အခန်း ၁၅၅
Vol. 16 Ch. 155
အခန်း (၁၅၅) ဂူအတွင်းမှ နန်းတော်၊ လျှို့ဝှက်ဆန်းပြားသော အရိုးစု
၎င်းတို့နှစ်ဦးက လမ်းကြောင်းအတိုင်း ဤသို့ဖြင့် လျှောက်လှမ်းလာခဲ့ကြရာ အတန်ကြာပြီးနောက်တွင်မှ ထူးခြားသော အပြောင်းအလဲတစ်ခုကို နောက်ဆုံး၌ မြင်တွေ့လိုက်ရတော့သည်။
လမ်းကြောင်း၏ အဆုံးသတ်တွင် တိမ်တိုက်များနှင့် မြူခိုးများ ရစ်ဆိုင်းနေခဲ့ပြီး စိတ်ကူးယဉ်ဆန်လှသော ခံစားချက်ကို ပေးစွမ်းနေ၏။
ထိုတိမ်မြူများကြားတွင် ပေရာချီမြင့်မားသော ကျောက်တိုင်ကြီးအချို့မှာ ခန့်ညားထည်ဝါစွာ မတ်မတ်ရပ်လျက် ရှိနေပြီး ကျောက်တိုင်များပေါ်တွင် အမျိုးမျိုးသော နတ်ဘုရားသားရဲပုံစံများကို အသက်ဝင်လှုပ်ရှားတော့မည့်အလား ထုဆစ်ထားပေသည်။
ကျောက်တိုင်ကြီးများ၏ အလွန်တွင်မူ ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ် တောက်လောင်နေသော နန်းတော်တစ်ခုကို တိမ်မြူများကြား၌ ဝေဝါးစွာ မြင်တွေ့နေရ၏။
နန်းတော်၏ ရှေ့မှောက်တွင်မူ ပင်လယ်ရေပြင်ကဲ့သို့ ကျယ်ပြောလှသော 'ကျောက်စိမ်းရေကန်' ကြီးတစ်ခု ရှိနေခဲ့သည်။
ထိုကျောက်စိမ်းရေကန်၏ အထက်တွင်မူ 'နတ်ဘုရားတံတား' တစ်စင်းကိုထားလျက် ရှိပေသည်။
နန်းတော်၏ အထက်ကောင်းကင်ယံတွင်မူ လွန်စွာကြီးမားလှသော လမင်းကြီးတစ်စင်း ရှိနေခဲ့ပြီး ၎င်းမှ ထွက်ပေါ်လာသော အေးစက်စက် အလင်းရောင်များက နန်းတော်၏ ရွှေရောင်အလင်းတန်းများနှင့်အပြိုင် အပြန်အလှန် ပေါင်းစပ်ထင်ဟပ်နေခဲ့ကြ၏။
ထိုနန်းတော်ကြီးနှင့် တောက်ပလှသော လမင်းကြီးကို မြင်တွေ့လိုက်ရသည့် တခဏတွင် ရှုချွမ်းနှင့် နင်ယို့ချီ နှစ်ဦးစလုံး၏ နှလုံးသားထဲ၌ ဒူးထောက်ကိုးကွယ်ချင်စိတ်များ ရုတ်တရက် ပေါ်ပေါက်လာခဲ့ရတော့သည်။
"ဒါ... ဒါက ဘယ်လိုနေရာမျိုးလဲ..."
ထိုနန်းတော်ကြီးနှင့် တောက်ပလှသော လမင်းကြီးကို မော့ကြည့်ရင်း နင်ယို့ချီက ရေရွတ်လိုက်မိသည်။
မဟာဝေဧကရာဇ်မင်းဆက်၏ ဧကရာဇ်နန်းတော်ကြီးပင်လျှင် ဤနန်းတော်ကြီး၏ သောင်းပုံတစ်ပုံမျှပင် ခန့်ညားထည်ဝါမှု မရှိပေ ။
ယခုအခိုက်အတန့်တွင် နင်ယို့ချီ၏ စိတ်ထဲ၌ ထိုနန်းတော်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားချင်သည့် ထူးဆန်းသော စိတ်အလိုဆန္ဒတစ်ခု ရုတ်တရက် ဆူပွက်လာခဲ့သည်။
"ငါလည်း မသိဘူး... အထဲဝင်ပြီး အခြေအနေကို ကြည့်ကြတာပေါ့..."
ရှုချွမ်းက ခေါင်းခါယမ်းလိုက်၏။ သူကိုယ်တိုင်လည်း ဤအခြေအနေကို ရှင်းမပြနိုင်ပေ ။
သူတို့အရှေ့ရှိ နန်းတော်ကြီးက ပေးစွမ်းနေသော ဖိအားမှာ 'ရွှေရောင်ရှေးဟောင်းနန်းတော်' ပေးစွမ်းသည်ထက်ပင် များစွာ ပိုမိုကြီးမားနေခဲ့သည်။
ရွှေရောင်ရှေးဟောင်းနန်းတော်ဟူသည်မှာ နောက်ဆုံးတွင် လက်နက်တစ်ခုသာ ဖြစ်ပြီး နန်းတော်ပုံစံ ပြုလုပ်ထားခြင်းဖြစ်သော်လည်း ယခုနန်းတော်ကြီးမှာမူ စစ်မှန်စွာ တည်ဆောက်ထားခြင်း ဖြစ်၏။
အထက်ရှိ တောက်ပသော လမင်းကြီးနှင့် ပေါင်းစပ်လိုက်သည့်အခါတွင်မူ ၎င်းမှာ ဒဏ္ဍာရီလာ 'ထိုက်ယင်နတ်ဘုရားနန်းတော် ' နှင့်ပင် အလွန်တူညီနေခဲ့သည်။
ရှုချွမ်းက နင်ယို့ချီ၏ လက်ကို ဆွဲကိုင်လိုက်ပြီး ကျောက်စိမ်းရေကန်အထက်ရှိ နတ်ဘုရားတံတားပေါ်သို့ လျှောက်လှမ်းသွားခဲ့၏။
ရှုချွမ်း၏ လက်ဆွဲခြင်းကို ခံလိုက်ရသည့် နင်ယို့ချီမှာမူ ရုန်းကန်ခြင်းမရှိဘဲ ငြိမ်သက်နေခဲ့သည်။
သူမက သူတို့နှစ်ဦးကြားရှိ ရင်းနှီးကျွမ်းဝင်မှုများကို လုံးဝ ကျင့်သားရနေခဲ့ပြီ ဖြစ်၏။
အမှန်တကယ်တော့ ရှုချွမ်း၏ လက်ကို ကိုင်ထားရခြင်းကြောင့် သူမ၏ နှလုံးသားထဲတွင် ထူးခြားဆန်းပြားသော ခံစားချက်တစ်ခုပင် ဆူပွက်လာခဲ့ရသည်။
နတ်ဘုရားတံတားကို ဘေးကင်းစွာ ဖြတ်သန်းပြီးနောက်တွင် ၎င်းတို့နှစ်ဦးသည် နန်းတော်အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြ၏။
အ ပြင်ရှိ တိမ်မြူများနှင့် ကျောက်တိုင်ကြီးများက ၎င်းတို့အပေါ် မည်သည့် ပိတ်ဆို့တားဆီးမှုမျှ မပြုလုပ်ခဲ့ပေ ။
၎င်းတို့ နန်းတော်အတွင်းသို့ မဝင်ရောက်မီအချိန်က ထိုအထဲတွင် မှောင်မိုက်နေခဲ့သော်လည်း ၎င်းတို့ ခြေလှမ်းလှမ်း ဝင်ရောက်လိုက်သည့် တခဏ၌ နန်းတော်ကြီးတစ်ခုလုံးတွင် ငွေဖြူရောင် 'ကြယ်တာရာအလင်းတန်း' များ ရုတ်တရက် လင်းထိန်သွားခဲ့ တော့သည်။
"ဒါက... ကြယ်တာရာ အဆီအနှစ်တွေလား..."
အလင်းရောင် ထွက်ပေါ်နေသော အရာဝတ္ထုများကို ကြည့်ရင်း ရှုချွမ်းက အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
ကြယ်တာရာ အဆီအနှစ်ဟူသည်မှာ လွန်စွာ တန်ဖိုးကြီးမားပြီး အလွန်ပင် ရှားပါးလှသော ရတနာတစ်မျိုး ဖြစ်ပေသည်။
၎င်းတွင် ချီများကို စုစည်းပေးခြင်း၊ စိတ်နှလုံးကို တည်ငြိမ်စေခြင်းနှင့် တာအိုကို ဆင်ခြင်နားလည်နိုင်ရန် ကူညီပေးခြင်းစသည့် အာနိသင်များ ရှိသည့်အပြင် ၎င်း၏ အကြီးမားဆုံးသော ထူးခြားချက်မှာ နူးညံ့လှသော ကြယ်တာရာအလင်းတန်းများကို ထုတ်လွှတ်ပေးနိုင်ခြင်း ဖြစ်၏။
ဤပစ္စည်းကို လွင့်စင်ကျဆင်းလာသော ကြယ်တာရာများထံမှသာ ရရှိနိုင်ခြင်းဖြစ်ရာ အပြင်ကမ္ဘာတွင် လွန်စွာ ရှားပါးပြီး တန်ဖိုးကြီးလှသည်။
ရှုချွမ်းအနေဖြင့် မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဤကဲ့သို့သော ရတနာကို အလင်းရောင်ပေးရန်အတွက်သာ အသုံးပြုရဲသလဲဟူသည်ကို အမှန်တကယ်ပင် စိတ်ကူးမယဉ်ရဲပေ ။
ထို့အပြင် ရှုချွမ်းက အကဲခတ်ကြည့်လိုက်ရာ ဤနန်းတော်ကြီးအတွင်း၌ ကြယ်တာရာ အဆီအနှစ် အနည်းဆုံး အလုံးရေ နှစ်ဆယ်ခန့် ရှိနေခဲ့ပြီး တစ်လုံးချင်းစီမှာ လက်သီးဆုပ်အရွယ်အစားမျှ ရှိနေခဲ့ကြသည်။
"ဘာကောင်ကြီးလဲ... ကြယ်တာရာ အဆီအနှစ်တွေကို ဒီလောက်တောင် အလင်းရောင်ပေးဖို့ သုံးထားတာလား..." ရှုချွမ်းက ဆက်တိုက်ဆိုသလို သက်ပြင်းချမိတော့သည်။
အကယ်၍ သူသာ ထိုက်ယိမြင့်မြတ်နယ်မြေ ၏ အပြင်စည်းတပည့်တစ်ဦး ဘဝတွင်သာ ရှိနေသေးပါက ဘဝပေါင်း တစ်ဆယ်စာမျှ အသည်းအသန် ကြိုးစားပမ်းစား ကျင့်ကြံပွားများခဲ့လျှင်ပင် ဤကြယ်တာရာ အဆီအနှစ် တစ်လုံးကိုပင် ဝယ်ယူနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ ။
"အား..."
ရုတ်တရက် နင်ယို့ချီ၏ ထိတ်လန့်တုန်လှုပ်ဖွယ် အော်ဟစ်သံက ရှုချွမ်း၏ အတွေးစများကို ဖြတ်တောက်လိုက်တော့သည်။
"ဘာဖြစ်လို့လဲ..."
ရှုချွမ်းက အမြန်လှည့်ကြည့်ပြီး မေးမြန်းလိုက်၏။
"လူ... အဲဒီမှာ လူတစ်ယောက် ရှိနေတယ်..."
နင်ယို့ချီက တုန်တုန်ရင်ရင်ဖြင့် နန်းတော်၏ အလယ်ဗဟိုတည့်တည့်ထံသို့ လက်ညှိုးထိုးပြလိုက်သည်။
ရှုချွမ်းက သူမ ညွှန်ပြရာ အရပ်သို့ လှမ်းကြည့်လိုက်ပြီးနောက် တခဏချင်းမှာပင် ဆွံ့အသွားခဲ့ရတော့၏။
ထိုနေရာတွင် လူတစ်ယောက် ရှိမနေပေ ၊ ၎င်းမှာ လှပဆန်းပြားသော ဝတ်စုံကို ဆင်မြန်းထားသည့် 'အရိုးစု' တစ်ခုသာ ဖြစ်ပြီး ဝတ်စားဆင်ယင်မှုကို ကြည့်ရုံမျှဖြင့် အမျိုးသမီး အရိုးစုတစ်ခုဖြစ်ကြောင်း သိသာလှပေသည်။
သူမက နန်းတော်၏ အလယ်ဗဟိုရှိ ထိုင်ခုံမြင့်ကြီးပေါ်တွင် ထိုင်လျက် အောက်ခြေရှိ အရာခပ်သိမ်းကို ငုံ့မိုးကြည့်နေသည့် ပုံစံမျိုး ဖြစ်၏။
အဲဒီနောက် သူမက အဲဒီနေရာမှာတင် သေဆုံးသွားခဲ့ခြင်း ဖြစ်ပုံရသည်။
"ဘာမှမဟုတ်ပါဘူး... အရိုးစုတစ်ခုပါပဲ၊ သေဆုံးသွားတာ ဘယ်လောက်တောင် ကြာနေပြီလဲ မသိပါဘူး..." ရှုချွမ်းက သူမ၏ နဖူးလေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။
နင်ယို့ချီက ယခင်က ယန်ရှန်း၏ လိုက်လံသတ်ဖြတ်ခြင်း ခံခဲ့ရသော ထိတ်လန့်မှုဒဏ်ရာများမှ အပြည့်အဝ မသက်သာသေးပေ ။
သို့မဟုတ်ပါက ကမ္မနယ်ပယ် သိုင်းပညာရှင်တစ်ဦးအနေဖြင့် အရိုးစုတစ်ခုကို ဤမျှအထိ ကြောက်ရွံ့နေစရာ အကြောင်းမရှိပေ။
'ငါ သူမကို စိတ်ပိုင်းဆိုင်ရာ ကောင်းကောင်း နှစ်သိမ့်ပေးဖို့ လိုအပ်နေပြီပဲ...' ရှုချွမ်းက စိတ်ထဲမှ တွေးတောလိုက်မိသည်။
ဤသို့ ဖြစ်နေ၍ မဖြစ်ပေ ၊ သိုင်းတာအိုကျင့်ကြံခြင်းလမ်းစဉ်ဟူသည်မှာ ရဲရဲဝံ့ဝံ့ ရှေ့သို့ တိုးဝှေ့ရခြင်းကို အလေးထားခြင်း ဖြစ်သည်။
အကယ်၍ သူမက အရိုးစုတစ်ခုကိုပင် ကြောက်ရွံ့နေမည်ဆိုပါက နောင်တစ်ချိန်တွင် မည်သို့လျှင် ပိုမိုမြင့်မားသော နယ်ပယ်များသို့ တက်လှမ်းနိုင်ပါမည်နည်း။
ရှုချွမ်းအနေဖြင့် ကံကြမ္မာ ဇာတ်လိုက်မလေး ဖြစ်သော နင်ယို့ချီကို ကမ္မနယ်ပယ်တွင်တင် တစ်သက်လုံး တစ်ဆို့နေစေချင်ခြင်း မရှိပေ ။
"ဒါ... ဒါပေမဲ့ အဲ့အရိုးစုရဲ့ ပိုင်ရှင်က သူမ သက်ရှိထင်ရှားရှိစဉ်တုန်းက ကျင့်ကြံခြင်းအဆင့်ဟာ အနည်းဆုံးတော့ ဧကရာဇ်အရှင် နယ်ပယ်ထက် မနိမ့်လောက်ဘူး..."
နှလုံးသားထဲမှ ကြောက်ရွံ့မှုများကို အနိုင်ယူပြီးနောက်တွင် နင်ယို့ချီက ထိုအရိုးစုကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်ရင်း ပြော လိုက်သည်။
"အဲဒီလိုလား..."
ရှုချွမ်းသည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့ရပြီး ချက်ချင်းပင် ခေါင်းလှည့်လျက် 'မူလကို ထိုးထွင်းသိမြင်ခြင်း' စွမ်းရည်ကို လည်ပတ်လိုက်ရာ စူးရှလှသော ငွေရောင်အလင်းတန်းတစ်ခုက သူ၏ မျက်ဝါးထဲသို့ ချက်ချင်း ဝင်ရောက်လာခဲ့တော့သည်။
ဤကဲ့သို့သော အခြေအနေမျိုးက ယခင်က ချောက်နက်ကြီးအတွင်း၌ ပထမအဆင့် ဧကရာဇ်နယ်ပယ် ပုဂ္ဂိုလ်နှင့် ကြုံတွေ့ရစဉ်ကလည်း ဖြစ်ပွားခဲ့ဖူးသော်လည်း ယနေ့လောက် ပြင်းထန်ခြင်း မရှိခဲ့ပေ ။
ထို့ကြောင့် ဤအရိုးစုပိုင်ရှင်၏ သက်ရှိထင်ရှားရှိစဉ်က ကျင့်ကြံခြင်းအဆင့်မှာ ဧကရာဇ်အရှင်နယ်ပယ် အဆင့်၂ ထက် များစွာ သာလွန်နေမည်မှာ သေချာလှပေသည်။
"ရှုချွမ်း... ကျွန်မ အနားသွားပြီး ကြည့်ချင်တယ်..." နင်ယို့ချီက ပြော လိုက်၏။
"ဘာကို ကြည့်မလို့လဲ..." ရှုချွမ်းက ချက်ချင်း သဘောမပေါက်ဘဲ မေးလိုက်သည်။
"ကျွန်မရဲ့ စိတ်ထဲမှာ ဒီအရိုးစုဆီကနေ ပြင်းထန်တဲ့ ဆွဲဆောင်မှုတစ်ခုကို ခံစားနေရလို့ပဲ... ကျွန်မ အနားကို သွားပြီးတော့ သေသေချာချာ ကြည့်ချင်တယ်..." နင်ယို့ချီ၏ လှပသော မျက်ဝါးများထဲတွင် ငြင်းဆန်၍မရသော ပြတ်သားမှုများ ထင်ဟပ်နေခဲ့သည်။
"ဒါက..."
သူမ၏ တောင်းဆိုမှုကို ကြားရချိန်တွင် ရှုချွမ်းသည်လည်း အနည်းငယ် ထိတ်လန့်သွားခဲ့ရ၏။
သူက ဤနေရာတွင် အန္တရာယ် ရှိမရှိ မရေမရာ ဖြစ်နေခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် သူက နင်ယို့ချီကို ဤအရိုးစုအနားသို့ မချဉ်းကပ်စေချင်ပေ ။
နောက်ဆုံးတွင် ၎င်းမှာ ဧကရာဇ်အရှင် နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ အရိုးစုဖြစ်နေခဲ့ရာ သူမ မသေဆုံးမီက မည်ကဲ့သို့သော အစီအစဉ်မျိုးကို ချန်ထားခဲ့သည်ကို မည်သူ သိနိုင်ပါမည်နည်း။
ရှုချွမ်းကိုယ်တိုင်ပင်လျှင် ယခင်က ခန္ဓာကိုယ်လုယူခြင်း နှင့် ကြုံတွေ့ခဲ့ဖူးပြီး 'ရွှေရောင်ရှေးဟောင်းနန်းတော်' ၏ ဖိနှိပ်မှုကြောင့်သာ ထိုဘေးဒုက္ခမှ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် ရုတ်တရက် ရှုချွမ်းက အရာတစ်ခုကို ပြန်လည် သတိရမိသွားခဲ့၏။
ယခင်က မဟာဝေဧကရာဇ်နန်းတော်အတွင်း၌ ရှိနေစဉ်တုန်းက သူက နင်ယို့ချီ၏ ကိုယ်ပေါ်တွင် ကြီးမားလှသော အခွင့်အရေးတစ်ခု ရှိနေကြောင်း အချက်အလက်ကို မြင်တွေ့ခဲ့ဖူးသည်။
၎င်းကို နင်ယို့ချီ၏ ယခုလက်ရှိ တုံ့ပြန်မှုများနှင့် ဆက်စပ်ကြည့်လိုက်သည့်အခါတွင် ရှုချွမ်းက အချို့အရာများကို ခန့်မှန်းမိသွားခဲ့တော့၏။
'ဒါဆို အဲဒီအခွင့်အရေးက ဤအရိုးစုပေါ်မှာ ရှိနေတာများလား...' ရှုချွမ်းက စိတ်ထဲမှ တွေးတောလိုက်မိသည်။
အဆိုးအကောင်းကို ချိန်ဆပြီးနောက်တွင် ရှုချွမ်းက နောက်ဆုံး၌ နင်ယို့ချီ၏ တောင်းဆိုမှုကို သဘောတူလိုက်တော့သည်။
"သွားလေ... ငါ မင်းရဲ့ နောက်ကနေပြီးတော့ စောင့်ရှောက်ပေးမယ်..." ရှုချွမ်းက ပြော လိုက်၏။
"ကျေးဇူးအများကြီးတင်ပါတယ် ရှုချွမ်း..." နင်ယို့ချီမှာ လွန်စွာ ဝမ်းမြောက်သွားခဲ့ရသည်။
ယခုအခိုက်အတန့်တွင် သူမက အံ့ဩဖွယ်ကောင်းသော အပြုအမူတစ်ခုကို ပြုလုပ်လိုက်တော့သည်။
ရှုချွမ်း သတိမမူမိသော အချိန်ကို အခွင့်ကောင်းယူကာ သူမက ရှုချွမ်း၏ ပါးပြင်လေးကို ရုတ်တရက် လှမ်း၍ နမ်းလိုက်ပြီးနောက် ဘာမှမဖြစ်ခဲ့သည့်အလား အရိုးစုရှိရာထံသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားခဲ့တော့၏။
လှည့်ထွက်သွားခဲ့သော နင်ယို့ချီ၏ မျက်နှာလေးမှာမူ အလွန်အမင်း နီမြန်းနေခဲ့ပြီ ဖြစ်သည်။
သူမကိုယ်တိုင်လည်း သူမကိုယ်သူမ ဘာ့ကြောင့် ဤမျှအထိ ရဲတင်းသော အပြုအမူမျိုး ပြုလုပ်မိသွားခဲ့မှန်း မသိပေ။
နမ်းခြင်းကို ခံလိုက်ရသော ရှုချွမ်းမှာမူ ယခုအခိုက်အတန့်တွင် ကြောင်အမ်းအမ်းဖြစ်ကျန်ခဲ့ရပြီး နင်ယို့ချီ နမ်းသွားခဲ့သော ပါးပြင်လေးကို လက်ဖြင့် တို့ထိရင်း ညင်သာစွာ ပြုံးမိလိုက်တော့သည်။
နင်ယို့ချီက အရိုးစု၏ အနားသို့ ချဉ်းကပ်သွားသည်နှင့်အမျှ ဆွဲဆောင်မှု ခံစားချက်မှာ ပိုမိုပြင်းထန်လာခဲ့ရသည်။
သူမ၏ စိတ်ထဲ၌ ဤအရိုးစုနှင့် အလုံးစုံ ပေါင်းစည်းသွားချင်သည့် စိတ်အလိုဆန္ဒတစ်ခုပင် ဆူပွက်လာခဲ့၏။
သူမက လက်ကို ဆန့်တန်းလိုက်ပြီး အရိုးစုကို အနီးကပ် ခံစားကြည့်ရန်အတွက် တို့ထိလိုက်တော့သည်။
ရုတ်တရက်...
အရိုးစု၏ မျက်ခုံးအလယ်ဗဟိုထံမှ ငွေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်လာခဲ့ပြီး နင်ယို့ချီ၏ နဖူးပြင်ထံသို့ တည့်တည့်မတ်မတ် ရိုက်ခတ်သွားခဲ့တော့သည်။
ထို့နောက်တွင် ထိုအရိုးစုကြီးမှာ အလင်းစက်ငယ်များအဖြစ်သို့ အံ့ဩဖွယ် ပြောင်းလဲသွားခဲ့ပြီး နင်ယို့ချီ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ပေါင်းစပ်သွားခဲ့ရပြီ ဖြစ်၏။
နင်ယို့ချီက သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ထိုအရိုးစု တည်ရှိနေခဲ့သော ထိုင်ခုံမြင့်ကြီးပေါ်တွင် တည့်တည့်မတ်မတ် ထိုင်ချလိုက်တော့သည်။
"ဘာတွေ ဖြစ်နေတာလဲ..."
နင်ယို့ချီ၏ အပြောင်းအလဲများကို မြင်တွေ့ရချိန်တွင် ရှုချွမ်း၏ မျက်မှောင်များမှာ တင်းကျပ်စွာ တွန့်ချိုးသွားခဲ့ရ၏။
"ကျွန်မလည်း မသိဘူး..." နင်ယို့ချီသည်လည်း အနည်းငယ် ဝေခွဲမရဖြစ်လျက် စိုးရိမ်ပူပန်နေခဲ့သည်။
'ဒီအရိုးစုက လှည့်ကွက်တွေ သုံးနေတာလား...' ရှုချွမ်းက ခဏမျှ တွေးတောလိုက်ပြီးနောက် နင်ယို့ချီကို ဖိနှိပ်ရန်အတွက် 'ရွှေရောင်ရှေးဟောင်းနန်းတော်' ကို ထုတ်ယူရန် ပြင်ဆင်လိုက်သည်။
သူမ ခန္ဓာကိုယ်လုယူခြင်းနှင့် ကြုံတွေ့နေရမည်ကို စိုးရိမ်သဖြင့် ထိုအရာကို အတင်း ရှင်းလင်းပစ်ရန် စီစဉ်ခြင်း ဖြစ်၏။
"ရှုချွမ်း... ခဏလောက် စောင့်ဦး... ဒါက အမွေအနှစ် တစ်ခု ပေးနေတာနဲ့ တူတယ်..."
ရှုချွမ်းက လှုပ်ရှား တော့မည့် အချိန်မှာပင် နင်ယို့ချီက လှမ်း၍ ပြောလိုက်သည်။