← Chapters

အခန်း (၁၀၈၁-၁၀၈၂)

Vol. 78 Ch. 1081-1082

အခန်း (၁၀၈၁-၁၀၈၂)

Vol. 78 Ch. 1081-1082

အခန်း ၁၀၈၁ ကိုယ်ခံအား သက်သက်ဖြင့် အပြင်းထန်ဆုံး ဆယ်ယောက်ကို ဖိနှိပ်ခြင်း

နံနက်ခင်းတာအိုဂိုဏ်း၏ ပထမထပ်ရှိ တိုက်ကြီး ကိုးတိုက်၏ ဗဟိုဖြစ်သော ဘိသိက်မင်္ဂလာ အခမ်းအနား ကျင်းပရာ နေရာတွင် ချီလင်ဝေး စုမင်၏ ပလ္လင်ပေါ်မှ ထွက်ခွာသွားသည်နှင့် ပတ်ဝန်းကျင်ရှိ ဆူညံသံများကြားမှ စူးရှသော အလင်းတန်း တစ်တန်း ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ ထိုအလင်းတန်းထဲတွင် လူတစ်ယောက် ရှိနေပြီး သူသည် ရှေ့သို့ ကြီးမားသော ခြေလှမ်းကြီး တစ်လှမ်း လှမ်းလိုက်သည်။ ပေါက်ကွဲသံ တစ်ချက်နှင့်အတူ သူ ပလ္လင်ပေါ်သို့ တက်လှမ်းလိုက်သောအခါ ကြီးမားထွားကျိုင်းသော ခန္ဓာကိုယ်နှင့်အတူ အားကောင်းသော မဟာဖိအားကြီးကိုပါ ထုတ်ဖော်ပြသလိုက်သည်။

​"ဟန်ထာ... တောင်တန်း ရောက်ရှိခြင်း။ အရှင်မင်းသား... ကျေးဇူးပြုပြီး လမ်းညွှန် သင်ကြားပေးပါ" သူက ဟိန်းဟောက်သံနှင့် တူသော အသံကြီးဖြင့် ပြောလိုက်သည်။ ထိုလူ၏ မျက်လုံးများမှာ ဒေါသထွက်နေသည့်အလား ပြူးကျယ်နေခဲ့သည်။ သူသည် ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် ရိုင်းစိုင်းသော အသွင်အပြင် ရှိပြီး စုမင်အား စကားပြောလိုက်သောအခါ သူ့အသံက မိုးကြိုးကဲ့သို့ ကျယ်လောင်နေခဲ့သည်။

​"ဟန်ထာ... သူတောင် ရောက်လာတာလား။ ဒီတိုက်ပွဲကတော့ သေချာပေါက် စိတ်ဝင်စားစရာ ကောင်းတော့မှာပဲ"

​"သူက ပြီးခဲ့တဲ့ နှစ်ပေါင်း တစ်သောင်း အတွင်းမှာ အပြင်းထန်ဆုံး စစ်သည်တော် ဆယ်ယောက်ထဲက တစ်ယောက်ပဲ။ သူက အဆင့် တစ်ဆယ် နေရာမှာပဲ ရှိနေပေမယ့် အဲဒီ အဆင့်သတ်မှတ်ချက်ကို နံနက်ခင်းတာအိုဂိုဏ်းက သတ်မှတ်ထားတာ မဟုတ်ဘူး။ အင်မော်တယ် မဟာမိတ် အဖွဲ့ က စီစဉ်ထားတဲ့ ဆုကြေးငွေ အပေါ်မှာ အခြေခံထားတာ။ ဒါကြောင့် အဲဒီအဆင့်ရဲ့ စစ်မှန်မှုက သိပ်ကို သိသာလွန်းပါတယ်"

​"မှန်တယ်။ ဟန်ထာက နံနက်ခင်းတာအိုဂိုဏ်းရဲ့ စစ်ပွဲ အောင်မြင်မှု အဆင့်သတ်မှတ်ချက် ဘုတ်ပြားမှာလည်း အဆင့် တစ်ဆယ် ချိတ်တယ်လို့ ငါ ကြားဖူးတယ်"

​ပလ္လင်ပတ်လည်ရှိ ဧရိယာတွင် ဆွေးနွေးပြောဆိုသံများ ပြန့်နှံ့သွားပြီး စုမင်သည် သူ့ရှေ့က လူကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ့ကိုယ်သူ သတိမထားမိလိုက်ဘဲ လွမ်းဆွတ်တမ်းတမှု အရိပ်အယောင်တစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။ ထိုလူကို စိုက်ကြည့်နေရင်း သူ့တတိယ စီနီယာ အစ်ကိုကို သတိရသွားခဲ့သည်။

​ဟူကျီသည်လည်း ဤလူကဲ့သို့ပင် ဖြစ်သည်။ သူသည် ရိုးသားပြီး ပွင့်လင်းသော လူတစ်ယောက် ဖြစ်သော်လည်း ကြမ်းတမ်း ရိုင်းစိုင်းသူလည်း ဖြစ်သည်။

​'ဟူကျီ... ခင်ဗျား ဘယ်ရောက်နေတာလဲ' စုမင် ခေါင်းခါလိုက်သည်။

​ထိုလူ၏ နှုတ်ခမ်းထက်တွင် ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူသည် အလွန် ယုံကြည်မှု ရှိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ ထိုကဲ့သို့ ပြုံးလိုက်တိုင်း အခြားသူများကို အတိုင်းအတာ တစ်ခုအထိ ခြောက်လှန့်နိုင်စွမ်း ရှိကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ ထိုသို့ ကြမ်းကြုတ်စွာ ပြုံးလိုက်ရင်း ခြေထောက်ကို မြှောက်ကာ စုမင်ဆီသို့ လျင်မြန်သော ခြေလှမ်း တစ်လှမ်း လှမ်းလိုက်သည်။ ညာလက်ကို မြှောက်လိုက်သောအခါ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက်အား ဖြစ်ပေါ်စေရင်း လက်သီးတစ်ချက် ထိုးချလိုက်သည်။

​သူသည် အရှင်သခင် အဆင့်တွင် ရှိနေပြီး မတုန်မလှုပ်ဟုခေါ်သော နတ်ဘုရား စွမ်းရည်ကို ကျွမ်းကျင်ထားသူ ဖြစ်သည်။ ရုပ်ခန္ဓာ ခွန်အား၏ အထွတ်အထိပ်ကို အသုံးပြု၍ စကြဝဠာအား တုန်လှုပ်စေမည့် အကြံအစည်ဖြင့် သူသည် ကိုယ်ခံအား သက်သက်ဖြင့်သာ တိုက်ခိုက်ခြင်း ဖြစ်သည်။

​ကျယ်လောင်သော ပေါက်ကွဲသံကြီး လေထုထဲသို့ ထွက်ပေါ်သွားပြီး သူ့လက်သီးက လေထုကို ခွဲထုတ်သွားကာ စုမင်ဆီသို့ ပြေးဝင်လာစဉ် ဟင်းလင်းပြင်၌ ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ကြောင်းအား ဆုတ်ဖြဲပစ်လိုက်သည့်အလား ထင်မှတ်ရသည်။

​'တကယ်လို့ ဟူကျီသာ သူနဲ့ ဒီလောက်တူတဲ့ လူကို တွေ့ရင် သေချာပေါက် အရမ်း ပျော်သွားမှာပဲ'

​စုမင် ပြုံးလိုက်ပြီး ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ သူသည်လည်း ကိုယ်ခံအား သက်သက်ကိုသာ အသုံးပြု၍ ရှေ့သို့ လက်သီးတစ်ချက် ထိုးချလိုက်သည်။ သူ့လက်သီးနှင့် ထိုလူ၏ လက်သီးတို့ ဝင်တိုက်မိသောအခါ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ထိုလူမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်ထွက်သွားခဲ့သည်။ စုမင်သည်လည်း နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျလာခဲ့သည်။ ထိုသွေးများမှာ ထိုလူကြောင့် မဟုတ်ဘဲ တိုက်ခိုက်ခြင်း နယ်မြေများတွင် စုမင် ရရှိခဲ့သော ဒဏ်ရာများကြောင့်သာ ဖြစ်သည်။

​ထိုလူ နောက်သို့ ဆုတ်လိုက်ရသောအခါ တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာသော တုန်ခါမှုကြောင့် သူ့ချီနှင့် သွေးများမှာ ပြင်းထန်စွာ ဆူပွက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်မှာ လက်တစ်လုံးမျှပင် မလှုပ်ရှားနိုင်တော့ချေ။

​စုမင်သည် နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်ပစ်လိုက်သည်။ ထို့နောက် ကြာပလ္လင်ကို ဖုံးလွှမ်းထားသော အလင်းတန်း မျက်နှာပြင်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် အလင်းတစ်ချက် လင်းလက်သွားပြီး သူ့ခန္ဓာကိုယ် ပတ်လည်၌ အနက်ရောင် အလင်းတန်း တစ်တန်း လင်းလက်လာကာ ကျယ်လောင်သော လေဝှေ့သံကြီး တစ်သံနှင့်အတူ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားခဲ့သည်။ ထိုအနက်ရောင် အလင်းတန်းမှာ မဟာမှောင်မိုက်ခြင်း အလင်းတန်းပင် ဖြစ်သည်။ ထိုအလင်းတန်းက သူ့ပတ်လည်ရှိ အလင်းတန်း မျက်နှာပြင်ကို ဝင်တိုက်လိုက်သည့် အခိုက်အတန့်တွင် ယင်းသည် ပုံပန်းပျက်သွားပြီးနောက် ပေါက်ကွဲသံကြီး တစ်သံနှင့်အတူ ပြိုကွဲပျက်စီးသွားခဲ့ရာ ပလ္လင်ပေါ်ရှိ အရာအားလုံးကို အပြင်ဘက် ဧရိယာရှိ လူများအား ထင်ရှားစွာ မြင်တွေ့ခွင့် ပေးလိုက်တော့သည်။

​"စိန်ခေါ်မယ့်လူ နောက်ဘယ်နှစ်ယောက် ရှိသေးလဲ။ အားလုံး ငါ့ဆီကို လာခဲ့ကြစမ်း။ မင်းတို့ တစ်ယောက်တည်း စိန်ခေါ်မယ် ဆိုရင် ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး" စုမင်၏ အသံမှာ ကြာပလ္လင်ပေါ်မှ ချက်ချင်း ထွက်ပေါ်သွားပြီး ကျင့်ကြံသူ အားလုံး၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

​အချိန်တိုတောင်းသော တိတ်ဆိတ်မှုအပြီးတွင် လူအုပ်ကြီးထဲမှ ရှည်လျားသော အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ စုစုပေါင်း ခုနစ်ယောက် ရှိပြီး သူတို့အားလုံးမှာ စုမင်၏ ပလ္လင်ဆီသို့ အလွန်တရာ မြန်ဆန်သော အရှိန်နှုန်းဖြင့် ပြေးဝင်လာခဲ့ကြသည်။

​ခုနစ်ယောက်ထဲတွင် အမျိုးသမီး နှစ်ဦး ပါဝင်ပြီး ကျန်သူများမှာ အမျိုးသားများ ဖြစ်ကြသည်။ အသက်အကြီးဆုံးမှာ ဆံပင်ဖြူများဖြင့် ဖြစ်ပြီး အငယ်ဆုံးမှာ ကတုံး တုံးထားသော လူငယ်လေး တစ်ဦး ဖြစ်သည်။ လူခုနစ်ယောက် ရှေ့သို့ ပြေးဝင်လာစဉ် သူတို့၏ ခန္ဓာကိုယ်များမှ ပေါက်ကွဲထွက်လာသော စွမ်းအားက သူတို့အားလုံး အရှင်သခင် အဆင့်တွင် ရှိနေကြောင်း ရှင်းလင်းစွာ ပြသနေခဲ့သည်။

​ထိုလူများ ပေါ်ထွက်လာမှုက ထိုဧရိယာရှိ ကျင့်ကြံသူများ ကြားထဲတွင် အားကောင်းသော ဆူညံသံကြီးများနှင့် ကျယ်လောင်သည့် ဟစ်အော်သံများကို ချက်ချင်း ဖြစ်ပေါ်လာစေခဲ့သည်။

​"ဒီခုနစ်ယောက်ပဲ။ အပြင်းထန်ဆုံး ဆယ်ယောက်ထဲက ရှစ်ယောက် ပေါ်လာခဲ့ပြီ..."

​"ပထမအဆင့် ချိတ်ထားပြီး မဟာလောကရဲ့ အပြင်ဘက်ကနေ ပြန်မရောက်လာသေးတဲ့ တာအိုရွှမ်းယီနဲ့ ဒုတိယအဆင့် ချိတ်ထားပြီး ငါတို့လောကကို ကာကွယ်ဖို့ စစ်ပွဲ နန်းဆောင်က ခေါ်ဆောင်သွားတဲ့ တင်းကျိုရှောင်းတို့ကလွဲရင် နံနက်ခင်းတာအိုဂိုဏ်းထဲက အပြင်းထန်ဆုံး ဆယ်ယောက်လုံး ရောက်လာကြပြီ"

​"ဒီတိုက်ပွဲအပြီးမှာ စိန်ခေါ်မယ့်သူ နောက်ထပ် ရှိတော့မှာ မဟုတ်ဘူး။ အသိဉာဏ် နည်းနည်းလေး ရှိတဲ့သူတိုင်း မင်းသား တာအိုခုန်းကို သေချာပေါက် ထပ်မစိန်ခေါ်ရဲကြတော့ဘူး"

​"ဒါပေမယ့် မင်းသား တာအိုခုန်းက ဒီတိုက်ပွဲမှာ သေချာပေါက် ရှုံးနိမ့်မှာပဲ။ သူက တစ်ယောက်တည်းနဲ့ ရှစ်ယောက်ကို ရင်ဆိုင်ရမှာလေ။ သူ့ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်ပဲ မြင့်နေပါစေ အသုံးမဝင်ဘူး။ မင်းသား တာအိုခုန်းက နည်းနည်းတော့ မောက်မာလွန်းတယ်။ ဒါပေမယ့် သူ ရှုံးနိမ့်သွားရင်တောင် စောစောက အားလုံးကို တုန်လှုပ်သွားစေခဲ့ပြီးပြီ။ သူ့နာမည်ကျော်ကြားမှုက တာအိုရွှမ်ယီနဲ့ တင်းကျိုရှောင်းတို့ ပြီးရင် ဒုတိယ နေရာမှာပဲ ရှိလိမ့်မယ်"

​ထိုခုနစ်ယောက်လုံးမှာ အပြင်းထန်ဆုံး ဆယ်ယောက် စာရင်းဝင်များ ဖြစ်ကြသည်။ သူတို့သည် မင်းသား ရာထူးအား မက်မောသောကြောင့် မဟုတ်ဘဲ စုမင်၏ စွမ်းအားကို စမ်းသပ်လိုသည့်အပြင် တစ်ချိန်တည်းမှာပင် သူတို့၏ ကိုယ်ပိုင် စွမ်းအားများကိုပါ စမ်းသပ်လိုသောကြောင့် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့ကြခြင်း ဖြစ်သည်။

​ထိုအခိုက်အတန့်တွင် စုမင်၏ စကားကို ကြားပြီးနောက် ခုနစ်ယောက်လုံး တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ အပေါ်သို့ ပျံတက်သွားကြသည်။ သူတို့သည် ရှည်လျားသော အလင်းတန်းများအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး သူ့ကြာပလ္လင်ဆီသို့ ချဉ်းကပ်လာခဲ့ကြသည်။ သူတို့ ဆင်းသက်လာသောအခါ အလွန်တရာ တည်ကြည် လေးနက်နေသည့် အကြည့်ဖြင့် ချီနှင့် သွေးများ ယခုလေးတင် ပြန်လည်တည်ငြိမ်သွားသော အမျိုးသား၏ ဘေးတွင် ရပ်လိုက်ကြသည်။

​"အရှင်မင်းသား... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို လမ်းညွှန် သင်ကြားပေးပါ"

​တည်ကြည် လေးနက်နေသော မျက်နှာ အမူအရာများနှင့်အတူ ခုနစ်ယောက်သား လက်သီးများကို ဆုပ်ကာ စုမင်အား ဦးညွှတ်လိုက်ကြသည်။ ထိုသို့ ပြုလုပ်လိုက်သည့် အခိုက်အတန့်မှာပင် ဟူကျီနှင့်တူသော ထိုအမျိုးသားက ခပ်သြသြ ဟိန်းဟောက်သံ တစ်ချက်ကို ထုတ်ဖော်လိုက်သည်။ သူ အပေါ်သို့ ခုန်တက်လိုက်သောအခါ စုမင်ဆီသို့ နောက်ထပ် လက်သီးတစ်ချက် ထိုးချလိုက်ပြန်သည်။

​ထိုသို့ ပြုလုပ်လိုက်သောအခါ သူ့ခန္ဓာကိုယ်မှာ တုန်ခါသွားခဲ့သည်။ သူ့အရှိန်အဝါနှင့် အနှစ်သာရများ ပေါက်ကွဲထွက်လာပြီး ထိုအခိုက်အတန့်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သူ့သွေးကြောများ ထောင်ထလာခဲ့သည်။ သူ့လက်ဝါးထက်တွင် အက်ကွဲသံများ စုစည်းလာပြီး ရှေ့သို့ လက်သီး ထိုးချလိုက်သောအခါ ဧရာမ လက်သီးကြီး တစ်လုံး၏ အရိပ်က သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

​တစ်ချိန်တည်းပင် ကတုံးတုံးထားသော လူငယ်လေးသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူ့မျက်လုံးများ လျင်မြန်စွာ လင်းလက်သွားပြီး ချက်ချင်းပင် သူ့မျက်သူငယ်အိမ်များထဲ၌ နောက်ထပ် သူငယ်အိမ် နှစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့သည်။

​ထိုအထဲတွင် အမှောင်အလင်းတန်း လှိုင်းများ လင်းလက်သွားခဲ့ပြီး သူ့အကြည့်ထဲတွင် ရေတွက်၍ မရနိုင်သော ချည်မျှင်များက ကြာပလ္လင်ပေါ်၌ ပေါ်ထွက်လာခဲ့သည်။ ထိုချည်မျှင်များကို စကြဝဠာ နိယာမများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းတို့ သူ့မျက်လုံးထဲသို့ ဝင်ရောက်လာသောအခါ သူ လက်များကို မြှောက်ကာ သူ့ပတ်လည်ရှိ လေထုအား လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီး ထိုဧရိယာ အတွင်းရှိ နိယာမများကို ပြောင်းလဲပစ်လိုက်သည်။ ထိုကြောင့် စုမင်သည် သူ့အား ငြင်းပယ်နေသည့် စွမ်းအားတစ်ခုကို ချက်ချင်း သတိပြုမိလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ တည်ရှိမှုက ထိုဧရိယာ၊ ထိုစကြဝဠာကြီးနှင့် ကိုက်ညီမှု မရှိတော့သည့်အလား ထင်မှတ်ရသည်။

​မကြာမီပင် အမျိုးသားနှင့် အမျိုးသမီး တစ်ဦးတို့ လှုပ်ရှားလိုက်ကြပြီး အရိပ်အယောင်မျှပင် မကျန်ရစ်ဘဲ ပျောက်ကွယ်သွားခဲ့ကြသည်။ သူတို့ ပြန်ပေါ်လာသောအခါ စုမင်၏ ဘေးတစ်ဖက်စီတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့နှစ်ဦး ကျင့်ကြံထားသော ကျင့်စဉ်မှာ ရှင်းလင်းစွာ တူညီနေခဲ့သည်။ သူတို့ခန္ဓာကိုယ်များမှာ ဝေဝါးသွားပြီး အစစ်အမှန်နှင့် စိတ်ကူးယဉ် အကြားတွင် ရောက်ရှိနေသည့် တည်ရှိမှုများအလား ဖြစ်သွားခဲ့သည်။ ယင်းက သူတို့ကို နတ်ဘုရား စွမ်းရည် အများစုကို ရှောင်ရှားနိုင်စေပြီး သူတို့၏ အားကောင်းသည့် စွမ်းအားများနှင့် ပေါင်းစပ်လိုက်သောအခါ အင်မော်တယ် မဟာမိတ် အဖွဲ့ နှင့် တိုက်ခိုက်ခဲ့စဉ်က စွမ်းအားကြီး ကျင့်ကြံသူ အမြောက်အမြား သူတို့ လက်ထဲတွင် သေဆုံးခဲ့ရသည်။

​အဘိုးအိုက သူ့လက်မောင်းကို ဝေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အရောင်ငါးမျိုး ပါဝင်သော အလင်းတန်း တစ်တန်း ပေါ်လာခဲ့သည်။ အလင်းတန်း တစ်ရာနီးပါး လင်းလက်လာသောအခါ အဆုံးအစ မရှိနိုင်တော့သည့်အလား မှော်ရတနာ အမြောက်အမြားအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယင်းတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အားကောင်းပြီး စူးရှသော အရှိန်အဝါ တစ်ခု ၎င်းတို့ထံမှ ပြန့်နှံ့လာကာ အားလုံးက စုမင်ဆီသို့ ပြေးဝင်သွားကြတော့သည်။

​ဒုတိယ အမျိုးသမီးက စူးရှသော ဟိန်းဟောက်သံကြီးကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူမသည် သူမကိုယ်သူမ ကိုယ်ပွား တစ်ရာနီးပါး ခွဲထုတ်လိုက်သည်။ သူတို့က ကြာပလ္လင်ကို ဝန်းရံလိုက်ပြီး စူးရှသော အော်ဟစ်သံများကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်ကြသည်။ ထိုဧရိယာအတွင်း အဆက်မပြတ် အော်ဟစ်နေသော အသံများ ရှိနေသည့်အလား ထင်မှတ်ရပြီး ကြားလိုက်ရသူ အားလုံး၏ နှလုံးသားများမှာ စူးရှသော နာကျင်မှုများကို ခံစားလိုက်ကြရသည်။ ပရိသတ်များပင်လျှင် ခေါင်းမူးလာခဲ့ကြသည်။

​ကျန်ရှိနေသော နှစ်ဦးထဲမှ တစ်ဦးက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံနှင့်အတူ သူ့ခန္ဓာကိုယ်ကြီးမှာ ဖောင်းကားလာခဲ့သည်။ သူသည် ပိုမို ကြီးမားထွားကျိုင်းလာပြီး ပေတစ်ရာ မြင့်သော ဘီလူးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည် ဟန်ထာနှင့်အတူ ရှေ့သို့ တစ်လှမ်း လှမ်းကာ စုမင်ဆီသို့ ပြေးဝင်လာခဲ့သည်။

​နောက်ဆုံးတစ်ယောက်မှာ ကြီးမားရှည်လျားသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုအခိုက်အတန့်တွင် သူ့ဝတ်ရုံ လင်းလက်သွားခဲ့သည်။ ကျယ်လောင်သော ဆူညံသံ တစ်သံနှင့်အတူ တောင်ပံပါသည့် ကင်းခြေများ အမြောက်အမြား သူ့ဝတ်ရုံထဲမှ ပျံသန်းထွက်ပေါ်လာခဲ့သည်။ ထိုကင်းခြေများက တရှဲရှဲ မြည်သံများ ထုတ်ဖော်ကာ ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းသွားမည့်အလား စုမင်ဆီသို့ ပြေးဝင်လာခဲ့ကြသည်။

​လူရှစ်ယောက်သည် တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြပြီး သူတို့၏ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများ လေထုထဲသို့ လှိုင်းထသွားခဲ့သည်။ စုမင်သည် ခေါင်းကို မော့ကာ ရယ်မောလိုက်သည်။

​"အရှင်သခင် အဆင့်ကို ရောက်နေတဲ့ သူတွေက ရုပ်ခန္ဓာ ခွန်အားရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေကြတာပဲ။ ဒီနှစ်ယောက်ကလွဲရင် မင်းတို့ ခြောက်ယောက်လုံး လမ်းမှားကို လျှောက်နေကြတာပဲ။ မင်းတို့ အရှင်သခင် အဆင့်ကို ရောက်နေပေမယ့် ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံသူတွေ အဖြစ်ပဲ သဘောထားနေကြတုန်းပဲ။ မင်းတို့အားလုံးကို အနိုင်ယူဖို့ ငါ သိုင်းကွက် ရှစ်ကွက်ပဲ လိုလိမ့်မယ်"

​စုမင်သည် သူ့ရှေ့သို့ ပထမဆုံး ရောက်ရှိလာသော ဟန်ထာဖြစ်သည့် ဘီလူးကြီးကို ရင်ဆိုင်ရန် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ သူ အနီးသို့ ကပ်လာသည့် အခိုက်အတန့်တွင် စုမင်သည် လက်သီးများကို ဆုပ်ကာ ရှေ့သို့ လက်သီးနှစ်ချက် တစ်ပြိုင်နက် ထိုးချလိုက်သည်။

​ပေါက်ကွဲသံကြီးများ လေထုထဲ၌ ပဲ့တင်ထပ်သွားပြီး ဟန်ထာ သွေးတစ်ပွက် အန်ချလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်သွားပြီး သူ့ရှေ့ရှိ ဧရာမ လက်သီးကြီးလည်း ပြိုကွဲပျက်စီးသွားခဲ့ရသည်။

​သူ့ဘေးရှိ ဘီလူးကြီးလည်း တုန်ခါသွားခဲ့သည်။ သူပါ နောက်သို့ လွင့်စင်သွားရစဉ် ဧရာမ ခန္ဓာကိုယ်ကြီးမှာ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရပြီး နဂို မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထို့နောက် ထိုအမျိုးသားသည် သွေးတစ်ပွက် အန်ချလိုက်ရသည်။

​စုမင် မရပ်တန့်ခဲ့ချေ။ ညာလက်ဖြင့် လေထုထဲသို့ လက်သီးတစ်ချက် မထိုးချမီ ထိုဧရိယာရှိ နိယာမများကို သူ့ပတ်လည်တွင် ချည်မျှင်များအဖြစ် ပြောင်းလဲ ဝန်းရံခွင့် ပေးထားလိုက်သည်။ လေထုမှာ ချက်ချင်း တုန်ခါသွားပြီး ချည်မျှင်အားလုံး ပြိုကွဲပျက်စီးသွားခဲ့တော့သည်။

​"စွမ်းအားရဲ့ အထွတ်အထိပ်က စကြဝဠာကို တုန်လှုပ်စေနိုင်ပြီး ဟင်းလင်းပြင်ကိုတောင် ပြိုကွဲစေနိုင်တယ်။ နိယာမတွေ ဆိုတာတော့ ပြောနေစရာတောင် မလိုတော့ဘူး"

​စုမင် ထိုစကားများကို ပြောလိုက်ပြီး သူ့လက်သီး ကျဆင်းသွားသည့် အခိုက်အတန့်တွင် နိယာမ ချည်မျှင်များအား ဖျက်ဆီးပစ်လိုက်ရုံသာမက လူငယ်လေး၏ မျက်သူငယ်အိမ်များကိုပါ ဖျက်ဆီးပစ်လိုက်သည်။ လူငယ်လေး တုန်ခါသွားပြီး မျက်လုံးများမှ သွေးများ စီးကျလာခဲ့သည်။ သူ သွေးတစ်ပွက် အန်ချလိုက်ရပြီး နောက်သို့ လွင့်စင်သွားခဲ့သည်။

​တစ်ချိန်တည်းပင် စုမင်သည် သူ့ကို တိုက်ခိုက်ချင်နေသော အမျိုးသားနှင့် အမျိုးသမီးတို့ ရှိရာ ညာဘက်နှင့် ဘယ်ဘက်သို့ ကြည့်လိုက်သည်။ သူ လက်မောင်းများကို ဆန့်ထုတ်ကာ ဘက်ပေါင်းစုံသို့ လက်သီးတစ်ချက်စီ ထိုးချလိုက်သည်။ လှိုင်းဂယက်များ ပြန့်ကားသွားပြီး ထိုနှစ်ဦးမှာ အစစ်အမှန်နှင့် ပုံရိပ်ယောင် အခြေအနေ နှစ်ခုကြားမှ အတင်းအဓမ္မ ထုတ်ပယ်ခံလိုက်ရသည်။ သူတို့မှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် နောက်သို့ လွင့်စင်သွားခဲ့ရသည်။

​"ပြီးတော့ မင်းတို့..."

​စုမင်သည် အဆိပ်ပြင်းသော ကင်းခြေများ အမြောက်အမြားကို လွှတ်ပေးခဲ့သည့် လူဆီသို့ လှမ်းကြည့်လိုက်သည်။ ညာလက်ကို ဆုပ်လိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံနှင့်အတူ ပြင်းထန်သည့် လေပြင်းကြီး တစ်ခု တိုက်ခတ်လာခဲ့သည်။ ယင်းက အရပ်မျက်နှာ အားလုံးသို့ တိုက်ခတ်သွားပြီး ကင်းခြေများ အားလုံး ထိတ်လန့်ဖွယ် စူးရှသော အသံများ ထုတ်ဖော်လိုက်ကြရသည်။ သူတို့ကို လွှတ်ပေးခဲ့သောသူမှာ သွေးတစ်ပွက် အန်ချလိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။

​"မင်းလည်း အတူတူပဲ..."

​စုမင် လှည့်လိုက်သောအခါ ညာလက်ဖြင့် လေထုကို ဖမ်းဆုပ်လိုက်ပြီးနောက် နောက်ထပ် လက်သီးတစ်ချက် ထိုးချလိုက်ရာ သူ့ဆီသို့ ပြေးဝင်လာသော မှော်ရတနာ အားလုံးမှာ ပေါက်ကွဲသံကြီးနှင့်အတူ ပြိုကွဲပျက်စီးသွားခဲ့သည်။ ထို့နောက် ၎င်းတို့ကို ထုတ်ဖော်ခဲ့သော အဘိုးအို၏ နှုတ်ခမ်းများမှ သွေးများ စီးကျလာခဲ့ပြီး သူ ချက်ချင်း နောက်ဆုတ်သွားခဲ့တော့သည်။

​"မင်းက နောက်ဆုံးပဲ"

​စုမင် ညာလက်ကို မြှောက်ကာ ပလ္လင်ကို ထိုးချလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လက်သီးကျရောက်ရာ နေရာမှ ကြီးမားသော လှိုင်းလုံးကြီး တစ်လှိုင်း ထိုဧရိယာတစ်လျှောက် ပြန့်ကားသွားရာ မိမိကိုယ်အား ပုံတူခွဲထားသော အမျိုးသမီး၏ ပုံတူ ရာချီကို ချက်ချင်း တွန်းထုတ်ပစ်လိုက်ပြီး ၎င်းတို့ ပြိုကွဲပျက်စီးမသွားမီ အဝေးမှ သူမ၏ အစစ်အမှန် ခန္ဓာကိုယ်အား ထုတ်ဖော်ပြသလိုက်တော့သည်။ သူမ သွေးတစ်ပွက် အန်ချလိုက်ရပြီး နောက်သို့ လွင့်စင်သွားခဲ့သည်။

​"မလောက်သေးဘူး... ထပ်လာခဲ့"

​စုမင် ကောင်းကင်ကို ကြည့်ကာ ရယ်မောလိုက်သည်။ သူ့လှုပ်ရှားမှုများက ဒဏ်ရာများကို ဆုတ်ဖြဲနေသဖြင့် နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျလာခဲ့သော်လည်း အားကောင်းသော တိုက်ခိုက်လိုစိတ်က သူ့မျက်ဝန်းများထဲတွင် လင်းလက်နေခဲ့သည်။

​တစ်ခါမျှ မရှိဖူးသေးသော တည်ကြည်လေးနက်သည့် အမူအရာများ လူရှစ်ယောက်၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီးနောက် စုမင်ဆီသို့ ထပ်မံ ပြေးဝင်သွားကြတော့သည်။

​သူတို့ တိုက်ခိုက်နေကြစဉ် တတိယထပ်ရှိ တိုက်ကြီး တစ်တိုက်ပေါ်တွင် နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု လင်းလက်လာခဲ့သည်။ နတ်ဘုရား အနှစ်သာရ နယ်မြေမှ ပြန်ရောက်လာသော အဘိုးအိုသည် ထိုအထဲမှ ထွက်လာခဲ့သည်။ ဖြူရော်နေသော မျက်နှာနှင့် စိုးရိမ်တကြီး အမူအရာဖြင့် သူသည် ပထမထပ်သို့ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။

​သူ သိရှိလာခဲ့သမျှကို ဂိုဏ်းသခင်များအား သူ ပြောပြချင်နေခဲ့သည်။ ထိုသတင်းက ဖြစ်ပျက်ခဲ့သမျှကို သိလိုက်ရသောအခါ သူ့အား အဆုံးအစမရှိ တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ အကယ်၍ သူသာ ထိုကိစ္စကို အပြည့်အဝ သေချာမနေပါက မင်းသား တာအိုခုန်းသည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်း ထိုမျှ တုန်လှုပ်ဖွယ် မုန်တိုင်းကြီးကို ဖန်တီးခဲ့မည်ဟု သူ ယုံကြည်ခဲ့မည် မဟုတ်ချေ။

​နတ်ဘုရား အနှစ်သာရ နယ်မြေသို့ သွားရန် သူ့ကို စေခိုင်းခဲ့သော ဂိုဏ်းသခင်သည် မင်းသား တာအိုခုန်းအပေါ် ရန်ငြိုးတစ်ခုခု ရှိနေပုံရကြောင်း သူ သတိရလိုက်သောအခါ အဘိုးအို၏ နှလုံးသားမှာ တုန်ခါသွားခဲ့သည်။ သူ ထိုဂိုဏ်းသခင်အား ပြစ်မှားမိမည် ဆိုလျှင်ပင် ထိုတာအိုခုန်းကိုတော့ အနည်းငယ်လေးမျှ လုံးဝ ပြစ်မှားမည် မဟုတ်တော့ချေ။

အခန်း ၁၀၈၂ ပြောသာ ပြောလိုက်စမ်းပါ

"ဘုန်း..."

​လူရှစ်ယောက်သည် တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြပြီး အရှင်သခင် အဆင့်တွင် ရှိနေသော တန်ခိုးရှင် ရှစ်ယောက်၏ အင်အားများက သူတို့ထံမှ ပေါက်ကွဲထွက်လာခဲ့သည်။ အကယ်၍ စုမင်သာ အကောင်းဆုံး အခြေအနေတွင် ရှိနေပါက ထိုအင်အားများကို ရင်ဆိုင်တိုက်ခိုက်နိုင်မည် ဖြစ်သော်လည်း ယခုအချိန်တွင် သူသည် ဒဏ်ရာရရှိထားသဖြင့် ဤတိုက်ပွဲက သူ့အတွက် ခက်ခဲမည်မှာ သဘာဝပင် ဖြစ်သည်။

​သို့သော် ယင်းက သူ တောင်ရွှေ့ခြင်း သိုင်းပညာနှင့် နတ်ဘုရား သတ်ဖြတ်ခြင်း သိုင်းပညာတို့ကို မသင်ယူရသေးမီက အခြေအနေသာ ဖြစ်ပြီး ထိပ်ပြောင်ကြိုးကြာကလည်း မဟာအမှောင်ထု အလင်းတန်းအား မကျွမ်းကျင်သေးမီက ဖြစ်သည်။ ဤစွမ်းရည်များ ရှိနေခြင်းကြောင့် သူ ဒဏ်ရာရနေလျှင်ပင် လူရှစ်ယောက်ကို အလွယ်တကူ ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲပင် ဖြစ်သည်။

​ကျယ်လောင်သော ပေါက်ကွဲသံကြီးများနှင့်အတူ စုမင် သွေးတစ်ပွက် အန်ချလိုက်ရသည်။ သို့သော် ယင်း၏ တန်ဖိုးအနေဖြင့် သူ့ပတ်လည်ရှိ အပြင်းထန်ဆုံး စစ်သည်တော် ရှစ်ယောက်သည်လည်း သွေးများ အန်ချလိုက်ကြရသည်။ နောက်သို့ ဆုတ်ခွာသွားရစဉ် သူတို့၏ ခန္ဓာကိုယ်ထဲတွင် ချီနှင့် သွေးများ ဆူပွက်နေမှုကို မထိန်းချုပ်နိုင်တော့သည့်အလား ခံစားလိုက်ကြရသည်။ အထူးသဖြင့် အရှင်သခင် အဆင့်သို့ လောလောလတ်လတ် ဝင်ရောက်လာသော နှစ်ဦးအတွက် ပို၍ ဆိုးရွားသည်။

​သူတို့ကို ကနဦး အဆင့်ဟုသာ သတ်မှတ်နိုင်ပြီး သွေးများအန်ကာ နောက်သို့ လွင့်စင်သွားရသောအခါ သူတို့၏ ချီနှင့် သွေးများ ချွေးပေါက်များမှတစ်ဆင့် ပြန့်ထွက်လာခြင်းကို ဆက်လက် မဖိနှိပ်ထားနိုင်တော့ချေ။ သူတို့ ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ကြာပလ္လင်ပေါ်မှ လွင့်စင်ထွက်သွားခဲ့ကြတော့သည်။

​စုမင်သည် နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်ပစ်လိုက်သည်။ ထို့နောက် ညာလက်ကို မြှောက်ကာ လေထုအား ဖမ်းဆုပ်လိုက်ရာ ဘဝမတရားခြင်းက လှံရှည် ပေါ်ထွက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ယင်းသည် ရွှေရောင် အလင်းတန်း တစ်လွှာဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ဤသည်က စုမင် သင်ယူထားသော နတ်ဘုရား သတ်ဖြတ်ခြင်း သိုင်းပညာ၏ လက္ခဏာပင် ဖြစ်သည်။

​"ထပ်လာခဲ့စမ်း"

​စုမင် ကောင်းကင်ကို မော့ကြည့်ကာ ရယ်မောလိုက်သည်။ သူ စကားပြောလိုက်သည်နှင့် ကျန်ရှိနေသော ခြောက်ယောက်၏ ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များ မြင့်တက်လာခဲ့သည်။ သူတို့ အတူတကွ လှုပ်ရှားလိုက်ကြပြီး သူတို့၏ အပြင်းထန်ဆုံး နတ်ဘုရား စွမ်းရည်များကို ထုတ်ဖော်လိုက်ကြသည်။

​သူတို့ ရှေ့သို့ ပြေးဝင်လာပြီး အနီးသို့ ကပ်လာသည့် အခိုက်အတန့်တွင် စုမင် ညာဘက် ခြေထောက်ကို မြှောက်ကာ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ သူ့လက်ထဲရှိ ဘဝမတရားခြင်း လှံရှည်ကို မြှောက်ကာ အလွန် ရိုးရှင်းသော ဟန်ပန်ဖြင့် အောက်သို့ ထိုးချလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုလှံရှည်ကို ဧရာမ ဓားကြီး တစ်လက်နှင့် နှိုင်းယှဉ်မည် ဆိုပါက ထိုထိုးချမှုသည် ဓားဖြင့် ခုတ်ပိုင်းချလိုက်ခြင်းနှင့် အတိအကျ တူညီနေမည် ဖြစ်သည်။

​သူ ထိုသို့ အသုံးပြုလိုက်သည့် အခိုက်အတန့်တွင် ထိုဧရိယာအတွင်းရှိ နိယာမများ ပြောင်းလဲသွားခဲ့သည်။ ဤပြောင်းလဲမှုက ကြာပလ္လင်နှင့် သူတို့ ပတ်လည်ရှိ ကမ္ဘာကြီး တစ်ခုလုံးကို ချက်ချင်း ကွဲကွာသွားစေပြီး သူတို့၏ ဧရိယာအား ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးနှင့် လုံးဝ ကွဲပြားခြားနားသော နယ်မြေတစ်ခု အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ ဤသည်မှာ နိယာမများကို ဖြတ်တောက်နိုင်သော စွမ်းအားပင် ဖြစ်သည်။

​ပလ္လင်နှင့် ပတ်ဝန်းကျင် ကမ္ဘာကြီး အကြားရှိ အဆက်အသွယ်ကို ဖြတ်တောက်လိုက်ခြင်းက ထိုလူခြောက်ယောက်၏ ကျင့်ကြံခြင်း အခြေခံများနှင့် ပတ်ဝန်းကျင် ကမ္ဘာကြီး အကြားရှိ သိမ်မွေ့သော အဆက်အသွယ်များအား ဖြတ်တောက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

​ကံကြမ္မာကို ဤကဲ့သို့ ဝင်ရောက် စွက်ဖက်ခြင်းသည် ပင်လယ်ရေစီးကြောင်းကို ပိတ်ဆို့ကာ သေဆုံးသွားစေခြင်းနှင့် တူညီသည်။ ယင်းက ထိုလူခြောက်ယောက်အတွက် ကမ္ဘာကြီးထံမှ မည်သည့် စွမ်းအား အပိုင်းအစကိုမျှ ငှားရမ်း အသုံးပြုရန် ခက်ခဲသွားစေခဲ့ပြီး စုမင်သည် သူတို့၏ စွမ်းအား အရင်းအမြစ်အား ပိတ်ဆို့ပစ်လိုက်သည့်အလား ဖြစ်သွားခဲ့သည်။

​တစ်ချိန်တည်းပင် လှံရှည် အောက်သို့ ကျဆင်းသွားသောအခါ သူတို့၏ ကံကြမ္မာများအား ဖြတ်တောက်လိုက်ရုံသာမက သူတို့၏ အာရုံများကိုပါ ကစားလှည့်စားလိုက်ကြောင်း ထိုကျင့်ကြံသူ ခြောက်ယောက် ရှာဖွေတွေ့ရှိသွားခဲ့ကြသည်။ လှံရှည်က အောက်သို့ ကျဆင်းသွားပုံ ရသော်လည်း ယင်းသည် ရှည်ထွက်လာပြီး အပိုင်း ခြောက်ပိုင်း ကွဲထွက်သွားကာ သူတို့၏ လက်များပေါ်သို့ ကျဆင်းလာသည့်အလား ထင်မှတ်ရသည်။ ဧရိယာအတွင်း လူမည်မျှပင် ရှိနေပါစေ လှံရှည် ကျဆင်းလာသည်နှင့် သူတို့အားလုံးကို သေချာပေါက် ထိမှန်မည်မှာ အသေအချာပင် ဖြစ်သည်။

​"ဘုန်း..."

​လူခြောက်ယောက်၏ နတ်ဘုရား စွမ်းရည်များနှင့် စုမင်၏ လှံရှည်တို့ ဝင်တိုက်မိသည့် အခိုက်အတန့်တွင် စုမင် တုန်ခါသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်ထွက်သွားခဲ့သည်။ သူ သွေးတစ်ပွက် အန်ချလိုက်ရသော်လည်း ခြောက်ယောက်ထဲမှ နှစ်ယောက်သည်လည်း သွေးများ အန်ချလိုက်ရပြီး နောက်သို့ လွင့်စင်သွားခဲ့သည်။ သူတို့ ကြာပလ္လင်ပေါ်မှ လွင့်စင်ထွက်သွားသည်နှင့် ထူထဲသော သွေးမြူခိုးများ သူတို့ထံမှ ပြန့်ထွက်လာခဲ့သည်။ သူတို့၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပေါက်ကွဲထွက်လာသည့်အလား ထင်မှတ်ရသည်။

​မကြာမီမှာပင် ကြာပလ္လင်ပေါ်တွင် ကျန်ရှိနေသော လေးယောက်ထဲမှ နှစ်ယောက်သည်လည်း ကျဆင်းလာသော လှံရှည်ကို ဆက်လက် မခံနိုင်တော့ချေ။ သူတို့၏ ခန္ဓာကိုယ်ထဲတွင် ချီများ ပြင်းထန်စွာ ဆူပွက်လာပြီးနောက် သူတို့သည်လည်း လွင့်စင်ထွက်သွားခဲ့ကြသည်။

​လှံရှည် တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ခြောက်ယောက်ထဲမှ လေးယောက်မှာ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားခဲ့သည်။ ကျန်ရစ်သော လူနှစ်ယောက်မှာ ဖြူရော်နေခဲ့သည်။ သူတို့ စုမင်ကို ကြည့်လိုက်သောအခါ သူတို့၏ မျက်ဝန်းများထဲတွင် ဖော်ပြ၍ မရနိုင်သော တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်နေခဲ့သည်။

​ထိုနှစ်ယောက် ဆက်လက် တိုက်ခိုက်သင့်၊ မတိုက်ခိုက်သင့် တွေဝေနေသည့် အခိုက်အတန့်တွင် စုမင်၏ ခန္ဓာကိုယ်ထံမှ အနက်ရောင် အလင်းတန်း တစ်တန်း ကောင်းကင်ယံသို့ ပေါက်ကွဲထွက်လာပြီး အပြင်ဘက်သို့ ပြန့်ကားသွားခဲ့သည်။

​"မဟာအမှောင်ထု အလင်းတန်း"

​"ဒါ မဟာအမှောင်ထု အလင်းတန်းပဲ"

​ထိုဧရိယာအတွင်းရှိ ကျင့်ကြံသူ သန်းဆယ်ချီသည် အံ့ဩတုန်လှုပ်စွာ ချက်ချင်း အော်ဟစ်လိုက်ကြသည်။ ယခင်က စုမင် ၎င်းကို အသုံးပြုခဲ့စဉ်က သူ့ပတ်လည်ရှိ အလင်းတန်း မျက်နှာပြင်အား ဖျက်ဆီးရန်အတွက် ဖြစ်သည်။ မျက်နှာပြင် ပြိုကွဲသွားသောအခါ မဟာအမှောင်ထု အလင်းတန်းလည်း ပြိုကွဲပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် ပလ္လင်အပြင်ဘက်ရှိ လူများ ၎င်းကို မမြင်တွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ မျက်နှာပြင် မရှိတော့သည့်အတွက် ပရိသတ်များသည် ကြာပလ္လင်ပေါ်တွင် ဖြစ်ပျက်နေသည်များကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး စုမင်၏ ခန္ဓာကိုယ်မှ ပြန့်ကားလာသော အလင်းတန်းက မျက်စိများအား အလွန်အမင်း စူးရှစေခဲ့သည်။

​မြင်တွေ့လိုက်ရသူ အားလုံး ချက်ချင်း တုန်ခါသွားကြသည်။ သူတို့မှာ အပြင်ဘက်တွင် ရှိနေပြီး ဤသို့ တုံ့ပြန်နေကြရသည်ဆိုလျှင် ထိုအခိုက်အတန့်၌ ကြာပလ္လင်ပေါ်တွင် ကျန်ရှိနေသော အပြင်းထန်ဆုံး ဆယ်ယောက်ထဲမှ နှစ်ယောက်အတွက်ဆိုလျှင် ပို၍ပင် ဆိုးရွားပေမည်။

​စုမင် မဟာအမှောင်ထု အလင်းတန်းကို ဝှေ့ယမ်းလိုက်သည့် အခိုက်အတန့်တွင်ပင် ထိုလူနှစ်ယောက် တုန်ခါသွားကြသည်။ သူတို့မှာ အေးခဲသွားသည့်အလား ခံစားလိုက်ရပြီး ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။ အကယ်၍ ယင်းက ဤထက်ပို၍ အချိန်ကြာမြင့်မည် ဆိုပါက မဟာအမှောင်ထု အလင်းတန်း အောက်တွင် သူတို့ သေချာပေါက် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်ပြီး သူတို့၏ စိတ်အာရုံများလည်း ဖျက်ဆီးခံရမည် ဖြစ်သည်။ အမှန်တကယ်မူ သူတို့၏ ဝိညာဉ်များသည်ပင် ဘယ်သောအခါမှ ပြန်မနိုးထနိုင်တော့မည့် ထာဝရ အိပ်မောကျခြင်းထဲသို့ နစ်မြုပ်သွားမည် ဖြစ်သည်။

​သေမင်း၏ အရိပ်က သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ကျရောက်လာခဲ့သော်လည်း သူတို့မှာ ၎င်းကို ခုခံတိုက်ခိုက်ရန် အင်အား မရှိခဲ့ချေ။

​သူတို့၏ ဝိညာဉ်များ ထာဝရ အိပ်မောကျခြင်းထဲသို့ နစ်မြုပ်သွားတော့မည့် အခိုက်အတန့်တွင် မဟာအမှောင်ထု အလင်းတန်း ပျောက်ကွယ်သွားခဲ့သည်။

​"မင်းတို့ကို ငါ ချမ်းသာပေးလိုက်မယ်" စုမင်က ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

​ကြာပလ္လင်ပေါ်ရှိ လူနှစ်ယောက် ချက်ချင်း တုန်ခါသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များ လျင်မြန်စွာ ပြန်လည် သက်သာလာသော်လည်း သူတို့၏ မျက်နှာများမှာ ဖြူရော်နေဆဲပင် ဖြစ်သည်။ သူတို့ လက်သီးများကို ဆုပ်ကာ စုမင်အား ဦးညွှတ်လိုက်ပြီးနောက် လှည့်ကာ အလျင်စလို ထွက်ခွာသွားကြတော့သည်။ သူတို့၏ စိတ်ထဲတွင် စုမင်၏ ပုံရိပ်သည် ပြိုင်ဘက်ကင်းပြီး အတိုင်းအတာ မသိနိုင်လောက်အောင် စွမ်းအားကြီးမားသော တည်ရှိမှု တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဤအရိပ်သည် သူတို့ တစ်ဘဝလုံး စုမင်ကို ကျော်လွန်နိုင်တော့မည် မဟုတ်ကြောင်း တားဆီးထားမည့် မျိုးစေ့တစ်စေ့နှင့် တူနေတော့သည်။

​တစ်ယောက်တည်းနှင့် ရှစ်ယောက်အား ရင်ဆိုင်ခဲ့သော တိုက်ပွဲကြောင့် စုမင်၏ နာမည်သည် ထိုဧရိယာအတွင်းရှိ ကျင့်ကြံသူ အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ကြာပလ္လင်ပေါ်တွင် ရပ်နေစဉ် ထိုအခိုက်အတန့်၌ သူသည် စစ်အင်မော်တယ် တစ်ပါးနှင့် တူနေခဲ့သည်။ ဤပုံရိပ်သည် နံနက်ခင်းတာအိုဂိုဏ်းရှိ ကျင့်ကြံသူများ၏ စိတ်ထဲတွင် ဖျက်ပစ်၍ မရနိုင်သော အမှတ်အသား တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။

​ရှည်လျားသော လှံကို ကိုင်ဆောင်ထားစဉ် စုမင်၏ မျက်နှာမှာ အနည်းငယ် ဖြူရော်နေခဲ့သည်။ သူသည် အစကတည်းက ဒဏ်ရာရထားပြီး လူရှစ်ယောက်ကို တိုက်ခိုက်ပြီးနောက် သူ့ဒဏ်ရာများ ပိုမို ဆိုးရွားလာခဲ့သည်။ သူသည် ခြေထောက် နှစ်ဖက်ပေါ်တွင်ပင် ခိုင်မြဲစွာ မရပ်နိုင်တော့သည့်အလား ထင်မှတ်ရသော်လည်း သူသည် ယင်းကို ဂရုမစိုက်ခဲ့ချေ။ သူသည် လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ပေပန်းထံသို့ အကြည့်ရောက်သွားခဲ့သည်။

​စုမင် စကားပြောရန် ပါးစပ်ဟလိုက်သောအခါ အခြား မင်းသား ကိုးပါးထဲမှ တစ်ပါးက သူ့ကို မည်သည့်အရာမျှ ပြောဆိုခွင့် မပေးဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

​"တာအိုခုန်း... မင်းကို ငါ စိန်ခေါ်ချင်တယ်" သူ ထိုသို့ ပြောလိုက်သည်နှင့် အခြား မင်းသားများ အားလုံးက သူတို့ဆီသို့ အာရုံစိုက်သွားကြသည်။ "တာအိုခုန်း... ငါ့ရဲ့ စိန်ခေါ်မှုကို မင်း လက်ခံရဲလား"

​"မှန်တယ်။ တာအိုခုန်း... မင်းက အရမ်း ဝင့်ကြွားပြီး နံနက်ခင်းတာအိုဂိုဏ်းက အပြင်းထန်ဆုံး ဆယ်ယောက်ထဲက ရှစ်ယောက်ကိုတောင် ရင်ဆိုင်တိုက်ခိုက်နိုင်တယ် ဆိုတော့ အခု ငါတို့ကိုကော တိုက်ခိုက်ရဲလား"

​သူတို့၏ အသံများ လေထုထဲ၌ ပဲ့တင်ထပ်သွားသည်နှင့် တိုက်ရိုက် သွေးဆက်လေးယောက်က အပေါ်သို့ ခုန်တက်ကာ စုမင် ပြင်းထန်စွာ ဒဏ်ရာရနေချိန်တွင် သူ့ကို တစ်ချက်တည်းနှင့် သတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် စုမင်၏ ကြာပလ္လင်ဆီသို့ ပြေးဝင်သွားကြတော့သည်။

​ပေပန်းက သူတို့ကို တားဆီးသင့်သော်လည်း သူ့မျက်လုံးများထဲတွင် အလင်းတစ်ချက် လင်းလက်သွားပြီး လုံးဝ မမြင်လိုက်ရသည့်အလား တိတ်ဆိတ်နေခဲ့သည်။

​အသားညိုညိုနှင့် အဘိုးအိုမှလွဲ၍ အခြား ဂိုဏ်းသခင် နှစ်ဦးက မျက်မှောင်ကြုတ်သွားကြသော်လည်း ပေပန်းက မသိချင်ယောင် ဆောင်နေသည်အား မြင်သောအခါ သူတို့ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီး တွေဝေသွားကြသည်။

​အသားညိုညိုနှင့် အဘိုးအိုသည် စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။ ဤသည်မှာ သူ အလွန်တရာ မြင်တွေ့ချင်နေခဲ့သော မြင်ကွင်းပင် ဖြစ်သည်။ သူ့မျက်ဝန်းများထဲတွင် အရောင်တစ်ချက် လက်သွားပြီး မင်းသား ကိုးပါးထဲတွင် ပါဝင်သော နူးညံ့သိမ်မွေ့သည့် အသွင်အပြင်ရှိသော လူလတ်ပိုင်းအရွယ် တာအိုဖာကို ပေါ့ပေါ့ပါးပါးဟန်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။

​တာအိုဖာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။

​"တာအိုခုန်း... မင်း ငါနဲ့ တိုက်ရဲလား" သူ့စကားသံ လေထုထဲ၌ ပဲ့တင်ထပ်သွားသောအခါ သူ ကိုယ့်ကိုယ်ကိုယ် ပြန်လည် လှောင်ပြောင်လိုက်သည်။ ဤသို့ ပြုလုပ်ခြင်းက သူ့စရိုက်နှင့် မကိုက်ညီချေ။ သို့သော် တာအိုခုန်းက သန်မာလွန်းသည်။ ဤမျှ သန်မာသော သူတစ်ယောက်က မင်းသား တစ်ပါး ဖြစ်နေခြင်းက သူ့အတွက် အလွန်တရာ ကြီးမားသည့် ခြိမ်းခြောက်မှုကြီး တစ်ခုကို ဖန်တီးပေးနေသည်။

​တာအိုဖာ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည့် အခိုက်အတန့်တွင် တာအိုလင်း၏ ခပ်တည်တည် မျက်ဝန်းများထဲတွင် အရောင်တစ်ချက် လက်သွားပြီး သူသည်လည်း ရှေ့သို့ ခုန်တက်လိုက်သည်။ အခြား မင်းသားများလည်း သူ့နောက်သို့ လိုက်ပါသွားကြသည်။

​အခြား မဟာ မင်းသား ကိုးပါးလုံးက စုမင်အား တစ်ပြိုင်တည်း တိုက်ခိုက်ချင်နေကြသည်။ ဤမြင်ကွင်းက ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် မျိုးစုံသော အမူအရာများကို ချက်ချင်း ပေါ်လာစေခဲ့သည်။ အချို့က လှောင်ပြောင်နေကြပြီး အချို့က စိတ်ဝင်စားစရာ ကောင်းသော အရာတစ်ခုကို မြင်တွေ့ရတော့မည့်အလား စိတ်လှုပ်ရှားနေကြကာ အချို့ကမူ ဤသည်မှာ လုံးဝ မသင့်လျော်ဟု တွေးတောလျက် မျက်မှောင်ကြုတ်နေကြသည်။

​သူတို့၏ ခေါင်းထဲတွင် မျိုးစုံသော အတွေးများနှင့်အတူ ဆွေးနွေးပြောဆိုသံများ လူအုပ်ကြီးထဲတွင် ချက်ချင်း ဆူညံသွားခဲ့တော့သည်။

​ကြာပလ္လင်ပေါ်တွင် ရပ်နေစဉ် စုမင်သည် သူ့ထံသို့ ပြေးဝင်လာသော မဟာ မင်းသား ကိုးပါးကို နှုတ်ခမ်းထက်၌ လှောင်ပြောင်သည့် အရိပ်အယောင် တစ်ခုဖြင့် ကြည့်နေခဲ့သည်။ သူသည် ဘဝမတရားခြင်း လှံရှည်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရာ စူးရှသော နာကျင်မှုများ သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းသွားခဲ့သည်။ ယင်းက သူ့ဒဏ်ရာများ ပြန်လည် ဖောက်ပြန်လာသည့် လက္ခဏာပင် ဖြစ်သည်။

​သို့တိုင်အောင် စုမင်သာ အလိုရှိပါက ထိုကိုးယောက်လုံးကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်မည့် ယုံကြည်မှုမျိုး သူ့တွင် ရှိနေသည်။

​သို့သော် သူ ဘဝမတရားခြင်း လှံရှည်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး မင်းသား ကိုးပါး သူ့အနီးသို့ ရောက်ရှိလာတော့မည့် အချိန်တွင် လေထုအား ဆုတ်ဖြဲလိုက်သည့် အလွန် ကျယ်လောင်သော အသံကြီး တစ်သံ အဝေးက ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ လူတစ်ယောက် ကောင်းကင်ကို ဆုတ်ဖြဲကာ အစွမ်းကုန် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော အသံပင် ဖြစ်သည်။

​ယင်းက စူးရှသော ဟိန်းဟောက်သံကြီး ဖြစ်ပြီး စက္ကန့်ပိုင်းအတွင်း သူတို့အနီးသို့ ကပ်လာခဲ့သည်။ ထိုသို့ အလျင်စလို ပြေးဝင်လာသူမှာ နတ်ဘုရား အနှစ်သာရ နယ်မြေမှ ပြန်ရောက်လာသော အဘိုးအို ဖြစ်သည်။ သူသည် မျက်နှာပေါ်တွင် ထိတ်လန့်နေသော အမူအရာဖြင့် အလွန်တရာ မြန်ဆန်စွာ ပြေးဝင်လာနေခြင်း ဖြစ်သည်။ သူ အနီးသို့ ကပ်လာသည့် အခိုက်အတန့်တွင် သူ့ကို တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့သော အသားညိုညိုနှင့် အဘိုးအိုက ချက်ချင်း မှတ်မိသွားခဲ့သည်။

​အသားညိုညိုနှင့် အဘိုးအိုက သူ့အမူအရာကို မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။ သူ့အတွက်မူ ဤသည်မှာ နတ်ဘုရား အနှစ်သာရ နယ်မြေတွင် အလွန် ကြီးကျယ်ခမ်းနားသော အရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသူ တစ်ဦး၏ အမူအရာမျိုးပင် ဖြစ်သည်။ ဤကိစ္စသည် တာအိုခုန်း၏ ကျင့်ကြံခြင်း အဆင့်များ တစ်ဟုန်ထိုး တိုးတက်လာခဲ့ခြင်း နောက်ကွယ်ရှိ လျှို့ဝှက်ချက် သေချာပေါက် ဖြစ်ပေမည်။

​ထိုလူ အလွန် ထိတ်လန့်နေသည်ကို ထောက်ရှုပါက ၎င်းသည် သာမန်ကိစ္စတစ်ခု သေချာပေါက် မဟုတ်နိုင်ချေ။

​ဝင်ရောက်လာသော ရှည်လျားသည့် အလင်းတန်းက အစပိုင်းတွင် အာရုံစိုက်မှု သိပ်မခံရသော်လည်း အထဲရှိ လူက အသားညိုညိုနှင့် အဘိုးအိုထံသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။ အနီးသို့ပင် မရောက်သေးမီ သူသည် စိုးရိမ်တကြီး အသံဖြင့် စကားပြောလာခဲ့သည်။

​"ဂိုဏ်းသခင်... ကျွန်တော် ခင်ဗျားကို ပြောစရာ ရှိတယ်"

​သူ့အသံ လေထုထဲ၌ ပဲ့တင်ထပ်သွားသောအခါ ပေပန်း မျက်မှောင်ကြုတ်သွားသည်။ သူ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်သောအခါ သူ့နောက်ရှိ အသားညိုညိုနှင့် အဘိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။

​"တာအိုခုန်းက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်တုန်းက ကမ္ဘာမြေပြင် အဆင့်ရဲ့ အလယ်အလတ် အဆင့်မှာပဲ ရှိနေသေးတာ။ ဒါပေမယ့် သူ နတ်ဘုရား အနှစ်သာရ နယ်မြေကနေ ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူ အရမ်း စွမ်းအားကြီးလာခဲ့တယ်။ ဒါက နံနက်ခင်းတာအိုဂိုဏ်း အတွက် ကြီးမားတဲ့ ကံကောင်းမှု တစ်ခုဆိုပေမယ့် သူ ဘာတွေ ကြုံတွေ့ခဲ့ရလို့ ဒီလောက် စွမ်းအားကြီးလာပြီး ဒီလို ကျင့်ကြံခြင်း အဆင့်ကို ရရှိလာတာလဲ ဆိုတာ ငါ အရမ်း သိချင်နေခဲ့တယ်။ ငါ အဲဒါကို အတိအကျ သိရအောင် နတ်ဘုရား အနှစ်သာရ နယ်မြေကို လူတစ်ယောက် လွှတ်လိုက်တယ်။ အခု အဲဒီလူ ပြန်ရောက်လာပြီ"

​"သူ သယ်ဆောင်လာတဲ့ သတင်းကို ငါ လျှို့ဝှက် မထားချင်ဘူး။ ဘာလို့လဲဆိုတော့ ငါက အားလုံးနဲ့အတူ နားထောင်ချင်လို့ပဲ။ မင်းသား တာအိုခုန်းက နတ်ဘုရား အနှစ်သာရ နယ်မြေထဲမှာ ဘယ်လိုမျိုး ကံကောင်းမှုတွေ ရရှိခဲ့တာလဲ"

​အသားညိုညိုနှင့် အဘိုးအို၏ စကားများက အလွန်တရာ ကောက်ကျစ်စဉ်းလဲသည်။ သူ ထိုစကားများကို ပြောလိုက်သည့် အခိုက်အတန့်တွင် ထိုဧရိယာရှိ ကျင့်ကြံသူများထံမှ အာရုံစိုက်မှု အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

​အမှန်တကယ်တွင် သူတို့က ဤကိစ္စနှင့် ပတ်သက်၍ အချိန်အတော်ကြာကတည်းက ဇဝေဇဝါ ဖြစ်နေခဲ့ကြပြီး ထိုအကြောင်း မတွေးဖူးသူများပင်လျှင် မည်သို့ ဖြစ်ပျက်နေသည်ကို လျင်မြန်စွာ နားလည်သွားခဲ့ကြသည်။

​"မှန်တယ်။ ဘယ်လိုအရာမျိုးကများ မင်းသား တာအိုခုန်းကို ဒီလောက် စွမ်းအားကြီးသွားစေတာလဲ"

​"ဟုတ်တယ်။ ခန္ဓာကိုယ်ကို ဝင်ပူးခံရတာ များလား။ ဒါမှမဟုတ်ရင် ဘာလို့ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က နှစ်တစ်ထောင်လောက် အတွင်းမှာ ဒီလောက်ကြီး တိုးတက်လာရတာလဲ"

​"တကယ်လို့ အဲဒါက ကံကောင်းမှု တစ်ခုခု ဆိုရင် ငါတို့လည်း အဲဒါကို ရအောင် ကြိုးစားကြည့်လို့ ရနိုင်ကောင်းရဲ့။ ဘာပဲဖြစ်ဖြစ် အခု ငါ စဉ်းစားကြည့်တော့ ကျင့်ကြံခြင်း အဆင့်ကို ဒီလောက်ကြီး တိုးတက်အောင် လုပ်ဖို့ဆိုတာ စိတ်ကူးနဲ့တောင် မှန်းဆလို့ မရနိုင်တဲ့ အရာပဲ"

​ပေပန်း၏ မျက်လုံးများ လင်းလက်သွားပြီး အဘိုးအိုကို သူ မတားဆီးခဲ့ချေ။ တာအိုခုန်း နတ်ဘုရား အနှစ်သာရ နယ်မြေ တွင် အတိအကျ မည်သည်များ ကြုံတွေ့ခဲ့ရကြောင်း သူလည်း နားထောင်ချင်နေခဲ့သည်။

​"ဂိုဏ်းသခင်... ကျွန်တော်..." ရှည်လျားသော အလင်းတန်းထဲရှိ အဘိုးအိုသည် ထိုအခိုက်အတန့်တွင် သူ့နှလုံးသား တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး သူ့မျက်နှာပေါ်ရှိ တွေဝေ စိုးရိမ်နေသော အမူအရာမှာ ပို၍ပင် ထင်ရှားလာခဲ့သည်။

​သူ့အမူအရာက အသားညိုညိုနှင့် အဘိုးအိုကို မလုံမခြုံ ဖြစ်မှုတစ်ခု ခံစားလိုက်ရစေသော်လည်း အခြေအနေများက ရှေ့သို့ လွန်စွာ ရောက်နေခဲ့ပြီ ဖြစ်ကာ သူကလည်း သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ယုံကြည်နေခဲ့သည်။ မျက်လုံးများ လင်းလက်လျက် သူက ပြတ်သားစွာ ပြောလိုက်သည်။ "ပြောသာ ပြောလိုက်စမ်းပါ"

All Chapters