← Chapters

အခန်း (၁၀၇၉-၁၀၈၀)

Vol. 78 Ch. 1079-1080

အခန်း (၁၀၇၉-၁၀၈၀)

Vol. 78 Ch. 1079-1080

အခန်း ၁၀၇၉ သူ့အမည်မှာ ဆန်း ဖြစ်သည်

"သူ မရှိတော့ဘူး..." ငြိမ်သက်သွားပြီးနောက် စုမင် ပလ္လင်ပေါ်မှ ဆင်းသက်လာချိန်တွင်မှ လူအုပ်ကြီးမှာ အသိဝင်လာကြပြီး ကောင်းကင်ယံသို့ တိုးဝှေ့တက်သွားမည့်အလား ဆူညံသံကြီးများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့တော့သည်။

​"ဒါ... ဒါက ဘာဖြစ်သွားတာလဲ။ အလင်းတိုင်ထဲမှာ အမြဲတမ်း ရှိနေခဲ့တဲ့ အနက်ရောင် အမွေးအတောင်တွေနဲ့ လူက ဘာလို့ ပျောက်သွားရတာလဲ"

​"ဒါဆို မင်းသား တာအိုခုန်းက စတုတ္ထမြောက် တိုက်ခိုက်ခြင်းနယ်မြေကို အောင်မြင်သွားပြီလို့ သတ်မှတ်လို့ရမလား"

​"မသိဘူးလေ။ နယ်မြေစောင့်က ပျောက်သွားပြီလေ။ ဒါဆို မင်းသား တာအိုခုန်းက စမ်းသပ်ပွဲအောင်တာ မဟုတ်လို့ ဘာလဲ"

​"သူက ဘယ်လိုကျင့်ကြံခြင်း အဆင့်မျိုးကို ပိုင်ဆိုင်ထားတာလဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နယ်မြေစောင့်က အသတ်ခံလိုက်ရတာများလား"

​"ဒါက အဓိက အချက် မဟုတ်ဘူး။ အဓိက အချက်က စတုတ္ထမြောက် တိုက်ခိုက်ခြင်းနယ်မြေရဲ့ နယ်မြေစောင့် ပျောက်သွားတာပဲ။ နောက်နောင် ကျုပ်တို့တွေ ဒီနယ်မြေကို ဘယ်လို စိန်ခေါ်ကြတော့မလဲ"

​"ဒါက နံနက်ခင်းတာအိုဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မဖြစ်ဖူးတဲ့ အရာပဲ..." ဝေဖန်ဆွေးနွေးသံများမှာ ဘယ်သောအခါမှ ဤမျှလောက်အထိ ကျယ်လောင်ခဲ့ခြင်း မရှိဖူးချေ။ စုမင် ယခင် တိုက်ခိုက်ခြင်းနယ်မြေ သုံးခုလုံးကို အောင်မြင်ခဲ့စဉ်ကပင် ဤမျှသော အသံများ ထွက်ပေါ်မလာခဲ့ပေ။

​ထိုဧရိယာအတွင်းရှိ တာအိုလင်းနှင့် တာအိုဖာ အပါအဝင် အခြားသော မင်းသားများ၏ မျက်ဝန်းထဲတွင် စုမင်ကို ကြည့်ရင်း ကြီးမားသော ထိတ်လန့် တုန်လှုပ်မှုများနှင့် အံ့ဩမှင်သက်မှုများ ပြည့်နှက်နေခဲ့သည်။ အမှန်တကယ်တွင် သူတို့၏ နှလုံးသား အောက်ခြေတွင် ဖော်ပြ၍ မတတ်နိုင်သော သတိထားမှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုများ စွဲထင်သွားခဲ့ပြီ ဖြစ်သည်။

​အခြားတစ်ဖက်တွင်မူ ကောင်းကင်ယံမှ ဆင်းသက်လာသော နတ်ဘုရားအာရုံ အနည်းငယ်မှာ တိတ်ဆိတ်စွာဖြင့် လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းသွားခဲ့ကြသည်။ သို့သော် ယင်းတို့ ပျောက်ကွယ်သွားသည့် အခိုက်အတန့်မှာပင် ဒုတိယထပ်ရှိ တိုက်ကြီး ၉၉ တိုက်နှင့် တတိယထပ်ရှိ တိုက်ကြီး ၉၉၉ တိုက်၏ နေရာအသီးသီးမှ ပြင်းထန်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခဲ့သည်။ ထိုနေရာများမှ လူရိပ်တစ်ရိပ်စီ ကောင်းကင်သို့ ထိုးတက်လာခဲ့ကြပြီး အများစုမှာ ပထမထပ်ရှိ တိုက်ကြီး ၉ တိုက်ကို မော့ကြည့်လိုက်ကြပြီးနောက် အပေါ်ဘက်သို့ တစ်လှမ်းချင်း လှမ်းတက် လာခဲ့ကြတော့သည်။

​ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီဆိုသည်ကို သူတို့ သိရှိကြသည်။ စတုတ္ထမြောက် တိုက်ခိုက်ခြင်းနယ်မြေ၏ နယ်မြေစောင့် ပျောက်ဆုံးသွားခြင်းသည် တစ်ခါမျှ မရှိဖူးသေးသော အရာဖြစ်ပြီး ကြီးမားသော မုန်တိုင်းတစ်ခုကို မလွဲမသွေ သွေးထိုးပေးမည် ဖြစ်သည်။ အကယ်၍ သူတို့ နောက်ကျသွားပါက မင်းသား တာအိုခုန်း သေဆုံးသွားနိုင်ပြီး သူ့ကို စိန်ခေါ်ခွင့် ဆုံးရှုံးသွားမည် ဖြစ်သည်။

​သူတို့အပြင် စတုတ္ထမြောက် တိုက်ကြီးပေါ်ရှိ ကျင့်ကြံသူ လူအုပ်ကြီး၏ အစွန်းတွင် ရပ်နေသော အဘိုးအို ပေပန်း၏ မျက်နှာအမူအရာမှာလည်း မည်းမှောင်နေခဲ့သည်။ သူသည် လွတ်လပ်နေသော အလင်းတိုင်ကြီးကို စိုက်ကြည့်လိုက်ပြီးနောက် စုမင်ထံသို့ အကြည့်ကို ရွှေ့လိုက်သည်။ သို့သော် သူ မည်သည့်စကားမျှ မဆိုဘဲ တိတ်ဆိတ်နေ၏။ သူသည် နံနက်ခင်းတာအိုဂိုဏ်း၏ အမာခံ အဖွဲ့ဝင် တစ်ဦးသာ ဖြစ်ပြီး အထက်တန်းလွှာ ပုဂ္ဂိုလ်တော့ မဟုတ်ပေ။ သူ့အထက်တွင် ရာထူးအဆင့်အတန်း ပိုမိုမြင့်မားသော လူများစွာ ရှိနေသေးသည်။ ထိုလူများသည် ဖြစ်ပျက်ခဲ့သမျှကို သိရှိသွားကြပြီဖြစ်၍ မကြာမီ ရောက်ရှိလာကြတော့မည် ဖြစ်သည်။

​ပေပန်း၏ နောက်ကွယ်မှ ဂိုဏ်းသခင် သုံးဦးမှာ အံ့ဩမှင်သက်နေကြရပြီး အထူးသဖြင့် ထိုအသားညိုညိုနှင့် အဘိုးအို ဖြစ်သည်။ သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိပြီး သူ့ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် စုမင်ကို ကြည့်သော အကြည့်ထဲတွင် သတိထားမှုများ ပေါ်ထွက်လာခဲ့ရသည်။

​စုမင် ပလ္လင်ပေါ်မှ ဆင်းသက်ကာ ဝေဟင်သို့ လှမ်းတက်လိုက်သည့် အခိုက်အတန့်တွင် လေပြင်းများ တိုက်ခတ်လာပြီး တိမ်တိုက်များ လိပ်တက်လာခဲ့သည်။ မိုးကြိုးများ ထစ်ချုန်းသွားခဲ့ပြီး ကြီးမားသော ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။

​ထိုဝဲဂယက်သည် လည်ပတ်ကာ ဟိန်းဟောက်နေစဉ် ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ အတွင်းမှ စိတ်ဆန္ဒ သုံးပါး ဆင်းသက်လာခဲ့သည်။ ၎င်းတို့ ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် ထိုဧရိယာအတွင်းရှိ ကျင့်ကြံသူများ၏ နှလုံးသားများမှာ ချက်ချင်း တုန်ခါသွားခဲ့ရသည်။ ပေပန်းပင်လျှင် တုန်လှုပ်သွားခဲ့ရပြီး ခေါင်းအား နှိမ့်ချကာ လက်သီးကို ဆုပ်၍ ကောင်းကင်ယံသို့ ဦးညွှတ် အရိုအသေပေးလိုက်သည်။

​သူ ဤသို့ ပြုလုပ်လိုက်သည်နှင့် နောက်ကွယ်မှ ဂိုဏ်းသခင် သုံးဦးသည်လည်း ချက်ချင်းပင် လက်သီးကို ဆုပ်ကာ ရိုသေ လေးမြတ်စွာဖြင့် ဦးညွှတ်လိုက်ကြသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ သန်းဆယ်ချီမှာလည်း ထိုစိတ်ဆန္ဒ သုံးပါးကို အတူတကွ ဦးခိုက် အရိုအသေပေးလိုက်ကြတော့သည်။

​ဝေဟင်တွင် ရပ်နေသော စုမင်သည် ခေါင်းမော့၍ ဝဲဂယက်ကြီးကို ကြည့်လိုက်ရာ မျက်ဝန်းများမှာ လင်းလက်သွားခဲ့သည်။ သူသည် ဤကိစ္စတွင် အလွန်အမင်း မောက်မာလွန်းခြင်း မရှိရန် ဆုံးဖြတ်လိုက်ပြီး ခေါင်းကို နှိမ့်ချကာ ဦးညွှတ်လိုက်၏။

​"တာအိုခုန်း"

​စုမင် ဦးညွှတ်လိုက်သည့် အခိုက်အတန့်တွင် ဝဲဂယက်ကြီးထဲမှ နတ်ဘုရား တစ်ပါးကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံကြီး တစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် လှိုင်းလုံးကြီးများကဲ့သို့ ဂြိုဟ်လေးလုံး စလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး တိုက်ကြီး သန်းဆယ်ချီထံသို့ ရောက်ရှိသွားခဲ့တော့သည်။

​"ဒီနယ်မြေကို စောင့်ကြပ်နေတဲ့ မဟာအမှောင်ထုရဲ့ တည်ရှိမှုကို မင်း ဘာလုပ်လိုက်တာလဲ။ သူ့ရဲ့ အသက်ဓာတ် အရှိန်အဝါက ဘာဖြစ်လို့ ပျောက်သွားရတာလဲ" ကျယ်လောင်သော ဟိန်းဟောက်သံကြီးက ထပ်မံ ပျံ့နှံ့လာခဲ့ပြန်သည်။ ထိုအတွင်း၌ အေးခဲသော အအေးဓာတ် တစ်ခု ပါဝင်နေခဲ့ပြီး သက်ရှိ အားလုံးအား စကားပြောသူက အမိန့်တစ်ချက် ပေးလိုက်ရုံမျှဖြင့် သူတို့၏ နှလုံးသားများ ခြောက်သွေ့သွားကာ ယ အသက်များ ချုပ်ငြိမ်းသွားရတော့မည့်အလား ခံစားလိုက်ကြရသည်။

​"သေခြင်းနယ်ပယ်"

​လောကကြီး၏ အကြောင်းကို ကောင်းစွာ သိရှိနားလည်ထားကြသော သူများ သဘာဝကျစွာပင် ရှိနေကြပေသည်။ ထိုအခိုက်အတန့်တွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့်အတူ သူတို့သည် ခေါင်းများကို ပိုမို၍ နှိမ့်ချလိုက်ကြသည်။ နံနက်ခင်းတာအိုဂိုဏ်း၏ တပည့်တိုင်းသည် နံနက်ခင်းတာအိုဂိုဏ်းက ရေတွက်၍ မရနိုင်သော နှစ်ပေါင်းများစွာတစ်လျှောက် စွမ်းအားများကို စုဆောင်းထားခဲ့ခြင်းဖြစ်ပြီး တိုင်းတာ၍ မရနိုင်လောက်အောင် နက်ရှိုင်းကြောင်း သိရှိကြသည်။

​"ကျွန်တော် မသိဘူး" စုမင်က ခေါင်းကို ခါယမ်းရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် အေးဆေးတည်ငြိမ်စွာ ရှိနေခဲ့ပြီး ခန္ဓာကိုယ်ထံမှ မည်သည့် အပြောင်းအလဲမျှ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိချေ။ သူသည် နံနက်ခင်းတာအိုဂိုဏ်း အတွင်း၌ ရှိနေနိုင်သော်လည်း ဤသည်က သူ့အတွက် အရေးမကြီးချေ။

​လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က တာအိုခုန်းသည် နတ်ဘုရား အနှစ်သာရ နယ်မြေသို့ ခြေလှမ်းလှမ်းခဲ့သည်။ ထိုနယ်မြေအား ခုခံကာကွယ်နေကြသော နံနက်ခင်းတာအို လောကမှ တန်ခိုးရှင်ကြီးများက သူတို့သည် ဘိုးဘေး တာအိုချန်၏ အမိန့်ကိုသာ နာခံကြကြောင်း ပြောဆိုခဲ့ကြသည်။ သူ နံနက်ခင်း တာအိုဂိုဏ်းသို့ ခြေလှမ်းလှမ်းခဲ့စဉ်က သွေးနှင့်ဝိညာဉ် ပေါင်းစည်းခြင်း စမ်းသပ်မှုက သူ့အား ရွှေရောင် သွေးမျိုးဆက်ကို ပေးအပ်ခဲ့သည်။ အကယ်၍ စုမင်သာ ယခုအချိန်အထိ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နားမလည်သေးပါက သူသည် ဘဝကို အလဟဿ ဖြတ်သန်းခဲ့ခြင်း ဖြစ်ပေမည်။

​နံနက်ခင်းတာအိုဂိုဏ်း အတွင်း၌ သူ ကြောက်ရွံ့နေရမည့်အရာ တစ်ခုခု ရှိနေသည်လော။

​စုမင် အဖြေပေးလိုက်သောအခါ ဝဲဂယက်ကြီးထဲမှ စိတ်ဆန္ဒ သုံးပါးမှာ ချက်ချင်း စကားမဆိုကြသေးချေ။ သို့သော် ပိုမို ပြင်းထန်လာသော မဟာဖိအားကြီးမှာ ထိုတိတ်ဆိတ်မှု အတွင်း၌ သူတို့၏ ပတ်ဝန်းကျင်တွင် စဉ်ဆက်မပြတ် စုစည်းလာခဲ့သည်။ ယင်းက ထိုနယ်မြေရှိ ကျင့်ကြံသူ သန်းဆယ်ချီကို ချက်ချင်းပင် တုန်လှုပ် ချောက်ချားသွားစေခဲ့တော့သည်။

​"တာအိုခုန်းရဲ့ မင်းသား ဖြစ်ခွင့် အခွင့်အရေးကို ပယ်ဖျက်စေ" အချိန်အတန်ကြာပြီးနောက် ဝဲဂယက်ကြီးထဲမှ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။ ထိုအသံ ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် လွှမ်းမိုးချုပ်ကိုင်မှု အပြည့်ရှိသော အခြားအသံ တစ်သံကလည်း လေထုထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။

​"သူ့ရဲ့ တိုက်ရိုက် သွေးမျိုးဆက် ဖြစ်ခွင့် အခွင့်အရေးကို ပယ်ဖျက်စေ"

​"ဂိုဏ်းသခင်တွေက လွဲရင် သူနဲ့ ဆွေမျိုးတော်သူ အားလုံးကို မျိုးနွယ်ခွဲ အဖွဲ့ဝင် အဖြစ် နှိမ့်ချစေ"

​"သူ့ကို တာအိုပင်လယ်ဆီ ပြည်နှင်ဒဏ်ပေးစေ။ သူ လျှို့ဝှက်ချက်ကို မပြောမချင်း အဲဒီနေရာမှာ ချိပ်ပိတ် နှိမ်နင်းထားစေ။ တကယ်လို့ သူက နှစ်ပေါင်းတစ်သောင်းအထိ အဖြေမပေးရင် စကြဝဠာကြီး ပျက်စီးသွားတဲ့ အထိ တာအိုပင်လယ် အောက်ခြေမှာ နစ်မြုပ်သွားစေရမယ်"

​ကျယ်လောင်သော စိတ်ဆန္ဒ သုံးပါးသည် တစ်ခုပြီးတစ်ခု စကားဆိုခဲ့ကြသည်။ ထိုအတွင်း၌ ပါဝင်သော မဟာဖိအားကြီးမှာ သူတို့၏ စကားလုံးအနည်းငယ်မျှဖြင့် သက်ရှိ အားလုံး၏ ကံကြမ္မာနှင့် လောကကြီး၏ ဦးတည်ရာကို ဆုံးဖြတ်ပေးနိုင်သည့်အလား ထင်မှတ်ရသည်။

​"ဒီပြစ်ဒဏ်က ချက်ချင်း အာဏာ တည်စေရမယ်" ထိုစကားလုံးများ ဝဲဂယက်ကြီးထဲမှ ထွက်ခွာသွားသည်နှင့် ကြီးမားသော လက်ဝါးကြီး တစ်ဖက် ထွက်ပေါ်လာခဲ့ပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကြီးများနှင့်အတူ စုမင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့တော့သည်။

​စုမင်၏ မျက်ဝန်းများထဲတွင် စူးရှသော အလင်းတန်း တစ်ချက် လင်းလက်သွားခဲ့သည်။ သူသည် ခေါင်းမော့၍ အမူအရာ လုံးဝ ပြောင်းလဲခြင်းမရှိဘဲ ကျဆင်းလာသော လက်ဝါးကြီးကို စိုက်ကြည့်လိုက်သည်။ သူသည် အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေလေ့ရှိသော တာအိုချန် ဝင်ရောက်စွက်ဖက်ရန် ပေါ်ပေါက်လာမည်လော ဆိုသည်ကို လောင်းကြေးထပ်နေခြင်း ဖြစ်သည်။ အကယ်၍ သူ ပေါ်ပေါက်မလာပါက စုမင်သည် ပဉ္စမမြောက် မီးဖိုကြီးကို ဆင့်ခေါ်ကာ နံနက်ခင်းတာအိုဂိုဏ်းထဲမှ သွေးချောင်းစီးအောင် သတ်ဖြတ်၍ ထွက်ခွာသွားမည် ဖြစ်သည်။

​သူသည် တာအိုခုန်းအဖြစ် အထောက်အထားကို အလဟဿ ဖြုန်းတီးပစ်လိုက်ရမည် ဖြစ်သော်လည်း အထောက်အထား အသစ် တစ်ခုအား ရရှိရန် သူ့တွင် နည်းလမ်းများ ရှိနေဆဲပင် ဖြစ်သည်။ သို့သော် သူသည် အလွန်အမင်း မလိုအပ်ဘဲနှင့်မူ ဤကဲ့သို့သော အရာမျိုးကို ပြုလုပ်ရန် အလိုမရှိချေ။

​ကြီးမားသော လက်ဝါးကြီးသည် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးများနှင့်အတူ သူ့ထံသို့ ကျဆင်းလာခဲ့သည်။ လက်ဝါးကြီးသည် သူ့အား ထိတွေ့တော့မည့် အခိုက်အတန့်တွင် စုမင်၏ မျက်ဝန်းထဲ၌ ရူးသွပ်မှုများ ပြည့်နှက်နေသော စူးရှသည့် အလင်းတန်း တစ်တန်း လင်းလက်သွားခဲ့ပြီး ရုတ်တရက် ဝဲဂယက်ကြီး ရှိနေသော နေရာထက် ပိုမိုမြင့်မားသော ကောင်းကင်ယံထံမှ ရွှေရောင်အလင်းတန်း တစ်တန်း ဆင်းသက်လာခဲ့တော့သည်။

​ထိုရွှေရောင် အလင်းတန်းသည် အလွန်တရာ မြန်ဆန်လွန်းသဖြင့် အရှိန်အဟုန်ကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသည်။ ထိုအလင်း ပေါ်ထွက်လာသည့် အခိုက်အတန့်မှာပင် စုမင်ဆီသို့ ဖိနှိပ်ကျဆင်းလာနေသော ကြီးမားသည့် လက်ဝါးကြီးကို ထိုးဖောက်သွားခဲ့သည်။ ထွက်ပေါ်လာသော ကျယ်လောင်သည့် ပေါက်ကွဲသံကြီးများ အကြားတွင် လက်ဝါးကြီးမှာ ပြိုကျပျက်စီးသွားခဲ့ရပြီး မည်သည့်ခုခံမှုမျှ မပြုလုပ်နိုင်ဘဲ ကြေမွသွားခဲ့တော့သည်။ ထို့နောက် ရွှေရောင် အလင်းတန်းသည် စုမင် ရှေ့တွင် ရပ်တန့်သွားခဲ့၏။ ယင်းသည် စက္ကူတစ်ရွက် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

​ထိုသည်က အလွန်ပင် ရိုးရှင်းပြီး သာမန်ဖြစ်သော စက္ကူဖြူ တစ်ရွက် ဖြစ်သည်။

​ထိုပေါ်တွင် မခြောက်သေးသော မှင်များ ရှိနေခဲ့၏။ စူးရှသော ရွှေရောင် အလင်းတန်းများ မှင်စက်ထံမှ လင်းလက်လာသောအခါ ကောင်းကင်၊ မြေပြင်၊ နံနက်ခင်း တာအိုဂိုဏ်း တစ်ဂိုဏ်းလုံးနှင့် နံနက်ခင်းတာအိုလောက တစ်ခုလုံးကိုပင် တုန်လှုပ်ချောက်ချားသွားစေနိုင်သော အရှိန်အဝါတစ်ခုသည် မည်သည့် ထိန်းချုပ်မှုမျှ မရှိဘဲ ပြန့်ကားသွားခဲ့တော့သည်။

​"မင်းသား တာအိုခုန်သည် ယခုမှစ၍ စတုတ္ထမြောက် တိုက်ခိုက်ခြင်းနယ်မြေ၏ နယ်မြေစောင့်အဖြစ် တာဝန်ယူရမည်ဖြစ်ပြီး ဤနယ်မြေကို လာရောက်စိန်ခေါ်သူ အားလုံးအတွက် သူ တာဝန်ယူရမည် ဖြစ်သည်" ထိုစက္ကူဖြူထံမှ တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး လူငယ်တစ်ဦးသည် ဘေးတွင် ပေါ်ထွက်လာခဲ့သည်။ သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူသည် လက်သီးကို ဆုက်ကာ စုမင်အား ဦးညွှတ် အရိုအသေ ပေးလိုက်သည်။ သူ စကားပြောနေစဉ် ထိုလူငယ်သည် ကောင်းကင်ယံရှိ ဝဲဂယက်ကြီးအား ကြည့်ရန်ပင် စိတ်မဝင်စားဘဲ ညာလက်ကို မြှောက်ကာ ဝေ့ယမ်းလိုက်သည်။ ထို့နောက် စက္ကူဖြူသည် စုမင်ဆီသို့ ချက်ချင်း ပျံသန်းသွားခဲ့တော့သည်။

​"ဒါက အရှင်သခင် တာအိုချန်က မင်းသားအတွက် ပေးလိုက်တဲ့ လက်ဆောင်ပါ။ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး"

​သူ စကားပြောပြီးနောက် ထိုလူငယ်သည် စုမင်အား တိုးညှင်းစွာ ပြုံးပြလိုက်သည်။ ထိုအပြုံးထဲတွင် စုမင် နားမလည်နိုင်သော နက်ရှိုင်းမှုတစ်ခု ပါဝင်နေခဲ့သည်။ ထိုသည်က ထိုလူ၏ အတွင်း၌ ကြီးမားသော စိတ်ခံစားမှု လှိုင်းလုံးကြီး တစ်လှိုင်း မြင့်တက်လာသည့်အလား ရှိနေတော့သည်။ သူ လှည့်လိုက်ပြီး ဝေဟင်သို့ လှမ်းတက်လိုက်ရာ အရိပ်အယောင်မျှပင် မကျန်ရစ်ဘဲ ပျောက်ကွယ်သွားခဲ့တော့သည်။ စတင် ပေါ်ပေါက်လာချိန်မှစ၍ ပျောက်ကွယ်သွားသည့် အချိန်အထိ သူသည် ကောင်းကင်ယံရှိ ဝဲဂယက်ကြီးကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ဘဲ ထိုဝဲဂယက်သည် ထိုနေရာ၌ မရှိသည့်အလား သဘောထားခဲ့ခြင်း ဖြစ်သည်။

​ပတ်ဝန်းကျင်တစ်ခုလုံး သေခြင်းကဲ့သို့ တိတ်ဆိတ်သွားခဲ့ရသည်။ လူတိုင်း၏ မျက်နှာ အမူအရာများမှာ ယခင်အတိုင်း ရှိနေနိုင်သော်လည်း သူတို့၏ နှလုံးသားထဲတွင်မူ အံ့ဩဖွယ်ရာ မုန်တိုင်းတစ်ခု မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် အဘိုးအို ပေပန်း ဖြစ်ပေသည်။ သူ့မျက်နှာ အမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့ရပြီး သူ့နောက်မှ ဂိုဏ်းသခင် သုံးဦး၏ မျက်နှာထက်တွင်လည်း ဝေခွဲမရမှုများနှင့် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။

​တာအိုခုန်အား မင်းသားအဖြစ်မှ ရုပ်သိမ်းပြီး တာအိုပင်လယ်သို့ ပြည်နှင်ဒဏ်ပေးရန် ရည်ရွယ်ခြင်းသည် ဂိုဏ်းသခင် ခန်းမထံမှ အမြင့်ဆုံး အမိန့်တော် ဖြစ်သည်။ ဝဲဂယက်ကြီးထဲမှ ရှေးဟောင်းတည်ရှိမှု သုံးဦးသည်လည်း ခန်းမအတွင်း၌ အလွန် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ သူတို့၏ စကားလုံးများသည် နံနက်ခင်းတာအိုလောက အတွင်းရှိ အရာအားလုံးကို ဆုံးဖြတ်ပေးခဲ့သည့် အကြိမ်ပေါင်းများစွာ ရှိခဲ့ဖူးသည်။

​သို့သော် ထိုစက္ကူဖြူ... ထိုအရှိန်အဝါ တစ်ခုတည်းနှင့်ပင်။ ဤသည်က ကပ်ကမ္ဘာ အရှင်သခင် တာအိုချန်ထံမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း လူတိုင်းကို ပြောပြရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ ထိုလူငယ်သည် ဘိုးဘေး တာအိုချန်၏ သီးသန့် ကျင့်ကြံရာနယ်မြေ၏ ဝင်ပေါက်တွင် နယ်မြေစောင့်အဖြစ် တာဝန်ယူထားရသော တပည့်ဖြစ်ကြောင်းကိုလည်း လူတိုင်း သိရှိကြပေသည်။ သူသည် ထိုရာထူးနေရာကို ရေတွက်၍ မရနိုင်သော နှစ်ပေါင်းများစွာကတည်းက ရယူထားခဲ့ခြင်းဖြစ်ပြီး ဘိုးဘေး၏ အမိန့်တော်များအား ပုံမှန်အားဖြင့် လာရောက်ပေးပို့လေ့ရှိသူလည်း ဖြစ်သည်။

​သူသည် ဘိုးဘေး တာအိုချန် တံခါးပိတ် ကျင့်ကြံနေစဉ်အတွင်း သူ့တပည့်များ အားလုံး ရုတ်တရက် သေဆုံးသွားခဲ့ပြီးနောက် ဘိုးဘေး လက်ခံခဲ့သော တစ်ဦးတည်းသော တပည့် ဖြစ်သည်။

​သူ့အမည်တွင် စကားလုံး တစ်လုံးတည်းသာ ရှိသည်။ ယင်းက ဆန်း ဖြစ်သည်။

​ပတ်ဝန်းကျင် တစ်ခုလုံး သေခြင်းကဲ့သို့ တိတ်ဆိတ်ခြင်းက ဖုံးလွှမ်းနေခဲ့သည်။ မည်သူကမျှ စကားမဆိုကြချေ။ တည်ငြိမ်သော မျက်နှာအမူအရာနှင့်အတူ စုမင်သည် စက္ကူဖြူကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ သူ လှည့်လိုက်သောအခါ ဝေဟင်သို့ လှမ်းတက်လိုက်ပြီး အရှေ့သို့ ဦးတည် ပြေးဝင်သွားသည့် ရှည်လျားသော အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။ သူသည်လည်း ကောင်းကင်ယံရှိ ဝဲဂယက်ကြီးကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။ ထိုအခိုက်အတန့်တွင် ဝဲဂယက်ထံမှ အလွန်တရာ ဖိအားပေးလွန်းသော တိတ်ဆိတ်မှု တစ်ခု ထွက်ပေါ်နေခဲ့သည်။

​စုမင် အဝေးသို့ ထွက်ခွာသွားသောအခါ ဝဲဂယက်ကြီးထံမှ မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ချေ။ ထိုအစား ဝဲဂယက်သည် တွန့်လိမ်သွားခဲ့ပြီးနောက် ထိုကဲ့သို့ပင် လေထုထဲ၌ ကွယ်ပျောက်သွားခဲ့တော့သည်။

​ဤကဲ့သို့ တိတ်ဆိတ်စွာ ကွယ်ပျောက်သွားခြင်းက ထိုတိတ်ဆိတ်မှု အောက်တွင် ဖုံးကွယ်ထားသော ဒေါသတရားများကို လူတိုင်းအား အာရုံခံမိစေနိုင်ခဲ့သည်။ သို့သော် သူတို့ မည်မျှပင် ဒေါသထွက်နေပါစေ မည်သည့်အရာမျှ ထူးခြားမလာခဲ့ချေ။ ဤအရာသည် ဘိုးဘေး တာအိုချန် ကိုယ်တိုင် ပေးအပ်ခဲ့သော အမိန့်တော်ဖြစ်ပြီး ၎င်းသည် ဂိုဏ်းသခင် ခန်းမ၏ အမိန့်များကို တိုက်ရိုက် ပယ်ဖျက်နိုင်သော စွမ်းအား ရှိသည်။

​ဤကိစ္စကြောင့် ထိုဧရိယာ အတွင်းရှိ လူများသည်လည်း သတိထားမှုမှ စုမင်အား မဆင်မခြင် သွားမနှောင့်ယှက်ရဲသည့် အခြေအနေသို့ ကူးပြောင်းသွားခဲ့ကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ပထမထပ်၌ ပေါ်ထွက်လာခဲ့သော ရွှေရောင် အလင်းတန်းကို ချက်ချင်း စဉ်းစားမိသွားကြသူ အချို့လည်း ရှိနေခဲ့သည်။ သွေးနှင့်ဝိညာဉ် ပေါင်းစည်းခြင်း စမ်းသပ်မှုမှ ပျံ့နှံ့သွားခဲ့သော ရွှေရောင်အလင်းတန်းသည် ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှအတွက် အကောင်းဆုံးသော ရှင်းလင်းချက်တစ်ခု ဖြစ်လာခဲ့တော့သည်။

​'မင်းသား တာအိုခုန်းက ပဉ္စမမြောက် တိုက်ခိုက်ခြင်းနယ်မြေကို ဆက်ပြီး စိန်ခေါ်တော့မှာလား' စုမင် အဝေးသို့ ထွက်ခွာသွားစဉ် နောက်ကွယ်ရှိ ကျင့်ကြံသူ သန်းဆယ်ချီမှာ သူတို့၏ အကြည့်များကို သူ့အပေါ်သို့ စုစည်းလိုက်ကြပြီး သူတို့ နှလုံးသားထဲတွင် အမျိုးမျိုးသော ခန့်မှန်းချက်များ မြင့်တက်လာခဲ့ကြသည်။

​မကြာမီ သူတို့၏ အဖြေများကို သူတို့ ရရှိခဲ့ကြသည်။ စုမင်သည် ပဉ္စမမြောက် တိုက်ခိုက်ခြင်းနယ်မြေသို့ ဦးတည်သွားခဲ့ခြင်း မရှိချေ။ သူ အရှေ့သို့ ပြေးဝင်သွားစဉ် သူသည် ဘိသိက်မင်္ဂလာ အခမ်းအနား ပြုလုပ်ရာ နေရာသို့ ဦးတည်ရွှေ့လျားသွားခဲ့သည်။

​သူသည် ကောင်းမွန်သော အခြေအနေတွင် ရှိနေသည့်အလား ထင်မှတ်ရသော်လည်း အမှန်တကယ်တွင် သူသည် မဟာအမှောင်ထု အလင်းတန်း၏ တိုက်ခိုက်မှုအောက်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး နှစ်နာရီကြာ အနားယူချိန်၏ တစ်ဝက်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ အကယ်၍ စတုတ္ထမြောက် တိုက်ခိုက်ခြင်းနယ်မြေကို စိန်ခေါ်ရန် သတ်မှတ်ချက်က အရှင်သခင် အဆင့် ဖြစ်ပါက စုမင်သည် ပဉ္စမမြောက် တိုက်ခိုက်ခြင်းနယ်မြေနှင့် ပတ်သက်၍မူ ယုံကြည်မှု အလွန်အမင်း မရှိလှသေးချေ။ ထို့ကြောင့် သူသည် ထိုအဆင့်ကို လောလောဆယ် ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အခွင့်အရေး ကြုံလာသောအခါမှသာ သူ ထိုနေရာသို့ သွားရောက်ပြီး ယင်းသည် မည်သည့်အရာ ဖြစ်ကြောင်း ကြည့်ရှုတော့မည် ဖြစ်သည်။

​သူ အရှေ့သို့ ပြေးဝင်သွားစဉ် စုမင်သည် ဘိသိက်မင်္ဂလာ အခမ်းအနား ပြုလုပ်ရာ နေရာရှိ ကြာပလ္လင်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး တင်ပလ္လင်ခွေ ထိုင်လိုက်သည်။ သူ့မျက်လုံးများကို ပိတ်လိုက်သောအခါ သူသည် ဒဏ်ရာများအား စတင် ကုသလိုက်တော့သည်။

​တဖြည်းဖြည်းနှင့် စုမင် ပြန်လည်ရောက်ရှိသွားပြီးနောက် လူအုပ်ကြီးသည်လည်း စတုတ္ထမြောက် တိုက်ခိုက်ခြင်းနယ်မြေမှ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ အချိန်တန်သောအခါ အခြားသော မင်းသားများလည်း ပြန်လည်ရောက်ရှိလာခဲ့ကြ၏။ ထိုဧရိယာအတွင်းရှိ လူများမှာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး မင်းသားလောင်းလျာများမှာလည်း ရှုပ်ထွေးသော စိတ်ခံစားမှုများနှင့် မကျေနပ်မှုများ ပြည့်နှက်နေသည့် မျက်နှာများဖြင့် သူတို့၏ ပတ်ဝန်းကျင်ကို ငေးကြည့်နေကြစဉ် နှစ်နာရီကြာ အနားယူချိန်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

​စုမင် မျက်လုံးများကို ဖွင့်လိုက်သည်။

​"ဂိုဏ်းသခင် ပေပန်း... ကျွန်တော့်ကို ကုသပေးပါဦး" စုမင်က တည်ငြိမ်စွာ ပြောလိုက်ပြီး ပေပန်းထံသို့ လှမ်းကြည့်လိုက်သည်။

အခန်း ၁၀၈၀ အံ့မခန်း အဖြစ်အပျက် ရောက်ရှိလာခြင်း

စုမင်၏ စကားကို လူအုပ်ကြီး ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်မှာ ချက်ချင်း တိတ်ဆိတ်သွားသည်။ ပလ္လင်များ ပတ်လည်ရှိ ကျင့်ကြံသူ သန်းဆယ်ချီသည် စုမင်နှင့် ပေပန်းထံသို့ ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။

​ပေပန်းက မျက်မှောင်ကြုတ်သွားပြီးနောက် ပျင်းရိလေးတွဲသော လေသံဖြင့် ပြောလိုက်သည်။ "မင်းသား တာအိုခုန်း... မင်းက စိန်ခေါ်ပွဲတွေအတွင်းမှာ ဒဏ်ရာရခဲ့တာ မဟုတ်တဲ့အတွက် ငါ ကုသပေးရမယ့် အခြေအနေမျိုး မရှိဘူးလေ"

​စုမင်သည် ယခင်ကဲ့သို့ပင် တည်ငြိမ်နေဆဲဖြစ်ပြီး ဆက်လက် စကားမဆိုတော့သော်လည်း ယင်းကို စိတ်ထဲ၌ မှတ်ထားလိုက်သည်။ ထိုဂိုဏ်းသခင် ပေပန်းက ယခင်က ဖြစ်ပျက်နေသည်များကို သူ နားလည်သည်လောဟု မေးမြန်းခဲ့ပုံနှင့် ထိုဧရိယာအတွင်း သူ့အား အလှောင်ပြောင်ဆုံး လူများကိုလည်း မှတ်ထားလိုက်သည်။ သဘာဝကျစွာပင် သူတို့၏ လုပ်ရပ်များကို သူ လျစ်လျူရှုထားမည် မဟုတ်ချေ။

​အဘိုးအို ပေပန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ရှုံ့မဲ့သွားသည်။ သူက လက်ကို ဝေ့ယမ်းလိုက်ရင်း ဩရှသော အသံဖြင့် ပြောလိုက်သည်။ "စိန်ခေါ်ပွဲကို ဆက်လုပ်စေ"

​အချိန်တိုတောင်းသော တိတ်ဆိတ်မှုအပြီးတွင် လူများက ထပ်မံ၍ စိန်ခေါ်မှုများ စတင်လာကြသည်။ သို့သော် သူတို့ စိန်ခေါ်သည့်သူမှာ စုမင် မဟုတ်တော့ဘဲ အခြားသူများသာ ဖြစ်ကြသည်။

​ထိုသို့ ပြုလုပ်သူ အတော်များများ ရှိနေခဲ့ပြီး ယခင်ကနှင့် နှိုင်းယှဉ်လျှင် လုံးဝ ကွဲပြားခြားနားသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ မည်သူကမျှ စုမင်ကို လာရောက် မစိန်ခေါ်ကြတော့ပေ။ ထိုအစား အခြားသူများကို စိန်ခေါ်သူ အရေအတွက်ကသာ တိုးလာခဲ့သည်။

​တာအိုလင်းနှင့် တာအိုဖာတို့၏ ကြာပလ္လင်များထံသို့ လာရောက်စိန်ခေါ်သူ အနည်းငယ်ပင် ရှိနေခဲ့သည်။ သို့သော် စုမင် ကိုယ်တိုင်မှလွဲ၍ သူ့ပလ္လင်ပေါ်တွင် အခြားမည်သူ တစ်ဦးတစ်ယောက်မျှ ပေါ်လာခြင်း မရှိချေ။

​ဤမြင်ကွင်းသည် တစ်နာရီခန့် ကြာမြင့်ခဲ့ပြီးနောက် စုမင်၏ ပလ္လင်ပေါ်တွင် ပထမဆုံး စိန်ခေါ်သူ တစ်ဦး ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူသည် လျှော်တေအဝတ်ကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့မျက်နှာအမူအရာမှာ အလွန်တရာ တည်ကြည်လေးနက်နေသည်။ သူ ပေါ်လာသည့် အခိုက်အတန့်တွင် စောင့်ကြည့်နေသော လူအုပ်ကြီးထဲမှ အချို့က ထိုလူအား ချက်ချင်း မှတ်မိသွားကြသည်။

​"တာအိုယွမ်... သူက မင်းသား တာအိုခုန်းကို လာစိန်ခေါ်တာလား"

​"သူက တတိယမြောက် တိုက်ခိုက်ခြင်းနယ်မြေရဲ့ ကိုးခုမြောက် အဆင့်မှာ ရပ်တန့်သွားခဲ့ရပေမယ့် အရင်ကတည်းက တတိယမြောက် တိုက်ခိုက်ခြင်းနယ်မြေကို အောင်မြင်ဖို့ အလားအလာ အများဆုံးလူအဖြစ် လူသိများခဲ့တာလေ။ သူ့ရဲ့ စွမ်းအားက အတိုင်းအတာ မသိနိုင်လောက်အောင် နက်ရှိုင်းတယ်လို့ ပြောကြတယ်"

​"ဒါက စွမ်းအားကြီး စစ်သည်တော်တွေ အကြားက တိုက်ပွဲဆိုတာပဲ။ ကြည့်ရတာ အခုကစပြီး မင်းသား တာအိုခုန်းရဲ့ စိန်ခေါ်သူတွေက နံနက်ခင်းတာအိုဂိုဏ်းထဲက နာမည်ကျော် ပုဂ္ဂိုလ်တွေချည်းပဲ ဖြစ်တော့မယ့်ပုံပဲ"

​ပတ်ဝန်းကျင်တွင် ဆွေးနွေးပြောဆိုသံများစွာ ထွက်ပေါ်နေစဉ် ပလ္လင်ပေါ်ရှိ လူလတ်ပိုင်း အမျိုးသားက လက်သီးကို ဆုပ်ကာ စုမင်အား ဦးညွှတ်လိုက်သည်။

​"ကျွန်တော်က တာအိုယွမ်ပါ။ မင်းသားရဲ့ မင်းသားအဖြစ် ရပ်တည်ခွင့်ကို စိန်ခေါ်ဖို့ လာခဲ့တာ မဟုတ်ပါဘူး။ အပြန်အလှန် လက်ရည်စမ်းချင်ရုံ သက်သက်ပါ။ အရှင်မင်းသား... ကျေးဇူးပြုပြီး လမ်းညွှန် သင်ကြားပေးပါ"

​စကားပြောနေစဉ်မှာပင် သူသည် ကျင့်ကြံခြင်း အခြေခံကို ဖြန့်ကျက်လိုက်သည်။ ယင်းက အရှင်သခင် အဆင့်သို့ ခြေတစ်ဝက် ချင်းနင်းဝင်ရောက်နေပြီ ဖြစ်သော စွမ်းအား တစ်ခုဖြစ်ပြီး နေကပ်ဘေး အဆင့် ပြီးပြည့်စုံခြင်းကို ကျော်လွန်နေပြီဖြစ်သော စွမ်းအား တစ်ခုပင် ဖြစ်သည်။

​သူ့စွမ်းအားများ ပြန့်ကားလာသည်နှင့် မျက်ဝန်းများထဲတွင် စူးရှသော အလင်းတန်း တစ်တန်း လင်းလက်သွားသည်။ ညာလက်ကို မြှောက်လိုက်သောအခါ ခေါင်းပေါ်တွင် အမှောင်တိမ်တိုက် အလွှာတစ်လွှာ ပေါ်ထွက်လာခဲ့သည်။ မိုးကြိုးများ ထစ်ချုန်းသွားပြီး အမှောင်တိမ်တိုက်များသည် လိမ်ယှက်သွားကာ သူ့ရှေ့တွင် မားမားမတ်မတ် ရပ်တည်နေသော ကြီးမားသည့် ဒိုင်းလွှာကြီး တစ်လွှာအဖြစ် ပြောင်းလဲသွားခဲ့သည်။ လူလတ်ပိုင်း အမျိုးသား ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သောအခါ တိမ်တိုက်ဒိုင်းလွှာကြီးက ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်စေကာ အရှေ့သို့ ပြေးဝင်လာခဲ့တော့သည်။

​စုမင် ညာလက်ကို မြှောက်ကာ ဝေ့ယမ်းလိုက်ရာ ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် သူ့ရှေ့၌ ဟင်းလင်းပြင်ထဲမှ ပြုတ်ကျလာသော ကျောက်တုံးကြီးများ အလွှာလိုက် ပေါ်ထွက်လာခဲ့သည်။ ထိုကျောက်တုံးများက ဝင်ရောက်လာသော တိုက်ခိုက်မှုကို ဝင်တိုက်မိသောအခါ ပြင်းထန်သော ပေါက်ကွဲသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

​ဒိုင်းလွှာကြီးမှာ တုန်ခါသွားပြီး အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရကာ တိမ်တိုက်များနှင့် မြူခိုးများအဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် လူလတ်ပိုင်း အမျိုးသား၏ မျက်နှာပေါ်၌ ခရမ်းနက်ရောင် အလင်းတန်း တစ်တန်း ရုတ်တရက် ပေါ်လာခဲ့သည်။ သူ ပါးစပ်ကို ဟကာ လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ချက်ချင်းပင် တိမ်တိုက်များနှင့် မြူခိုးများမှာ မျက်လုံး၊ နှာခေါင်း၊ နားနှင့် ပါးစပ်တို့မှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရတော့သည်။

​ထို့နောက် သူ့မျက်လုံးများသည်ပင် ခရမ်းနက်ရောင် အလင်းတန်းများဖြင့် လင်းလက်လာခဲ့သည်။ ပါးစပ်ကို အကျယ်ကြီးဟကာ ကောင်းကင်ယံကို တုန်လှုပ်သွားစေသော ကျယ်လောင်သည့် ဟိန်းဟောက်သံကြီးကို သူ ထုတ်ဖော်လိုက်သည်။

​"အမှောင်ဖုံးလွှမ်းခြင်း တိမ်တိုက်"

​လူလတ်ပိုင်းအမျိုးသား ဟိန်းဟောက်လိုက်သည်နှင့် ခရမ်းရောင်မြူခိုးများသည် မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ အလုံးအရင်းနှင့် ပန်းထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ် အခြား အစိတ်အပိုင်းများမှလည်း အမြောက်အမြား ပေါက်ကွဲထွက်လာခဲ့သည်။ သူ့သွေးနှင့် အသက်စွမ်းအင် အနှစ်သာရများမှာ ထိုမြူခိုးများထဲတွင် ပါဝင်နေခဲ့သည်။

​ယင်းတို့ စုစည်းသွားပြီးနောက် လူလတ်ပိုင်းအမျိုးသား၏ ပတ်လည်တွင် ခရမ်းရောင်ဖြင့် ပြုလုပ်ထားသော ဘီလူးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုဘီလူးကြီးသည် ရှေ့သို့ ကြီးမားသော ခြေလှမ်းကြီး တစ်လှမ်း လှမ်းလိုက်ပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကြီးများနှင့်အတူ စုမင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့တော့သည်။

​ဤနတ်ဘုရား စွမ်းရည်ကို ထုတ်ဖော်ပြီးနောက် လူလတ်ပိုင်း အမျိုးသားမှာ အရိုးစုတစ်မျှ ပိန်ချုံးသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။ သူသည် အားနည်းစွာဖြင့် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး မျက်လုံးများကို ပိတ်လိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြား၌ အနက်ရောင် အလင်းတန်း တစ်တန်း လင်းလက်နေခဲ့ပြီး ယင်းက သူသည် မြူခိုးဘီလူးကြီးကို အဝေးမှ စုမင်ဆီသို့ ပြေးဝင်ရန် ထိန်းချုပ်နေကြောင်း ပြသနေသည်။

​လူလတ်ပိုင်း အမျိုးသားသည် အရှင်သခင် အဆင့်သို့ မရောက်ရှိသေးသော်လည်း သူ ထုတ်ဖော်လိုက်သော နတ်ဘုရား စွမ်းရည်ဖြင့် ဖွဲ့စည်းထားသည့် မြူခိုးဘီလူးကြီးကမူ အရှင်သခင် အဆင့် ရှိသူများသာ ပိုင်ဆိုင်သော စွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။ မြူခိုးဘီလူးကြီး ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သောအခါ ချက်ချင်းပင် စုမင်အနီးသို့ ကပ်လာပြီး ညာလက်ကို မြှောက်ကာ လက်ဝါးဖြင့် ပစ်မှတ်အား တွန်းထုတ် တိုက်ခိုက်လိုက်သည်။

​လေထုမှာ ဆုတ်ဖြဲခံလိုက်ရသည်။ စုမင်၏ ခန္ဓာကိုယ်နှင့် ပုံသဏ္ဌာန်ကို ချက်ချင်း ဖျက်ဆီးပစ်ချင်နေသည့်အလား ဖျက်ဆီးခြင်း စွမ်းအား တစ်ခုသည် မြူခိုးဘီလူးကြီး၏ လက်ဝါးထံမှ ပေါက်ကွဲထွက်လာခဲ့သည်။

​စုမင်သည် တည်ငြိမ်နေဆဲ ဖြစ်သည်။ မြူခိုးဘီလူးကြီး သူ့အနီးသို့ ချဉ်းကပ်လာသောအခါ သူ ညာလက်ကို မြှောက်ကာ လက်သီးတစ်ချက် ထိုးချလိုက်သည်။ သူသည် ကျင့်ကြံခြင်း အခြေခံအား အသုံးမပြုဘဲ ရုပ်ခန္ဓာကိုယ်ထံမှ သူ စုစည်းနိုင်သမျှ အကြီးမားဆုံး အင်အားကိုသာ အသုံးပြုခဲ့သည်။

​ပေါက်ကွဲသံ တစ်ချက်နှင့်အတူ မြူခိုးဘီလူးကြီး တုန်ခါသွားပြီး ပြိုကျပျက်စီးသွားခဲ့သည်။ မြူခိုးများ အနောက်သို့ လွင့်စင်သွားသည်။ ကျင့်ကြံနေသော လူလတ်ပိုင်း အမျိုးသားမှာ သွေးတစ်ပွက် အန်ချလိုက်ရပြီး ခန္ဓာကိုယ်မှာ သူ့ဆီသို့ လွင့်စင်လာသော မြူခိုးများဖြင့် ဖွဲ့စည်းထားသည့် သရဲတစ္ဆေ လက်သည်းကြီး တစ်ချောင်း၏ ဖမ်းဆုပ်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။ ထို့နောက် သူသည် ကြာပလ္လင်ပေါ်မှ လျင်မြန်စွာ ထွက်ခွာသွားခဲ့တော့သည်။

​"ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းသား။ ကျွန်တော် တာအိုယွမ် ဒီကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်။ တကယ်လို့ အရှင်မင်းသား ကိုယ်ပိုင် ဂိုဏ်းခွဲတစ်ဂိုဏ်း ဖွင့်မယ်ဆိုရင် ကျွန်တော် သေချာပေါက် လာရောက် ပူးပေါင်းပါ့မယ်" ပိန်ချုံးနေသော လူလတ်ပိုင်း အမျိုးသား၏ မျက်နှာမှာ ဖြူရော်နေသော်လည်း စုမင်နှင့် တိုက်ခိုက်ခြင်းက သူ့ကို တစ်စုံတစ်ရာ နားလည်သဘောပေါက်သွားစေသည့်အလား မျက်ဝန်းများထဲတွင် သန္နိဋ္ဌာန်များ လင်းလက်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူသည် မထွက်ခွာမီ စုမင်အား ရိုသေ လေးမြတ်စွာဖြင့် ဦးညွှတ်လိုက်သည်။

​သူ ထွက်ခွာသွားပြီးနောက် စုမင် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ရုတ်တရက် သွေးတစ်ပွက် အန်ချလိုက်သည်။ သူ့ပလ္လင် အပြင်ဘက်၌ ရှိနေပြီး ထိုအခိုက်အတန့်တွင် အလွန်အမင်း မည်းမှောင်နေသော မျက်နှာအမူအရာ ရှိနေသည့် ပေပန်းအား ဂရုမစိုက်သော အကြည့်ဖြင့် မကြည့်မီ သူ့မျက်နှာမှာ အနည်းငယ် ဖြူရော်သွားခဲ့သည်။

​စုမင် မည်သည့်စကားမျှ မပြောခဲ့သော်လည်း ထိုဧရိယာအတွင်းရှိ ကျင့်ကြံသူ သန်းဆယ်ချီအနက် အများစုက သူ့လုပ်ရပ်များ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားခဲ့ကြသည်။ ပေပန်းသည် စိန်ခေါ်ပွဲများအတွင်း စုမင် ဒဏ်ရာမရခဲ့ဟု အကြောင်းပြချက်ပေးကာ ဒဏ်ရာများကို ကုသပေးရန် သက်စောင့် စွမ်းအားများ ထုတ်ပေးခြင်းအား ငြင်းဆန်ခဲ့သည်။ သို့သော် ယခုမူ စုမင်၏ လုပ်ရပ်များမှာ အလွန်တရာ ဟန်ဆောင်ထားမှန်း သိသာနေသော်လည်း သွေးထွက်နေသည်က အမှန်ပင်ဖြစ်ရာ သူသည် တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့သည်ဟု ဆိုနိုင်သည်။

​အချိန်အတန်ကြာပြီးနောက် မည်းမှောင်နေသော မျက်နှာအမူအရာဖြင့် ပေပန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ညာဘက် ခြေထောက်ကို မြှောက်ကာ ကိုယ်ပိုင် ပလ္လင်ပေါ်သို့ နင်းလိုက်သည်။ ထို့နောက် စုမင်၏ ပလ္လင်မှာ နူးညံ့သော အလင်းဖြူတစ်စဖြင့် ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။ ယင်းက အကြိမ်အနည်းငယ် လင်းလက်သွားပြီး စုမင်သည် ပလ္လင်မှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ကြီးမားသော အသက်စွမ်းအင်များ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။

​သူ့ဒဏ်ရာများ အနည်းငယ် ပြန်လည်သက်သာလာသော်လည်း နောက်ဆုံးတိုက်ပွဲတွင် သူ ဆုံးရှုံးခဲ့ရသည့် အတိုင်းအတာမျှလောက်သာ ဖြစ်သည်။ နူးညံ့သော အလင်းတန်းသည် အခြားဒဏ်ရာ တစ်ခုကိုမျှ ကုသမပေးခဲ့ချေ။ စုမင်၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ အေးစက်စွာ ရယ်မောနေခဲ့သည်။

​သူ့ရည်ရွယ်ချက်က အလွန် ရိုးရှင်းသည်။ ရှင်ခြင်းနယ်ပယ်မှ အဘိုးအိုသည် ယခင်က သူ့စကားများတွင် မောက်မာခဲ့ပြီး ကျင့်ကြံခြင်း အခြေခံဖြင့် အဆုံးအစမဲ့ ကုသပေးနိုင်သည်ဟုပင် ပြောဆိုခဲ့သည်။ သို့ဆိုလျှင် စုမင် နောက်ထပ် လုပ်ချင်သည့် အရာမှာ ထိုအဘိုးအိုကို ခမ်းခြောက်သွားအောင် စုပ်ယူပစ်ရန်ပင် ဖြစ်သည်။

​'ငါ စိတ်တိုင်းကျ မတိုက်ခိုက်ရတာ အတော်ကြာပြီပဲ'

​စုမင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေစဉ် မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုစိတ်များ လင်းလက်နေခဲ့သည်။ သူသည် ယခင်က တာအိုယွမ်ကို သတ်မပစ်ခဲ့ခြင်းမှာ သူ စိတ်တိုင်းကျ တိုက်ခိုက်နိုင်ရန်အတွက် သူ့အား စိန်ခေါ်ရန် အမှန်တကယ် အခွင့်အရေးရှိသော နံနက်ခင်းတာအိုဂိုဏ်း၏ စွမ်းအားကြီး စစ်သည်တော်များကို ထွက်ပေါ်လာစေချင်သောကြောင့် ဖြစ်သည်။

​ခဏအကြာတွင် စုမင်၏ ကြာပလ္လင်အထက်ရှိ ရာသီဥတုမှာ ပြောင်းလဲသွားပြီး လူရိပ်တစ်ရိပ် ရုတ်တရက် ပေါ်လာခဲ့သည်။

​"ချီလင်ဝေး... ဆာလူး မျိုးနွယ်။ ကျွန်တော်က အရှင်သခင် အဆင့်ရဲ့ ကနဦး အဆင့်မှာ ရှိပါတယ်။ အရှင်မင်းသား... ကျေးဇူးပြုပြီး လမ်းညွှန် သင်ကြားပေးပါ"

​အေးခဲနေသော အသံ လေထုထဲ၌ ပဲ့တင်ထပ်သွားသည်နှင့် ထိုလူရိပ်မှာ လူငယ်တစ်ဦး၏ ရုပ်သွင်အဖြစ် ထင်ရှားလာခဲ့သည်။ သူ့တွင် ပိန်ပါးသော ခန္ဓာကိုယ်နှင့် ဖြောင့်မတ်သော ကျောပြင် ရှိသည်။ သူသည် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ငြိမ်သက်စွာ ရပ်နေသောအခါ ထင်းရှူးပင် တစ်ပင်နှင့် တူသည်။ သူ့မျက်လုံးများက လျှပ်စီးကြောင်း နှင့် တူညီနေပြီး စုမင်ထံသို့ ကြည့်လိုက်သောအခါ သူ့အကြည့်က ဓားသွားများကဲ့သို့ စူးရှနေခဲ့သည်။

​သူ ရောက်ရှိလာမှုက အပြင်ဘက် ဧရိယာရှိ ကျင့်ကြံသူ သန်းဆယ်ချီကို ချက်ချင်း ဆူညံသွားစေခဲ့သည်။ ထိုအခိုက်အတန့်တွင် လူတို့အများစုမှာ အခြားမင်းသားများကို အာရုံမစိုက်ကြတော့ချေ။ ထိုအစား သူတို့သည် အကြည့်အားလုံးကို စုမင်၏ ကြာပလ္လင်ပေါ်သို့ စုစည်းလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများနှင့် နှိုင်းယှဉ်လျှင် စိန်ခေါ်သူဖြစ်စေ၊ စိန်ခေါ်ခံရသူဖြစ်စေ အရေးမကြီးဘဲ စုမင်သည် အတောက်ပဆုံး လင်းလက်နေသော တည်ရှိမှု တစ်ခုဖြစ်ပြီး အာရုံစိုက်မှု အများဆုံး ရရှိနေသောကြောင့် ဖြစ်သည်။

​"ချီလင်ဝေး... ဆာလူး မျိုးနွယ်တွေကြားထဲက နှစ်ပေါင်း တစ်သောင်း တစ်လျှောက်မှာ အပြင်းထန်ဆုံး ပါရမီရှင်။ သူက တတိယမြောက် တိုက်ခိုက်ခြင်းနယ်မြေကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ပေမယ့် စတုတ္ထမြောက် တိုက်ခိုက်ခြင်းနယ်မြေရဲ့ လေးဆင့်မြောက် အဆင့်မှာ ရပ်တန့်သွားခဲ့ရတယ်"

​"ဒီလူက အမြဲတမ်း အေးစက်နေတတ်တာ။ သူက ကျင့်ကြံခြင်းထဲမှာ သူ့ရဲ့ နှလုံးသားနဲ့ ဝိညာဉ် တစ်စက်မကျန် အားလုံးကို နှစ်မြှုပ်ထားတာ။ သူက အရှင်သခင် အဆင့်ကို ရောက်နေပြီဖြစ်ပြီး အင်မော်တယ် မဟာမိတ် အဖွဲ့ နဲ့ တိုက်ပွဲမှာတောင် တောက်ပတဲ့ ရလဒ်တွေ ပြသနိုင်ခဲ့တယ်။ သူက နံနက်ခင်းတာအိုဂိုဏ်းရဲ့ ဒီနှစ်ပေါင်း တစ်သောင်း မျိုးဆက်တွေထဲက မဟာစွမ်းအားရှင် သုံးဆယ့်ခြောက်ယောက်ထဲက တစ်ယောက်အဖြစ် လူသိများတယ်။ သူက အင်မော်တယ် မဟာမိတ် အဖွဲ့ မှာ အဆင့် ဆယ့်သုံး ချိတ်တယ်လို့ ပြောကြတယ်။ နည်းနည်းလေးသာ ထပ်ကြိုးစားလိုက်ရင် သူက ထိပ်တန်းဆယ်ယောက် စာရင်းထဲ ဝင်သွားမှာ"

​"မှန်တယ်။ မင်းသားတွေထဲက ဘယ်သူမှ၊ တာအိုလင်းနဲ့ တာအိုဖာတောင်မှ အဲဒီ အဆင့်စာရင်းတွေထဲမှာ မပါဝင်ခဲ့ဘူး..."

​စုမင်၏ မျက်လုံးများ လင်းလက်သွားသည်။ ဤသည်မှာ နံနက်ခင်းတာအိုဂိုဏ်းရှိ စိန်ခေါ်သူများထဲတွင် အရှင်သခင် အဆင့်သို့ ခြေလှမ်း လှမ်းခဲ့သော ပထမဆုံးသူ ဖြစ်သည်။ အခြေအနေကို ကြည့်ရသည်မှာ သူသည် ထိုအဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးဘဲ အခြေခံကို တည်ငြိမ်အောင်သာ ပြုလုပ်ထားပုံရသည်။ သူသည် မီးတောက်မိစ္ဆာ ဘိုးဘေး၏ အဆင့်သို့ မရောက်ရှိသေးသော်လည်း ထိုအဆင့်နှင့် သိပ်မဝေးတော့ချေ။

​ချီလင်ဝေး စကားပြောပြီးသောအခါ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်း တစ်တန်း လင်းလက်သွားသည်။ သူ မော့ကြည့်လိုက်ပြီး လက်ဟန်တစ်ကွက်ကို ဖော်ကာ စုမင်၏ ခြေထောက်များဆီသို့ ချိန်ရွယ်လိုက်သည်။

​"လေးလံစေ" သူ စကားပြောလိုက်သောအခါ မြေပြင်အောက်မှ မမြင်ရသော လက်တစ်စုံက ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို အောက်သို့ ဆွဲချရန် ဖမ်းဆုပ်လိုက်သည့်အလား အားကောင်းသည့် စွမ်းအားတစ်ခုက စုမင်၏ ခန္ဓာကိုယ်ပေါ်သို့ ဖိကျလာခဲ့သည်။

​စုမင် ခေါင်းခါလိုက်သည်။

​"မင်းရဲ့ စွမ်းအားက ငါ့ကို စိန်ခေါ်ဖို့ လုံလောက်လောက်အောင် မကြီးမားသေးဘူး။ ပြီးတော့ မင်း ငါ့ကို လာစိန်ခေါ်တာလည်း မဟုတ်ဘူး။ မင်း ဒါကို နားလည်မလည် ဆိုတာက မင်းရဲ့ ကံတရားအပေါ်မှာပဲ မူတည်လိမ့်မယ်"

​စုမင် ခေါင်းခါလိုက်စဉ် သူသည် ညာလက်ကို မြှောက်ကာ မြေပြင်အား ဆောင့်နင်းလိုက်သည်။ ထိုသို့ ပြုလုပ်လိုက်သည်နှင့် ပလ္လင်က ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး လေးလံသည့် အလေးချိန်မှာ ချက်ချင်း ပြိုကွဲသွားခဲ့သည်။ ချီလင်ဝေး တုန်ခါသွားပြီး သူ မျှော်လင့်ထားသည့်အတိုင်း အတိအကျ ဖြစ်လာကြောင်း သိနေသည့်အလား အမူအရာတစ်ခု မျက်ဝန်းများထဲတွင် ပေါ်လာခဲ့သည်။ သူ၏ ချီနှင့် သွေးများ ဆူပွက်လာစဉ် သူ နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်ထွက်သွားသည်။ ထုံကျင်သော ခံစားမှု တစ်ခုက သူ့ထံသို့ ပြန့်နှံ့သွားခဲ့သည်။

​"ကျွန်တော် အများကြီး သင်ယူလိုက်ရပါတယ်။ အရှင်မင်းသား... နောင်တစ်ချိန်မှာ အကူအညီလိုတာ ရှိရင် စကားတစ်ခွန်းပဲ ပါးလိုက်ပါ" တစ်ခဏအကြာတွင် သူ ပြန်လည်သက်သာလာပြီး မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာခဲ့သည်။ သူ လက်သီးကို ဆုပ်ကာ စုမင်အား ရိုသေစွာ ဦးညွှတ်လိုက်သည်။ သူသည် မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ကြာပလ္လင်ပေါ်မှ ထွက်ခွာသွားပြီး အဝေးသို့ အလျင်စလို ထွက်သွားတော့သည်။

​ပထမဆုံးအကြိမ်က တာအိုယွမ်ဖြစ်ပြီး နောက်တစ်ကြိမ်က ချီလင်ဝေး ဖြစ်သည်။ ထိုနှစ်ဦးစလုံးသည် စေတနာကောင်းဖြင့် ရောက်လာခဲ့ကြပြီး စုမင်၏ ဂိုဏ်းခွဲထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိကြောင်း ပြသခဲ့ကြသည်။ ထိုစကားများကို အပြင်ဘက်ရှိ လူများ ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ထိုဧရိယာတစ်ဝိုက်ရှိ ကျင့်ကြံသူ သန်းဆယ်ချီကြားတွင် ဆူညံသံကြီးများ ထွက်ပေါ်လာခဲ့တော့သည်။

​ထိုအခိုက်အတန့်တွင်ပင် နံနက်ခင်းတာအိုဂိုဏ်း၏ လေးထပ်မြောက် အပြင်ဘက် ဧရိယာတွင် နံနက်ခင်းတာအိုဂိုဏ်းသို့ ဝင်ရောက်ရန် နေရာရွှေ့ပြောင်းသည့် နေရာ တစ်ရာကျော် အနက်မှ တစ်နေရာ၌ ရှည်လျားသော အလင်းတန်း တစ်တန်းသည် အလွန်တရာ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် အရှေ့သို့ သွားလာနေခဲ့သည်။

​ထိုရှည်လျားသော အလင်းတန်းထဲတွင် အဘိုးအို တစ်ဦး ရှိနေသည်။ သူ့ခန္ဓာကိုယ်မှ ပြန့်နှံ့လာသော မဟာဖိအားကြီးက သူသည် နေကပ်ဘေး အဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးဖြစ်ကြောင်း ရှင်းလင်းစွာ သိသာစေသည်။ ထိုအခိုက်အတန့်တွင် သူ့မျက်နှာမှာ ဖြူရော်နေသော်လည်း ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမျှ မရှိချေ။ သို့သော် သူ့နှလုံးသား တုန်လှုပ်သွားသည်အထိ တစ်စုံတစ်ခုက သူ့ကို လွန်စွာ တုန်လှုပ်ခြောက်ခြားစေခဲ့ကြောင်း မျက်လုံးထဲရှိ အကြည့်က ရှင်းလင်းစွာ သိသာစေသည်။

​သူသည် အသားညိုညိုနှင့် အဘိုးအိုက နတ်ဘုရား အနှစ်သာရ နယ်မြေသို့ စေလွှတ်ခဲ့သော လူပင်ဖြစ်ကြောင်း ပြောနေစရာပင် မလိုတော့ချေ။ သူ ပြန်ရောက်လာပြီဖြစ်ပြီး သူ့အား တုန်လှုပ်သွားစေသော စုမင်နှင့် ပတ်သက်သည့် သတင်းများကို သယ်ဆောင်လာခဲ့သည်။

​ယင်းက နံနက်ခင်းတာအိုဂိုဏ်း တစ်ဂိုဏ်းလုံးကို သေချာပေါက် တုန်လှုပ်သွားစေမည့် အစစ်အမှန် ယင်လောကနှင့် ပတ်သက်သော သတင်းပင် ဖြစ်သည်။

All Chapters