← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း (၁၅၄) ရှေးဟောင်းတည်နေရာကူးပြောင်း အစီအရင် ၊ လျှို့ဝှက်ဆန်းကြယ်သော ဂူ

နာရီဝက်ခန့် ကြာပြီးနောက်တွင် နင်ယို့ချီ၏ ဒဏ်ရာများမှာ နောက်ဆုံး၌ အလုံးစုံ သက်သာပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။

"သွားကြမယ်..."

နင်ယို့ချီက ရှုချွမ်း၏ လက်မောင်းကို ချစ်ခင်မြတ်နိုးစွာဖြင့် တွဲချိတ်လိုက်၏။

"အင်း... ကောင်းပြီ..."

ရှုချွမ်းက ခေါင်းညိတ်ထောက်ခံလိုက်သည်။

ချက်ချင်းပင် ၎င်းတို့နှစ်ဦးစလုံး ဤနေရာမှ အတူတူ ထွက်ခွာရန် ပြင်ဆင်လိုက်ကြ၏။

သို့သော်လည်း ၎င်းတို့ သိပ်အဝေးကြီး မလျှောက်ရသေးမီမှာပင်...

ရုတ်တရက် ရှုချွမ်းက အရာတစ်ခုကို သတိပြုမိသွားခဲ့ပြီး ၎င်းက သူ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့တော့သည်။

သူက အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် အက်ကွဲကြောင်းထနေသော မြေကြီးထဲမှ ထိုးထွက်နေသည့် ကြီးမားလှသော ကျောက်တိုင်ကြီး ဆယ်တိုင်ကို မြင်တွေ့လိုက်ရ၏။

ယင်းက လွန်စွာ ရှေးကျလှသော ' တည်နေရာကူးပြောင်း အစီအရင်' တစ်ခုနှင့် ခပ်ဆင်ဆင် တူနေခဲ့သည်။

ရှေးဟောင်းစစ်မြေပြင်ကြီးက နှစ်ပေါင်းသောင်းချီ၍ တည်ရှိနေခဲ့ခြင်းဖြစ်ရာ ထိုအထဲရှိ အစီအရင် များမှာ ရှေးဟောင်းအဆောက်အအုံများ ဖြစ်နေသည်မှာ သဘာဝကျလှပေသည်။

"ဒီနေရာမှာ ဘာလို့ တည်နေရာကူးပြောင်း အစီအရင် တစ်ခု ရှိနေရတာလဲ..."

ရှုချွမ်းမှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့ရ၏။

မည်သူက ဤရှေးဟောင်းစစ်မြေပြင်အတွင်း၌ တည်နေရာကူးပြောင်း အစီအရင် တစ်ခု တည်ဆောက်ရန် ဤမျှအထိ အားထုတ်ခဲ့ပါသနည်း။

ဤကျောက်တိုင်ကြီး ဆယ်တိုင်ကို ကြည့်ရုံမျှဖြင့်ပင် ဤတည်နေရာကူးပြောင်း အစီအရင် မှာ သာမန်မဟုတ်ကြောင်း သိသာလှပေသည်။

အဘယ်ကြောင့်ဆိုသော် ရှုချွမ်းက သူ၏ နတ်ဘုရား စွမ်းရည် ဖြစ်သော 'မူလကို ထိုးထွင်းသိမြင်ခြင်း' ကို အသုံးပြု၍ ကြည့်လိုက်ချိန်တွင် ဤကျောက်တိုင်ကြီးများအားလုံးကို 'ဖရိုဖရဲ ကျောက်တုံး ' များဖြင့် ပြုလုပ်ထားကြောင်း ရှာဖွေတွေ့ရှိခဲ့ရသောကြောင့် ဖြစ်၏။

ဖရိုဖရဲ ကျောက်တုံးက လွန်စွာ တန်ဖိုးကြီးမားလှသော ပစ္စည်းတစ်ခုဖြစ်ကြောင်း သိထားရပေမည်။

လွန်ခဲ့သော ကာလများစွာကတည်းက အရှေ့ဘက်ဒေသရှိ ဖရိုဖရဲ ကျောက်တုံးများမှာ ကုန်ခမ်းသွားခဲ့ပြီဖြစ်ရာ ၎င်းကို ဤနေရာ၌ တွေ့ရှိရလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိပေ ။

တည်နေရာကူးပြောင်း အစီအရင် တစ်ခု တည်ဆောက်ရန်အတွက် အဓိကပစ္စည်းအဖြစ် အသုံးပြုရသော လက်ညှိုးအရွယ်အစားမျှရှိသည့် ဖရိုဖရဲ ကျောက်တုံးတစ်တုံးပင်လျှင် အပြင်ကမ္ဘာတွင် အဆင့်နိမ့် ယွမ်ကျောက်တုံးငါးသန်းအထိ တန်ဖိုးကြီးမားလှသော်လည်း ယခု ၎င်းတို့အရှေ့၌ ရှိနေသည်မှာမူ ဖရိုဖရဲ ကျောက်တုံး သက်သက်ဖြင့်သာ ပြုလုပ်ထားသော ကြီးမားလှသည့် ကျောက်တိုင်ကြီး ဆယ်တိုင် ဖြစ်နေခဲ့ပြီ။

ဤအချက်က ရှုချွမ်းကို မည်သို့လျှင် အံ့ဩမှင်သက်မသွားစေဘဲ ရှိပါမည်နည်း။

"ကျွန်မ... ကျွန်မလည်း မသိဘူး..."

နင်ယို့ချီသည်လည်း အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး စကားကိုပင် မနည်း ပြောလိုက်ရသည်။

မဟာဝေဧကရာဇ်မင်းဆက်၏ မင်းသမီးလေးတစ်ပါးအနေဖြင့် သူမသည်လည်း ဤကျောက်တိုင်ကြီးများ၏ ကုန်ကြမ်းပစ္စည်းကို မှတ်မိသိရှိပြီး ဖရိုဖရဲ ကျောက်တုံး၏ တန်ဖိုးကြီးမားပုံကို နားလည်ထားပေသည်။

"သွားကြစို့... သွားကြည့်ရအောင်..."

ရှုချွမ်းက နင်ယို့ချီ၏ လက်ကို ချက်ချင်း ဆွဲကိုင်လိုက်ပြီး ကျောက်တိုင် တည်နေရာကူးပြောင်း အစီအရင် ထံသို့ အမြန် ပြေးဝင်သွားခဲ့တော့သည်။

ဤကဲ့သို့သော အခွင့်အရေးမျိုးနှင့် ကြုံတွေ့ရချိန်တွင် ဝင်ရောက်မစူးစမ်းဘဲ နေစရာ အကြောင်းမရှိပေ ။

၎င်းတို့နှစ်ဦး ကျောက်တိုင်ကြီးများ၏ အနီးသို့ ရောက်ရှိသွားချိန်တွင်မှ ၎င်းတို့၏ ကြီးမားလှသော အရွယ်အစားကို အပြည့်အဝ သဘောပေါက်သွားခဲ့ရတော့သည်။

ကျောက်တိုင်တစ်တိုင်တည်းပင်လျှင် လူသုံးယောက် ဖက်ရလောက်အောင် တုတ်ခိုင် လှပြီး အမြင့်မှာ ဆယ်မီတာကျော်အထိ ရှိနေခဲ့သည်။

ထို့အပြင် ထိုကဲ့သို့သော ကျောက်တိုင်ကြီး ဆယ်တိုင် ရှိနေခြင်း ဖြစ်၏။

ဤကျောက်တိုင်ကြီးများအားလုံးမှာ ယခင်က ရှုချွမ်းက ယန်ရှန်း၊ ရွှေယိချန်းတို့နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့စဉ်က ကြေမွပျက်စီးသွားခဲ့ရသော မြေပြင်ကြီးအောက်မှ ထိုးထွက်လာခဲ့ခြင်း ဖြစ်သည်။

"ဒါတွေက... အတုအယောင်တွေတော့ မဟုတ်ပါဘူးနော်..."

နင်ယို့ချီက မျက်လုံးများ ပြူးကျယ်လျက် ရှင်းလင်းစွာပင် မယုံကြည်နိုင်ဘဲ ဖြစ်နေခဲ့ရ၏။

"မဟုတ်ဘူး..."

ရှုချွမ်းက ခေါင်းခါယမ်းလိုက်သည်။

'မူလကို ထိုးထွင်းသိမြင်ခြင်း' စွမ်းရည်က ဒါတွေဟာ အစစ်အမှန် ဖရိုဖရဲ ကျောက်တုံးတွေဖြစ်ကြောင်း သူ့ကို အတည်ပြုပေးနေခဲ့ပြီ။

ရှုချွမ်း၏ လက်ဖဝါးက ကျောက်တိုင်ပေါ်ရှိ စာလုံးအမှတ်အသားများပေါ်သို့ ညင်သာစွာ ထိတွေ့လိုက်ပြီး ၎င်းတို့၏ ထူးခြားဆန်းပြားမှုကို ခံစားကြည့်လိုက်သည်။

ဤစာလုံးများမှာ ဤတည်နေရာကူးပြောင်း အစီအရင် ၏ ' အစီအရင် ပုံစံများ' ပင် ဖြစ်ကြ၏။

ဤရှေးဟောင်း တည်နေရာကူးပြောင်းအစီအရင် မှာ ခေတ်သစ် တည်နေရာကူးပြောင်းအစီအရင် များထက် များစွာ ပိုမိုနက်နဲလှပြီး ၎င်း၏ စာလုံးပုံစံများမှာလည်း များစွာ ပိုမိုရှုပ်ထွေးလှပေသည်။

၎င်းက လေ့လာ ရန်အတွက် အလွန်တန်ဖိုးကြီးမားလှပေ၏။

"ဒီတည်နေရာကူးပြောင်း အစီအရင် က အခုထိ လည်ပတ်နိုင်သေးရဲ့လား မသိဘူး..."

ထိုကဲ့သို့သော အတွေးတစ်ခုက ရှုချွမ်း၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ထိုအတွင်း စိတ်ကူး ပေါ်ထွက်လာသည်နှင့်အမျှ သူက သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ စမ်းသပ်ကြည့်ချင်စိတ်များ တားမနိုင်ဆီးမရ ဖြစ်လာခဲ့ရတော့၏။

ရှုချွမ်းက သူ၏ သိုလှောင်လက်စွပ်ထဲမှ အဆင့်မြင့် ယွမ်ကျောက်တုံးဆယ်တုံးကို ထုတ်ယူလိုက်ပြီး ကျောက်တိုင်ကြီးများပေါ်ရှိ အချိုင့်အခွက်များထဲသို့ တစ်တုံးချင်းစီ ထည့်သွင်းလိုက်သည်။

"ရှုချွမ်း... ရှင် ဘာလုပ်နေတာလဲ..."

သူ၏ ထူးဆန်းသော အပြုအမူကို မြင်တွေ့ရချိန်တွင် နင်ယို့ချီက မမေးဘဲ မနေနိုင်တော့ပေ ။

သို့သော်လည်း ယခုအခိုက်အတန့်တွင် ရှုချွမ်းမှာ တစ်ခုခု၏ ပူးကပ်ခြင်းကို ခံထားရသည့်အလား နင်ယို့ချီ ဘာပြောနေသည်ကို လုံးဝ မကြားရဘဲ သူ၏ အလုပ်ကိုသာ အာရုံစိုက်လုပ်နေခဲ့သည်။

ဤအခြေအနေတွင် အရူး တစ်ယောက်ပင်လျှင် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း မြင်တွေ့နိုင်ပေသည်။

နင်ယို့ချီက ရှုချွမ်းကို နောက်ထပ် အဆင့်တစ်ခု မလုပ်ဆောင်နိုင်စေရန် အမြန် ဆွဲတားလိုက်၏။

သို့သော် ယခုအခိုက်အတန့်တွင် ရှုချွမ်းမှာ နင်ယို့ချီ ဆွဲတား၍ ရနိုင်မည့်သူ မဟုတ်ပေ ။

ရှုချွမ်းက နောက်ဆုံး ယွမ်ကျောက်တုံးကို အချိုင့်ထဲသို့ ထည့်သွင်းလိုက်ချိန်တွင်...

"ဝုန်း..."

ကျောက်တိုင် တည်နေရာကူးပြောင်းအစီအရင် ထံမှ ဟိန်းဟောက်သံကြီးများ စတင် ထွက်ပေါ်လာခဲ့ပြီး ထိုကျောက်တိုင်ကြီး ဆယ်တိုင်၏ ဗဟိုချက်တွင် စက်ဝိုင်းပုံစံ အစီအရင် ပုံရိပ်တစ်ခု ထင်ရှားပေါ်ထွက်လာခဲ့တော့သည်။

၎င်းကို မြင်တွေ့ရချိန်တွင် ရှုချွမ်းက ဗဟိုချက်ထံသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားခဲ့၏။

နင်ယို့ချီက မည်မျှပင် အော်ဟစ်ခေါ်ဆိုကာ ဆွဲတားနေပါစေဦးတော့ ရှုချွမ်းကမူ ထူးခြားမှု မရှိခဲ့ပေ ။

အခြားလမ်းမရှိတော့သဖြင့် နင်ယို့ချီက ရှုချွမ်း၏ ဘေးမှနေ၍ အနီးကပ် လိုက်ပါသွားခဲ့ရပြီး သူ့တွင် မမျှော်လင့်ထားသော အန္တရာယ်တစ်ခုခု ဖြစ်ပွားသွားမည်ကို စိုးရိမ်နေခဲ့မိသည်။

မကြာမီ အချိန်အတွင်းမှာပင် ဗဟိုချက်ရှိ အစီအရင် ပုံရိပ်ထံမှ ဖြူဖွေးသော အလင်းတန်းတစ်ခု ရုတ်တရက် တောက်လောင်လာခဲ့ပြီး ရှုချွမ်းနှင့် နင်ယို့ချီတို့ကို လွှမ်းခြုံသွားခဲ့တော့သည်။

ဝှစ်...

ဖြူဖွေးသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး ၎င်းတို့နှစ်ဦး၏ ပုံရိပ်များမှာ မူလနေရာမှ ပျောက်ကွယ်သွားခဲ့ကြရတော့၏။

၎င်းတို့နှစ်ဦးကို တည်နေရာကူးပြောင်း ပြီးနောက်တွင် ထိုကျောက်တိုင်ကြီး ဆယ်တိုင်နှင့် မြေပြင်ပေါ်ရှိ အစီအရင် ပုံရိပ်များမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပြိုလဲပျက်စီးသွားခဲ့ပြီး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲလျက် ဤကမ္ဘာထဲမှ ပျောက်ကွယ်သွားခဲ့ရတော့သည်။

...

၎င်းတို့နှစ်ဦး ပြန်လည် ပေါ်ထွက်လာချိန်တွင်မူ လျှို့ဝှက်ဆန်းပြားသော နေရာတစ်ခုသို့ ရောက်ရှိနေခဲ့ကြရပြီး နှစ်ဦးစလုံးမှာ သတိမေ့မြောနေခဲ့ကြသည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် ရှုချွမ်းက တဖြည်းဖြည်း သတိပြန်လည်လာခဲ့ပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။

သူက ပတ်ဝန်းကျင်ကို ဝေခွဲမရစွာဖြင့် စစ်ဆေးကြည့်လိုက်မိသည်။ သူ တည်နေရာကူးပြောင်း အစီအရင် ကို လေ့လာ နေခဲ့သည် မဟုတ်ပါလော၊ မည်သို့လုပ်၍ ဤနေရာသို့ ရောက်ရှိနေရပါသနည်း။

ရုတ်တရက် သူက သူ့ကိုယ်သူ နူးညံ့ပျော့ပျောင်းပြီး အလွန်ပင် ရုန်းကန်နိုင်စွမ်းရှိသော ခန္ဓာကိုယ်တစ်ခုပေါ်သို့ ဖိမိနေကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ဤခံစားချက်က သူ၏ လူပျိုသိုးနှလုံးသားကို ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့ရပြီး သွေးလေများ ဆူပွက်သွားခဲ့ရ၏။

"ရှုချွမ်း... ရှင် နိုးပြီလား... အဆင်ပြေရဲ့လား..."

ယခုအခိုက်အတန့်တွင် သူ၏အောက်၌ ရှိနေသော နင်ယို့ချီသည်လည်း နိုးလာခဲ့ပြီး အားနည်းသော လေသံဖြင့် မေးလိုက်သည်။

မည်သူမဆို ဤမျှလောက် ကာလပတ်လုံး အခြားသူတစ်ဦး၏ ဖိထားခြင်းကို ခံရပါက ဤကဲ့သို့ ခံစားရမည်သာ ဖြစ်၏။

အလှနတ်သမီးလေးကို ရင်ခွင်ထဲ ဖက်တွယ်ထားရသဖြင့် ရှုချွမ်း၏ အတွေးများမှာ ခဏမျှ ဝေဝါးသွားခဲ့ရပြီး မလျော်ကန်သော စိတ်ကူးအချို့ပင် ပေါ်ထွက်လာခဲ့ရာ နင်ယို့ချီ ဘာပြောလိုက်သည်ကိုပင် သေသေချာချာ မကြားလိုက်ရပေ ။

"မဖြစ်ဘူး... မဖြစ်ဘူး... ငါက အဲဒီလို လူမျိုးမဟုတ်ပါဘူး..."

ရှုချွမ်းက စိတ်ထဲမှ အပြင်းအထန် ရုန်းကန်လိုက်ရပြီး နောက်ဆုံးတွင် အခွင့်ကောင်းမယူရန် ဆုံးဖြတ်ချက် ချလိုက်သည်။

သူက အမြန်လှည့်ကာ မတ်တတ်ထရပ်လိုက်ပြီး နှလုံးသားထဲရှိ စိတ်အလိုဆန္ဒများကို ငြိမ်သက်သွားစေရန် သူ၏ ကျင့်စဉ်ကို လည်ပတ်လိုက်တော့၏။

"ငါတို့ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ..."

ရှုချွမ်းက နင်ယို့ချီကို ထူမပေးလိုက်ပြီး ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

"ရှင် ခုနတုန်းက တစ်ခုခုရဲ့ ထိန်းချုပ်မှုကို ခံထားရပုံပေါ်ပြီး အဲဒီတည်နေရာကူးပြောင်း အစီအရင် ကို တိုက်ရိုက် လည်ပတ်လိုက်တာလေ။ ကျွန်မ ဘယ်လိုမှ ဆွဲလို့မရခဲ့ဘူး။ အဲဒီနောက် ကျွန်မတို့ တည်နေရာကူးပြောင်း ပြီး ဒီနေရာကို ရောက်လာတာပဲ..."

နင်ယို့ချီ၏ ခန္ဓာကိုယ်မှာ အားနည်းနေဆဲ ဖြစ်သော်လည်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို ရှုချွမ်းအား ပြန်လည် ပြောပြလိုက်သည်။

ထိုအခါမှသာ ရှုချွမ်းက အချို့သောအရာများကို ပြန်လည် သတိရမိသွားခဲ့တော့၏။

ယခင်က သူ တည်နေရာကူးပြောင်း အစီအရင် စာလုံးပုံစံများကို လေ့လာနေခဲ့စဉ်က သူ၏ စိတ်ထဲတွင် အသံတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး တည်နေရာကူးပြောင်း အစီအရင် ကို လည်ပတ်ရန် သူ့ကို အဆက်မပြတ် ဆွဲဆောင်သွေးဆောင်နေခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် သူက ဤသွေးဆောင်သောအသံကို ခုခံနိုင်သေးသော်လည်း နောက်ပိုင်းတွင်မူ လုံးဝ မခုခံနိုင်တော့ဘဲ ဖြစ်သွားခဲ့ရသည်။

ထို့ကြောင့် သူ တည်နေရာကူးပြောင်းအစီအရင် ကို လည်ပတ်လိုက်ခြင်း ဖြစ်၏။

၎င်းနောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များကိုမူ သူ ကောင်းကောင်း မမှတ်မိတော့ပေ ။

သို့သော်လည်း ၎င်းတို့နှစ်ဦးမှာ တည်နေရာကူးပြောင်းအစီအရင် ၏ ပို့ဆောင်မှုကြောင့် လျှို့ဝှက်ဆန်းပြားသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ကြရခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

"ဒီနေရာမှာ အန္တရာယ်တစ်ခုခု ရှိမနေဘူးမလား..."

နင်ယို့ချီမှာ အနည်းငယ် ကြောက်ရွံ့နေခဲ့ရပြီး ရှုချွမ်း၏ ဘေးနားသို့ တင်းကျပ်စွာ ကပ်တွယ်ထားမိသည်။

၎င်းတို့ ရောက်ရှိနေသော ပတ်ဝန်းကျင်မှာ သိသာလှစွာပင် ဂူတစ်ခု ဖြစ်နေခဲ့ပြီး အလင်းရောင် မရှိသဖြင့် လွန်စွာ မှောင်မိုက်နေခဲ့၏။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးမှာ နင်ယို့ချီ အကြောက်ဆုံးအရာ ဖြစ်ပေသည်။

ယခုအခိုက်အတန့်တွင် သူမက သူမကိုယ်သူမ အစွမ်းထက်လှသော ကမ္မနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်နေသည်ကိုပင် လုံးဝ မေ့လျော့နေခဲ့ပုံရသည်။

"အန္တရာယ်လား... ဖြစ်နိုင်တာကတော့... မရှိလောက်ပါဘူးနော်..."

ရှုချွမ်းသည်လည်း အနည်းငယ် မရေမရာ ဖြစ်နေခဲ့ရ၏။

"မလှုပ်နဲ့... ငါ ပတ်ဝန်းကျင်ကို အရင် စစ်ဆေးကြည့်လိုက်မယ်..."

ရှုချွမ်းက သူ၏ စစ်မှန်သောချီများကို လည်ပတ်လိုက်ရာ သူ၏ လက်ဖဝါးထံတွင် 'နေမင်းအစစ်အမှန်မီးတောက်' အလင်းတန်းတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး ဤဂူတစ်ခုလုံးကို တခဏချင်းအတွင်း လင်းထိန်သွားစေခဲ့တော့သည်။

ထိုအခါမှသာ ရှုချွမ်းက ဂူ၏ အခြေအနေ အပြည့်အစုံကို မြင်တွေ့လိုက်ရ၏။

မီးတောက်များ၏ လင်းထိန်မှုကြောင့် နင်ယို့ချီသည်လည်း ယခင်ကကဲ့သို့ မကြောက်ရွံ့တော့ဘဲ ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် လှည့်လည်ကြည့်နေခဲ့သည်။

"အာ... ဒါက ဘာလဲ..."

ရှုချွမ်းက အချိုင့်တစ်ခုထံသို့ လျှောက်လှမ်းသွားခဲ့ရာ ထိုအချိုင့်အထဲတွင် စက်ယန္တရား ခလုတ်တစ်ခုနှင့် ဆင်တူသောအရာတစ်ခု ရှိနေခဲ့သည်။

ရှုချွမ်းက လက်လှမ်း၍ ထိုစက်ယန္တရားခလုတ်ကို ဆွဲလိုက်၏။

"သတိထားဦး..."

နင်ယို့ချီက လှမ်း၍ သတိပေးလိုက်သည်။

စက်ယန္တရားခလုတ်ကို ဆွဲလိုက်သည်နှင့် ဂူ၏ တစ်ဖက်ခြမ်းတွင် လျှို့ဝှက်တံခါးတစ်ခု ရုတ်တရက် ပွင့်ဟသွားခဲ့တော့သည်။

ရှုချွမ်းက နင်ယို့ချီကို ဦးဆောင်လျက် ထိုအထဲသို့ ဝင်ရောက်သွားခဲ့၏။

ရှည်လျားလှသော လမ်းကြောင်းတစ်ခု ထင်ရှားပေါ်ထွက်လာခဲ့ပြီး လမ်းကြောင်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် စူးရှတောက်ပသော အလင်းတန်းများ ရုတ်တရက် လင်းထိန်သွားခဲ့ကြရသည်။

ထိုစူးရှလှသော အလင်းရောင်များကြောင့် ရှုချွမ်းနှင့် နင်ယို့ချီတို့မှာ သဘာဝအလျောက်ပင် လက်များဖြင့် မျက်လုံးများကို အမြန် ကာဆီးလိုက်ကြရတော့သည်။

All Chapters