← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း (၁၆၀) ကျောက်စိမ်းယုန် သခင်အသိအမှတ်ပြုခြင်း၊ မိစ္ဆာနယ်‌မြေသို့ နောက်ဆုံး၌ ရောက်ရှိခြင်း

ရှုချွမ်း လှည့်ကြည့်လိုက်ချိန်တွင် ထိုကျောက်စိမ်းယုန်လေးမှာ နင်ယို့ချီ၏ ရင်ခွင်ထဲသို့ အတင်းတိုးဝှေ့ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး နင်ယို့ချီကလည်း ၎င်းကို ပွေ့ပိုက်ကာ ဒဏ်ရာများကို ကုသပေးနေခဲ့ချေပြီ။

"ရှုချွမ်း... ဒါက တကယ်ပဲ ထိုက်ယင်ကျောက်စိမ်းယုန်လေးပဲ..."

နင်ယို့ချီက ကျောက်စိမ်းယုန်လေးကို ချီထားရင်းဖြင့် ဝမ်းသာအားရ ပြောလိုက်၏။

၎င်း၏ ချစ်စဖွယ် ပုံပန်းသဏ္ဌာန်လေးက သူမ၏ နှလုံးသားကို တခဏချင်းအတွင်း ဖမ်းစားသွားခဲ့ပြီ ဖြစ်သည်။

၎င်းကို မြင်လျှင် ရှုချွမ်းလည်း မပြုံးဘဲ မနေနိုင်တော့ပေ ။

ထိုက်ယင်နတ်သမီး၏ အိမ်မွေးသားရဲပီပီ လွန်ခဲ့သော ခဏကပင် လျှင်မြန်ဖျတ်လတ်ပြီး ကြမ်းတမ်းခက်ထန်နေခဲ့သော ယုန်ကလေးမှာ နင်ယို့ချီ၏ လက်ထဲသို့ ရောက်ရှိသွားချိန်တွင်မူ ဤမျှအထိ လိမ်မာယဉ်ကျေးပြီး ချစ်စရာကောင်းသွားခဲ့ရချေပြီ။

"ဒီယုန်က ဘာလုပ်လို့ရလဲ..." ရှုချွမ်းက သူကိုယ်တိုင်လည်း အနည်းငယ် သိလိုစိတ် ပြင်းပြနေသဖြင့် မေးမြန်းလိုက်၏။

'မူလကို ထိုးထွင်းသိမြင်ခြင်း' စွမ်းရည်က အခြေခံ အချက်အလက်အချို့ကိုသာ စစ်ဆေးနိုင်ခြင်းဖြစ်ပြီး ထူးခြားသော အစွမ်းသတ္တိများကဲ့သို့သော အသေးစိတ်အချက်အလက်များကိုမူ မမြင်တွေ့နိုင်ပေ ။

"ဒါက ထိုက်ယင်နတ်သမီးရဲ့ အမြဲတမ်းအဖော်ပြုပေးတဲ့ အိမ်မွေးသားရဲ 'ထိုက်ယင်ကျောက်စိမ်းယုန်' ပဲ၊ ကျွန်မရဲ့ အမွေအနှစ် မှတ်ဉာဏ် တွေထဲမှာ ပါတယ်လေ..."

"ဒါပေမဲ့ ဒါက လနန်းတော်ထဲမှာ ချိပ်ပိတ် ခံထားရမှာ ဖြစ်ပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ရုတ်တရက် ​ဥ ခွံကနေ ပေါက်ဖွားလာခဲ့တာပဲ..."

"ဒါတင်မကသေးဘူး... ဒါက လနန်းတော်ထဲမှာ မွေးဖွားလာဖို့အတွက် ပြင်ဆင်ထားတဲ့ အဖိုးတန် ဆေးဖက်ဝင် ပစ္စည်းတွေအားလုံးကိုလည်း စားပစ်လိုက်သေးတယ်။ ပြီးတော့မှ ဂူထဲကို တွင်းတူးပြီး ဝင်သွားခဲ့ကာ နောက်ဆုံးတော့ ဒီရှေးဟောင်းစစ်မြေပြင်ကြီးထဲကို ရောက်လာခဲ့တာ..."

"ကံကောင်းတာက သူ့ရဲ့လက်ထဲမှာ မိစ္ဆာချီစွမ်းအားတွေကို သန့်စင်ပေးနိုင်တဲ့ လမင်းကရမက်သစ်ကိုင်း ရှိနေလို့သာ ဤနေရာမှာ အသက်ရှင်သန်နိုင်ခဲ့တာပဲ..." နင်ယို့ချီက ထိုက်ယင်ကျောက်စိမ်းယုန်၏ အလုံးစုံကို ရှုချွမ်းအား မည်သည့်အရာမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ ပြောပြလိုက်သည်။

"ဒါဆိုရင် သူက အဲ့လူစုနဲ့ ဘယ်လိုဖြစ်ပြီး ရန်ငြိုးဖွဲ့မိသွားတာလဲ..." ရှုချွမ်းက ထပ်မံ၍ မေးလိုက်၏။

ယခုတစ်ကြိမ်တွင်မူ နင်ယို့ချီလည်း မသိ​ပေ ၊ စောစောက ကျောက်စိမ်းယုန်လေးက သူမကို ဤအကြောင်းအရာအား ပြောမပြခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူမက ထိုက်ယင်နတ်သမီး ဖြစ်သည်နှင့်အညီ ၎င်းနှင့် ဆက်သွယ်နိုင်သော ထူးခြားသည့် နည်းလမ်း ရှိနေခဲ့ပေသည်။

ရှုချွမ်း၏ စိုက်ကြည့်နေမှုအောက်တွင် လူတစ်ဦးနှင့် သားရဲတစ်ကောင်မှာ သူတစ်ခါမျှ မကြားဖူး၊ မမြင်ဖူးသော ဘာသာစကားတစ်ခုဖြင့် စတင်၍ ဆက်သွယ်ပြောဆိုလိုက်ကြ၏။

ခေတ္တမျှ ကြာပြီးနောက်တွင်မှ ၎င်းတို့၏ ဆက်သွယ်မှုမှာ ပြီးဆုံးသွားခဲ့တော့သည်။

"သူက ဒီနေရာမှာ စားစရာ ရှာဖွေနေတုန်း အဲ့လူစုနဲ့ ရုတ်တရက် တိုးမိတာတဲ့။ အဲဒီအချိန်မှာ ခေါင်းဆောင်က 'ဒီနေရာမှာ တကယ်ပဲ ယုန်တစ်ကောင် ရှိနေတာပဲ၊ ဖမ်းပြီးတော့ ကင်စားရမယ်' လို့ ပြောခဲ့တယ်..."

"သူက အဲ့စကားကို ကြားတော့ သဘာဝအတိုင်း မကျေနပ်ဘူးလေ၊ ဒါကြောင့် သူ့ရဲ့ စွမ်းရည်ကို သုံးပြီး လူအနည်းငယ်ကို မိန်းမောတွေဝေသွားအောင် လုပ်လိုက်ပြီးမှ တစ်ယောက်ချင်းစီကို တစ်ချက်စီ ရိုက်နှက်ပစ်လိုက်တာ..."

"အဲဒီနောက်ကျမှ အဲ့လူတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရတာတဲ့..."

ဇာတ်ကြောင်းအပြည့်အစုံကို ရှင်းလင်းစွာ သိရှိသွားချိန်တွင် ကျောက်စိမ်းယုန်လေး၏ ဒဏ်ရာများမှာလည်း လုံးဝ ဥဿုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

နင်ယို့ချီက ၎င်းကို မြေပြင်ပေါ်သို့ အသာအယာ ချပေးလိုက်သည်။

"ယုန်ကလေး... မင်း နောက်ထပ် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ..."

နင်ယို့ချီက မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏ အရှေ့ရှိ ကျောက်စိမ်းယုန်လေးကို ကြည့်ကာ နူးညံ့စွာ မေးလိုက်သည်။

ဤသားရဲမှာ သူမ၏ အိမ်မွေးသားရဲ ဖြစ်သင့်သော်လည်း ၎င်းက စောစီးစွာ ပေါက်ဖွားလာခဲ့ကာ သူမအား သခင်အဖြစ် အချိန်မီ အသိအမှတ်မပြုနိုင်ခဲ့ခြင်းကြောင့် ယခုအခါ၌ ကမ္မနယ်ပယ် အဆင့် ၅ သို့ ကျင့်ကြံခြင်း ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ ၎င်းအနေဖြင့် သူမအား သခင်အဖြစ် ပြန်လည်အသိအမှတ်ပြုရန်မှာ လွန်စွာ ခဲယဉ်းပေလိမ့်မည်။

နင်ယို့ချီက ဤကျောက်စိမ်းယုန်လေးကို အလွန်ပင် နှစ်သက်မိသော်လည်း ၎င်းအား သခင်အဖြစ် အသိအမှတ်ပြုရန် အတင်းအဓမ္မ မတိုက်တွန်းလိုသဖြင့် ဤကဲ့သို့ ညင်သာစွာ မေးမြန်းခြင်း ဖြစ်၏။

"ကူး... ကူး... ကူး... ကူး..."

ကျောက်စိမ်းယုန်လေးက နင်ယို့ချီကို ကြည့်ကာ အော်ဟစ်လိုက်ပြီး လက်ထဲမှ လမင်း ကရမက်သစ်ကိုင်းကို ဝှေ့ယမ်းပြနေခဲ့ရာ လွန်စွာ ပျော်ရွှင်နေသည့် ပုံစံ ရှိပေသည်။

ရှုချွမ်းကမူ လူနှင့် သားရဲ ပြောဆိုနေသည်ကို နားမလည်သဖြင့် ဘေး၌ ရပ်ကာ ၎င်းတို့ ဆက်သွယ်နေသည်ကိုသာ ဒီအတိုင်း ကြည့်နေခဲ့၏။

သူ့အမြင်တွင်မူ ဤကျောက်စိမ်းယုန်လေးက မည်မျှပင် ကောင်းမွန်သည်ဖြစ်စေ၊ ချစ်စရာကောင်းသည်ဖြစ်စေ ယုန်သားဟင်းစပ်စပ် တစ်ခွက်၏ အရသာနှင့် ယှဉ်လျှင်မူ လုံးဝ ပြည့်စုံနိုင်လိမ့်မည် မဟုတ်ပေ ။

ဤအရာကို တွေးတောမိသည်နှင့် ရှုချွမ်း၏ ခံတွင်းထဲ၌ တံတွေးများပင် စိုစွတ်လာခဲ့ရတော့သည်။

နတ်ဘုရားစွမ်းအား သို့ ခြေချလိုက်တာနဲ့ အစားအစာ မရှိမဖြစ် လိုအပ်သောအရာ မဟုတ်တော့ပေ ။

သိုင်းပညာရှင်တစ်ဦးက ကောင်းကင်နှင့် မြေကြီး ၏ မူလချီများကို သန့်စင်ရုံမျှဖြင့် ဗိုက်ပြည့်တင်းတိမ်မှုကို ခံစားရနိုင်ပြီး ရံဖန်ရံခါ အစားအစာ စားသုံးခြင်းမှာ ခံတွင်းပျက်မှုကို ဖြေဖျောက်ရန်အတွက်သာ ဖြစ်ပေသည်။

သို့သော်လည်း ယုန်သားဟင်းစပ်စပ်ကို တွေးမိသည်နှင့် ရှုချွမ်း၏ စားချင်စိတ်မှာ အမှန်တကယ်ပင် ထကြွလာခဲ့ရ၏။

ဤကမ္ဘာတွင် သူ၏ အတိတ်ဘဝကကဲ့သို့ ဆန်းပြားဆန်းကြယ်လှသော ဟင်းခတ်အမွှေးအကြိုင်များ မြောက်မြားစွာ မရှိသဖြင့် ဟင်းလျာချက်ပြုတ်မှု အနုပညာမှာ ယခင်ကထက် များစွာ နိမ့်ကျလှပေသည်။

သူ လွန်စွာ လွမ်းဆွတ်မိသည်မှာ အမှန်ပင်။

အကယ်၍ သူသာ ယခင်ကမ္ဘာသို့ ပြန်လည်ရောက်ရှိနိုင်မည်ဆိုပါက ကြီးကျယ်ခမ်းနားသော စားပွဲသောက်ပွဲကြီးတစ်ခုကို အဝစားပစ်မည်မှာ သေချာလှပေသည်။

"ရှုချွမ်း... သူက ကျွန်မကို သခင်အဖြစ် အသိအမှတ်ပြုဖို့ လိုလားတယ်တဲ့..."

ယခုအခိုက်အတန့်တွင် နင်ယို့ချီက ဝမ်းသာအားရဖြင့် ထရပ်လိုက်ပြီး ရှုချွမ်းဘက်သို့ လှည့်ကာ ပြောလိုက်၏။ ယင်းက ရှုချွမ်း၏ စိတ်ကူးယဉ်မှုကြီးကို ဖြတ်တောက်လိုက်ခြင်းလည်း ဖြစ်ပေသည်။

သူက ဘာမှတတ်နိုင်ခြင်းမရှိဘဲ ဆွံ့အသွားခဲ့ရပြီး "ကောင်းပြီ... ကောင်းပြီ... ဒါဆိုရင် မြန်မြန်ပဲ သခင်အသိအမှတ်ပြုတာ ကို လုပ်လိုက်ဦး။ ပြီးရင် ကိုတို့ မိစ္ဆာနယ်‌မြေကို ခရီးဆက်ရဦးမယ်..." ဟုသာ ပြောနိုင်တော့သည်။

"အင်း..."

နင်ယို့ချီက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ပြီး လက်ဟန်တံဆိပ်တစ်ခုကို ဖော်ဆောင်လိုက်ရာ သူမ၏ နဖူးပြင်ပေါ်ရှိ ဝှက်ဖုံးထားသော သင်္ကေတအမှတ်အသားမှာ ပေါ်ထွက်လာခဲ့၏။

ထိုအမှတ်အသားထံမှ ငွေရောင်အလင်းတန်းတစ်ခု ဖြာထွက်သွားခဲ့ပြီး ကျောက်စိမ်းယုန်လေး၏ မျက်ဝန်းအစုံအတွင်းသို့ တိုက်ရိုက် တိုးဝင်သွားခဲ့တော့သည်။

ကျောက်စိမ်းယုန်လေးသည်လည်း ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ၎င်း၏ ကြီးမားလှသော မျက်ဝန်းများကို အစွမ်းကုန် ဖွင့်ဟလိုက်ရာ ၎င်း၏ ငွေရောင်လမင်းမျက်ဝန်းအစုံထဲ၌ တောက်ပသော လပြည့်ဝန်းကဲ့သို့သော အမှတ်အသားနှစ်ခု ထင်ရှားစွာ ပေါ်ထွက်လာခဲ့၏။

ရှုချွမ်းက ဘေးမှနေ၍ အံ့ဩတကြီး ကြည့်နေခဲ့သည်။

ဤအရာက သာမန်သိုင်းပညာရှင်များ မိစ္ဆာသားရဲများကို ယဉ်ပါးအောင် ပြုလုပ်သည့် နည်းလမ်းနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။

ရှုချွမ်းက သိုင်းပညာရှင်များ မိစ္ဆာသားရဲများကို ယဉ်ပါးအောင် လုပ်သည်ကိုလည်းကောင်း မိစ္ဆာသားရဲများက သခင်အဖြစ် အသိအမှတ်ပြုသည်ကိုလည်းကောင်း ယခင်က မြင်တွေ့ဖူးခဲ့သည်။

သို့သော် ထိုအရာများမှာ အများအားဖြင့် ကြမ်းတမ်းသော အတင်း အသိအမှတ်ပြုခြင်းမျိုးဖြစ်ပြီး 'သခင်နှင့် ကျွန် စာချုပ်' ကို ချုပ်ဆိုခြင်း ဖြစ်သည်။

ထိုစာချုပ်အရ သခင်ဖြစ်သူ သေဆုံးပါက သားရဲပါ သေဆုံးရမည်ဖြစ်ပြီး သားရဲ သေဆုံးပါကမူ သခင်ဖြစ်သူမှာ ဘာမျှမဖြစ်ပေ ။

ထို့အပြင် သားရဲက သူ၏ အနှစ်သာရစွမ်းအားများကိုပါ သခင်၏ ခန္ဓာကိုယ်အတွင်းသို့ လွှဲပြောင်းပေးရပြီး ကျင့်ကြံခြင်းကို ကူညီပေးရသဖြင့် ၎င်းမှာ လုံးဝ မမျှတသော ကျွန်ပြုစာချုပ်သာ ဖြစ်ပေသည်။

သို့သော်လည်း ယခု နင်ယို့ချီနှင့် ကျောက်စိမ်းယုန်လေးတို့ ချုပ်ဆိုလိုက်သော အရာမှာမူ ထိုကဲ့သို့သော အရာမဟုတ်သည်မှာ ထင်ရှားလှပေသည်။

"ဒါက..." ရှုချွမ်းက သူ၏ နှလုံးသားထဲမှ သံသယကို မေးမြန်းလိုက်၏။

"သဘောတူ စာချုပ်လေ... ကျွန်မတို့က သဘောတူ စာချုပ်ကို ချုပ်ဆိုလိုက်တာ..." ရှုချွမ်း စကားမဆုံးမီမှာပင် နင်ယို့ချီက ကပျာကယာ ရှင်းပြလိုက်သည်။

"ဒီစာချုပ်ကို ချုပ်ဆိုပြီးရင် ကျွန်မတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး လွှမ်းမိုးချုပ်ကိုင်ခြင်းမရှိဘဲ တန်းတူရည်တူ အတူယှဉ်တွဲ ရှင်သန်သွားမှာဖြစ်ပြီး ကျင့်ကြံခြင်းအပိုင်းမှာလည်း အပြန်အလှန် အထောက်အကူ ပြုစေမှာ ။ တကယ်လို့ တစ်ဖက်က သေဆုံးသွားခဲ့ရင်တောင် ကျန်တဲ့တစ်ဖက်အပေါ်မှာ ဘာဆိုးကျိုးမှ သက်ရောက်မှု ရှိမှာမဟုတ်ဘူး..." နင်ယို့ချီက ပြုံးလျက် ပြောလိုက်၏။

သူမ၏ အမွေအနှစ် မှတ်ဉာဏ်များအရ ထိုက်ယင်နတ်သမီးနှင့် ထိုက်ယင်ကျောက်စိမ်းယုန်တို့ကြားတွင် ဤကဲ့သို့သော ဆက်ဆံရေးမျိုးသာ ရှိခဲ့ခြင်းဖြစ်ပြီး 'သခင်နှင့် ကျွန် စာချုပ်' ချုပ်ဆိုခဲ့သည့် သာဓကဟူ၍ တစ်ခါမျှ မရှိခဲ့ဖူးပေ ။ သို့ဖြစ်ရာ သူမအနေဖြင့်လည်း ဤစည်းမျဉ်းကို ဖောက်ဖျက်ရန် အကြောင်းမရှိပေ။

သူမအတွက်မူ ထိုက်ယင်ကျောက်စိမ်းယုန်ကို မိသားစုဝင်တစ်ဦး၊ အဖော်အပေါင်းတစ်ဦးနှင့် ဘဝတစ်ခုလုံး ယုံကြည်အားကိုးထိုက်သော ဖြစ်တည်မှုတစ်ခုသာ ဖြစ်ပေသည်။

သခင်အဖြစ် အောင်မြင်စွာ အသိအမှတ်ပြုပြီးနောက်တွင် နင်ယို့ချီက ယုန်ကလေးကို သူမ၏ ရင်ခွင်ထဲသို့ ထပ်မံ ပွေ့ပိုက်လိုက်ပြန်ရာ ရှုချွမ်းအနေဖြင့် အနည်းငယ်ပင် မနာလို ဖြစ်မိသွားခဲ့ရ၏။

၎င်းက အသစ်တွေ့တော့ အဟောင်းမေ့ဟန်မျိုး ဖြစ်နေသည် မဟုတ်ပါလော။

"သွားကြစို့..."

လူနှင့် သားရဲကို ထပ်မံ၍ အာရုံစိုက်မနေတော့ဘဲ ရှုချွမ်းက ဦးဆောင်ကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်ခဲ့တော့သည်။

…

လူနှစ်ဦးနှင့် သားရဲတစ်ကောင်တို့က နောက်ထပ် နှစ်ရက်မျှ ဆက်လက် လျှောက်လှမ်းခဲ့ကြပြီး လမ်းခရီးတစ်လျှောက်တွင် မိစ္ဆာမျိုးနွယ်စု မြောက်မြားစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း ရှုချွမ်းက အားလုံးကို အပြတ်အသတ် ရှင်းလင်းပေးခဲ့၏။

နှစ်ရက် ကုန်ဆုံးသွားပြီးနောက်တွင်မူ ၎င်းတို့က ရှေးဟောင်းစစ်မြေပြင်ကြီး၏ ဗဟိုချက် ရှိ မိစ္ဆာနယ်မြေ အက်ကြောင်းကြီး၏ ဘေး၌ တည်ရှိနေသော မိစ္ဆာနယ်မြေ ထံသို့ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့ကြတော့သည်။

ဤနေရာမှာ ဖုန်တထောင်းထောင်းနှင့် လူသူကင်းမဲ့လှပြီး ရှေးဟောင်းစစ်မြေပြင်၏ အခြားသော နေရာများနှင့် သိပ်မကွာခြားလှပေ ။

သို့သော်လည်း မိစ္ဆာချီစွမ်းအားများ၏ သိပ်သည်းဆမှာမူ မိစ္ဆာမျိုးနွယ်စုများ အခြေစိုက်ရာ နေရာများထက်ပင် သာ၍ နည်းပါးနေခဲ့သေးသည်။

သို့သော်ငြားလည်း ရှုချွမ်းက ထိုမိစ္ဆာမ နှင့် အရိပ်မိစ္ဆာ အချို့၏ မှတ်ဉာဏ်များအတိုင်း လမ်းခရီးတစ်ခုလုံးကို လိုက်ပါလာခဲ့ခြင်း ဖြစ်သဖြင့် လမ်းမှားရန်မှာ လုံးဝ မဖြစ်နိုင်ပေ ။

"ကျွန်မတို့ ဘယ်လို ဝင်ရမလဲ... ဒီမိစ္ဆာနယ်မြေကို ပုံသဏ္ဌာန်တောင် မမြင်ရဘူးလေ..." နင်ယို့ချီက မေးမြန်းလိုက်၏။

ရှုချွမ်းက ခေါင်းခါယမ်းလိုက်သည်။

သူကိုယ်တိုင်လည်း ဘယ်လိုဝင်ရမည်ကို မသိပေ ။

မိစ္ဆာမျိုးနွယ်စုများအနေဖြင့် ဤနေရာတွင် နှစ်ပေါင်းများစွာကြာအောင် ပုန်းကွယ်နေနိုင်ခဲ့ခြင်းဖြစ်ရာ ၎င်းတို့နှင့် အခြားသော သက်ရှိများကို ခွဲခြားသိမြင်နိုင်မည့် နည်းလမ်းများကို လွန်ခဲ့သော အချိန်ကတည်းက အသေအချာ ပြင်ဆင်ထားခဲ့ရမည်မှာ အမှန်ပင် ဖြစ်ပေသည်။

"ဒီအခြေအနေအထိ ရောက်မှတော့... နည်းလမ်းတစ်ခုပဲ ရှိတော့တယ်..." ရှုချွမ်းက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် အဖြေတစ်ခုကို စဉ်းစားမိသွားခဲ့၏။

"ဘာနည်းလမ်းလဲ..."

"ငါ့မှာ ငါတို့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ပေးနိုင်မယ့် ရတနာတစ်ခု ရှိတယ်။ အဲဒီအရာကို သုံးပြီး ဒီအစီအရင်ရဲ့ အတားအဆီးတွေကို ဖြတ်ကျော်ပြီး အထဲကို ဝင်ကြမယ်။ ဒါပေမဲ့ တစ်ခုတည်းသော အားနည်းချက်က အချိန်အကြာကြီး အသုံးမခံတာပဲ..."

"အထဲကို ရောက်သွားပြီးရင် ငါတို့တွေ လျင်လျင်မြန်မြန်ပဲ ရိပ်မိခံရဖို့ အလားအလာ အများကြီး ရှိတယ်..."

"မင်း ကိုနဲ့အတူ အထဲကို လိုက်ဝင်ဖို့ လိုလားရဲ့လား..."

ရှုချွမ်းက နင်ယို့ချီကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲ၌ ယခင်ကထက် သာ၍ တည်ကြည်လေးနက်ပြီး စစ်မှန်သော အရောင်အဝါများ ပြည့်နှက်နေခဲ့သည်။

"ကျွန်မလိုလားပါတယ်ရှင်..."

နင်ယို့ချီက ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ရင်ခွင်ထဲရှိ ကျောက်စိမ်းယုန်လေးသည်လည်း သူမ၏ စိတ်ခံစားချက်ကို အာရုံခံမိသည့်အလား အတူတကွ လိုက်လံခေါင်းညိတ်ပြနေခဲ့၏။

"ကောင်းပြီ... ဒါဆိုရင် အထဲကို ဝင်ပြီးတော့ စိန်ခေါ်မှုကို ရင်ဆိုင်ကြတာပေါ့..." ရှုချွမ်းက ဤစကားကို ကြားရချိန်တွင် ပြုံးလိုက်မိသည်။

ဤခရီးစဉ်က အန္တရာယ်ကြီးမားလှသည်ဆိုသော်လည်း လုံးဝ လက်နက်ချရမည့်အဆင့်အထိ အန္တရာယ်မရှိပေ ။

လက်ထဲတွင် ဧကရာဇ်လက်နက် နှစ်ခုကို ကိုင်ဆောင်ထားသဖြင့် ရှုချွမ်း၌ လုံလောက်သော ယုံကြည်မှု ရှိနေခဲ့ပြီးသား ဖြစ်သည်။

အကယ်၍ နောက်ဆုံးတွင် ၎င်းတို့အခြေအနေကို ရိပ်မိသွားခဲ့ကြပြီး မိစ္ဆာမျိုးနွယ်စု၏ အစီအစဉ်ကို မဖျက်ဆီးနိုင်ခဲ့လျှင်ပင် သူက နင်ယို့ချီကို ပွေ့လျက် အန္တရာယ်ရှိသော နေရာမှ ဘေးကင်းစွာ ဆုတ်ခွာနိုင်စွမ်း ရှိပေသည်။

စောစောက သူ မေးမြန်းခဲ့ခြင်းမှာ နင်ယို့ချီအနေဖြင့် သူနှင့်အတူ အန္တရာယ်ကို ရင်ဆိုင်ရန် လိုလားခြင်း ရှိမရှိကိုသာ သိရှိလိုခြင်း ဖြစ်၏။

အဖြေကမူ လွန်စွာ သေချာရေရာလှပေသည်။

All Chapters