တက်တူကလန်တော်ဝင်ဘိုးဘေး
Vol. 022 Ch. 1077
ထိုသွေးနက်ပင်လယ်သည် ဝဲကတော့နှင့်အတူ ရွှေ့လျားလာသည်။အကွာအဝေးတစ်ခုမှ ကြည့်ပါက ၎င်းသည် သွေးရေပန်းနှင့်ပင် တူနေ၏။ ၎င်းသွေးရေပန်းထံမှ ငါးညှီနံ့ကို ပေးစွမ်းလို့နေသည်။
ထိုသွေးရေပန်းသည် ကြီးမားလှကာ အထက်သို့ ဆက်တက်နေ၏။ ၎င်းနှင့်ဝမ်လင်းတို့ကြားရှိ ပေငါးထောင်ကျော်အကွာအဝေးသည် ချက်ခြင်းလိုလို နီးကပ်လာသည်။
ဝမ်လင်းသည် စစ်ထူနန်ကို ကိုင်ထားရင်း သူ့မူလစွမ်းအင်များကို အရူးအမူ ရွှေ့လျားစေကာ သူ့ပတ်လည်၌ မီးတောက်များစွာကို ဝန်းရံစေသည်။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ပြုလုပ်လိုက်ရာ ဓားကြီးများစွာသည် မီးတောက်ထဲသို့ ဝင်ရောက်သွား၏။ထိုဓားများသည် လှည့်ပတ်၍ မီးတောက်ကို အရှိန်မြင့်စေကာ သွေးပင်လယ်နှင့်၎င်း၏အနံ့အသက်တို့ကို ခုခံပေးသည်။
မီးတောက်များသည် လောင်ကျွမ်းနေရာ အက်သံများပင် ကြားရ၏။ မကောင်းဆိုးဝါးအော်ရာမှာ မီးတောက်ပင်လယ်၏ လောင်ကျွမ်းခြင်းကို ခံရသည့်အတွက် ၎င်းသည် နီးကပ်လာဖို့ မဖြစ်နိုင်တော့ပေ။
အကယ်၍ မကောင်းဆိုးဝါးအော်ရာသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် သူ့မူလစွမ်းအင် စီးဆင်းမှုမှာ ရပ်တန့်သွားနိုင်ပေသည်။ ဝမ်လင်း၏မူလစွမ်းအင်ထဲပ ဟင်္သာငှက်နတ်မီးတောက် ပါဝင်သည်ဆိုသော်လည်း သူက မစွန့်စားဝံ့ပေ။
ထိုလှည့်ပတ်မှုအားနှင့် မီးတောက်အားကို အသုံးချကာ ဝမ်လင်းသည် ပေတစ်ထောင်အထက်သို့ ရုန်းကန် တက်သွားနိုင်၏။ သူက မာန်သွင်း၍ စစ်ထူနန်ကို အထက်သို့ ပင့်တင်ပေးလိုက်သည်။
စစ်ထူနန်က၏ ခန္ဓာကိုယ်က ဝမ်လင်းကို ကျော်လွန်သွား၏။တချိန်တည်းမှာပင် ဝမ်လင်းက စစ်ထူနန်၏ခန္ဓာကိုယ်ထဲသို့ မူလစွမ်းအင်အမျှင်တန်းတစ်ခုကို စေလွှတ်ပေးသည်။
ဝမ်လင်း၏မူလစွမ်းအင်တွင် ဟင်္သာငှက်နတ်မီးတောက်ပါဝင်ကာ ကြောက်မက်ဖွယ် ပူပြင်း၏။ စစ်ထူနန်၏ ကျင့်ကြံမှုအဆင့်သည် သူ့မူလစွမ်းအင်ကို အေးခဲသွားစေသည့်အား ပါဝင်သော မိစ္ဆာအော်ရာ၏ သက်ရောက်ခြင်းကို ခံထားရသည် မဟုတ်လား။
ဝမ်လင်း၏မူလစွမ်းအင် ဝင်ရောက်လာသည့်အခါ အဆုံးစွန်အပူသည် စစ်ထူနန်၏မူလစွမ်းအင်ပေါ်မှ ချိပ်ပိတ်အေးခဲမှုကို ဖယ်ရှားပေးလိုက်၏။ စစ်ထူနန်၏ကျင့်ကြံမှုအဆင့်မှာလည်း အားမနည်းပေ။ ဝမ်လင်း၏အကူအညီကြောင့် သူ့ခန္ဓာကိုယ်မှာ တစီစီအသံများပင် ထွက်ပေါ်လာသည်။ သူက သူ့ကိုသူ အားယူ၍ လေထဲသို့ ပိုမြင့်အောင် ပျံတက်သည်။
ဝိုးတဝါးပုံရိပ်မှာ ၎င်း၏အထွတ်အထိပ်သို့ ရောက်လာ၏။ မကောင်းဆိုးဝါးအော်ရာအမျှင်တန်းတစ်ခုမျှက စစ်ထူနန်နှင့်ဝမ်လင်းတို့ထံတွင် ကျန်နေသည်နှင့် သူတို့အတွက် လွတ်မြောက်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ သို့သော် ထိုပုံရိပ်မှာ သည်နေရာတွင် နှစ်ပေါင်းများစွာ ချိပ်ပိတ်ခြင်း ခံထားရကာ ဝမ်လင်း၏ ဟင်္သာငှက်နတ်မီးတောက်ကမူ အလွန်သန့်စင်လှ၏။ထို့ကြောင့် သူတို့အဖို့ ချိုးဖျက် ပျံသန်းနိုင်ရန် အခွင့်အရေးတစ်ခုတော့ ရှိလို့နေသေးသည်။
စစ်ထူနန်က သူ့မူလစွမ်းအင်ကို ပြန်လှည့်ပတ်လာနိုင်ခဲ့ပြီ ဖြစ်သည်။ အချို့ပြဿနာလေးများ ရှိနေသေးသော်လည်း သည်လိုအရေးကြီးသည့်အခိုက်တွင် ကုသနေဖို့ အချိန်မရှိပေ။ သူက အထက်သို့ ခုန်တက်ရင်း သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုဖြစ်စေပြီးနောက် အောက်ဘက်သို့ စေလွှတ်သည်။
ရွှေရောင်အလင်းတန်းငါးခုက သူ့လက်ကနေ ဝမ်လင်းထံသို့ ချက်ခြင်း ထိုးထွက်လာ၏။ထိုရွှေရောင်အလင်းများက ပိုက်ကွန်သဖွယ် ဝမ်လင်းကို အုပ်မိုးပေး၏။
စစ်ထူနန်က သူအသုံးပြုလိုက်သည့်အားကို အသုံးချ၍ ဝမ်လင်းကို အထက်သို့ ပစ်လွှတ်ဆွဲတင်သည်။
ဝမ်လင်းသည် စစ်ထူနန်ကို ကယ်တင်နိုင်ရန် အတော်လေး စွန့်စားခဲ့ရကာ အန္တရာယ်များခဲ့၏။ သူသည် အထက်သို့ ရုန်းကန် ပျံတက်နေသည်။ သူသည် စစ်ထူနန်ကို ပင့်မြှောက်ပေးလိုက်ချိန်၌ ခဏတာ တုံ့ဆိုင်းသွားခဲ့ရသည်သာ ဖြစ်သည်။ ထိုအဖြစ်က သူ့နှင့် သွေးပင်လယ်ကို ပေတစ်ထောင်လောက်သာ ကွာဟစေတေ့သည်။ သွေးနံ့က သူ့မျက်ထက်သို့ တရကြမ်း တိုးဝင်လာကာ သူ့နှာခေါင်းထဲသို့ ဝင်ရောက်သွားသည်။
သွေးပင်လယ်ထဲ၌ ရှည်မြောမြောခန္ဓာကိုယ်များနှင့် စိတ်ဝိညာဉ်များလည်း ပြည့်နှက်နေ၏။ ၎င်းတို့က ဝမ်လင်းကို သွေးပင်လယ်ထဲသို့ ဆွဲချကာ ဝါးမြိုပစ်လိုသည့်အလား စူးရဲစွာ ကြည့်နေကြသည်။
ဝမ်လင်းသည် ထိုစိတ်ဝိညာဉ်များရှိ အသွင်အပြင်များကို ရှင်းလင်းစွာ မြင်ရ၏။ သူ့ဦးရေပြားပင် မတင်းကျပ်မိဘဲ မနေနိုင် ဖြစ်ရသည်။ ဝဲကတော့ထဲမှ မိစ္ဆာအော်ရာကလည်း ပိုမို ထွက်ပေါ်လာရင်း ဝမ်လင်းရှိရာသို့ ပျံ့လွင့်လာသည်။
ထိုအခိုက်အတန့်၌ စစ်ထူနန်၏ ပိုက်ကွန်သည် ရောက်ရှိလာကာ ဝမ်လင်းကို ဝန်းရံပေးသွားသည်။ စစ်ထူနန်က မာန်သွင်း၍ ၎င်းပိုက်ကွန်ကို ဆွဲယူသည်။ ဝမ်လင်းသည် ထိုအားကို အသုံးချ၍ သွေးပင်လယ်ထဲကနေ လွတ်မြောက်ဖို့ လုပ်သည်။ သည်လိုနည်းဖြင့် သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကူညီကာ တဖြည်းဖြည်းဖြင့် သွေးပင်လယ်နှင့် ကွာဝေးသွားတော့သည်။
ထိုသို့သောအရာမျိုးက ဝမ်လင်းနှင့်စစ်ထူနန်တို့ကြားတွင်သာ ဖြစ်နိုင်၏။ အခြားသူများ ဤသို့ ပြုလုပ်ရန် မဖြစ်နိုင်သလောက်ဟုပင် ဆို၍ရနိုင်သည်။ သည်လို တစ်ယောက်နှင့်တစ်ယောက် ကူညီကာ လွတ်မြောက်အောင်လုပ်ခြင်းသည် ရိုးရှင်းသည့်ပုံပေါ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် လုံးဝနားလည်မှု၊ယုံကြည်မှု၊ချိန်သားကိုက်မှုတို့ မရှိဘဲ အမှားအနည်းငယ် လုပ်မိရုံဖြင့် လွတ်မြောက်နိုင်ရန် မဖြစ်နိုင်တော့ပေ။
တကယ်တော့ လူတိုင်းသည် ဤအန္တရာယ်ကျရောက်နေသည့် အချိန်၌ အခုလိုနည်းလမ်းကို တွေးမိကြပေသည်။ သူတို့က အခြားတစ်ယောက်ကို ကူညီပေးရန် စွန့်စားရမည်သာ။သည်လိုအတွက်ကြောင့် ကျင့်ကြံသူများစွာသည် ယခုလိုမျိုး လုပ်နိုင်စွမ်း မရှိကြတော့ပေ။
စစ်ထူနန်သာ အန္တရာယ်ကျနေပါက ဝမ်လင်းသည် ဘာပဲလုပ်ရလုပ်ရ ကူညီပေးမည်။ဝမ်လင်း ဒုက္ခတွေ့လျှင်လည်း စစ်ထူနန်က ကူညီဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ ဆိုလိုသည်က သူတို့နှစ်ယောက်သည် အန္တရာယ်ကို အတူရင်ဆိုင်ကြမည် ဟူ၍ပင်။
ဝမ်လင်းနှင့်စစ်ထူနန်တို့သည် တစ်ယောက်ကို တစ်ယောက် ကူညီပေးနေရင်း လင်းထျန်ဟူသည်လည်း သူ့ခန္ဓာကိုယ်ထဲသို့ မိစ္ဆာအော်ရာ ကျူးကျော်လာခြင်းကို ခံရ၏။
သို့ရာတွင် လင်းထျန်ဟူ၏ကျင့်ကြံမှုအဆင့်က စစ်ထူနန်ထက် ပိုမြင့်မားသည့်အတွက် ထို့ကြောင့် သူက ပြုတ်ကျနေရင်းပင် သူ့ကျင့်ကြံမှုအဆင့်က အနည်းငယ် ပြန်ကောင်းမွန်လာ၏။ သို့ရာတွင် သူသည် သွေးပင်လယ်နှင့် အတော်နီးနေလေပြီ။ သူ့ကျင့်ကြံမှု အပြည့်အဝ ရှိနေလျှင်တော့ သူလွတ်မြောက်နိုင်ပေဦးမည်။ သို့သော် ခုချိန်တွင် သူ့အတွက် အခွင့်အရေးက နည်းလွန်းနေ၏။
သည်အခိုက်အတန့်၌ ဝဲကတော့အထက်ရှိ ရှေ့ဖြစ်ဟောသူသည် မျက်မှောင်ကြုတ်၍ သက်ပြင်းချ၏။ သူသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ မထင်မှာစွာပင် ဝမ်လင်းကဲ့သို့ ပြုလုပ်လာတော့သည်။ သူသည် ကြယ်ပျံတစ်စင်းအလား အောက်သို့ ဆင်းသက်လာ၏။
သူသည် ဝမ်လင်းထက် ပိုမြန်၏။ချက်ခြင်းပင် လင်းထျန်ဟူ ဘေးနားသို့ ရောက်လာ၏။ သူသည် လင်းထျန်ဟူကို လှမ်းဆွဲကာ အထက်သို့ ပျံတက်လေသည်။
သွေးပင်လယ်သည် မြည်ဟိန်း၍ ထိုဝိုးတဝါးပုံရိပ်မှာ သွေးပင်လယ်အလယ်၌ မြင့်တက်လာ၏။ သူ့ပုံရိပ်သည် ၎င်း၏လက်ကို ပင့်မြှောက်၍ ညင်သာစွာ ဆန့်ထုတ်သည်။
ရှေ့ဖြစ်ဟောသူ၏အသွင်က ပြောင်းလဲသွား၏။အတွေးတစ်ချက်ဖြင့်ပင် မီးခိုးရောင်အလင်းတန်းတစ်ခုသည် သူ့မျက်ခုံးကြားကနေ ထွက်ပေါ်လာ၏။ မီးခိုးရောင်ရှေ့ဖြစ်ဟောသူ ထွက်ပေါ်လာသည့်အခိုက်တွင် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ ဝဲကတော့အတွင်း၌ စူးရှသောတဝီဝီအသံများ မြန်ဆန်စွာ ထွက်ပေါ်လာသည်။
သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများသည် လေဟာနယ်ထဲကနေ ထွက်ပေါ်လာကာ သည်ဧရိယာကို ခြုံလွှမ်းသွား၏။အကွာအဝေးတစ်ခုမှ ကြည့်ပါက သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများစွာ ရှိနေ၏။အတော် ထိတ်လန့်ဖွယ်ရာပင်။
အဆုံးမဲ့သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများသည် မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ လက်ညွှန်ချက်နှင့်အတူ အရပ်မျက်နှာအနှံ့ကနေ စုစည်းလာ၏။၎င်းတို့က သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်ခုတည်းအဖြစ် သိပ်သည်း၍ ခပ်ဝါးဝါးပုံရိပ်ထံသို့ တိုးဝင်သွားတော့သည်။
မီးခိုးရောင်ရှေ့ဖြစ်ဟောသူ ပေါ်လာသည့်အခိုက်၌ အရှင်လေဟာနယ်သည် မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ရေရွတ်၏။ “မီးခိုးရောင်ဝတ်ရုံ ရှေ့ဖြစ်ဟောသူ…”
မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏အသွင်က သုန်မှုန်ကာ အလွန်အေးစက်နေ၏။ သူက သူ့ညာလက်ကို ညွှန်၍ တည်ငြိမ်စွာ ဆိုသည်။
“ပျက်စီးစမ်း…”
ထိုသို့ပြောလိုက်သည့်နောက် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်ခုသည် ရုတ်တရက် ပျက်စီးသွား၏။ ထိုအခါ ပျက်စီးအား၏ တွန်းကန်မှုက ရှေ့ဖြစ်ဟောသူနှင့်လင်းထျန်ဟူတို့ကို အထက်သို့ ဆန်တက်သွားစေသည်။
သွေးပင်လယ်သည်လည်း ထိုပေါက်ကွဲအားကြောင့် နောက်သို့ ပြန်ကန်သွား၏။သွေးပင်လယ်ထဲရှိ စိတ်ဝိညာဉ်အစိတ်အပိုင်းများသည် ကြောက်လန့်တကြား အော်ဟစ်ကာ သေဆုံးသွားရသည်။
လင်းထျန်ဟူသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူက ရှေ့ဖြစ်ဟောသူ၏ ကူညီပေးမှုကို အေးစက်စက်အကြည့်ဖြင့်သာ တုန့်ပြန်သည်။
ရှေ့ဖြစ်ဟောသူက လင်းထျန်ဟူကို လစ်လျူရှုထားကာ သူသည် ဝဲကတော့ထဲကနေ တဟုန်တိုး ဆက်တက်သွား၏။ ပုံရိပ်တစ်ခုသည် ဝဲကတော့အတွင်းမှ အံ့မခန်းနှုန်းဖြင့် ထိုးထွက်လာကာ မီးခိုးရောင်ရှေ့ဖြစ်ဟောသူကို ကုတ်ဆွဲချလာ၏။
ဝမ်လင်းနှင့်စစ်ထူနန်တို့ပင် ထိုကုတ်ဆွဲအား၏ သက်ရောက်မှုကို ခံလိုက်ရကာ ချက်ခြင်းသွေးအန်လိုက်ရ၏။သူတို့၏ ဆန်တက်နှုန်းကိုလည်း မြှင့်တင်လိုက်ရသည်။
အခြားသူများသည်လည်း ပျံတက်နေရင်း ထိုဖိအားကို ခုခံနိုင်ရန် သူတို့၏မူလစွမ်းအင်များကို အသုံးပြုလိုက်ရသည်။
မီးခိုးရောင်ရှေ့ဖြစ်ဟောသူက သူ့ထံသို့ တိုးဝင်လာသည့် ခပ်ဝါးဝါးပုံရိပ်ကို စူးစိုက်ကြည့်နေရင်း မျက်မှောင်ကြုတ်သွား၏။ သူ့မျက်လုံးသည်လည်း နီရဲလာကာ အောက်ဘက်သို့ လက်ညွှန်၍ ခပ်ဖြည်းဖြည်းချင်း ဆိုသည်။ “သတ်ဖြတ်ခြင်း…လောကတစ်ခု ဖြစ်လာစေ…”
သည့်နောက် လေဟာနယ်ထဲမှ တုန်ဟီးသံ ထွက်ပေါ်လာ၏။ ဝဲကတော့အထက်တွင် ရုတ်တရက် ဧရာမအက်ကြောင်းကြီး ပေါ်လာသည်။
သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများက ထိုအက်ကြောင်းကြီးထဲကနေ အရူးအမူး ထိုးထွက်လာကြသည်။များပြားလွန်းလှ၏။စောနကထက်ကို သတ်ဖြတ်ခြင်းစွမ်းအင်များမှာ အဆများစွာ ပိုများပြားသည်။
အချိန်တိုအတွင်း သည်ဧရိယာတစ်ခုလုံးသည် သတ်ဖြတ်ခြင်းစွမ်းအင်များနှင့် ပြည့်နှက်လာသည်။ တစ်သောင်း၊တစ်သိန်း၊တစ်သန်း၊ဆယ်သန်း၊ သန်းတစ်ရာ။
သန်းတစ်ရာသော သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများသည် မြုပ်နှံ့ခြင်းဝဲကတော့အထက်တွင် ပေါ်လာ၏။
ဝမ်လင်းသည် ထိုမြင်ကွင်းကို တွေ့သည့်အခါ လေအေးတစ်ချက် ရှိုက်သွင်းမိ၏။အတိတ်တုန်းက မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ တည်ငြိမ်သောစကားတစ်ခွန်းသည် သူ့စိတ်ထဲတွင် ပြန်ပဲ့တင်ထပ်သွားမိသည်။
“ငါ့မှာ သတ်ဖြတ်ခြင်းစွမ်းအင်သန်းတစ်ရာ ပိုင်ဆိုင်ထားရင် ဂြိုဟ်တစ်ခုပေါက်ကွဲရင်တောင်မှ ငါ့အတွက် အေးဆေးပဲ…”
ဝမ်လင်းသည် အရင်က သတ်ဖြတ်ခြင်းစွမ်းအင်သန်းတစ်ရာကို လုံးဝ မတွေ့ခဲ့ဖူးပေ။ ခုချိန်၌ သူကိုယ်တိုင် ၎င်းအခြင်းအရာကို တွေ့မြင်ရသည့်အခါ သူသည် မဖော်ပြနိုင်လောက်အောင် တုန်လှုပ်မှုအား ခံစားရသည်။
မြှုပ်နှံ့ခြင်းဝဲကတော့သည် ကြီးမားလှသော်လည်း သတ်ဖြတ်ခြင်းစွမ်းအင်များထက်မူ သေးငယ်နေဆဲပင်။ဤအခိုက်အတန့်၌ ၎င်းစွမ်းအင်များသည် မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ ထိန်းချုပ်မှုအောက်၌ စုစည်းလာကြသည်။
သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း သန်းတစ်ရာမှ ဖြစ်ပေါ်သည့် ဝဲကတော့သည် လူတိုင်းရှေ့၌ ရုတ်တရက် ပေါ်လာ၏။ ကြောက်မက်ဖွယ်အော်ရာမှာလည်း လူတိုင်းရှေ့၌ ပေါ်လာသည်။
“မွန်းစတားဆန်တဲ့ သတ်ဖြတ်သူ…” ထိုဝဲကတော့သည် မြှုပ်နှံ့ခြင်းဝဲကတော့အတွင်းရှိ ခပ်ဝါးဝါးပုံရိပ်ထံသို့ တိုးဝင်သွားရင်း မီးခိုးရောင်ရှေ့ဖြစ်ဟောသူက အော်ဟစ်လိုက်လေ၏။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
ကောင်းကင်ယံတုန်ဟီးစေသည့် တုန်ဟီးသံများသည် မရပ်တန့်တော့ပေ။ အဆုံမဲ့ဖိအားများအောက်၌ သွေးပင်လယ်သည်ပင် ပျက်စီးရ၏။မြုပ်နှံ့ခြင်းဝဲကတော့သည်လည်း စတင်တုန်ခါလာသည်။
ထိုဖိသိပ်မှုအားကို အသုံးချကာ ဝမ်လင်းနှင့်စစ်ထူနန်တို့သည် အထက်သို့ အရှိန်ပိုမြင့်၍ တက်ရောက်သည်။ သူတို့က ဝဲကတော့ထဲကနေ ထိုးထွက်လာကာ အောက်သို့ ဖြူရောသောမျက်နှာများဖြင့် ကြည့်နေမိသည်။
ဘူးသီးခြောက်ပေါ်ရှိ အဘိုးအို၏မျက်လုံးထဲတွင်လည်း ကြောက်ရွှံ့မှုတို့ ရှိနေ၏။ ဖုံးကွယ်ထားသော နဂါးအမှတ်အသားနှင့် ဝတ်စုံနက်လူပင် မျက်မှောင်ကြုတ်သွားသည်။
“ရှေ့ဖြစ်ဟောသူ…”
အရှင်လေဟာနယ်က အသက်ဝဝရှုကာ မီးခိုးရောင်ရှေ့ဖြစ်ဟောသူကို စူးစိုက်ကြည့်၏။ သူသည် ထိုလူ(ရှေ့ဖြစ်ဟောသူ)မှာ မဟာမိတ်အဖွဲ့အစည်းထံသို့ မည်သို့မည်ပုံ လျှောက်လှမ်း၍ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများအား အနိုင်ယူခဲ့ပုံကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။အကြီးအကဲအုပ်စု၏ အချို့လူများပင် သူ့ပြိုင်ဘက် မဟုတ်ပေ။
အတိတ်တုန်းက သူသည် အကြီးအကဲတစ်ယောက်ကိုပင် သတ်ပစ်ခဲ့ကာ အကြီးအကဲအုပ်စုအတွင်းသို့ ဝင်ရောက်လာခဲ့သေးသည် မဟုတ်လား။
“သူနဲ့ ပတ်သတ်လို့ ပိုကြောက်ဖို့ကောင်စေတာက သူဟာ အရာရာကို ကြိုမြင်နိုင်တာပဲ။ သူ သတ်ဖြတ်မှုလုပ်တဲ့အချိန်မှာ ကြောက်မက်ဖွယ်ကောင်းတယ်ဆိုပေမယ့်လည်း အရာရာကို ထွင်းဖောက်မြင်နိုင်တဲ့သူ့အကြည့်ကသာ မဟာမိတ်အဖွဲ့အစည်းရဲ့ အာရုံစိုက်မှုကို ရရှိစေခဲ့တာ…”
အရှင်လေဟာနယ်သည် မီးခိုးရောင်ရှေ့ဖြစ်ဟောသူနှင့် လင်းထျန်ဟူအား ကယ်တင်သော ရှေ့ဖြစ်ဟောသူ၏မူလခန္ဓာကိုယ်တို့ကို လှမ်းကြည့်မိသည်။
“သူ့တတိယကောင်းကင်ဒုက္ခကို စောစောစီးစီး ရောက်ရှိဖို့ သူ့ဘဝကို ရင်းပြီး သူ့တာအိုနှလုံးကို ချိုးဖျက်ဖို့အတွက် အားကောင်းတဲ့မန္တာန်တစ်ခုကို လင်းထျန်ဟူအပေါ်မှာ အသုံးပြုခဲ့တယ်။ ဒီအရာကြောင့် သူ့ဒုတိယမြောက် ကောင်းကင်ဘုံဒုက္ခအဆင့် အတွင်း သူ့တာအိုနှလုံးသားအပေါ်မှာ ပြစ်ချက်တစ်ခု ပေါ်လာခဲ့ပြီး နစ်မြုပ်ဝင်စားနိုင်စွမ်း မရှိ ဖြစ်စေခဲ့တယ်။ဒီအချက်က စီနီယာအစ်ကိုတောင့် ဒီလူနဲ့ပတ်သတ်လို့ ထိတ်လန့်စေခဲ့ရတာပဲ…”
“အဲ့လိုသာမဖြစ်ခဲ့ရင် ရှေ့ဖြစ်ဟောသူဟာ ယနေ့မှာ ကြောက်မက်ဖွယ်အဆင့်ကို ရောက်နေလောက်ပြီ။ သူက တတိယအဆင့်ကျင့်ကြံခြင်းကို မရောက်တောင်မှ သိပ်လိုတော့မှာ မဟုတ်ဘူး…”
(ဘာသာပြန်သူမှတ်ချက်…ကောင်းကင်ဘုံဒုက္ခသည် ကျင့်ကြံခြင်းအဆင့်ကြီး ဒုတိယအဆင့်မှာ တတိယအဆင့်သို့ တက်လှမ်းနိုင်မည့် ကြားအဆင့် ဖြစ်လေသည်။နိဗ္ဗာနဖြိုခွဲခြင်းအဆင့်မှာ ဒုတိယအဆင့်၏ အမြင့်ဆုံးသာ ဖြစ်၍ ၎င်းအဆင့်ထက်တွင် တတိယအဆင့်ဟူ၍ ရှိသေးသည်။)
မြှုပ်နှံ့ခြင်းဝဲကတော့အတွင်း၌ သွေးပင်လယ် ပျက်စီးသွားချိန်တွင် ခပ်ဝါးဝါးအမျိုးသမီးက သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ခရမ်းရွှေရောင်တက်တူးတစ်ခုက သူမ၏မျက်ခုံးနှစ်ခုကြားကနေ တလက်လက် ဖြစ်ပေါ်လာသည်။
သူမ၏ လက်ဝေ့ယမ်းမှုနှင့်အတူ ကြမ်းလှပါသော သတ်ဖြတ်ခြင်းဝဲကတော့သည် ရုတ်တရက် တန့်သွားကာ စိတ်ဝိညာဉ်အမျှင်တန်းသန်းချီသည်လည်း သဲလွန်စမရှိ ပျောက်ကွယ်သွားရတော့သည်။
ထိုရုတ်ချည်းပြောင်းလဲမှုက လူတိုင်း၏စိတ်ကို တုန်ယင်စေသည်။
မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက မျက်မှောင်ကြုတ်ကာ နောက်ထပ်မန္တာန်တစ်ခုကို အသုံးပြုရန် ပြင်လိုက်၏။ ထိုအချိန်တွင် လင်းထျန်ဟူအား ကယ်တင်ပေးခဲ့သော မူလရှေ့ဖြစ်ဟောသူက တည်ငြိမ်စွာ ပြောလာသည်။
“ပြန်လာခဲ့တော့…”
မီးခိုးရောင်ရှေ့ဖြစ်ဟောသူက သူ့မူလခန္ဓာကိုယ်ကို ကြည့်ကာ အေးစက်စက်အကြည့်တစ်ခုကို ထုတ်ဖော်သည်။ သို့သော် သူက ခဏတာစဉ်းစားပြီးနောက် မူလရှေ့ဖြစ်ဟောသူ၏မျက်ခုံးနှစ်ခုကြားတွင် ပြန်ပျောက်ကွယ်သွားတော့သည်။
သည့်နောက် ရှေ့ဖြစ်ဟောသူသည် ဝဲကတော့ထဲကနေ ပျံသန်းထွက်လာပြီး လေထဲ၌ ရပ်၏။ အစောပိုင်းက ဝဲကတော့ထဲသို့ စုပ်ယူခြင်းခံလိုက်ရသူများကလွဲ၍ လူတိုင်းသည် လေထဲ၌ ရှိနေကြသည်။
သို့သော် မည်သူကမျှ စကားမဆိုကြပေ။ သူတို့အားလုံးက ဝဲကတော့ထဲမှ တဖြည်းဖြည်း လွင့်မြောမြောက်တက်လာသည့် အမျိုးသမီးကိုသာ ကြည့်နေကြသည်။
ထိုအမျိုးသမီး ချဉ်းကပ်လာနေရင်း ဝမ်လင်းက သူမ၏ ခြေထောက်၌ ခိုင်မြဲစွာ တုပ်နှောင်ထားသော အရွတ်ကဲ့သို့ ကြက်သွေးနီရောင်အရာကို တွေ့မြင်လိုက်ရသည်။ သူမသည် ကောင်းကင်ထက်သို့ ပျံတက်လာရင်း ထိုအရွတ်က သူမအား အောက်သို့ ပြန်ဆွဲထားသည်။
စောနက ပျောက်ကွယ်နေသော ကြယ်အမှတ်အသားနှင့်ဖျံ့သည် အမျိုးသမီးခြေထောက်နားရှိ အရွတ်ပေါ်တွင်ပေါ်လာခဲ့သည်။ ၎င်းက နှာမှုတ်ထုတ်လိုက်ပြီး မထင်မှတ်စွာ ၎င်းအရွတ်ပေါ်တွင် လှဲချလိုက်၏။
အမျိုးသမီးသည် လူတိုင်းနှင့် ပေနှစ်ထောင်အကွာတွင် ရပ်တန့်သွား၏။သူမက အထက်သို့ မော့ကြည့်သည်။သူမ၏ ဗလာကင်းမဲ့သည့်မျက်လုံးက လူတိုင်းကို ကြည့်နေသည့်အလားပင်။ သူမ၏မျက်လုံးအိမ်မှ သွေးနက်များက စီးကျကာ သူမ၏မေးစေ့ပေါ်သို့ တစက်စက်ကျနေဆဲပင်။
“တက်တူးကလန်ရဲ့ မျိုးဆက်တွေ ခုထိ ရှိကြသေးလား…” ထိုအမျိုးသမီး၏ ပါးစပ်မှ ခပ်ရှရှအသံတစ်ခု ထွက်ပေါ်လာ၏။၎င်းအသံထဲ၌ ဆန်းကြယ်သောစွမ်းအားတစ်ခု ပါဝင်နေသည်။
ထိုအသံသည် ရှတသော်လည်း နားထောင်ရသည်မှာ နာပျော်ဖွယ်ပင်။
အမျိုးသမီး၏ မေးခွန်း ရုတ်တရက် ထွက်ပေါ်လာသည့်အခါ လူတိုင်းသည် ငြိမ်သက်သွားကြ၏။ အချိန်အတန်ကြာပြီးမှ အရှင်လေဟာနယ်သည် လေးစွားစွာကြည့်၍ ဆိုလာသည်။ “သက်ရှိထင်ရှားရှိနေသေးတဲ့ တက်တူးကလန်ဝင်တွေ အများကြီး ရှိပါသေးတယ်…”
ထိုအမျိုးသမီးသည် တိတ်ဆိတ်စွာ စဉ်းစားသွားပြီး သက်ပြင်းချသည်။ သူမသည် ကောင်းကင်မြှုပ်နှံ့ခြင်းရေကန်အနက်ပိုင်းထဲမှ ရုန်းကန်၍ အပေါ်သို့ တက်လာကာ သည်မွေးခွန်းကိုမေးရန်နှင့် လူတစ်ယောက်ကို တွေ့ဖို့အတွက်ပင်။
သူမ၏ ဗလာကင်းမဲ့သောမျက်လုံးအိမ်ထဲမှ မမြင်ရသောအကြည့်တစ်ခုသည် ဝမ်လင်းပေါ်သို့ ကျရောက်လာသည်ဟု ထင်ရ၏။
“နင့်အရိပ်ထဲက ကောင်းကင်ဘုံသက်တော်စောင့်ကို ဆင့်ခေါ်လိုက်…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားသွား၏။ထို့နောက် အတွေးတစ်ချက်ဖြင့်ပင် သူ့အရိပ်ထဲမှ ထာရှန်သည် ထွက်ပေါ်လာ၏။သူက ထိုအမျိုးသမီးကို အေးစက်စက် စူးစိုက်ကြည့်နေသည်။
“ငါ့ကလန်ဝင်တွေကို မတွေ့ရတာ ဘယ်လောက်တောင် ကြာနေခဲ့ပြီလဲ…”
သူမသည် ညာလက်ကို ဝေ့ယမ်းလိုက်ရာ ထာရှန်သည် သူမထံသို့ သူ့ဆန္ဒမပါဘဲ ပျံသန်းလာရတော့၏။
***