← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း (၁၅၉) အိမ်မွေးသားရဲ၊ ထိုက်ယင်ကျောက်စိမ်းယုန်

၎င်းတို့နှစ်ဦးက အသံလာရာနေရာသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့ကြသည်။

ရှုချွမ်းနှင့် နင်ယို့ချီတို့ မြင်တွေ့လိုက်ရသည်မှာ ကမ္မနယ်ပယ် အဆင့် ၈ ရှိ သိုင်းပညာရှင်တစ်ဦးက ကမ္မနယ်ပယ် အဆင့် ၆ ရှိ သိုင်းပညာရှင်ငါးဦးကို ဦးဆောင်ကာ ယုန်တစ်ကောင်ကို ဝိုင်းဝန်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

ထိုယုန်မှာ နှင်းကဲ့သို့ ဖြူဖွေးသော အမွှေးအမျှင်များ ရှိပြီး နောက်ခြေနှစ်ဖက်ဖြင့် မတ်တတ်ရပ်နေကာ နားရွက်တစ်စုံမှာ ကောင်းကင်သို့ ထောင်မတ်နေခဲ့သည်။

ထူးခြားသည်မှာ ထိုယုန်၏ မျက်လုံးများမှာ ငွေရောင် တောက်ပနေခြင်းပင်။

မိစ္ဆာသားရဲ ဖြစ်စေ၊ သာမန်ယုန်များဖြစ်စေ ချွင်းချက်မရှိ မျက်လုံးများမှာ နီမြန်းသော အရောင်ရှိကြသည်ကို လူတိုင်း သိကြပေသည်။

ထို့အပြင် ထိုယုန်၏ မျက်လုံးများမှ ဆန်းပြားသော အော်ရာ တစ်ခု ဖြာထွက်နေခဲ့ရာ ရှုချွမ်းက တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် အသိစိတ်မှာ မိန်းမောတွေဝေသွားလုနီးပါး ဖြစ်ခဲ့ပြီး ရုန်းထွက်ရန်ပင် ခဲယဉ်းသွားခဲ့ရ၏။

သို့သော် ယင်းက အံ့ဩစရာအကောင်းဆုံးအရာ မဟုတ်သေးပေ ။

ထိုထက် အံ့ဩစရာကောင်းသည်မှာ ဤယုန်က ကမ္မနယ်ပယ် အဆင့် ၅ ကျင့်ကြံခြင်းအဆင့်ကို အမှန်တကယ် ပိုင်ဆိုင်ထားခြင်း ဖြစ်ပေသည်။

ဤကျင့်ကြံခြင်း အစွမ်းနှင့်အတူ ၎င်း၏ ထူးခြားဆန်းပြားလှသော မျက်လုံးအစုံကြောင့်သာ ကမ္မနယ်ပယ် အဆင့် ၆ ရှိ သိုင်းပညာရှင်ငါးဦး၏ လက်မှ ထပ်ခါတလဲလဲ လွတ်မြောက်နိုင်ခဲ့ပြီး ၎င်းတို့ကို အရူးလုပ်ကစားနိုင်ခဲ့ခြင်း ဖြစ်၏။

၎င်း၏ လက်ထဲတွင် သစ်ကိုင်းတစ်ကိုင်းကိုလည်း ကိုင်ဆောင်ထားရာ ထိုသစ်ကိုင်းမျိုးကို ရှုချွမ်း တစ်ခါမျှ မမြင်ဖူးပေ ။

သို့သော် သူ၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီးနောက် 'မူလကို ထိုးထွင်းသိမြင်ခြင်း ' စွမ်းရည်ကို အသက်သွင်းလိုက်သည်။

ထိုသစ်ကိုင်းနှင့် ယုန်တို့၏ အချက်အလက်များမှာ ရှုချွမ်း၏ မျက်စိအရှေ့၌ ချက်ချင်း ပေါ်လာခဲ့တော့၏။

【 ထိုက်ယင်ကျောက်စိမ်းယုန် - မျိုးဆက်အဆက်ဆက် ထိုက်ယင်နတ်သမီး၏ ဘေး၌ အမြဲတစေ အတူရှိနေခဲ့သော အိမ်မွေးသားရဲ ဖြစ်သည်။ မွေးရာပါ ကမ္မနယ်ပယ် အဆင့် ၁ ခွန်အားကို ပိုင်ဆိုင်ထားပြီး ၎င်း၏ မျက်ဝန်းများသည် ခပ်သိမ်းသောအရာတို့ကို မိန်းမောတွေဝေသွားစေရန် လှည့်စားနိုင်စွမ်း ရှိသည်။ 】

【 လမင်း ကရမက်သစ်ကိုင်း - ထိုက်ယင်မျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေရှိ လမင်းကရမက်ပင်မှ ရရှိသော သစ်ကိုင်းဖြစ်ပြီး 'ကောင်းကင်အဆင့် ' လက်နက်တစ်ခုနှင့် ယှဉ်နိုင်ကာ ထိုက်ယင်ကျောက်စိမ်းယုန်၏ လက်နက်ဖြစ်သည်။ 】

...

ဤအချက်အလက်နှစ်ခုကို မြင်လိုက်ရချိန်တွင် ရှုချွမ်း၏ မျက်ဝန်းများထဲ၌ စူးရှသော အရောင်အဝါတစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။

ဤကျောက်စိမ်းယုန်တွင် ဤကဲ့သို့သော နောက်ခံသမိုင်းကြောင်း ရှိနေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ ။

ထို့အပြင် ဤသိုင်းပညာရှင်တစ်စုမှာလည်း ဤယုန်၏ ထူးခြားဆန်းပြားသော သဘာဝကို ရိပ်မိကြသဖြင့် ဖမ်းဆီးလိုနေကြခြင်းမှာ ထင်ရှားလှပေသည်။

သို့သော် သူရရှိထားသော အချက်အလက်များအရ ယင်းက ထိုက်ယင်နတ်သမီး၏ အိမ်မွေးသားရဲ ဖြစ်သည်။

သို့ဖြစ်ရာ ရှုချွမ်းအနေဖြင့် ဤယုန်ကို ထိုသိုင်းပညာရှင်များ၏ လက်ထဲသို့ ကျရောက်သွားအောင် ဒီအတိုင်း လက်ပိုက်ကြည့်နေ၍ မဖြစ်နိုင်ပေ ။

အဘယ်ကြောင့်ဆိုသော် စစ်မှန်သော ထိုက်ယင်နတ်သမီးမှာ သူ၏ ဘေးနားတွင် ရှိနေခဲ့ပြီးသားဖြစ်ရာ မည်သူမျှ ဤကျောက်စိမ်းယုန်ကို လုယူသွားခွင့် မရှိပေ။

နင်ယို့ချီသည်လည်း ယခုအခိုက်အတန့်တွင် ထိုယုန်ကို စိုက်ကြည့်နေပြီး တစ်စုံတစ်ခုကို အတည်ပြုရန် ကြိုးစားနေပုံရသည်။

ခေတ္တမျှ ကြာပြီးနောက် သူမက ရှုချွမ်းကို လှမ်းကြည့်လိုက်ရာ စကားပြောရန် တုံ့ဆိုင်းနေသည့် ပုံစံ ပေါ်ပေါက်လာခဲ့၏။

နောက်ဆုံးတွင် သူမက ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ရှုချွမ်းအား ပြောလိုက်သည်။

"ရှုချွမ်း... ရှင် ကျွန်မအတွက် ဒီယုန်လေးကို ကယ်ပေးလို့ ရမလား..."

သူမ တုံ့ဆိုင်းနေရခြင်းမှာ အကြောင်းရင်း ရှိပေသည်။

ပထမအချက်မှာ သူမအနေဖြင့် ရှုချွမ်းကို ဒုက္ခမပေးလိုခြင်း ဖြစ်ပြီး ဒုတိယအချက်မှာ ဤယုန်က သူမရရှိထားသော အမွေအနှစ်ထဲမှ ယုန် စစ်မှန်ခြင်း ရှိမရှိ သေချာရေရာခြင်း မရှိသေးသောကြောင့် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ အမွေအနှစ် များအရ သူမတွင်လည်း ထိုက်ယင်ကျောက်စိမ်းယုန်တစ်ကောင် ရှိသင့်သော်လည်း ထိုကျောက်စိမ်းယုန်မှာ လနန်းတော်အတွင်း၌သာ ချိပ်ပိတ် ခံထားရဆဲ ဖြစ်သင့်ပြီး ဤနေရာ၌ လုံးဝ ပေါ်လာစရာ အကြောင်းမရှိပေ ။

သို့သော် ဤယုန်၏ ပုံစံမှာ သူမ၏ မှတ်ဉာဏ်ထဲမှ ထိုက်ယင်ကျောက်စိမ်းယုန်နှင့် တထေရာတည်း တူညီနေသဖြင့် သူမအနေဖြင့် အနည်းငယ် ဝေခွဲမရ ဖြစ်နေခြင်း ဖြစ်သည်။

နင်ယို့ချီ၏ စကားကို ကြားရချိန်တွင် ရှုချွမ်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီလေ..."

သူက မည်သည့်အကြောင်းရင်းကိုမျှ မေးမြန်းမနေဘဲ နင်ယို့ချီ အလိုရှိသမျှကို အစွမ်းကုန် ဖြည့်ဆည်းပေးမည်သာ ဖြစ်၏။

ထို့အပြင် သူကိုယ်တိုင်လည်း ဤယုန်၏ အကြောင်း ကို သိရှိထားပြီးဖြစ်ရာ လှုပ်ရှားရန် ပြင်ဆင်ထားပြီးသားလည်း ဖြစ်ပေသည်။

ယခုအခိုက်အတန့်တွင် သိုင်းပညာရှင်ငါးဦး၏ ဝိုင်းဝန်းပိတ်ဆီးခြင်းကို ခံထားရသော ယုန်ကလေးမှာ နောက်ဆုံး၌ မောပန်းနွမ်းနယ်လာသည့် လက္ခဏာများ ပြသလာခဲ့ပြီး အားအင်များ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ချေပြီ။

ရုတ်တရက်...

၎င်းက တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား နင်ယို့ချီ ရှိရာ အရပ်မျက်နှာဆီသို့ ရူးသွပ်စွာ ပြေးဝင်လာခဲ့တော့သည်။

၎င်းကို ကြားဖြတ်ဖမ်းဆီးရန် ကြိုးစားသော သိုင်းပညာရှင်များမှာ ၎င်း၏လက်ထဲရှိ လမင်း ကရမက်သစ်ကိုင်း၏ ရိုက်ခတ်မှုကြောင့် တိုက်ရိုက်ပင် လွင့်စင်သွားခဲ့ကြရ၏။

"ကူး... ကူး... ကူး... ကူး..."

၎င်း၏ ပါးစပ်မှ ပျာပျာသလဲ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပြီး ခြေနှစ်ဖက်ဖြင့် သုတ်ခြေတင် ပြေးလွှားရင်း နင်ယို့ချီ၏ အာရုံစိုက်မှုကို ရရှိရန် မျှော်လင့်ချက်ဖြင့် လက်ထဲမှ လမင်း ကရမက်သစ်ကိုင်းကို အဆက်မပြတ် ဝှေ့ယမ်းပြနေခဲ့သည်။

ယုန်၏ ပြုမူပုံများက နင်ယို့ချီအား ဤအရာက သူမ၏ အမွေအနှစ်ထဲမှ ယုန် အမှန်ပင် ဖြစ်ကြောင်း ပိုမိုသေချာသွားစေခဲ့ချေပြီ။

၎င်းကို မြင်လျှင် ရှုချွမ်းလည်း လှုပ်ရှားလိုက်ပြီး လိုက်လံဖမ်းဆီးလာသော သိုင်းပညာရှင်များကို ကြားဖြတ်တားလိုက်သည်။

"ဒီယုန်ကို ငါ လိုချင်တယ်..." ရှုချွမ်းက ထိုလူအနည်းငယ်ကို တည်ငြိမ်စွာ ပြောလိုက်၏။

"မင်းက ဘယ်သူမို့လို့လဲ..."

ခေါင်းဆောင်ဖြစ်သူမှာ သူတို့ ဤမျှအထိ အချိန်အကြာကြီး လိုက်လံဖမ်းဆီးလာခဲ့ရသော သားကောင်ကို မိခါနီးမှ လူတစ်ယောက်က ကြားဖြတ်တားကာ လုယူရန် ကြိုးစားနေသည်ကို မြင်ရသဖြင့် သဘာဝအတိုင်းပင် လွန်စွာ မကျေမနပ် ဖြစ်သွားခဲ့ရသည်။

သူက ထိုလူကို ချက်ချင်းပင် ဆဲဆိုကြိမ်းမောင်းရန် ပြင်ဆင်လိုက်၏။

သို့သော်လည်း ကြားဖြတ်တားဆီးထားသူမှာ ရှုချွမ်းဖြစ်ကြောင်း မြင်လိုက်ရချိန်တွင်မူ သူ၏ လည်ချောင်းထဲ၌ တစ်စုံတစ်ခု တစ်ဆို့သွားသည့်အလား ဖြစ်သွားခဲ့ရပြီး ဆက်ပြောရန်ပင် မဝံ့ရဲတော့​ပေ ။

၎င်းတို့က ရှုချွမ်း၏ ကြီးမြတ်လှသော နာမည်ကျော်ကြားမှုကို ကြားသိထားကြပြီးသား ဖြစ်ပေသည်။

ထို့အပြင် ရှုချွမ်း၏ 'သူတော်စင်သားတော် ' ဟူသော အဆင့်အတန်းမှာ ၎င်းတို့အနေဖြင့် မည်သည့်နည်းနှင့်မျှ ပြစ်မှားစော်ကား၍ ရနိုင်သော အရာမဟုတ်ပေ ။

"သူ... သူတော်စင် ရှုချွမ်း... မင်းက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ..." ကမ္မနယ်ပယ် အဆင့် ၈ ရှိ အသက်အကြီးဆုံး သိုင်းပညာရှင်ခေါင်းဆောင်က ကြောက်ကြောက်လန့်လန့်ဖြင့် မေးမြန်းလိုက်သည်။‌

"ဘာလဲ... ငါက ဒီနေရာမှာ ရှိနေလို့ မရဘူးလား..." ရှုချွမ်းက ပြန်လည် တုံ့ပြန်လိုက်၏။

"မ... မဟုတ်ပါဘူး... မင်း ရှိနေလို့ ရတာပေါ့..."

သူက မြို့တော်ရှိ တော်ဝင်အထူးသက်တော်စောင့် ၏ ဒုတိယသားမျှသာ ဖြစ်ရာ အဆင့်အတန်း အရဆိုလျှင် ရှုချွမ်း၏ သောင်းပုံတစ်ပုံမျှပင် မရှိပေ ။

သူက ကမ္မနယ်ပယ် သိုင်းပညာရှင်ငါးဦးကို ရှေးဟောင်းစစ်မြေပြင်ကြီးအတွင်းသို့ ခေါ်ဆောင်လာနိုင်ခြင်းမှာလည်း သူ၏ မိသားစုထံမှ ခိုးယူလာခဲ့သော လူများကို ဖုံးကွယ်ပေးနိုင်သည့် ရတနာတစ်ပါးကို အသုံးပြုထားခဲ့သောကြောင့်သာ ဖြစ်သည်။

"သူတော်စင် ရှုချွမ်း... ဒီယုန်ကို ကျွန်တော်တို့ အရင် မြင်ခဲ့တာမို့လို့... မင်းအနေနဲ့..."

ရှုချွမ်းနှင့် ရင်ဆိုင်ရချိန်တွင် သူ၌ ယခင်က မောက်မာမှုများ လုံးဝ မရှိတော့ပေ ။

သို့သော်လည်း ဤဆန်းပြားလှသော ယုန်ကိုမူ သူ လက်မလွှတ်ချင်သေးပေ။

ရှေးဟောင်းစစ်မြေပြင်ကြီးအတွင်း၌ မိစ္ဆာမျိုးနွယ်စုမှလွဲ၍ အခြားသော သက်ရှိ သတ္တဝါဟူ၍ မရှိကြောင်းကို လူတိုင်း သိကြပေသည်။

သို့သော် ယခုအခါတွင် ယုန်တစ်ကောင် ပေါ်လာရုံသာမက ၎င်းမှာ ကမ္မနယ်ပယ် အဆင့် ၅ ရှိ ယုန်တစ်ကောင် ဖြစ်နေခဲ့ချေပြီ။

ဤအရာ၏ နောက်ကွယ်၌ ပြောပြ၍မရနိုင်သော လျှို့ဝှက်ချက်တစ်ခု ရှိနေရမည်မှာ သေချာလှပေသည်။

အကယ်၍ သူသာ ဤယုန်ကို အပြင်သို့ ခေါ်ဆောင်သွားပြီး ဧကရာဇ်နင်ထံ ဆက်သနိုင်မည်ဆိုပါက ကောင်းမွန်သော ရတနာတစ်ခုနှင့် လဲလှယ်နိုင်ပေလိမ့်မည်။

အနည်းဆုံးတော့ ဤယုန်မှာ လွန်စွာ ဆန်းပြားလှသဖြင့် မျိုးဆက်အဆက်ဆက် ရှေးဟောင်းစစ်မြေပြင်ကို မက်မောခဲ့ကြသော အင်အားစုကြီးများက ၎င်းကို မြင့်မားသော တန်ဖိုးတစ်ခုပေး၍ ဝယ်ယူရန် အသေအချာပင် လိုလားကြပေလိမ့်မည်။

ကြီးမားလှသော အကျိုးအမြတ်များက သူ၏ စဉ်းစားဆင်ခြင်ဉာဏ်ကို ကွယ်ပျောက်စေခဲ့ပြီး သူ့ကိုယ်သူ အရှိန်အဝါ ပျောက်ဆုံးသွားစေခဲ့ခြင်း ဖြစ်၏။

"ငါ ပြောပြီးပြီလေ... ဒီယုန်ကို... ငါ လိုချင်တယ်..." ရှုချွမ်းက ထိုလူကို မျက်နှာသာပေးခြင်း လုံးဝ မရှိပေ ။

သူက ကမ္မနယ်ပယ် အဆင့် ၆ သို့ အောင်မြင်စွာ တက်လှမ်းထားပြီးဖြစ်သည်ကို ထားလိုက်ပါဦးတော့၊ သူ နိဗ္ဗာနနယ်ပယ်၌ ရှိနေစဉ်ကပင် မည်သည့် သာမန်လူတစ်ဦးတစ်ယောက်မျှ သူ့ကို လာရောက်ရန်စ၍ မရနိုင်ခဲ့သည် မဟုတ်ပါလော။

ဤစကားကို ကြားရချိန်တွင် ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာအမူအရာမှာ တခဏချင်းအတွင်း ပျက်ယွင်းသွားခဲ့ရ၏။

သူ၏ မျက်နှာမှာ မဲမှောင်သွားခဲ့ပြီး ခေါင်းကို ငုံ့ထားခဲ့ကာ ဘာတွေ တွေးတောနေသည်ကို မသိနိုင်ပေ ။

"ငါ ဒေါသ မထွက်ခင်... လစ်ကြစမ်း..."

ရှုချွမ်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ ကမ္မနယ်ပယ် အဆင့် ၆ သာ ပိုင်ဆိုင်နိုင်သော အော်ရာ တစ်ခုကို ထုတ်ဖော်လိုက်ရာ ၎င်းမှာ ရှေ့မှောက်ရှိ လူအနည်းငယ်၏ အပေါ်သို့ ဖိနှိပ်ကျရောက်သွားခဲ့တော့သည်။

ကြီးမားလှသော ဖိအားကြီးမှာ တခဏချင်းအတွင်း ရိုက်ခတ်သွားခဲ့သဖြင့် ထိုလူအနည်းငယ်မှာ ဒူးထောက်လုနီးပါး ဖြစ်သွားခဲ့ရ၏။

ဖိအား၏ ဗဟိုချက်တွင် ရှိနေခဲ့သော ခေါင်းဆောင်ဖြစ်သူမှာမူ သာ၍ပင် တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ မြေပြင်ပေါ်သို့ တိုက်ရိုက် ဒူးထောက်ကျသွားခဲ့ရတော့သည်။

ထိုထိတ်လန့်ဖွယ်ရာ ဖိအားကြီးအောက်တွင် သူက နောက်ဆုံး၌ နိုးထသွားခဲ့ရပြီး သူ မည်သူနှင့် ရင်ဆိုင်နေရသည်ကို သဘောပေါက်သွားခဲ့ချေပြီ။

ဤသူက နိဗ္ဗာနနယ်ပယ် အဆင့် ၂ မျှသာ ရှိသေးသည့် အချိန်ကတည်းက ကမ္မနယ်ပယ် သိုင်းပညာရှင် မြောက်မြားစွာကို အမှုန့်ချေပစ်နိုင်ခဲ့သော 'နတ်ဆိုး' တစ်‌ယောက် ဖြစ်ပေသည်။

ယခုအခါတွင် သူက ကမ္မနယ်ပယ် အဆင့် ၆ သို့ အမှန်တကယ်ပင် အဆင့်တက်လှမ်းထားခဲ့ပြီ မဟုတ်ပါလော။

သူ၏ ယခင်က ပြုမူပုံများကို ပြန်လည်တွေးတောမိချိန်တွင် ယင်းက သေမင်းကို ဖိတ်ခေါ်နေခြင်းနှင့် တထေရာတည်း တူညီနေခဲ့ချေပြီ။

"ကျွန်တော်တို့ အခုပဲ ထွက်သွားပါ့မယ်... အခုပဲ ထွက်သွားပါ့မယ်..."

"သူတော်စင် ရှုချွမ်း... ကျွန်တော်တို့ မင်းကို အကြီးအကျယ် ပြစ်မှားမိသွားပါတယ်။ မင်းအနေနဲ့ သဘောထားကြီးကြီးထားပြီး ခွင့်လွှတ်ပေးပါ..."

ခေါင်းဆောင်ဖြစ်သူမှာ ဆက်လက်၍ မာန်တင်းမနေဝံ့တော့ဘဲ အကြိမ်ကြိမ်အခါခါ အသနားခံ တောင်းပန်တိုးလျှိုးလိုက်တော့သည်။

ထိုအခါမှသာ ရှုချွမ်းက သူ၏ အော်ရာ ကို ပြန်လည်ရုပ်သိမ်းလိုက်ရာ ထိုလူအနည်းငယ်မှာ ကပျာကယာ ထရပ်ကြပြီး ဝေးရာသို့ သုတ်ခြေတင် ထွက်ပြေးသွားခဲ့ကြတော့၏။

လူသတ်နတ်ဆိုး ဖြစ်သော ရှုချွမ်း၏ ဖိအားမှာ ၎င်းတို့အတွက် လွန်စွာ ပြင်းထန်လွန်းလှပေသည်။

၎င်းတို့ ဤနေရာမှ အနည်းဆုံး ဆယ်လီမျှ ကွာဝေးသော နေရာသို့ ရောက်ရှိသွားချိန်တွင်မှ ထိုလူအနည်းငယ်မှာ ခြေလှမ်းရပ်တန့်လိုက်ကြ၏။

"အစ်ကိုကြီး... ဒီအတိုင်းပဲ လက်လွှတ်လိုက်တော့မှာလား..."

သိုင်းပညာရှင်တစ်ဦးက လွန်စွာ မကျေမနပ်ဖြစ်နေသော လေသံဖြင့် ခေါင်းဆောင်ဖြစ်သူအား မေးလိုက်သည်။

"ငါတို့ လက်မလွှတ်ရင် ဘာလုပ်နိုင်ဦးမှာလဲ။ မင်း သူ့ကို နိုင်မှာမို့လို့လား။ ငါကတော့ မနိုင်ဘူး..." ခေါင်းဆောင်က ခေါင်းခါယမ်းလိုက်သည်။

အချို့သော အချိန်များတွင် လက်လွှတ်လိုက်ခြင်းက မကောင်းသော ရွေးချယ်မှုတစ်ခု မဟုတ်ပေ ။

"ဒါပေမဲ့..."

"တော်ပြီ... ဒီအကြောင်းကို ထပ်ပြီး မပြောနဲ့တော့။ ငါတို့ ဒီကနေ ထွက်သွားပြီးရင် ဘယ်သူမှ ဒီကိစ္စကို ပြန်ပြီး မဟ ရဘူး။ မဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို မင်းတို့ သိကြမှာပါ..."

ထိုသိုင်းပညာရှင်က တစ်စုံတစ်ခုကို ဆက်ပြောရန် အားထုတ်ခဲ့သော်လည်း ခေါင်းဆောင်ဖြစ်သူ၏ တိုက်ရိုက် တားမြစ်ခြင်းကို ခံလိုက်ရတော့သည်။

All Chapters