← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း (၁၅၈) ကမ္မနယ်ပယ်သို့ ဝင်ရောက်ခြင်း

"ကမ္မနယ်ပယ်......"

ရှုချွမ်းက သူ့ကိုယ်သူ ရေရွတ်လိုက်မိသည်။

ပုံရိပ်ယောင် မြင်ကွင်းနှစ်ခုကို ကြုံတွေ့ပြီးနောက်တွင် ရှုချွမ်း၏ နှလုံးသားထဲ၌ နားလည်သဘောပေါက်မှု အချို့ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။

သူက 'သေခြင်းနှင့် ရှင်ခြင်း သံသရာစက်ဝန်း' လမ်းစဉ်ကို လျှောက်လှမ်းခြင်းဟူသည် မည်သည့်အရာလဲဆိုသည်ကို ကောင်းစွာ သဘောပေါက်သွားခဲ့ချေပြီ။

နောက်ထပ် ခြေတစ်လှမ်း ထပ်မံလှမ်းလိုက်ရာ ယခုတစ်ကြိမ်တွင်မူ ရှုချွမ်းက သူ၏ ဘဝဟောင်းကို ပြန်လည်ရင်ဆိုင်ရခြင်း မဟုတ်တော့ဘဲ မွေးကင်းစ ကလေးငယ်တစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာခဲ့ကာ မွေးဖွားခြင်းမှ ကြီးပြင်းလာခြင်း၊ ထိုမှတစ်ဆင့် အိုမင်းရင့်ရော်ခြင်းအထိ အချိန်ကာလများမှာ လျင်မြန်စွာ စီးဆင်းသွားခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ ရှုချွမ်းက သူ့ကိုယ်သူ ထိုမြင်ကွင်းထဲ၌ ထပ်မံ၍ အပိတ်ခံမထားတော့ပေ ။

သူက ပုံရိပ်ယောင် မြင်ကွင်းကို အပြင်ပန်း အကဲခတ်သူတစ်ဦး၏ ရှုထောင့်မှသာ ကြည့်နေခဲ့သည်။

သူက သူ့ နှလုံးသားကို ကောင်းစွာ စောင့်ရှောက်ထားခဲ့သဖြင့် ထိုမြင်ကွင်းမှာ သူ့အပေါ် တစ်စုံတစ်ရာမျှ လွှမ်းမိုးနိုင်ခြင်း မရှိတော့ပေ ။

ဤသို့ဖြင့် အေးချမ်းလှသော ဘဝတစ်ခု ကုန်ဆုံးသွားခဲ့ပြီး ရှုချွမ်း၏ အသိစိတ်မှာ တံတားပေါ်သို့ ထပ်မံ ပေါ်ထွက်လာခဲ့ပြန်သည်။

ဤအတွေ့အကြုံက ရှုချွမ်း၏ ခန့်မှန်းချက်ကို ပိုမိုခိုင်မာစေခဲ့၏။

ဤသံသရာလမ်းစဉ်ပေါ်သို့ ခြေချလိုက်သည်နှင့် သူ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဘဝများကိုပါ ပြန်လည်ကြုံတွေ့ရမည် ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က ဤအခြေအနေမှ ရုန်းမထွက်နိုင်ပါက ထို ပုံရိပ်ယောင် မြင်ကွင်းထဲ၌ ထာဝရပိတ်မိနေမည်ဖြစ်ပြီး ကမ္မနယ်ပယ်သို့ မည်သည့်အခါမျှ အဆင့်တက်လှမ်းနိုင်မည် မဟုတ်ပေ ။

ထို့အပြင် အကယ်၍ လူတစ်ဦး၏ စိတ်နှလုံးက ထိုမြင်ကွင်း၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပါက ရုန်းထွက်နိုင်ခဲ့လျှင်ပင် သူ၏ စရိုက်သဘာဝမှာ အကြီးအကျယ် ပြောင်းလဲသွားပေလိမ့်မည်။

ယခင်က ရှုချွမ်း 'ပစ္စုပ္ပန်ဘဝ' မြင်ကွင်းနှင့် ကြုံတွေ့ရစဉ်ကကဲ့သို့ပင် အကယ်၍ သူသာ သူ၏ စစ်မှန်သော ဖြစ်တည်မှုကို သဘောမပေါက်ဘဲ ရုန်းထွက်ခဲ့မည်ဆိုပါက စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့သော မကောင်းဆိုးဝါးခေါင်းဆောင်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပေလိမ့်မည်။

သိုင်းတာအိုက နှလုံးသား၊ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို မေးမြန်းခြင်းတည်းဟူသော စမ်းသပ်ချက်အချို့ကို ကျော်ဖြတ်ပြီးနောက်တွင်မူ ယခင်က အဆုံးကို မမြင်တွေ့နိုင်ခဲ့သော တံတား၏ အဆုံးသတ်မှာ ရှုချွမ်း၏ အရှေ့၌ နောက်ဆုံးတွင် ထင်ရှားစွာ ပေါ်ထွက်လာခဲ့တော့သည်။

ရှုချွမ်းက ရှေ့သို့ အရှိန်အဟုန်ဖြင့် လျှောက်လှမ်းခဲ့၏။

ယခုအခါတွင် သူ့အတွက် ဤတံတားပေါ်ရှိ ပုံရိပ်ယောင် ဖြစ်ရပ်များမှာ မည်သည့်အတားအဆီးမျှ မဖြစ်နိုင်တော့ပေ ။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် ရှုချွမ်းက တံတား၏ အဆုံးသတ်သို့ ရောက်ရှိသွားခဲ့တော့သည်။

ဘုန်း...

မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ချေပြီ။

ရှုချွမ်း ရွှေရောင်တံတားပေါ်မှ ခြေချလိုက်သည့် တခဏချင်းမှာပင် သူ၏ မြင်ကွင်းတစ်ခုလုံး ပြာဝေသွားခဲ့ပြီး သူ၏ အသိစိတ်မှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ရှုချွမ်း၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားခဲ့ပြီးနောက် နိဗ္ဗာနနယ်ပယ် အထွတ်အထိပ်တွင် ရှိနေခဲ့သော သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကမ္မနယ်ပယ် အဆင့် ၁ သို့ သဘာဝအတိုင်းပင် အောင်မြင်စွာ တက်လှမ်းသွားခဲ့တော့၏။

သို့သော်လည်း ယင်းက အစပျိုးခြင်းမျှသာ ရှိသေးသည်။

ကောင်းကင်နှင့် မြေကြီး ၏ မူလချီများမှာ ရှုချွမ်း၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ စုပ်ယူချေဖျက်ခြင်း ခံလိုက်ရပြီး ယခုအခိုက်အတန့်တွင် အခန်းတွင်းရှိ မူလချီများ၏ သိပ်သည်းဆမှာ အရည်အသွင်သို့ပင် ကူးပြောင်းလုနီးပါး ဖြစ်နေခဲ့ချေပြီ။

၎င်းက ရှုချွမ်း စုပ်ယူရန်အတွက် အကန့်အသတ်မရှိ ပြည့်စုံနေခဲ့သည်။

ဤမူလချီများကို စုပ်ယူချေဖျက်ပြီးနောက်တွင် ရှုချွမ်း၏ ကျင့်ကြံခြင်းအဆင့်မှာ အရှိန်အဟုန်ဖြင့် ထပ်မံ တက်လာခဲ့တော့၏။

ကမ္မနယ်ပယ် အဆင့် ၁ အထွတ်အထိပ်...

ကမ္မနယ်ပယ် အဆင့် ၂...

ကမ္မနယ်ပယ် အဆင့် ၃...

...

ကမ္မနယ်ပယ် အဆင့် ၆ သို့ ရောက်ရှိချိန်တွင်မှ ဤရူးသွပ်ဖွယ်ရာ ကျင့်ကြံခြင်း တိုးတက်မှုကြီးမှာ နောက်ဆုံး၌ အဆုံးသတ်သွားခဲ့ရသည်။

ရလဒ်အနေဖြင့် သူ၏ အဆင့်မှာ ကမ္မနယ်ပယ် အဆင့် ၆ အထွတ်အထိပ်သို့ အလုံးစုံ ရောက်ရှိသွားပြီးနောက်မှသာ လုံးဝ ရပ်တန့်သွားခဲ့တော့၏။

နယ်ပယ် အဆင့်သေး ခြောက်ခုနှင့် နယ်ပယ်အဆင့်ကြီး တစ်ခုတို့ကို တစ်ဆက်တည်း တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ရာ အကယ်၍ ဤအရာသာ အပြင်ကမ္ဘာတွင် ဖြစ်ပွားခဲ့မည်ဆိုပါက လူပေါင်းမြောက်မြားစွာကို မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားစေမည်မှာ သေချာလှပေသည်။

သို့သော်လည်း ရှုချွမ်းအတွက်မူ ယင်းက သာမန်ကိစ္စတစ်ခုမျှသာ ဖြစ်၏။

သူ စနစ်ကို ရရှိခဲ့သည့် အချိန်ကတည်းက သူ၏ ကျင့်ကြံခြင်း အဆင့်တက်လှမ်းမှုများမှာ ဒုံးပျံပစ်တင်လိုက်သည့်အလား အထက်သို့ အရှိန်အဟုန်ဖြင့် ပျံတက်ခဲ့သည် မဟုတ်ပါလော။

သူ့ကို သာမန်အတွေးအခေါ်များဖြင့် တိုင်းတာ၍ လုံးဝ မရနိုင်ပေ ။

ကျင့်ကြံခြင်း အဆင့် တက်လှမ်းသွားခဲ့ပြီးနောက်တွင် ရှုချွမ်းက တစ်ကိုယ်လုံး လန်းဆန်းတက်ကြွသွားခဲ့ပြီး အလွန်ပင် နေရထိုင်ရ သက်တောင့်သက်သာ ရှိသွားခဲ့ရသည်။

ကောင်းကင်ယံရှိ မိုးခြိမ်းသံများနှင့် ကောင်းကင်ဘုံ၏ အရှိန်အဝါများမှာလည်း ယခုအခိုက်အတန့်တွင် အလုံးစုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ရှုချွမ်းက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ကိုယ်ပေါ်ရှိ ဖုန်မှုန့်များမှာ ပျောက်ကွယ်သွားခဲ့ပြီး သူ၏ သိုလှောင်လက်စွပ်ထဲမှ ဝတ်စုံသစ်တစ်စုံကို ထုတ်ယူကာ လဲလှယ်ဝတ်ဆင်လိုက်သည်။

ယခုအခိုက်အတန့်တွင် ရှုချွမ်းက ယခင်ကထက် အဆပေါင်း ဒါဇင်ချီ၊ ရာချီ၍ ပိုမိုအစွမ်းထက်လာသော သူ၏ စွမ်းအားများကို ခံစားလိုက်ရသဖြင့် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားခဲ့ရ၏။

ယခုအခါတွင် သူက အကယ်၍ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အဆင့် ၁ သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရမည်ဆိုပါက အခြားသော နည်းလမ်းများကို အသုံးပြုရန်ပင် မလိုအပ်တော့ပေ ။

လက်သီးတစ်ချက်တည်းဖြင့်တင် ပြိုင်ဘက်ကို တခဏချင်းအတွင်း အမှုန့်ချေပစ်နိုင်ပေသည်။

ယင်းက နယ်ပယ်အဆင့် တက်လှမ်းခြင်းက ရှုချွမ်းအတွက် ဆောင်ကြဉ်းပေးခဲ့သော အထွတ်အထိပ် အပြောင်းအလဲပင် ဖြစ်တော့သည်။

အပြင်တွင် ရှိနေခဲ့သော နင်ယို့ချီက ရှုချွမ်း ကျင့်ကြံခြင်း ပြီးဆုံးသွားပြီဖြစ်ကြောင်း အာရုံခံမိသဖြင့် အခန်းတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့၏။

"ရှင် အဆင့်တက်လှမ်းတာ အောင်မြင်သွားပြီလား..."

သူမက ပါးပြင်လေးများ နီမြန်းလျက် မေးလိုက်သည်။

"အင်း... ကို အခု ကမ္မနယ်ပယ် အဆင့် ၆ကို ရောက်သွားပြီ..."

ရှုချွမ်းက ဖုံးကွယ်ထားခြင်းမရှိဘဲ သူ၏ နယ်ပယ်အဆင့်ကို နင်ယို့ချီအား ပြောပြလိုက်သည်။

၎င်းတို့နှစ်ဦးစလုံးမှာ လွန်ခဲ့သော အချိန်ကတည်းက နှလုံးသားချင်း ပွင့်လင်းခဲ့ကြပြီးသားဖြစ်ရာ ၎င်းတို့ကြားတွင် လျှို့ဝှက်ချက်ဟူ၍ မရှိပေ ။

ထို့အပြင် ယင်းက ကျင့်ကြံခြင်း နယ်ပယ်တစ်ခုမျှသာ ဖြစ်ပြီး အသည်းအသန် ဖုံးကွယ်ထားရမည့်အရာ မဟုတ်ပေ။

စစ်မှန်သော ခွန်အား ရှိနေရန်သာ အရေးကြီးဆုံး ဖြစ်သည်။

"အာ..."

ရှုချွမ်း၏ စကားကို ကြားရချိန်တွင် နင်ယို့ချီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပြီး ဤသတင်းကြောင့် သိသာစွာပင် ထိတ်လန့်အံ့ဩသွားခဲ့ရ၏။

စောစောကတင် နိဗ္ဗာနနယ်ပယ် အထွတ်အထိပ်၌ ရှိနေခဲ့သော ရှုချွမ်းမှာ အဆင့်တက်လှမ်းချိန်အတွင်း ကမ္မနယ်ပယ် အဆင့် ၆ သို့ တိုက်ရိုက် ခုန်ကူးသွားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဤစကားကို အခြားသူတစ်ဦးဦးက ပြောခဲ့မည်ဆိုပါက အရူးတစ်ယောက်ဟု သတ်မှတ်ခြင်း ခံရပေလိမ့်မည်။

သို့သော် ၎င်းကို ရှုချွမ်းကိုယ်တိုင် ပြောခဲ့ခြင်းဖြစ်သဖြင့် နင်ယို့ချီက မဆိုင်းမတွ ယုံကြည်ခဲ့သောကြောင့်သာ ဤမျှအထိ အံ့ဩတကြီး ဖြစ်သွားခဲ့ရခြင်း ဖြစ်၏။

"ရှုချွမ်း...ရှင်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ..." နင်ယို့ချီက ချီးကျူးစကား ဆိုလိုက်သည်။

"အို... အဲဒီလိုလား... ဒါဆိုရင် ကို ကမ္မနယ်ပယ်ကို အဆင့်တက်လှမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို မင်း‌လေး ကို ပြပေးရတာပေါ့..."

ရှုချွမ်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ရှေ့သို့ ခြေလှမ်းလှမ်းလျက် နင်ယို့ချီကို ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်တော့သည်။

ဤသို့ဖြင့် နောက်ထပ် ချစ်မူးဖွယ်ရာ ညတစ်ည ကုန်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ရှုချွမ်းနှင့် နင်ယို့ချီတို့က ရွှေရောင်ရှေးဟောင်းနန်းတော်အတွင်းမှ ထွက်ခွာလျက် လျှို့ဝှက်ဆန်းပြားသော နန်းတော်ကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြ၏။

"မင်း အမွေအနှစ်ကိုလည်း ရရှိပြီးပြီဆိုတော့ ဒီနန်းတော်ကြီးကို ဘာလုပ်ဖို့ စီစဉ်ထားလဲ..." ရှုချွမ်းက ခမ်းနားထည်ဝါလှသော နန်းတော်ကြီးကို လှည့်ပတ်ကြည့်ရင်း နင်ယို့ချီအား မေးလိုက်သည်။

ဤနန်းတော်ကြီးမှာ လွန်စွာ တန်ဖိုးကြီးမားလှရာ ဤနေရာတွင် ဒီအတိုင်း ပစ်ထားခဲ့မည်ဆိုပါက နှမြောစရာ ကောင်းလှပေသည်။

ထို့အပြင် ဤအထဲတွင် ကြယ်တာရာ အဆီအနှစ် မြောက်မြားစွာ ရှိနေသော်လည်း ကံမကောင်းစွာဖြင့် ၎င်းတို့အားလုံးကို အစီအရင် များဖြင့် ကာကွယ်ထားသဖြင့် ယူဆောင်၍ မရနိုင်ပေ ။

အကယ်၍ အတင်း ယူဆောင်ရန် ကြိုးစားမည်ဆိုပါက အချည်းနှီးသာ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ရှုချွမ်းက နှမြောစရာကောင်းကြောင်း ပြောခြင်း ဖြစ်၏။

"စီနီယာရဲ့ အမွေအနှစ်ထဲမှာ ဒီနန်းတော်ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်း ပါ​တယ်..."

"ဒီနန်းတော်က 'လနန်းတော် ' ဖြစ်ပြီး ထိုက်ယင်နတ်သမီး သွေးမျိုးဆက် ပိုင်ရှင်တိုင်း ရရှိကြတဲ့ အရာပဲ။ ထိုက်ယင်သွေးမျိုးဆက် ရှိတဲ့သူတွေက ဒီအထဲမှာ ကျင့်ကြံမယ်ဆိုရင် ကျင့်ကြံခြင်း အမြန်နှုန်း ကို အဆပေါင်းများစွာ မြန်ဆန်စေနိုင်တယ်..." နင်ယို့ချီက တောက်ပစွာ ပြုံးရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

၎င်းတို့နှစ်ဦးစလုံး လနန်းတော်အပြင်သို့ လျှောက်လှမ်းထွက်လာခဲ့ကြပြီး ယခင်က ဂူ၏ ဝင်ပေါက်ထံသို့ ရောက်ရှိသွားခဲ့ကြ၏။

နင်ယို့ချီက လက်ဟန်တံဆိပ်တစ်ခုကို ဖော်လိုက်ပြီးနောက် သူမ၏ နူးညံ့လှသော လက်ကလေးကို ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော လနန်းတော်ကြီးက ကျောက်တိုင်ကြီးများ၊ ကျောက်စိမ်းရေကန်နှင့် နတ်ဘုရားတံတားတို့နှင့်အတူ တဖြည်းဖြည်း သေးငယ်ကျုံ့ဝင်လာခဲ့တော့သည်။

ခဏမျှ အချိန်အတွင်းမှာပင် ၎င်းမှာ လက်ဖဝါးအရွယ်အစားမျှသာ ရှိတော့သည့်အထိ သေးငယ်သွားခဲ့၏။

နင်ယို့ချီက ၎င်းကို သူမ၏ သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်ပြီးနောက် ခေါင်းလှည့်လျက် ရှုချွမ်း၏ လက်မောင်းကို တွဲကာ သခင်ဖြစ်သူကို မှီတွယ်နေသော ငှက်ငယ်လေးတစ်ကောင်အလား ပြုမူလိုက်တော့သည်။

"သွားကြစို့..."

လနန်းတော်၏ အရာအားလုံးမှာ ကောင်းမွန်လှသော်လည်း ၎င်း၏ တစ်ခုတည်းသော အားနည်းချက်မှာ လက်နက်တစ်ခုအဖြစ် အသုံးပြု၍မရခြင်းနှင့် ခန္ဓာကိုယ်အတွင်းသို့ သိုလှောင်ထား၍ မရခြင်းတို့ ဖြစ်ပေသည်။

လနန်းတော် ပျောက်ကွယ်သွားပြီးနောက်တွင် ၎င်းမူလက တည်ရှိနေခဲ့သော နေရာ၌ ဂူဝင်ပေါက်တစ်ခု ထင်ရှားစွာ ပေါ်ထွက်လာခဲ့၏။

"ဒါက အပြင်ကမ္ဘာကို ဦးတည်နေတဲ့ ဝင်ပေါက်ပဲ။ ကျွန်မတို့ ဒီအထဲကို ဝင်သွားရင် အပြင်ကို ရောက်သွားလိမ့်မယ်..."

နင်ယို့ချီက ဝင်ပေါက်ကို ညွှန်ပြရင်း ရှုချွမ်းအား ရှင်းပြလိုက်သည်။

ထို့နောက် ၎င်းတို့နှစ်ဦးစလုံး အတူတကွ ခြေလှမ်းလှမ်း ဝင်ရောက်သွားခဲ့ကြ၏။

မြင်ကွင်းက ပြောင်းလဲသွားခဲ့ပြီး ဤဂူအတွင်း၌ ဆန်းပြားသော လျှို့ဝှက်မြေအောက်ခန်းတစ်ခု ရှိနေခဲ့သည်မှာ အမှန်ပင် ဖြစ်ပေသည်။

၎င်းတို့ လျှောက်လှမ်းထွက်လာခဲ့ချိန်တွင်မူ သူတို့ကိုယ်သူတို့ ရှေးဟောင်းစစ်မြေပြင်ကြီးအတွင်းသို့ ပြန်လည်ရောက်ရှိနေကြောင်း ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်ရသော်လည်း ၎င်းမှာ ယခင်က နေရာဟောင်း မဟုတ်တော့ပေ ။

ရှုချွမ်းမှာ အနည်းငယ် နှမြောမိသွားခဲ့ပြီး ယခင်က ဖရိုဖရဲ ကျောက်တုံး ကျောက်တိုင်ကြီးများကို နှမြောနေခဲ့ခြင်း ဖြစ်၏။

ထိုအရာများမှာ အဖိုးဖြတ်မရနိုင်သော ရတနာများ မဟုတ်ပါလော။

သို့သော်လည်း ထို ဖရိုဖရဲ ကျောက်တုံး ကျောက်တိုင်ကြီးများမှာ လွန်ခဲ့သော အချိန်ကတည်းက လေထုထဲ၌ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း သူ မသိရှိပေ ။

"သွားကြစို့... ကိုတို့ မိစ္ဆာနယ်‌မြေကို ဦးတည်ရမယ်..." ရှုချွမ်းက ခေါင်းခါယမ်းလိုက်ပြီး ဤအရာများကို ထပ်မံ၍ တွေးတောမနေတော့ပေ ။

ရရှိလာပါက သူ၏ ကံတရားဖြစ်ပြီး ဆုံးရှုံးသွားပါက သူ၏ ကံကြမ္မာသာ ဖြစ်ပေသည်။

သူက ဤကဲ့သို့သော အသေးအဖွဲ ကိစ္စများအပေါ် စွဲလမ်းနေတတ်သည့် လူမျိုး မဟုတ်ပေ ။

၎င်းတို့နှစ်ဦး ထပ်မံ၍ ခရီးဆက်ခဲ့ကြသော်လည်း အဝေးသို့ သိပ်မလျှောက်ရသေးမီမှာပင် ရှုချွမ်းက ရုတ်တရက် ဆူညံလှသော အသံအချို့ကို ကြားလိုက်ရတော့သည်။

"မြန်မြန်... ငါ့အတွက် ဒါကို ဖမ်းပေးစမ်း။ ဒီယုန်က သက်သက်မဲ့ ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့။ ဒင်းက အသက်မရှင်ချင်တော့ဘူး ထင်တယ်..."

"ဘော့စ် ... ဒီယုန်က အရမ်း ဖျတ်လတ်လွန်းလို့ ကျွန်တော်တို့ ဘယ်လိုမှ ဖမ်းလို့မရဘူး ဖြစ်နေတယ်..."

"အသုံးမကျတဲ့ကောင်တွေ... ကမ္မနယ်ပယ် သိုင်းပညာရှင် အနည်းငယ်က ယုန်တစ်ကောင်ကိုတောင် မိအောင် မဖမ်းနိုင်ဘူးလား။ မင်းတို့တွေ ဘာ အသုံးကျလဲ..."

...

ထိုအသံများက ရှုချွမ်း၏ နားထဲသို့ စီးဝင်လာခဲ့၏။

"ရှေ့မှာ ဘာတွေ ဖြစ်နေတာလဲ..." ရှုချွမ်းက အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။

၎င်းတို့ ကံကောင်းလှသည်ဟု ဆိုရပေမည်၊ အပြင်သို့ ထွက်လာသည်နှင့် အခြားသော သိုင်းပညာရှင်များနှင့် ချက်ချင်း ကြုံတွေ့ရခြင်း ဖြစ်၏။

"ကျွန်မလည်း မသိဘူး..." နင်ယို့ချီက ခေါင်းခါယမ်းလိုက်သည်။

သူမသည်လည်း ယုန်တစ်ကောင်အကြောင်း ပြောနေသည့် အသံအချို့ကိုသာ ကြားလိုက်ရခြင်းဖြစ်ပြီး တိကျသော အသေးစိတ် အချက်အလက်များကိုမူ သဲသဲကွဲကွဲ မသိရပေ ။

"သွားပြီးတော့ ကြည့်ကြတာပေါ့..."

All Chapters