အခန်း ၁၅၇
Vol. 16 Ch. 157
အခန်း (၁၅၇) ကြီးမားလှသော အကျိုးကျေးဇူးများ၊ သံသရာစက်ဝန်းကို ဖြတ်သန်းခြင်း
မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့လေပြီ။
ဤသုံးရက်တာအတွင်း၌ ရှုချွမ်းနှင့် နင်ယို့ချီတို့က ၎င်းတို့၏ အခန်းတွင်းမှ ခြေတစ်လှမ်းမျှ အပြင်သို့ မထွက်ဘဲ အတူတကွ ရှိနေခဲ့ကြ၏။
ဤနေရာ၌ ၎င်းတို့ကို မည်သူမျှ လာမနှောင့်ယှက်နိုင်ပေ ။
ပြတင်းပေါက် အပြင်ဘက်ရှိ ပန်းပင်များမှာလည်း ပွင့်လန်းလိုက် ညှိုးနွမ်းလိုက် ဖြစ်နေကြပြီး ၎င်းတို့၏ အခြေအနေနှင့် အလွန်ပင် လိုက်ဖက်နေခဲ့သည်။
သုံးရက်မြောက်ပြီးနောက် ရောက်ရှိလာသော နံနက်ခင်းတစ်ခုတွင်မူ...
"ဘုန်း..."
ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာ တစ်ခုက အခန်းတွင်းမှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ထိုအော်ရာ ကြောင့် အခန်း၏ ပြတင်းပေါက်အားလုံးမှာ ဝုန်းကနဲ ပွင့်ထွက်သွားခဲ့ရပြီး အိမ်ရာဝင်းအတွင်းရှိ ပန်းမန်များနှင့် အပင်များပင်လျှင် လဲပြိုသွားခဲ့ရ၏။
ကမ္မနယ်ပယ်ထံ၌သာ ရှိတတ်သော သီးသန့်အော်ရာ တစ်ခုက အခန်းတွင်းမှနေ၍ တရိပ်ရိပ် ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ယခုအခိုက်အတန့်တွင် နင်ယို့ချီက အခန်းတွင်းမှ လျှောက်လှမ်းထွက်လာခဲ့၏။
သူမ၏ ဝတ်စုံမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေခဲ့ပြီး မျက်နှာလေးမှာလည်း ရဲရဲနီလျက် ရှိနေဆဲပင်။
သိသာထင်ရှားလှသည်မှာ သူမအနေဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က ကြုံတွေ့ခဲ့ရသည့် စိတ်ရိုင်းဝင်မှုများမှ အပြည့်အဝ ပြန်လည်သက်သာခြင်း မရှိသေးပေ ။
သို့သော်လည်း ရှုချွမ်းမှာ ကျင့်ကြံခြင်းအဆင့် တက်လှမ်းတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ သူ့ကို နှောင့်ယှက်မိခြင်း မရှိစေရန်အတွက် သူမ မည်မျှပင် မခွဲခွာချင်ပါစေဦးတော့ ယာယီအားဖြင့် အပြင်သို့ ထွက်ခွာပေးခဲ့ရခြင်း ဖြစ်သည်။
အခန်းတွင်း၌မူ ရှုချွမ်းက ကုတင်ထက်တွင် တင်ပျဉ် ခွေ ထိုင်နေခဲ့ပြီး 'ပြီးပြည့်စုံသော မဟာယန်ကျင့်စဉ်' ကို လည်ပတ်စေကာ အဆုံးမဲ့လှသော ကောင်းကင်နှင့် မြေကြီး ၏ မူလချီစွမ်းအားများကို သဲကြီးမဲကြီး စုပ်ယူနေခဲ့တော့သည်။
နိဗ္ဗာနနယ်ပယ်၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သော သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နင်ယို့ချီနှင့် သုံးရက်တိုင်တိုင် ယင်ယန်သဟဇာတဖြစ်အောင် ပေါင်းစပ်ပြီးနောက်တွင်မူ ထပ်မံ၍ ဖိနှိပ်ထား၍ မရနိုင်တော့ပေ ။
အနှစ်သာရအားဖြင့် ဆိုရသော် ၎င်းတို့နှစ်ဦးက ဤသုံးရက်တာအတွင်း၌ အတူတကွ ကျင့်ကြံခြင်း ကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်၏။
နင်ယို့ချီက သူ၏ 'ယန်စွမ်းအား' များကို စုပ်ယူခဲ့ပြီး ရှုချွမ်းကလည်း နင်ယို့ချီ၏ 'ယင်စွမ်းအား ' များကို စုပ်ယူခဲ့ခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးစလုံးမှာ ကြီးမားလှသော အကျိုးကျေးဇူးများကို ရရှိခဲ့ကြ၏။
သို့သော် ထိုအကျိုးကျေးဇူးများမှာ နင်ယို့ချီ၏ ခန္ဓာကိုယ်ပေါ်တွင် သိပ်ပြီး သိသာထင်ရှားခြင်း မရှိသော်လည်း ရှုချွမ်း၏ ခန္ဓာကိုယ်ပေါ်တွင်မူ အလွန်ပင် ထင်ရှားလှပေသည်။
နင်ယို့ချီတွင် 'ထိုက်ယင်နတ်သမီး သွေးမျိုးဆက် ' နှင့် ကံကြမ္မာတို့ ရှိနေခဲ့ရာ သူမနှင့်အတူ ကျင့်ကြံခြင်းက သဘာဝအတိုင်းပင် အတိုင်းအဆမရှိသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့ခြင်း ဖြစ်၏။
၎င်းအပြင် ရှုချွမ်းကိုယ်တိုင်ကလည်း 'နေသူတော် စင်ခန္ဓာကိုယ်' ဟူသော အထွတ်အထိပ် ယန်ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေခဲ့ရာ ရရှိလာသော အကျိုးကျေးဇူးများမှာ ပို၍ပင် များပြားလှပေတော့သည်။
"ဂျိန်း... ဂျိန်း..."
ရှုချွမ်း၏ ဦးခေါင်းထက် ကောင်းကင်ယံတွင် မိုးခြိမ်းသံများ ဝုန်းဒိုင်းကြဲလျက် ထွက်ပေါ်လာခဲ့သည်။
ကျယ်ပြောလှသော ကောင်းကင်ဘုံ၏ အရှိန်အဝါ တစ်ခုက ရှုချွမ်းထံသို့ လွှမ်းခြုံကျရောက်လာခဲ့၏။
ဤအရာက ကမ္မနယ်ပယ်သို့ တက်လှမ်းရန်အတွက် သူ ဖြတ်ကျော်ရမည့် ဘေးဒုက္ခတစ်ခုဖြစ်သော 'သေခြင်းနှင့် ရှင်ခြင်း သံသရာစက်ဝန်း ' လမ်းစဉ်ကို လျှောက်လှမ်းခြင်းဖြစ်ကြောင်း ရှုချွမ်း နားလည်ထားပေသည်။
ကောင်းကင်ဘုံ၏ အရှိန်အဝါက ရှုချွမ်းကို အလုံးစုံ လွှမ်းခြုံထားခဲ့ပြီဖြစ်ရာ သူက မျက်လုံးများကို ငြိမ်သက်စွာ မှိတ်ထားလိုက်၏။
အခန်း အပြင်ရှိ နင်ယို့ချီက ဤမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် စိုးရိမ်ပူပန်မိသွားခဲ့သည်။
သူမကိုယ်တိုင်လည်း ဤကောင်းကင်ဘုံ၏ အရှိန်အဝါကြောင့် ကြီးမားလှသော ဖိအားကို ခံစားနေရခြင်းဖြစ်ပြီး ၎င်းက သူမ ကမ္မနယ်ပယ်သို့ တက်လှမ်းစဉ်က ကြုံတွေ့ခဲ့ရသည်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှပေသည်။
သို့သော်လည်း အခန်းတွင်းရှိ ရှုချွမ်းကမူ ၎င်းကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်း မရှိပေ ။
"လာစမ်းပါ... ဒီနေ့တော့ ငါ အဆင့်တက်လှမ်းတာကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး..." ရှုချွမ်းက ရဲရင့်လှသော စိတ်ဓာတ်နှင့် တက်ကြွမှုတို့ဖြင့် ရေရွတ်လိုက်၏။
သူ၏ စကားသံ ဆုံးသည်နှင့်အမျှ...
"ဆွစ်..."
တွန်းလှန်၍ မရနိုင်သော စွမ်းအားတစ်ခုက ရှုချွမ်း၏ အသိစိတ်ကို မှောင်မိုက်သော ပတ်ဝန်းကျင်တစ်ခုအတွင်းသို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့တော့သည်။
ဤနေရာ၌ မည်သည့်အရပ်မျက်နှာ မျှ မရှိသလို အချိန်စီးဆင်းမှုလည်း မရှိပေ ။
အရာခပ်သိမ်းမှာ ရပ်တန့်အေးခဲနေခဲ့သည်။ ရှုချွမ်း၏ အသိစိတ်မှာ မှောင်မိုက်ခြင်းထဲ၌ လဲလျောင်းနေခဲ့ပြီး မည်သည့်အရာကိုမျှ ပြုလုပ်၍ မရနိုင်ခဲ့ပေ ။
အတန်ကြာ အချိန်တစ်ခု ကုန်ဆုံးသွားပြီးနောက်တွင်မှ ရှေ့ဆီမှနေ၍ တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရှုချွမ်းက ထိုအလင်းရောင်ရှိရာသို့ လျှောက်လှမ်းသွားခဲ့ရာ ရှေ့တွင် တံတားတစ်စင်း ရှိနေခဲ့၏။
၎င်းက အဆုံးကို မမြင်တွေ့နိုင်သော ရွှေရောင် တံတားတစ်စင်း ဖြစ်သည်။
၎င်းတံတားက မည်သည့်နေရာသို့ ဦးတည်နေသည်ကို သူ မသိရှိပေ ။ သို့သော် ဤအရာက သူ ရင်ဆိုင်ရတော့မည့် စိန်ခေါ်မှုဖြစ်ကြောင်း ရှုချွမ်း၏ နှလုံးသားထဲမှ သိရှိနေခဲ့သည်။
တံတား၏ အောက်ခြေတွင်မူ မည်းမှောင်လှသော မြစ်ကြီးတစ်စင်း ရှိနေခဲ့ပြီး ထိုမြစ်အတွင်း၌ အဆုံးမရှိသော နာကျည်းချက်ဝိညာဉ်များက မပြတ်တမ်း ငိုကြွေးအော်ဟစ်နေကြသကဲ့သို့ပင်။
၎င်းအပြင် ကမ္ဘာကို ဖျက်ဆီးနိုင်စွမ်းရှိသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကလည်း ထိုမြစ်အတွင်းမှနေ၍ ထွက်ပေါ်နေခဲ့ကာ လူတို့၏ စိတ်ကို ခြောက်ခြားစေခဲ့သည်။
အကယ်၍ သူသာ ၎င်းမြစ်ထဲသို့ ပြုတ်ကျသွားခဲ့ပါက တခဏချင်းအတွင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဖြစ်ကြောင်း ရှုချွမ်း ဧကန်မုချ ယုံကြည်ထားပေသည်။
ထိုနာကျည်းချက် ဝိညာဉ်များ၏ ဝါးမြိုခြင်းကို ခံရမည် သို့မဟုတ် ဤစွမ်းအားများ၏ ဆွဲဆုတ်ဖျက်ဆီးခြင်းကို ခံရပေလိမ့်မည်။
ရှုချွမ်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး တံတားပေါ်သို့ ခြေလှမ်းလှမ်းလိုက်တော့၏။
ဤအရာက သူ ကျော်ဖြတ်ရမည့် အတားအဆီးတစ်ခု ဖြစ်သည်။
အကယ်၍ ဤအရာကိုမျှ မကျော်ဖြတ်နိုင်ပါက ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန် သူ မည်သို့လျှင် ဆိုနိုင်ပါတော့မည်နည်း။
သူက ရွှေရောင်တံတားကို ဖြတ်ကျော်နိုင်သရွေ့ ကမ္မနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပြီး နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွားနိုင်မည် ဖြစ်သည်။
ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်ချိန်တွင် ရှုချွမ်းအနေဖြင့် မည်သည့်အပြောင်းအလဲမျှ မခံစားရသဖြင့် အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။
ထို့နောက် ဒုတိယခြေလှမ်းကို ထပ်မံလှမ်းလိုက်ပြန်သော်လည်း မည်သည့်အရာမျှ ထူးခြားမလာခဲ့ပေ ။
ဤအရာက ရှုချွမ်းကို အနည်းငယ် သံသယဝင်သွားစေခဲ့သည်။
ရွှေရောင်တံတားက အပေါ်ယံ ဟန်ပြသက်သက်သာ ဖြစ်နေသလော။
သို့သော် စင်စစ်အားဖြင့် ရွှေရောင်တံတားက တုံ့ပြန်မှုမရှိခြင်း မဟုတ်ပေ ။
ရှုချွမ်းက ပထမခြေလှမ်းနှစ်လှမ်း၏ စံနှုန်းများကို ကျော်ဖြတ်ပြီးသား ဖြစ်နေသောကြောင့်သာ ဖြစ်၏။
ဤခြေလှမ်းနှစ်လှမ်းမှာ 'သိုင်းတာအို နှလုံးသား' လမ်းစဉ်ဖြစ်ပြီး သိုင်းတာအိုနှလုံးသား စမ်းသပ်ချက်ကို အောင်မြင်ပြီး စစ်မှန်သော သိုင်းတာအိုလမ်းစဉ် ရှိသူများသာ ဆက်လက်လျှောက်လှမ်းနိုင်ခြင်း ဖြစ်သည်။
ရှုချွမ်းကမူ ဤစမ်းသပ်ချက်ကို လွန်ခဲ့သော အချိန်ကတည်းက ပြီးမြောက်ထားခဲ့ပြီးဖြစ်ရာ ရွှေရောင်တံတားက အပြောင်းအလဲ ဖြစ်ပေါ်မလာခြင်း ဖြစ်၏။
ရှုချွမ်းက တတိယမြောက် ခြေလှမ်းကို လှမ်းလိုက်ချိန်တွင်မူ ရုတ်တရက် အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။
ယခုအခိုက်အတန့်တွင် ရှုချွမ်းက 'ကမ္ဘာဂြိုဟ် ' ကဲ့သို့သော သူ၏ ယခင်ဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့သကဲ့သို့ပင်။
နေရာတိုင်းတွင် မြင့်မားလှသော အဆောက်အအုံကြီးများ ရှိနေခဲ့ပြီး သူက ထိုအဆောက်အအုံတစ်ခုထဲတွင် အလုပ်လုပ်နေခဲ့ကာ အိမ်သို့ ပြန်ရောက်ချိန်တွင်မူ သူ၏ မိဘများနှင့် ညီမလေးတို့က ဆီးကြိုနှုတ်ဆက်ကြပြီး ပျော်ရွှင်စရာကောင်းသော မိသားစု ဘဝလေး ဖြစ်နေခဲ့သည်။
၎င်းက အလွန်ပင် စစ်မှန်လွန်းလှသဖြင့် ရှုချွမ်းမှာ တစ်ခဏမျှ ထိုအခြေအနေထဲ၌ နစ်မျောသွားခဲ့ပြီး ရုန်းမထွက်နိုင် ဖြစ်ခဲ့ရ၏။
"အဖေ... အမေ... ညီမလေး... မတွေ့ရတာ ကြာပြီနော်... သား... သား ပြန်လာပြီ..." ရှုချွမ်းက သူ၏ အရှေ့ရှိ လူများကို ညင်သာစွာ ပြောလိုက်မိသည်။
"မင်းက ဘာတွေ ပြောနေတာလဲ။ အခုတင်ပဲ အပြင်က ပြန်လာတာ မဟုတ်ဘူးလား။ ဘာလို့ ပြန်လာတာလဲ... ဘာဖြစ်လို့လဲ..." ကြင်နာတတ်သော ပုံရိပ်တစ်ခုက ရှုချွမ်းအတွက် ရေတစ်ခွက် ငှဲ့ပေးရင်း ပြော လိုက်၏။
ရှုချွမ်းက ပြုံးရုံသာ ပြုံးနေခဲ့ပြီး မည်သည့်စကားမျှ ပြန်မပြောခဲ့ပေ ။
သူ၏ အရှေ့ရှိ မြင်ကွင်းမှာ သူ၏ မှတ်ဉာဏ်ထဲရှိ အရာများနှင့် ထပ်တူကျနေသော်လည်း ၎င်းက နောက်ဆုံးတွင် ပုံရိပ်ယောင် သာ ဖြစ်ပေသည်။
အစကတည်းက ရှုချွမ်းက ဤအရာကို ကောင်းစွာ သဘောပေါက်ထားခဲ့ပြီးသား ဖြစ်၏။ သူ ၎င်းကို ချက်ချင်း ဖျက်ဆီးခြင်း မပြုရသည့် အကြောင်းရင်းမှာ သူ၏ မှတ်ဉာဏ်ထဲရှိ မိသားစုဝင်များကို နောက်ဆုံးတစ်ခေါက်အဖြစ် မြင်တွေ့ချင်သောကြောင့်သာ ဖြစ်သည်။
သူက သး၏ မှတ်ဉာဏ်ထဲမှ မိသားစုဝင်များ၏ မျက်နှာကို တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခြင်းမျိုး မဖြစ်စေချင်ပေ ။
ယခုအခါတွင်မူ သူ၏ ရည်ရွယ်ချက် ပြီးမြောက်သွားခဲ့ပြီဖြစ်ရာ ရှုချွမ်းအနေဖြင့် ဤပုံရိပ်ယောင် မြင်ကွင်းထဲ၌ အချိန်ဖြုန်းကာ နစ်မျောမနေချင်တော့ပေ ။
"အဖေနဲ့အမေ... ညီမလေး... နှုတ်ဆက်ပါတယ်နော်... သား သေချာပြန်လာခဲ့ပါမယ်..."
ရှုချွမ်းက ပြုံးလျက် သူ၏ အရှေ့ရှိ လူများကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ပြီး နှလုံးသားထဲမှ ကျိန်ဆိုလိုက်တော့သည်။
ထို့နောက်တွင် ထိုမြင်ကွင်းမှာ ဖန်ကွဲစကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့ပြီး ရှုချွမ်း၏ အသိစိတ်မှာ ရွှေရောင်တံတားပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ယခုအခါတွင် သူ၏ နှလုံးသားမှာ ပိုမို၍ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
သူက ဆက်လက်၍ ရှေ့သို့ လျှောက်လှမ်းခဲ့ပြီး စတုတ္ထမြောက် ခြေလှမ်းကို လှမ်းလိုက်၏။ ဤခြေလှမ်းက သူ့ကို တံတား၏ အလယ်ဗဟိုသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။
ပတ်ဝန်းကျင်က ထပ်မံ၍ ပြောင်းလဲသွားခဲ့ပြန်ရာ ယခုတစ်ကြိမ်တွင် ရှုချွမ်းသည် သူ အားနည်းခဲ့စဉ်က အချိန်များဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
မည်သည့်အရင်းအမြစ် မျှ မရှိဘဲ နှိမ်ချဆက်ဆံခံရခြင်း၊ အရေးတယူ မလုပ်ခံရခြင်းနှင့် ကျင့်ကြံခြင်းအဆင့်ကို မတိုးတက်စေနိုင်ခြင်း စသည်တို့ဖြင့်...
"အသုံးမကျတဲ့ကောင်... မင်းက အလကား အချိန်ဖြုန်းနေတဲ့ အကောင်ပဲ..."
"စောင့်နေလိုက်... မင်းရဲ့ နောက်ဆုံးနိဂုံးကတော့ အမှိုက်လို အစေခံတပည့်ဘဝပဲ ဖြစ်ရမယ်..."
"မင်း တစ်နေ့ကျရင် မြင့်မြတ်နယ်မြေကနေ မောင်းထုတ်ခံရမှာ သေချာတယ်..."
သူ လွန်ခဲ့သော အချိန်ကတည်းက ရှင်းလင်းထားခဲ့ပြီးဖြစ်သော 'စွမ်းချန်' က ပြန်လည်ထွက်ပေါ်လာခဲ့ပြီး သူ့ကို စတင်နှိမ်ချ စော်ကားနေခဲ့ခြင်း ဖြစ်၏။
ရှုချွမ်း၏ စိတ်ခံစားချက်များမှာ ဤ ပုံရိပ်ယောင် မြင်ကွင်းကြောင့် ဆူပွက်လာခဲ့ရသည်။
ယခုအခိုက်အတန့်တွင် သူက လွန်စွာ ဒေါသထွက်နေခဲ့သော်လည်း သူ၏ အားနည်းမှုကြောင့် လုံးဝ ပြန်လည်မတွန်းလှန်နိုင်ဘဲ အနှိမ်ခံနေရုံသာ ရှိခဲ့ရ၏။
"ငါက သန်မာ တဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရမယ်... ဒီကမ္ဘာပေါ်မှာ အသန်မာ ဆုံး သိုင်းပညာရှင် ဖြစ်လာရမယ်... ပြီးတော့ ငါ့ကို နှိမ်ချခဲ့တဲ့သူ အားလုံးကို ထိုက်တန်တဲ့ တန်ဖိုး ပြန်ပေးဆပ်စေရမယ်..." ရှုချွမ်းက ထိုမြင်ကွင်းထဲ၌ အော်ဟစ် လိုက်တော့သည်။
အကယ်၍ ယခုအချိန်တွင် တစ်စုံတစ်ယောက်သာ ရှိနေခဲ့ပါက ရှုချွမ်း၏ မျက်ဝါးများမှာ သွေးကဲ့သို့ ရဲရဲနီနေပြီး သူ၏ အမူအရာမှာလည်း လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေသည်ကို မြင်တွေ့ရပေလိမ့်မည်။
သူ၏ မျက်နှာထက်တွင်ပင် နီရဲသော အလင်းတန်းတစ်ခု လွှမ်းခြုံနေခဲ့သဖြင့် သူ၏ ရုပ်သွင်ကိုပင် သဲသဲကွဲကွဲ မမြင်နိုင်တော့ပေ ။
သူ၏ မကောင်းဆိုးဝါး ချီစွမ်းအားများက ကောင်းကင်ယံအထိ ပျံတက်နေခဲ့ပြီး သူ၏ နာကျည်းချက်များကလည်း ကောင်းကင်ကို ထိုးဖောက်မတတ် ဖြစ်နေခဲ့သည်။
သူက သူ့ကိုယ်သူ အားနည်းခဲ့ခြင်းကို မုန်းတီးမိပြီး ဤကမ္ဘာကြီး၏ မတရားမှုများကို မုန်းတီးကာ သူ့ကို နှိမ်ချခဲ့သူများကို မုန်းတီးနေခဲ့မိ၏။
သူ ခံစားခဲ့ရသော မတရားမှုအားလုံးကို ထုတ်ဖော်ပေါက်ကွဲပစ်ချင်ပြီး သူ့ကို နှိမ်ချခဲ့ဖူးသူ အားလုံးကို သတ်ဖြတ်ပစ်ချင်နေခဲ့သည်။
ဤနာကျည်းချက်များ၏ တွန်းအားပေးမှုကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်မှနေ၍ ဧကရာဇ်အရှင် နယ်ပယ်၏ ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ဦးအဖြစ်သို့ တိုက်ရိုက် ခုန်ကူးသွားခဲ့တော့၏။
ယခုအချိန်မှစ၍ သူက တစ်ကမ္ဘာလုံးကို နာကျင်မှု ခံစားစေရမည်။ သူ၏ လမ်းကို ပိတ်ဆို့ထားသူ မည်သူ့ကိုမဆို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်မည်။
သူက 'ထိုက်ယိမြင့်မြတ်နယ်မြေ ' တစ်ခုလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးချိန်တွင်မူ...
ရုတ်တရက် ရှုချွမ်း ကျင့်ကြံထားသော 'မဟာယန်ကျင့်စဉ်' မှ အထူးအော်ရာ တစ်ခု ရုတ်ချည်း ထွက်ပေါ်လာခဲ့ပြီး ရှုချွမ်းကို တစ်ခဏချင်းအတွင်း ရပ်တန့်သွားစေခဲ့သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်အလင်းတန်းများ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော အမူအရာမှာလည်း ဇဝေဇဝါဖြစ်ခြင်းနှင့် လမ်းပျောက်ခြင်းတို့အဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။
ထို့နောက်တွင် သူက ရုတ်တရက် နိုးထလာခဲ့တော့သည်။
ရှုချွမ်း နိုးထလာခဲ့သည်နှင့်အမျှ သွေးရောင်အလင်းတန်းများမှာ တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့ပြီး ရှုချွမ်းမှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ကာ ကြီးမားလှသော နာကျည်းချက်များနှင့် သတ်ဖြတ်လိုစိတ်များမှာလည်း ပျောက်ကွယ်သွားခဲ့ရပြီး ဧကရာဇ်အရှင်နယ်ပယ်၏ ကျင့်ကြံခြင်းအဆင့်မှာလည်း သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
"ဒါက 'သေခြင်းနဲ့ ရှင်ခြင်း သံသရာစက်ဝန်း' လား..." ရှုချွမ်းမှာ တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာခဲ့ရ၏။
ပထမဆုံး ပုံရိပ်ယောင် မြင်ကွင်းကိုမူ သူ အလွယ်တကူ ထိုးထွင်းမြင်နိုင်ခဲ့သော်လည်း ဒုတိယမြောက် မြင်ကွင်းကမူ တကယ်ကိုပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
အကယ်၍ ရှုချွမ်းသာ ထိုမြင်ကွင်းထဲ၌ ဆက်လက်နစ်မျောနေခဲ့ပါက သူသည် ဧကန်မုချ သတ်ဖြတ်ခြင်းကိုသာ မွေ့လျော်သော လူသတ် အရူးကြီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပေလိမ့်မည်။