီး တောင့်ခံနိုင်စွမ်း မရှိတော့ပေ ။

ဝေါ့...

သူ၏ ပါးစပ်ထဲမှ သွေးတစ်လုပ် ပြင်းထန်စွာ ပန်းထွက်လာခဲ့သည်။

ခန္ဓာကိုယ်အတွင်း၌ ဖိနှိပ်ချုပ်ချယ်ခြင်း ခံထားရသော ယန်ရှန်း၏ စိတ်ဝိညာဉ်မှာ ဤမြင်ကွင်းကို ကြည့်ရင်း ရင်ဘတ်တစ်ခုလုံး သွေးချင်းနီမတတ် ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် သူက ရှုချွမ်း၏ စစ်မှန်သော ခွန်အားကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

အကယ်၍ သူသာ ရွှေယိချန်းကို အားမကိုးခဲ့ပါက ၎င်းတို့နှစ်ဦးကြားရှိ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဝေးကွာလွန်းလှပေသည်။

သူက ရှုချွမ်းကို ဘာ့ကြောင့် သွားရောက်ရန်စမိပါလိမ့်ဟု နောင်တကြီးစွာ ရမိနေတော့သည်။

၎င်းမှာ သူ့ကိုယ်သူ အထင်ကြီးလွန်းရာ ရောက်ခဲ့ပေသည်။

အကယ်၍ သူ့ကို နောက်ထပ် ရွေးချယ်ခွင့်တစ်ခုသာ ပေးခဲ့မည်ဆိုပါက ရှုချွမ်းကို ဘယ်တော့မှ ထပ်မံ ရန်စမိတော့မည် မဟုတ်ပေ ။

နောက်နောင်တွင် ရှုချွမ်း ရှိသည့်နေရာနှင့် အဝေးဆုံးသို့ သူ ပုန်းကွယ်သွားတော့မည် ဖြစ်သည်။

ရှုချွမ်း ရှိနေသည့် မည်သည့်နေရာတွင်မဆို ယန်ရှန်း ရှိနေလိမ့်မည် မဟုတ်တော့ပေ။

သို့သော်လည်း...

ဤလောကတွင် နောင်တဟူသည် အရာမထင်ပေ ။

သူက ကံကြမ္မာအလိုကျ ဇာတ်လိုက်တစ်ယောက် ဖြစ်နေလျှင်ပင် အရေးမပါတော့ပြီ ဖြစ်သည်။

ကြယ်တာရာစွမ်းအားများ လွှမ်းခြုံထားသော ရွှေယိချန်းပင်လျှင် ရှုချွမ်း၏ ပြိုင်ဘက် မဖြစ်နိုင်သည်ကို စောင့်ကြည့်ရင်း မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် သေခြင်းတရား အရိပ်အယောင်အောက်တွင် သူက ရွှေယိချန်းကိုပင် စတင်၍ အပြစ်တင်မိလာတော့သည်။

ရွှေယိချန်းက ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ်မှ ကျွမ်းကျင်သိုင်းပညာရှင်တစ်ဦး ဖြစ်ခဲ့ပြီး ဝိညာဉ်အကြွင်းအကျန်သာ ကျန်ရှိတော့လျှင်ပင် နိဗ္ဗာနနယ်ပယ် မျှသာ ရှိသေးသော သိုင်းပညာရှင်တစ်ဦးကို မနိုင်နိုင်ရော့သလားဟု အပြစ်ဆိုမိခြင်း ဖြစ်၏။

နိဗ္ဗာနနယ်ပယ် သိုင်းပညာရှင်မှာ သာမန်လူသားများထက် များစွာ ကျော်လွန်နေလျှင်ပင် ဤအဖြစ်မှန်ကို မည်သူမျှ ပြောင်းလဲနိုင်မည် မဟုတ်ပေ ။

ဤလက်သီးချက်နှင့် ဓားချက်က ရွှေယိချန်း ဆင့်ခေါ်ထားသော ကြယ်တာရာစွမ်းအားများကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်သဖြင့် ထိုအစွမ်းထက်လှသော အော်ရာ များမှာ ချက်ချင်းပင် ဆုတ်ခွာပျောက်ကွယ်သွားခဲ့ရတော့သည်။

ထိုစွမ်းအားများ ဆုံးရှုံးသွားပြီးနောက်တွင် ကြယ်တာရာစွမ်းအား ဆင့်ခေါ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ စတင် သက်ရောက်လာခဲ့၏။

ယန်ရှန်း၏ ခန္ဓာကိုယ်မှာ သူ၏ အသက်စွမ်းအားများကို ကြယ်တာရာစွမ်းအားများက စုပ်ယူသွားသကဲ့သို့ လျင်မြန်စွာ အိုမင်းရင့်ရော်လာခဲ့တော့သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ရွှေယိချန်းက စိတ်မသက်မသာဖြင့် အသံတိုးတိုးဖြင့် အော်ဟစ် လိုက်မိသည်။

"သူက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ..."

သူ အဖြစ်မှန်ကို လက်မခံနိုင်ပေ ။

ဤတိုက်ပွဲတွင် သူ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်သည်။

သူ၏ လျှို့ဝှက်ချက်များ၊ နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့လျှင်ပင် ရှုချွမ်း၏ ပြိုင်ဘက် မဖြစ်ခဲ့ပေ ။

ထို့အပြင် အစမှ အဆုံးအထိ ရှုချွမ်းမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး အတွင်းပိုင်းအထိ ထိခိုက်ပျက်စီးသွားခြင်း မရှိခဲ့ပေ ။

ရွှေယိချန်းက မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းလာခဲ့သည်။

ခန္ဓာကိုယ်ကြီး ပျက်စီးယိုယွင်းလာသည်နှင့်အမျှ သူ့တွင် ကြီးမားလှသော စွမ်းရည်များ ရှိနေဦးမည်ဆိုလျှင်ပင် ၎င်းတို့ကို ထပ်မံ ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ ။

သူက မြေပြင်ပေါ်တွင် လှဲလျောင်းနေရင်း ကောင်းကင်ယံထက်တွင် နေမင်းကြီးတစ်စင်းကဲ့သို့ တောက်ပနေသော ရှုချွမ်းကို တိတ်ဆိတ်စွာ မော့ကြည့်နေမိတော့သည်။

ဤအခိုက်အတန့်တွင် သူ မြောက် မြားစွာကို တွေးတောမိသွားခဲ့၏။ အဖြေကတော့ အစကတည်းက သတ်မှတ်ပြီးသား ဖြစ်နေခဲ့ပုံရသည်။

'ရွှေရောင်ရှေးဟောင်းနန်းတော်' ၏ အသိအမှတ်ပြုမှုကို ရရှိထားသောသူမှာ သူ ခုခံနိုင်မည့်သူ မဟုတ်သလို သာမန်လူတစ်ယောက်လည်း မဖြစ်နိုင်ပေ ။

သို့သော်လည်း သူ၏ နှလုံးသားထဲမှ သေးငယ်လှသော မျှော်လင့်ချက်ကြောင့်သာ ဤသို့ ဖြစ်ပျက်ခဲ့ရခြင်း ဖြစ်သည်။

သို့သော် ကံကြမ္မာက သူ၏ဘက်တွင် ဘယ်တုန်းကမှ ရှိမနေခဲ့ပေ ။

ထို့ကြောင့် သူ ရှုံးနိမ့်ခဲ့ရပြီ။ နိဗ္ဗာနနယ်ပယ် သိုင်းပညာရှင်တစ်ဦးထံတွင် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်၏။

ယခုအခိုက်အတန့်တွင် သူက ခုခံရန် မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။

"မင်း နိုင်သွားပြီ..."

သူက တဖြည်းဖြည်း ပြောလိုက်ရာ သူ၏ အက်ရှရှအသံကြီးမှာ တဖြည်းဖြည်း အားနည်းသွားခဲ့တော့သည်။

ရှုချွမ်း၏ နောက်ဆုံးလက်သီးချက်နှင့် ဓားချက်က ယန်ရှန်း၏ ခန္ဓာကိုယ်ကို ကြီးမားစွာ ထိခိုက်စေခဲ့ရုံသာမက သူ၏ စိတ်ဝိညာဉ်ကိုလည်း ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။

မသေရုံတမယ် ကပ်ညှိနေရသော ဝိညာဉ်အကြွင်းအကျန်တစ်ခု ဖြစ်သည့်အပြင် အကြိမ်ကြိမ် တိုက်ခိုက်မှုများကြောင့် ကုန်ခမ်းနေခဲ့ပြီး ယခုအခါ ရှုချွမ်း၏ ဒဏ်ရာပေးခြင်းကို ခံလိုက်ရပြန်ရာ သူက ဆီကုန်ရေခမ်းဖြစ်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရပြီ ဖြစ်၏။

ယန်ရှန်း၏ ခန္ဓာကိုယ်ကြီးမှာ မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ပြီး လေထုထဲသို့ ဖြည်းညှင်းစွာ လွင့်စင်ပျောက်ကွယ်သွားချိန်တွင် ရွှေယိချန်း၏ စိတ်ဝိညာဉ် ပုံရိပ် ပေါ်ထွက်လာခဲ့သည်။

ယခုအခါတွင် သူက ယန်ရှန်း၏ စိတ်ဝိညာဉ်ကို ထပ်မံ၍ မဖိနှိပ်နိုင်တော့ပေ ။

ထို့ကြောင့် ၎င်းတို့နှစ်ဦးစလုံး၏ စိတ်ဝိညာဉ်များမှာ လေထုထဲတွင် ပေါ်ထွက်လာခဲ့ရတော့သည်။

"မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး..."

"ဒါတွေအားလုံးက အတုအယောင်တွေပဲ... ဒါတွေအားလုံးက မဟုတ်ဘူးလို့ ငါ့ကို ပြောစမ်းပါ..."

ယန်ရှန်းက ဤမြင်ကွင်းကို ကြည့်ရင်း ကြောင်အမ်းအမ်းဖြင့် ရေရွတ်နေမိသည်။

သူက ဒါတွေအားလုံးက အစစ်အမှန်မဟုတ်ဟု သူ့ကိုယ်သူ ပြောချင်နေခဲ့၏။

သို့သော် မိစ္ဆာချီများက သူ၏ စိတ်ဝိညာဉ်ကို လောင်မြိုက်နေသည့် ပြင်းထန်လှသော နာကျင်မှုများကမူ ဒါတွေအားလုံးက သူ ကိုယ်တိုင်မျက်မြင်တွေ့နေရသည့် အဖြစ်မှန်များဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

ရှပ်...

ရှုချွမ်း၏ လက်ထဲရှိ ဓားရှည်က ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး ယန်ရှန်း၏ စိတ်ဝိညာဉ်ကို ချက်ချင်း ဖောက်ထွင်းကာ မြေပြင်ပေါ်သို့ ရိုက်နှက်ကပ်တွယ်ပစ်လိုက်တော့သည်။

"အား..."

ပြင်းထန်လှသော နာကျင်မှုကြောင့် သူ၏ အော်ဟစ်သံက ကမ္ဘာကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့ရ၏။

"စီနီယာအစ်ကိုရှု... သူတော်စင် ရှု..."

"ကျွန်တော့်ကို အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ..."

နာကျင်မှုများကြောင့် သူ သတိပြန်လည်လာခဲ့ပြီး သူ၏ စိတ်ဝိညာဉ်က မြေပြင်ပေါ်တွင် ဒူးထောက်လျက် အသက်ချမ်းသာပေးရန် အသည်းအသန် တောင်းပန်တိုးလျှိုးနေတော့သည်။

သူတို့ချင်း တူညီသော မြင့်မြတ်နယ်မြေမှ ဖြစ်သည်ကို ထောက်ထား၍ ရှုချွမ်းက သူ့ကို အသက်ချမ်းသာပေးလိမ့်မည်ဟု မျှော်လင့်နေခြင်း ဖြစ်သည်။

သို့သော်လည်း...

ထိုသို့ ဖြစ်နိုင်ပါမည်လား။

"မင်းကို အသက်ချမ်းသာပေးရမယ် ဟုတ်လား..."

"မင်း နင်ယို့ချီကို လိုက်လံသတ်ဖြတ်တုန်းကကော သူမကို အသက်ချမ်းသာပေးဖို့ တွေးခဲ့ဖူးလား... မင်း ငါ့ကို သတ်ဖို့ အပြင်ကို မျှားခေါ်တုန်းကကော ငါ့ကို အသက်ချမ်းသာပေးဖို့ တွေးခဲ့ဖူးလား..."

ရှုချွမ်းက ယန်ရှန်း၏ ရှေ့သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပြီး မထီမဲ့မြင်ပြုသော လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

ယန်ရှန်းမှာ ထိုမေးခွန်းကြောင့် ဆွံ့အသွားခဲ့ရ၏။

မှန်ပေသည်၊ အစကတည်းက သူက နင်ယို့ချီကို အသက်ချမ်းသာပေးရန် အစီအစဉ်မရှိခဲ့သလို ရှုချွမ်းကိုလည်း အရှင်ထားရန် စိတ်ကူးမရှိခဲ့ပေ ။

သို့သော်လည်း သူ၏ နှလုံးသားထဲရှိ ပြင်းပြလှသော အသက်ရှင်လိုစိတ်ကြောင့် စကားကို ထပ်မံ ဆိုလိုက်ပြန်သည်။

"စီနီယာအစ်ကိုရှု... ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ... ကျွန်တော် နောက်တစ်ခါ ဘယ်တော့မှ မလုပ်ဝံ့တော့ပါဘူး... ကျွန်တော် ကျိန်ဆိုရဲပါတယ်..."

ယန်ရှန်းက ရှုချွမ်း၏ ခြေဖဝါးနားသို့ ကပ်တွားသွားပြီး ခြေထောက်ကို ဖက်တွယ်လိုက်၏။

သို့သော် ရှုချွမ်း၏ မျက်နှာအမူအရာမှာမူ အေးစက်နေဆဲဖြစ်ပြီး ဤမြင်ကွင်းကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။

"မင်း သေလိုက်တာကပဲ ပိုကောင်းပါတယ်... ငါ့မျက်စိကို လာပြီး မညစ်ညမ်း စေနဲ့..."

ရှုချွမ်းက ဓားကို မြှောက်လိုက်ပြီး ယန်ရှန်း၏ စိတ်ဝိညာဉ်ကို နောက်ဆုံး ခြေမှုန်းရန် ပြင်လိုက်သည်။

ထိုအခိုက်အတန့်တွင်...

ရွှေယိချန်း၏ စိတ်ဝိညာဉ်က ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ရှုချွမ်း၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာကာ ယန်ရှန်း၏ စိတ်ဝိညာဉ်ကို အဝေးသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်ပြီး သူကိုယ်တိုင်က ရှုချွမ်းကို ဝင်ရောက်လုံးထွေးလိုက်တော့သည်။

"တပည့်... မြန်မြန်ပြေးတော့... ဒါက ဆရာ့အနေနဲ့ မင်းအတွက် နောက်ဆုံး လုပ်ပေးနိုင်တဲ့အရာပဲ..."

ရွှေယိချန်းက သူ၏အနောက်သို့ အသည်းအသန် ထွက်ပြေးနေသော ယန်ရှန်းကို လှမ်း၍ အော်ဟစ်လိုက်သည်။

ထို့နောက် သူက ယန်ရှန်း ထွက်ပြေးရန် အချိန်ရစေရန် သူ၏ စိတ်ဝိညာဉ်ကို ကိုယ်တိုင်ပေါက်ကွဲစေရန် ပြင်ဆင်လိုက်၏။

သို့သော်လည်း ရှုချွမ်း၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး ရွှေယိချန်း၏ စိတ်ဝိညာဉ်ကို ချက်ချင်းပင် ဖိနှိပ်ပစ်လိုက်တော့သည်။

ထိုရင်းနှီးပြီး ကြောက်မက်ဖွယ်ကောင်းသော အော်ရာ ကို ခံစားလိုက်ရသဖြင့် ရွှေယိချန်းက ရှုချွမ်းကို အံ့ဩတကြီး စိုက်ကြည့်လိုက်မိ၏။

"မင်းက... တကယ်ပဲ... သုံးနိုင်နေတာလား..."

သူ စကားပင် မဆုံးသေးမီမှာပင် 'ရွှေရောင်ရှေးဟောင်းနန်းတော်' က ရွှေယိချန်း၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် ဖိနှိပ်ခြေမှုန်းပစ်လိုက်ပြီး ၎င်းကို သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားများအဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။

ရွှေယိချန်းကို ရှင်းလင်းပြီးနောက် ရှုချွမ်းက အဝေးသို့ ထွက်ပြေးနေသော ယန်ရှန်း၏ စိတ်ဝိညာဉ်ကို လှမ်းကြည့်လိုက်သည်။

ရှုချွမ်းက သက်တံ့အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏ အရှေ့သို့ ချက်ချင်း ရောက်ရှိသွားကာ စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့၏။

"ပြေးလေ... ဆက်ပြေးဦးလေ..." ရှုချွမ်းက ပြော လိုက်သည်။

"ရှုချွမ်း... မင်းလည်း ကောင်းကောင်းသေရမှာ မဟုတ်ဘူး..."

"မင်း ငါ့ကို သတ်ရဲရင် ငါ့ရဲ့ဆရာက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး..."

သူ့တွင် ထွက်ပြေးစရာ လမ်းမရှိတော့သည်ကို သိရှိသွားသဖြင့် ယန်ရှန်းက ရှုချွမ်းကို အော်ဟစ်ဆဲဆိုလိုက်တော့သည်။

သူက ဤသို့ဖြင့် သူ၏ နှလုံးသားထဲရှိ ထိတ်လန့်ကြောက်ရွံ့မှုများကို ဖိနှိပ်ရန် ကြိုးပမ်းခြင်း ဖြစ်၏။

"အော်... ဟုတ်သားပဲ... မင်းမှာ ဆရာတစ်ယောက် ရှိသေးတာပဲ... မင်းမပြောရင် ငါတောင် မေ့တော့မလို့..."

ထိုအခါမှသာ ရှုချွမ်းက ယန်ရှန်းသည် ထိုက်ယိမြင့်မြတ်နယ်‌မြေရှိ ခရမ်းရောင်နေမင်းတောင်ထိပ်၏ တောင်ထိပ်သခင် 'လီဝူကျိ' ၏တပည့်တစ်ဦး ဖြစ်ကြောင်း သတိရမိသွားခဲ့သည်။

"ဒါပေမဲ့ အဲဒါက ဘာဖြစ်လဲ... မင်းပြောခဲ့သလိုပဲလေ... မင်း ဒီထဲမှာ သေသွားရင် ငါနဲ့ နင်ယို့ချီကလွဲလို့ ဘယ်သူ သိဦးမှာလဲ..."

ရှုချွမ်း၏ စကားလုံးများက ယန်ရှန်း၏ နှလုံးသားထဲရှိ နောက်ဆုံး မျှော်လင့်ချက်အရိပ်အယောင်လေးကို အပြတ်အသတ် ရိုက်ချိုးပစ်လိုက်တော့သည်။

သူ ထပ်မံ၍ စကားမဆိုတော့သည်ကို မြင်တွေ့ရချိန်တွင် ရှုချွမ်းကလည်း အချိန်ဆွဲမနေတော့ပေ ။

သူ၏ လက်ထဲတွင် 'အနန္တဝိညာဉ် မီးဖိုကြီး' ပေါ်ထွက်လာခဲ့ပြီး ယန်ရှန်း၏ စိတ်ဝိညာဉ်ကို ထိုအထဲသို့ တိုက်ရိုက် စုပ်ယူပစ်လိုက်တော့သည်။

ထို့နောက် သူ၏ လက်ထဲတွင် 'နေမင်းအစစ်အမှန်မီးတောက်'က တောက်လောင်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော သန့်စင် ခြင်းစွမ်းအားများ ပေါ်ထွက်လာခဲ့၏။

"အား..."

"နာတယ်... သိပ်နာတယ်..."

"ကျွန်တော့်ကို လွှတ်ပေးပါ..."

အလွန်အမင်း နာကျင်လှသော အော်ဟစ်သံများက ယန်ရှန်း၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့ပြီး သူ၏ စိတ်ဝိညာဉ်မှာ တဖြည်းဖြည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲလာခဲ့တော့သည်။

အချိန်အနည်းငယ်မျှ ကြာပြီးနောက်တွင် မီးဖိုကြီး၏ သန့်စင်ခြင်းစွမ်းအားများက တဖြည်းဖြည်း ပြင်းထန်လာခဲ့ပြီး ယန်ရှန်း၏ အော်ဟစ်ညည်းတွားသံများမှာလည်း လုံးဝ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ရတော့၏။

"နောက်ထပ် တစ်ယောက်ပေါ့..."

ရှုချွမ်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။

ဤသူကား သူ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသော တတိယမြောက် ကံကြမ္မာ ဇာတ်လိုက် ဖြစ်ပေတော့သည်။

All Chapters