အခန်း (၁၃၆၃-၁၃၆၄)
Vol. 120 Ch. 1363-1364
အခန်း ၁၃၆၃
“ဟမ်...။”
ကျူးဝူမှာ လုံးဝကြောင်အသွား၏။
“ခြားနားချက် ရှိလို့လား။”
“ရှိတာပေါ့။ အရင်ဆုံး မင်း အဲဒါတွေကို သုံးပြီးပြီလား ဆိုတာ ပြောပြစမ်းပါ။”
ကျန်းယွင်ထျန်းက အတင်းအကျပ် မေးလိုက်သည်။
“မသုံးရသေးဘူး။”
ကျူးဝူက ပြန်ဖြေလိုက်သည်။
“ငါ စောစောက ကုန်သွယ်မှုကနေ ရလိုက်တဲ့ အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေတွေကို ငါ မရိတ်သိမ်းရသေးဘူး။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
“မှတ်ထားပါ။ ကျွန်းပိုင်ရှင် မင်းကို လဲလှယ်ပေးတဲ့ ပစ္စည်းမှန်သမျှကို သူ့ရဲ့ လိုအပ်ချက်အတိုင်း တိတိကျကျ လိုက်နာရမယ်။ အုတ်မြစ်ကျောက် ဒါမှမဟုတ် အနက်ရောင်ရွှေဆိုတာ အတူတူပဲလို့ ထင်ပြီး ဘာနဲ့မဆို လဲလှယ်လို့ရတယ်လို့ ဘယ်တော့မှ မတွေးမိစေနဲ့။”
“ဟမ်။”
ကျူးဝူမှာ ပို၍ပင် နားမလည်နိုင်ဖြစ်သွားခဲ့သည်။
“အုတ်မြစ်ကျောက်နဲ့ အနက်ရောက်ရွှေက မတူဘူးလား။”
“မတူဘူး။”
ကျန်းယွင်ထျန်းက ပြတ်ပြတ်သားသား ဆိုသည်။
“သူဌေး လက်ထဲက အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေက မင်းလက်ထဲကဟာတွေနဲ့ လုံးဝမတူဘူး။ ဒီအချက်ကို မင်း မမေ့ပါစေနဲ့။ လုံးဝ အမှားမလုပ်မိပါစေနဲ့။”
အနီးနားတွင် စကားပြောနေသည်ကို ကြည့်နေသော အားကုန်းမှာလည်း ကြက်သေသေသွားခဲ့သည်။
“ဒါက ဘယ်လိုသဘောလဲ။ သူဌေး လက်ထဲက အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေက ပြောင်းလဲသွားတာလား။”
အားကုမ်းက မေးလိုက်မိသည်။ ကျန်းယွင်ထျန်းက ခေါင်းခါလိုက်သည်။
“ဒါက ကျွန်းပိုင်ရှင်ရဲ့ လျှို့ဝှက်ချက်ပဲ။ သူ မင်းတို့ကို မပြောပြရသေးဘူးဆိုရင် မင်းတို့ကိုယ်တိုင်ပဲ ရှာဖွေရလိမ့်မယ်။”
၎င်းကို မြင်သောအခါ ကျူးဝူသည် ရှောင်းယီ၏ ယခင်က ထူးဆန်းသော လုပ်ဆောင်ချက်များကို ရုတ်တရက် သတိရသွားခဲ့သည်။
ဥပမာအားဖြင့် အနက်ရောင်ရွှေကို ရိတ်သိမ်းပြီးနောက်ပိုင်း ရှောင်းယီသည် သူ့ကို ချက်ချင်း လဲလှယ်ခွင့်မပေးဘဲ သူ့ရဲ့ အကြောင်းကြားချက်ကို စောင့်ခိုင်းလေ့ရှိသည်။
နောက်တစ်ကြိမ်တွင်လည်း သူသည် မိမိလက်ထဲရှိ အနက်ရောင်ရွှေများကို အသုံးပြု၍ ကယ်ဆယ်ရေးယာဉ်ကို ချဲ့နိုင်သော်လည်း ရှောင်းယီက သူ့ကို အရင်ဆုံး လဲလှယ်ခိုင်းပြီးမှ နောက်တစ်ခါ ပြန်၍လဲလှယ်ပေးခဲ့သည်။
သူဌေးရဲ့ လက်ထဲကို ဖြတ်သန်းသွားပြီးတော့ အုတ်မြစ်ကျောက်နဲ့ အနက်ရောက်ရွှေက လုံးဝ ပြောင်းလဲသွားတာများလား။
သူ နားမလည်သော်လည်း ကျန်းယွင်ထျန်းက ဤသည်မှာ သူဌေး၏ လျှို့ဝှက်ချက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်သည်။ သူသည် သူဌေးနှင့် သိပ်မရင်းနှီးသေးဟု ယူဆကာ ပို၍ ရင်းနှီးလာပါက အလိုလို သိလာလိမ့်မည်ဟု တွေးလိုက်၏။
“ကောင်းပါပြီ။ ငါ မှတ်ထားပါ့မယ်။ နောက်ပိုင်းမှာ ဒီအချက်ကို သတိထားပါ့မယ်။”
ကျူးဝူက သဘောတူလိုက်သည်။ ကျန်းယွင်ထျန်းသည် ကျူးဝူ၏ အဖြေကို ကြည့်ကာ ပြုံးလိုက်သည်။
“မင်းကို ကျွန်းပိုင်ရှင်က သဘောကျတာ မဆန်းပါဘူး။ မင်းရဲ့ အလုပ်လုပ်ပုံကို ဘယ်သူမဆို သဘောကျမှာပါပဲ။”
ထိုအချိန်တွင် ကျူးဝူထံသို့ သီးသန့်စာတိုတစ်စောင် ရောက်လာခဲ့သည်။
“ဟယ်လို၊ အစ်ကိုကျူး ကျွန်တော်က ညီလေးလုပါ။ စောစောက ခင်ဗျားရဲ့ စာရင်းထဲမှာ ကျွန်တော့်နာမည်ကို တွေ့လိုက်ရလို့ပါ။”
ညီလေးလု ဆိုသော အိုင်ဒီရှိသည့် အသက်ရှင်ကျန်သူတစ်ဦးက စာပို့ခြင်းပင်။
သခင်ကြီးလု ရှာဖွေနေသည့်သူကို အမှန်တကယ် ရှာတွေ့သွားသဖြင့် ကျူးဝူမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ဟယ်လို...သခင်ကြီးလုက မင်းရဲ့ အခြေအနေကို မေးမြန်းပေးဖို့ ငါ့ကို မှာထားတယ်။”
ကျူးဝူက ချက်ချင်း ပြန်စာပို့လိုက်ပြီး သခင်ကြီးလု၏ မက်ဆေ့ခ်ျကို စခရင်ရှော့ရိုက်ကာ ညီလေးလုထံ ပို့ပေးလိုက်သည်။
“သခင်ကြီးလုလား။ သူက ကျွန်တော့်အစ်ကိုပါ။ သူက ခင်ဗျားတို့ ဂလက်ဆီထဲမှာပဲ ရှိနေတာလား။”
ညီလေးလုက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ဟုတ်တယ်။ ပြီးတော့ သူက မင်းအတွက် ပစ္စည်းတချို့ ပေးလိုက်ဖို့ ငါ့ကို အပ်နှံထားတယ်။ လက်ခံလိုက်ပါဦး။”
ကျူးဝူက သခင်ကြီးလုနှင့် ယခင်က ပြောဆိုခဲ့သော စာတိုများကို ပြန်စစ်ဆေးကြည့်လိုက်ရာ သခင်ကြီးလုက ပစ္စည်းတချို့ကို သူ့ထံ လဲလှယ်ထားသည်ကို တွေ့လိုက်ရသည်။
“ပစ္စည်းတွေလည်း ပါတာလား။ ဘာတွေလဲ။”
ညီလေးလုက အံ့အားသင့်စွာ မေးလိုက်သည်။
“အောက်ဆီဂျင် ၁၀ လီတာ၊ လောင်စာ ၂၀%၊ လျှပ်စစ်ဓာတ်အား ၁၀% - အခမဲ့လဲလှယ်ခြင်း။”
သခင်ကြီးလုနှင့် ရှောင်းယီတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ပြေပြစ်သည့်အတွက် ကျူးဝူသည် ယခုတစ်ကြိမ်တွင် ကော်မရှင်ခ မယူတော့ပေ။
ထိုအရင်းအမြစ်များကို မြင်လိုက်ရသောအခါ ကျူးဝူ၏ အထောက်အထားအပေါ် ညီလေးလု၏ သံသယများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ကျူးဝူသာ လူလိမ်ဆိုပါက အရေးကြီးသော ပစ္စည်းများကို သူ့ထံသို့ ဒီလောက် အများကြီး လဲလှယ်ပေးလိမ့်မည် မဟုတ်ပေ။
ကုန်သွယ်မှုကို သဘောတူပြီးနောက် ညီလုလေးက ဆက်မေးလိုက်သည်။
“အစ်ကိုကျူး...ဟိုဟာ ကျွန်တော့်ဘက်ကနေ သတင်းစကားလေး ပြန်ပို့ပေးလို့ ရမလားခင်ဗျ။”
“ရတာပေါ့။”
ကျူးဝူက ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ အနက်ရောင်ရွှေ နှစ်ယူနစ်တော့ ပေးရမယ်။”
“ဘာမှမဖြစ်ပါဘူး။ ရပါတယ်။”
ညီလေးလုက သဘောတူလိုက်ပြီး ကုန်သွယ်မှုကို စတင်လိုက်သည်။
“အနက်ရောင်ရွှေ ၂ - အခမဲ့လဲလှယ်ခြင်း။”
“လက်ခံရရှိပါပြီ။ မင်း ပို့ချင်တဲ့ စာကို တိုက်ရိုက်သာ ရေးလိုက်ပါ။ ငါ စခရင်ရှော့ရိုက်ပြီး သူ့ကို ပြန်ပြလိုက်မယ်။”
ကျူးဝူက ပြောလိုက်သည်။
“ဟုတ်ကဲ့။ အခုပဲ စရေးလိုက်ပါ့မယ်။”
ညီလေးလုက အလျင်အမြန် စတင်ရေးသားတော့သည်။
ကျူးဝူသည် ညီလေးလုကို ဂရုမစိုက်တော့ဘဲ အများသုံးချန်နယ်ဘက်သို့ ကြည့်လိုက်သည်။ ဤအချိန်တွင် လူတိုင်းမှာ ထိုကိစ္စကို စတင် ဆွေးနွေးနေကြပြီဖြစ်သည်။
“အစ်ကိုကျူးက...တခြား ဂလက်ဆီက သတင်းအချက်အလက်တွေကို တကယ်ကြီး ယူလာပေးတာပဲ။ တော်လိုက်တာ...။”
“ဘာတွေတော်တာလဲ။ ငါရှာနေတဲ့သူကိုတော့ ရှာမတွေ့သေးပါဘူး။”
“ငါလည်း ဘယ်သူ့ကိုမှ မတွေ့သေးဘူး။ ဒါပေမဲ့ အစ်ကိုကျူးဆီမှာ ကော်မရှင်ခပေးပြီး ဟိုဘက်ကို ပြန်သွားရင် လူရှာပေးဖို့ တောင်းဆိုလို့ ရတာပဲ။”
“ဟုတ်သားပဲ။ @ကချေသည်ဝက် အစ်ကိုကျူး... ကျွန်တော့်အတွက်လည်း လူရှာပေးလို့ ရမလား။”
ထိုအရာကို မြင်သောအခါ ကျူးဝူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ချက်ချင်း ပြန်စာပေးလိုက်သည်။
“ငါ အားလုံးအတွက် လူရှာပေးတာနဲ့ သတင်းစကား ပို့ပေးတာ လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်အနေနဲ့ အနက်ရောင်ရွှေ နှစ်ယူနစ်တော့ ပေးရပါမယ်။”
“အာ...ဒါက ပိုက်ဆံပေးရသေးတာလား။ ဒါက ကူညီပေးလို့ရတဲ့ အသေးအဖွဲကိစ္စလေး မဟုတ်ဘူးလား။ ဘာလို့ အခကြေးငွေ ယူရတာလဲ။”
“အပေါ်က ပြောတဲ့လူက အချောင်သမားပဲ ဖြစ်ရမယ်။ ဂလက်ဆီတွေကြားမှာ ခရီးသွားနိုင်တဲ့ စွမ်းရည်ဆိုတာကတင်ကို အရင်းအနှီးတစ်ခု ဖြစ်နေပြီ။ သူက မင်းတို့အတွက် အလကားသက်သက် သတင်းပို့ပေးရမယ်၊ လူရှာပေးရမယ်လို့ ဘာလို့ ထင်နေတာလဲ။”
“မှန်တယ်။ ငါ အခုတင် အစ်ကိုကျူးဆီကို အနက်ရောက်ရွှေ နှစ်ယူနစ် လဲလှယ်ပေးလိုက်ပြီ။ ရှာရတာ တန်ပါတယ်။ အဖော်တစ်ယောက်ယောက်ကို တွေ့သွားရင် အချင်းချင်း ကူညီနိုင်တာပေါ့။”
“ငါလည်း ကုန်သွယ်မှု လုပ်ပြီးပြီ။ အစ်ကိုကျူးအနေနဲ့ ငါရှာနေတဲ့သူကို တွေ့နိုင်ပါစေလို့ မျှော်လင့်ပါတယ်။”
ထိုအရာကို မြင်သောအခါ ကျူးဝူသည် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် အများသုံး ချန်နယ်တွင် ပြောလိုက်သည်။
“သတိပေးချင်တာတစ်ခုက ငါက ဂလက်ဆီ သုံးခုကို ဖြတ်သန်းသွားရမယ်။ ကျန်တဲ့ ဂလက်ဆီနှစ်ခုမှာ လူတွေကို ရှာပေးမယ်။ ဒါပေမဲ့ တွေ့နိုင်ခြေကတော့ အရမ်းနည်းတယ်။ ငါ့ရဲ့ အကူအညီကို လိုချင်လား မလိုချင်လားဆိုတာ ကိုယ့်ဘာသာကိုယ် ချိန်ဆကြည့်ကြပါ။ ဘာပဲဖြစ်ဖြစ် ဒါက ပေးဆောင်ရတဲ့ ဝန်ဆောင်မှုပဲ။”
“အစ်ကိုကျူး...မင်းက ရိုးသားလွန်းတာပဲ။”
“မှန်တယ်...အဲဒီလိုသာ ပြောလိုက်ရင် လူတွေက မင်းကို ရှာခိုင်းတော့မှာ မဟုတ်ဘူး။”
ထိုအခါ ကျူးဝူက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ငါကတော့ သတင်းဆိုးတွေကို အရင်ဆုံး ကြိုပြောထားရတာ ပိုသဘောကျတယ်။ နောက်ပိုင်းမှာ လူမတွေ့လို့ဆိုပြီး တိုင်တောတဲ့ အသက်ရှင်ကျန်သူတွေ မရှိစေချင်ဘူး။ အဲဒါက စိတ်ညစ်စရာကောင်းတယ်လေ။”
“အစ်ကိုကျူးက စာနာတတ်တာပဲ။ အဲဒီလိုမျိုး လူတွေ တကယ်ရှိတယ်။”
“ငါက စာနာတတ်လို့ မဟုတ်ပါဘူး။ အမျိုးမျိုးသော လူတွေနဲ့ ကြုံတွေ့ဖူးလို့ အတွေ့အကြုံ ရသွားတာပါ။”
ကျူးဝူက ပြန်ဖြေလိုက်သည်။
“အစ်ကိုကျူး တခြား ဂလက်ဆီနှစ်ခုရဲ့ အခြေအနေကို ပြောပြပေးလို့ ရမလား။”
တစ်စုံတစ်ယောက်က ရုတ်တရက် မေးလာခဲ့သည်။
“ရတာပေါ့။ ငါလည်း အလကား ထိုင်နေတာပဲလေ။”
ကျူးဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒီသတင်းအချက်အလက်ကတော့ အလကားပါ။”
ကျန်းယွင်ထျန်းနှင့် အားကုန်းတို့ကလည်း ကျူးဝူ အများသုံးချန်နယ်တွင် ပြောလိုက်သည်များကို မြင်လိုက်ရသဖြင့် အာရုံစိုက်လာခဲ့ကြသည်။
“အရင်ဆုံး ငါ မူလကရှိခဲ့တဲ့ ဂလက်ဆီအကြောင်း ပြောပြမယ်။ အဲဒီ ဂလက်ဆီကို ဂမ်မာဂလက်ဆီလို့ ခေါ်တယ်။”
ကျူးဝူက စတင် ပြောပြလိုက်သည်။
“ဘာလဲ...မင်းက ကိုယ့် ဂလက်ဆီနာမည်ကိုတောင် သိနေတာလား။”
“ဟုတ်တယ်။ ဘယ်လိုလုပ် သိတာလဲ။ ငါတို့တောင် ကိုယ့် ဂလက်ဆီနာမည်ကို မသိကြသေးဘူး။”
“အားလုံးပဲ စကားမဖြတ်ကြပါနဲ့လား။ အစ်ကိုကျူးကို ဆက်ပြောခိုင်းကြရအောင်။”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ အစ်ကိုကိူးကို ဆက်ပြောပါစေ။”
ကျူးဝူက ပြုံးကာ ဆက်ပြောလိုက်သည်။
“ငါတို့ ဂလက်ဆီနာမည်ကို သိရတဲ့ အကြောင်းရင်းက သူဌေးက အဲဒီ ဂလက်ဆီက ဒေသခံတွေနဲ့ ဆက်သွယ်ခဲ့လို့ပဲ။ အဲဒီကနေတစ်ဆင့် ငါ သိလိုက်ရတာ။”
“သောက်ကျိုးနည်း... မင်းရဲ့ သူဌေးက ဒီက ဒေသခံတွေနဲ့ တကယ်ပဲ ဆက်သွယ်ခဲ့တာလား။”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီက ဉာဏ်ရည်ရှိတဲ့ သက်ရှိတွေက စကားပြောလို့မှ မရတာ။ အနည်းဆုံးတော့ ဘာသာစကားအရပေါ့။”
“မှန်တယ်။ ပြီးတော့ သူတို့ ဆက်သွယ်နိုင်ခဲ့တယ်ဆိုရင် အစ်ကိုကျူးရဲ့ သူဌေးက ဒေသခံတွေရဲ့ ဂြိုဟ်ကို ပျံသွားတာ ဖြစ်ရမယ်။ ဒါမှမဟုတ် ဒေသခံတွေရဲ့ အာကာသယာဉ်က သူဌေးဆီ ချဉ်းကပ်လာတာပဲ ဖြစ်ရမယ်။”
အခန်း ၁၃၆၄
“ဒါပေမဲ့ အဲဒီရှင်းပြချက် နှစ်ခုလုံးက နည်းနည်းတော့ အဓိပ္ပာယ်မရှိသလိုပဲ။”
“အတိအကျပဲ။ တကယ်လို့ အဲဒီသူဌေးက ဒေသခံတွေရှိတဲ့ ဂြိုဟ်ပေါ်ကို ဆင်းသက်သွားတယ်ဆိုရင် မေးစရာရှိတာက ကယ်ဆယ်ရေးယာဉ် တစ်စီးက ဆင်းသက်ခြင်းကို လုပ်ဆောင်နိုင်ပါ့မလား။”
“အဲဒီသူဌေးက ယာဉ်ငယ်ထဲကနေတောင် ထွက်လို့ရပါ့မလား။ အပြင်ကို ခြေလှမ်းလှမ်းလိုက်တာနဲ့ ဒေသခံတွေရဲ့ တိုက်ခိုက်တာကို ခံရမှာမဟုတ်ဘူးလား။”
“တကယ်လို့ ဒေသခံတွေရဲ့ အာကာသယာဉ်ကသာ အဲဒီသူဌေးကို တွေ့သွားရင် ပိုတောင် အန္တရာယ်များဦးမယ်။ ဒေသခံ အာကာသယာဉ်တစ်စီးက ယာဉ်ငယ်တစ်စီးကို အလွယ်တကူ မှုတ်ထုတ်ဖျက်ဆီးပစ်နိုင်တယ်လေ။”
ထိုအခါ ကျူးဝူက တိုက်ရိုက်ပင် ဖြတ်မေးလိုက်သည်။
“မင်းတို့တွေ နားထောင်ကြမှာလား။ မနာထောင်ကြဘူးလား။”
“နားထောင်မယ်...နားထောင်မယ်။ အစ်ကိုကျူး… ကျေးဇူးပြုပြီး ဆက်ပြောပေးပါ။ ဟိုအပြစ်ရှာနေတဲ့ကောင်တွေကို ဂရုမစိုက်ပါနဲ့။”
“ဟုတ်တယ်။ အားလုံးပဲ အစ်ကိုကျူးပြောတာကို သေသေချာချာ နားထောင်ကြရအောင် ဟုတ်ပြီလား။ ကိုယ့်စိတ်ကူးနဲ့ကိုယ် လျှောက်ပြီး ဆန်းစစ်မနေကြပါနဲ့။”
“အတိအကျပဲ။ အစ်ကိုကျူးက အောက်ဆီဂျင်တွေ အများကြီးတောင် သယ်လာပေးနိုင်ခဲ့တာ။ မင်းတို့တွေရဲ့ ဆန်းစစ်ချက်တွေနဲ့ အောက်ဆီဂျင်တွေ ရလာတာမှ မဟုတ်တာ။”
သူ့ဘက်ကနေ ကာကွယ်ပြောဆိုပေးနေသည့် အသက်ရှင်ကျန်ရစ်သူ အမြောက်အမြားကို မြင်လိုက်ရသဖြင့် ကျူးဝူတစ်ယောက် စိတ်ကျေနပ်မှုအပြည့်ဖြင့် ဆက်ပြောလိုက်သည်။
“ငါတို့ ဂလက်ဆီတစ်ခုလုံးက သူဌေးရဲ့ ထောက်ပံ့မှုအပေါ်မှာပဲ လုံးလုံးလျားလျား မှီခိုနေရတယ်။ သူသာမရှိရင် ငါတို့ဂလက်ဆီကလည်း မင်းတို့ဂလက်ဆီလို ဖြစ်နေမှာပဲ။ လူပေါင်းများစွာဟာ အသက်ရှူကျပ်ပြီး သေဆုံးကုန်ကြရော့မယ်။”
“အသက်ရှင်ကျန်ရစ်သူ တစ်ယောက်တည်းက ဂလက်ဆီတစ်ခုလုံးကို ထောက်ပံ့နေတာ ဟုတ်လား။”
“ပါးစပ်ပိတ်ထားစမ်း။ အစ်ကိုကျူး ပြောပြီးတဲ့အထိ စောင့်စမ်းပါ။”
ကျူးဝူက လှောင်ပြုံးပြုံးကာ နှာခေါင်းရှုံ့လိုက်သည်။
“မင်းတို့လို သာမန် အသက်ရှင်ကျန်ရစ်သူတွေဟာ သူဌေးကြီးတွေရဲ့ကမ္ဘာကို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ သူဌေးရဲ့ ယာဉ်ငယ်က အဆင့်မြှင့်တင်ပြီးသား ဖြစ်နေပြီဆိုတာကို မင်းတို့ စိတ်ကူးထဲတောင် ထည့်နိုင်ရဲ့လား။”
“ငါ တကယ် ကြားဖြတ်မပြောဘဲ မနေနိုင်တော့ဘူး။ ယာဉ်ငယ်ကို အဆင့်မြှင့်လို့ရလို့လား။ ငါ ဘာလို့ အဲဒါကို မသိရတာလဲ။”
“သေချာပေါက် ရတာပေါ့။ ဒါက ဘာလဲဆိုတာ ကြည့်လိုက်စမ်း။ [ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ်] ၁။”
“ချီး...မင်း ဒါကို ဘယ်ကနေ ရလာတာလဲ။”
“အခုလေးတင် ရိက္ခာသေတ္တာထဲကနေ ရလာတာလေ။”
“သေစမ်း… ငါလည်း ငါ့ရဲ့ ရိက္ခာသေတ္တာတွေကို အမြန် သွားဖွင့်ရမယ်။”
အခြားဂလက်ဆီမှ အသက်ရှင်ကျန်ရစ်သူတစ်ဦးက ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ်ကို အမှန်တကယ် ရရှိထားသည်ကို ကျူးဝူ မြင်လိုက်ရသဖြင့် သူက လှမ်းမေးလိုက်သည်။
“ညီအစ်ကို… အဲဒီအဆင့်မြှင့်တင်ရေးကတ်ကို ရောင်းမလား။”
“ငတုံးပဲ ဒါကို ရောင်းလိမ့်မယ်။ ဒါက ယာဉ်ငယ်ကို အဆင့်မြှင့်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းပဲ။”
“ဟုတ်တယ်။ ဒါက သေချာပေါက် ကိုယ်တိုင်သုံးဖို့ သိမ်းထားရမယ့်အရာမျိုးပဲ။”
“မေးမနေပါနဲ့တော့။ သူ ရောင်းမှာ မဟုတ်ဘူး။”
ကျူးဝူတစ်ယောက် လက်လျှော့လိုက်ပြီး ပုံပြောသူအဖြစ် ပြန်ပြောင်းတော့မည့်ဆဲဆဲမှာပဲ တစ်ဖက်လူက ရုတ်တရက် ပြဖြေလာခဲ့သည်။
“ငါ ရောင်းမယ်။ မင်း ဘယ်လောက် ဈေးပေးနိုင်လဲ။”
ကျူးဝူ ဆွံ့အသွားသလို အခြား အသက်ရှင်ကျန်ရစ်သူများအားလုံးလည်း အံ့အားသင့်သွားကြသည်။
“ဟေ့လူ… ခင်ဗျား အောက်ဆီဂျင်ပြတ်ပြီး မူးနေတာလား။ ငါ မင်းအတွက် အောက်ဆီဂျင်နည်းနည်းလောက် ထောက်ပံ့ပေးရမလား။”
“ဟုတ်တယ်။ အောက်ဆီဂျင် ပြတ်လပ်နေတာ နှစ်ရက်ထက်မနည်း ဖြစ်နေတဲ့လူမှ မဟုတ်ရင် ဒီလိုဆုံးဖြတ်ချက်မျိုး ဘယ်သူမှ ချမှာမဟုတ်ဘူး။”
“ချီးပဲ… ဒီပစ္စည်းက ဈေးကွက်ထဲ ရောက်လာတာဆိုတော့ ငါလည်း ဝယ်နိုင်မလား သိရအောင် ဈေးနှုန်း လှမ်းမေးကြည့်ရမယ်။”
အပြန်အလှန် ဆွေးနွေးနေကြသည်ကို မြင်သောအခါ ကျူးဝူက ချက်ချင်းပင် ပြောလိုက်သည်။
“အောက်ဆီဂျင် လီတာ ၁၀၀၀၊ လောင်စာဆီ ၅၀ ရာခိုင်နှုန်းနဲ့ လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်း ပေးမယ်။”
“အရင်းအမြစ်တွေ အများကြီးပဲ။ ဒါဆို ငါတော့ လက်လျှော့ပြီ။ ငါ့ကိုယ်ငါ ရောင်းရင်တောင် ဒီလောက် အရင်းအမြစ်တွေ ရမှာမဟုတ်ဘူး။”
“ဟုတ်တယ်ာ အစ်ကိုကျူး တော်တော်ကြီးကို ရက်ရက်ရောရော ပေးထားတာပဲ။ ဒါပေမဲ့ အဲဒီ အရင်းအမြစ်တွေနဲ့ အဆင့်မြှင့်တင်ရေးကတ်ကို လဲလှယ်ဖို့က နည်းနည်းတော့ ဈေးနည်းနေသေးသလို ခံစားရတယ်။”
“ဒါပေမဲ့ ဒီလောက်များပြားတဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် နောက်ထပ် ရိက္ခာသေတ္တာတွေ ပိုပြီး ရလာနိုင်တာပဲလေ။”
တစ်ဖက်လူက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
“အဲဒါတွေအားလုံးက ကုန်ဆုံးသွားမယ့် အသုံးအဆောင် အရင်းအမြစ်တွေပဲ။ ငါ အဲဒါတွေနဲ့ လဲလှယ်ဖို့ သေချာပေါက် ရွေးချယ်မှာမဟုတ်ဘူး။”
ကျူးဝူ မျက်မှောင်ကြုတ်လိုက်၏။
“ဒါဆို မင်းက ဘာနဲ့ လဲလှယ်ချင်တာလဲ ပြောပါ။”
“ရေသန့်စက်၊ ရေလျှပ်ခွဲစက်၊ လောင်စာဆီထုတ်လုပ်ရေး စက် ဒါမှမဟုတ် စွမ်းဆောင်ရည်မြင့် လျှပ်စစ်ဓာတ်အားပေးစက် တစ်ခုခုပေါ့။”
ထိုလူ၏ ပြန်စာကို မြင်လိုက်ရသောအခါ ကျူးဝူက ခေါင်းခါလိုက်မိသည်။ ရှောင်းယီ၏လက်ထဲတွင် လက်ရှိ၌ အဆင့်မြှင့်တင်ရေးကတ် အများအပြား ရှိနှင့်နေပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် ဤကတ်ကို သေချာပေါက် ရအောင်ယူရမည်ဟု တော့မဟုတ်ပေ။
“သေစမ်း… အစ်ကိုကြီး ခင်ဗျား တကယ်ပဲ ခြင်္သေ့လို ပါးစပ်အကျယ်ကြီး ဟပြလိုက်တာပဲ။”
“အတိအကျပဲ။ အဲဒီလို စက်ပစ္စည်းအစုံအလင်သာ ရှိရင် ယာဉ်ငယ်ထဲမှာတင် ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်လို့ရပြီ။”
“ဒါပေမဲ့ ယာဉ်ငယ်က အဆင့်မြှင့်ပြီးသွားရင် ဘယ်လိုပုံစံ ဖြစ်သွားမှာလဲ။ အဆင့်မြှင့်ပြီးနောက်ပိုင်း အလွန်အမင်း အဆင့်မြင့်သွားတာမျိုးဆိုရင်တော့ ဒီလောက်အများကြီး တောင်းတာက နားလည်ပေးလို့ ရနိုင်တယ်။”
ထိုသူက ချက်ချင်းပင် ပြောလိုက်သည်။
“ယာဉ်ငယ်ကို အဆင့်မြှင့်ပြီးသွားရင် အသေးစား အာကာသယာဉ် ဖြစ်သွားလိမ့်မယ်။”
“သောက်ကျိုးနည်း… အာကာသယာဉ် ဟုတ်လား။ ဒါက အရှိန်အဟုန်နဲ့ ခုန်ပျံကျော်လွှားသွားတာမျိုး မဟုတ်ဘူးလား။”
“မင်း ဒီလောက်ဈေးခေါ်ရဲတာ မဆန်းတော့ပါဘူး။ ငါသာဆိုရင်လည်း အဲလောက်အများကြီး တောင်းမိမှာပဲ။”
“အာကာသယာဉ်ကြီးတဲ့ကွာ...။ အဲဒါသာ ရှိရင် စကြဝဠာကြီးရဲ့ ကျယ်ပြောလှတဲ့ နေရာတိုင်းကို စိတ်ကြိုက် လှည့်လည် စူးစမ်းလို့ရပြီ။”
ကျူးဝူက ပြုံးလိုက်သည်။
“ညီအစ်ကို… မင်းက အဆင့်မြှင့်ပြီးသွားရင် ရမယ့်ပစ္စည်းအကြောင်းပဲ ပြောနေတာကိုး။ အဆင့်မြှင့်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေအကြောင်းကိုကျ ဘာလို့ ထည့်မပြောတာလဲ။”
ထိုသူသည် အများသုံး ချန်နယ်တွင် ကျူးဝူ၏ မက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။
“ဘာကို ဆိုလိုတာလဲ။ အစ်ကိုကျူးရဲ့ စကားတွေအရ သူက အဲဒီ အဆင့်မြှင့်တင်ရေးကတ်အကြောင်းကို အရမ်း ရင်းနှီးကျွမ်းဝင်နေတဲ့ ပုံပဲ။”
“သေချာပေါက်ပဲ။ အစ်ကိုကျူးတို့ ဂလက်ဆီထဲက တစ်ယောက်ယောက်ကတော့ ဒီအဆင့်မြှင့်တင်ရေးကတ်ကို အရင်ကတည်းက ရထားဖူးလို့ ဖြစ်ရမယ်။”
“အဆင့်မြှင့်ဖို့အတွက် ကုန်ကြမ်းပစ္စည်းတွေ ထပ်လိုသေးတာလား။ ဒီအဆင့်မြှင့်တင်ရေးကတ် တစ်ခုတည်းနဲ့ မလုံလောက်ဘူးလား။”
ကျူးဝူက ဆက်ပြောလိုက်သည်။
“ယာဉ်ငယ်တစ်စီးကို အသေးစား အာကာသယာဉ်အဖြစ် အဆင့်မြှင့်တင်ဖို့အတွက် မင်းမှာ အနက်ရောင်ရွှေယူနစ် တစ်သန်းနဲ့ အုတ်မြစ်ကျောက် တစ်သန်း လိုအပ်တယ်။ ဒါက မင်း ဒီအဆင့်မြှင့်တင်ရေးကတ်ကို ပြန်ရောင်းချင်နေရတဲ့ တကယ့် အကြောင်းအရင်းပဲ မဟုတ်လား။”
“သောက်ကျိုးနည်း… အစ်ကိုကျူး... မင်း ‘သန်း’ ဆိုတဲ့ စကားလုံးကို မှားပြီး ထည့်လိုက်တာတော့ မဟုတ်ပါဘူးနော်။”
“ဒါမှမဟုတ် မင်း ‘ထောင်’ ဆိုတဲ့ စကားလုံးအစား အပို ထည့်မိသွားတာလား။”
“ငါ ဘာစကားလုံးမှ အပိုမထည့်ဘူး။ အတိအကျကို တစ်သန်းပဲ။”
ကျူးဝူက လုံးဝသေချာသော လေသံဖြင့် ပြောလိုက်သည်။
“အရင်းအမြစ် နှစ်ခုစလုံးက သန်းဂဏန်းအဆင့်မှာ ရှိတယ်။”
“တောက်… သန်းဂဏန်းအဆင့်ကြီးပဲ...။ ငါ့တစ်သက်လုံး စုရင်တောင် ဒီလောက်အများကြီး ရနိုင်မှာ မဟုတ်ဘူး။”
“အေးလေ။ သူ ဘာလို့ ပြန်ရောင်းချင်လဲဆိုတာ မဆန်းတော့ပါဘူး။ ငါသာ အဲဒီပစ္စည်းကို ရရင်လည်း ပြန်ရောင်းမိမှာပဲ။”
“ဒါက တကယ်ကို ခက်ခဲလွန်းတယ်။ တစ်သန်းဆိုတာ…။ လက်လှမ်းမီဖို့ အဝေးကြီး လိုသေးတယ်။”
“နေပါဦး။ အစ်ကိုကျူးက ဒါကို ဘယ်လိုဖြစ်လို့ ဒီလောက် အသေးစိတ် သိနေရတာလဲ။ အစ်ကိုကျူးက အဆင့်မြှင့်လို့ ပြီးသွားပြီလား။”
ကျူးဝူက ချက်ချင်း ငြင်းဆိုလိုက်သည်။
“ငါ မမြှင့်ရသေးပါဘူး။ ဒါပေမဲ့ ငါတို့ဆီက သူဌေးကတော့ အဆင့်မြှင့်တင် ပြီးသွားပြီ။ သူက အဆင့်မြှင့်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေအကြောင်း ငါ့ကို ရှင်းပြထားလို့ ငါက သေချာ သိနေတာ။”
“ခင်ဗျားတို့ဆီက သူဌေးက အုတ်မြစ်ကျောက်တွေနဲ့ အနက်ရောက်ရွှေတွေ ဒီလောက်အများကြီး ဘယ်လိုလုပ် ရလာတာလဲ။”
တစ်စုံတစ်ယောက်က လူအများစု သိချင်နေကြသည့် မေးခွန်းကို ထုတ်မေးလိုက်သည်။
“ငါ အစကတည်းက ပြောခဲ့သားပဲ။ သူဌေး တစ်ယောက်တည်းတင် ဂလက်ဆီတစ်ခုလုံးအတွက် အရင်းအမြစ်တွေကို ပံ့ပိုးပေးနေတာလို့။ အဲဒါကို စိတ်ထဲမှာ ထည့်ထားမယ်ဆိုရင် မင်းတို့အနေနဲ့ အဲဒီပမာဏက များနေသေးတယ်လို့ ထင်နေတုန်းပဲလား။”
ကျူးဝူက ပြန်လည် ချေပလိုက်သည်။
“အမှန်ပဲ။ ငါ့မှာသာ ကန့်သတ်ချက်မရှိတဲ့ အောက်ဆီဂျင် ရှိနေရင် အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေ တစ်သန်းစုဖို့ဆိုတာ သိပ်ပြီး ခက်ခဲမှာ မဟုတ်ဘူး။”
“ရှိနေရင် ဟုတ်လား။ ပြီးတော့ ကန့်သတ်ချက်မရှိတာကြီးလား။ မင်းက ဂိမ်းထဲက လျှို့ဝှက်ကုဒ်တွေ သုံးနေတာလား။”
“အတိအကျပဲ။ ကန့်သတ်ချက်မရှိတဲ့ အောက်ဆီဂျင်ဆိုတာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။”
“တကယ်တော့ သူဌေးမှာ အောက်ဆီဂျင်တွေက တကယ်ပဲ အကန့်အသတ်မရှိဘူး။ ရေအရင်းအမြစ်သာ ထောက်ပံ့ပေးနိုင်မယ်ဆိုရင်ပေါ့လေ။”
ကျူးဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
“မဖြစ်နိုင်တာ ဘာမှမရှိဘူး။”
ကျူးဝူက တုံ့ပြန်လိုက်သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းက ကျူးဝူထံ သီးသန့်မက်ဆေ့ခ်ျတစ်စောင် ပေးပို့လာခဲ့သည်။
“သူ့ကို C အဆင့် ရေသန့်စက် ပေးကြည့်လိုက်။ သူ ရောင်းမလားလို့။”
“ရေသန့်စင်စက် (C-အဆင့်) ၁ - အခမဲ့လဲလှယ်ခြင်း။”
၎င်းက ရှောင်းယီ မသုံးတော့၍ ကျူးဝူထံသို့ အခုလေးတင် လဲလှယ်ပေးပို့ထားခဲ့သော ရေသန့်စက် ဖြစ်သည်။
ကျူးဝူက ချက်ချင်းပင် လဲလှယ်မှုကို လက်ခံလိုက်ပြီး အနည်းငယ် စဉ်းစားကာ မေးလိုက်သည်။
“ညီအစ်ကို… မင်း အဲဒီ အဆင့်မြှင့်တင်ရေးကတ်ကို ရောင်းဖို့ စိတ်ကူးရှိသေးရဲ့လား။ ငါ့ဘက်ကတော့ C အဆင့် ရေသန့်စက် တစ်လုံး ပေးနိုင်တယ်။ မင်းအနေနဲ့ အဆင်ပြေတယ်လို့ ထင်ရင် လဲလှယ်ကြတာပေါ့။ အဆင်မပြေရင်လည်း ထားလိုက်ပါတော့။”
“ဝိုး… အစ်ကိုကျူးဆီမှာ တကယ်ကြီး Cအဆင့် ရေသန့်စက် ရှိတာလား။ အံ့ဩဖို့ကောင်းလိုက်တာ။”
“ပိုပြီး အရေးကြီးတာက အစ်ကိုကျူးက အဲဒါကို လဲလှယ်ဖို့ တကယ် လိုလိုလားလား ရှိနေတာပဲ။ ဒီလို ပစ္စည်းကောင်းကို လဲပစ်တာ နှမြောစရာကြီး။”
“ညီအစ်ကို… မင်း လဲမှာလား။”