အခန်း ၂၂၂
Vol. 23 Ch. 222
အခန်း (၂၂၂) နှင်းများဖြင့် ကစားခြင်း
"ဟုတ်ပါတယ်... အချိန်သင့်ပါပြီ... ဒီအစေခံ ကလည်း ဒီနေ့ပဲ ဒုတိယမင်းသမီး ကို ပြုတ်တိုက်မလို့ စဉ်းစားထားပါတယ်... မီးအေးအေးလေးနဲ့ ဖြည်းဖြည်းချင်း ပြုတ်ပြီး အိအိလေး ဖြစ်နေမှ မင်းသမီးလေး ကို တိုက်ရမှာ..."
လင်ဝမ်ယိ ခေါင်းညိတ်လိုက်သည်။ ဤလအနည်းငယ်အတွင်း စောင့်ကြည့်ရသလောက်ကား ဤ ကျိမားမား မှာ တကယ်ကို စေ့စပ်သေချာပြီး ဂရုစိုက်တတ်သူ တစ်ဦး ဖြစ်သည်။ ဒုတိယမင်းသမီးလေး ယခုလို ပြန်လည် ကောင်းမွန်လာခြင်း၏ အဓိက အကြောင်းရင်းမှာ တော်ဝင်သမားတော်သို့ နှင့် သခင်မ ယွင်ရှီ တို့၏ ကုသမှုကြောင့် ဖြစ်သော်လည်း ကျိမားမား ၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုကြောင့်လည်း ပါဝင်လေသည်။
ဒုတိယမင်းသမီးလေး က လင်ဝမ်ယိ ဆီသို့ လက်လေး လှမ်းလာလေသည်။
လင်ဝမ်ယိ က ထို ကျားပုံ ခေါင်းအုံးလေး ကို ယူပြီး ဒုတိယမင်းသမီး ကို ဆက်လက် စနောက် ကစားပေးနေ၏။
သူမက မကြာခဏ ပျော်ရွှင်စွာ ရယ်မောနေတတ်ပြီး လက်ငယ်လေး နှစ်ဖက်ဖြင့်လည်း တစ်ခါတစ်ရံ လက်ခုပ်တီးသည့် ဟန်ပန်လေးများ လုပ်ပြတတ်သည်။
သိပ်မသိသာရုံမျှသာ ဖြစ်သည်။
သို့သော် ယေဘုယျအားဖြင့် ဤအရာများက သူမ၏ ရောဂါ တဖြည်းဖြည်း သက်သာလာခြင်း၏ နိမိတ်ကောင်းများပင် ဖြစ်ပေသည်။
တော်ဝင်သမားတော်သို့ ကလည်း သူမ လမ်းလျှောက်ခြင်းနှင့် စကားပြောခြင်းမှာ အခြားကလေးများထက် အနည်းငယ် နောက်ကျနိုင်သည်ဟု ပြောခဲ့ဖူးသည်။
သို့သော် သေချာ သင်ကြားပေးလျှင် ကြီးလာသည်နှင့်အမျှ ကွာခြားချက်က ရှိလာမည် ဖြစ်သည်။
ထို့ကြောင့် လင်ဝမ်ယိ နှင့် ကျိမားမား တို့ နှစ်ယောက်လုံး စိတ်မလောကြပေ။
လက်ရှိ အခြေအနေအရတော့ သူမ ကျန်းမာလာစေရန် ပြုစုခြင်းကသာ အဓိက ဖြစ်နေသေးသည်။
သူမကို စနောက် ကစားပေးနေရင်း ဒုတိယမင်းသား လည်း အထဲသို့ ဝင်လာလေသည်။
မျက်နှာလေးက အအေးဒဏ်ကြောင့် အနည်းငယ် နီရဲနေသော်လည်း ခန္ဓာကိုယ်လေးကတော့ နွေးထွေးနေဆဲပင်။
"ရေနွေး မြန်မြန် သောက်လိုက်ဦး... ခန္ဓာကိုယ် နွေးသွားအောင်လို့..."
"သိပါပြီ... လင်မယ်မယ်..."
သူ ယခု ဝတ်ဆင်ထားသော ဆောင်းရာသီ ဝတ်စုံလေးမှာ လင်ဝမ်ယိ ကိုယ်တိုင် ချုပ်ပေးထားခြင်း ဖြစ်သည်။
ရွေ့ယန်စံအိမ် ထဲတွင် အဝတ်အစား ချုပ်တတ်သော နန်းတွင်းသူ အတော်များများ ရှိပြီး တုမားမား လည်း အပါအဝင် ဖြစ်သည်။
သူ့အတွက် ဆောင်းရာသီ ဝတ်စုံ အစုံပေါင်းများစွာ ပြင်ဆင်ပေးခဲ့ကြပြီး အားလုံးက စေတနာပါပါဖြင့် ချုပ်လုပ်ထားကြခြင်း ဖြစ်သည်။
သို့သော် ဒုတိယမင်းသား အနှစ်သက်ဆုံးမှာ လင်ဝမ်ယိ ကိုယ်တိုင် ချုပ်ပေးထားသော ဤတစ်စုံ ဖြစ်နေသဖြင့် တုမားမား မှာ လင်ဝမ်ယိ ဆီကို နေ့စဉ်နေ့တိုင်း လာရောက်၍ အဝတ်ချုပ်နည်းများ ခိုးသင် နေရတော့သည်။
ပင်မအခန်းထဲတွင် တကယ့်ကို စည်ကားနေလေ၏။
ရာသီဥတုက အေးသဖြင့် သန့်ရှင်းရေး လုပ်ရန် လိုအပ်သော နန်းတွင်းသူ များနှင့် မိန်းမစိုး များသာ အပြင်ဘက်တွင် ကျန်ရှိနေတော့သည်။
ကျန်သည့်သူများကတော့ မီးဖိုချောင်လေးထဲတွင် ချက်ပြုတ်နေကြသည် မဟုတ်လျှင် ပင်မအခန်းထဲတွင်သာ ရှိနေကြသည်။
တုမားမား နှင့် ရှအန်း တို့က ဒုတိယမင်းသား အတွက် ခြုံထည် အသစ်တစ်ခုကို အလျင်စလို ချုပ်လုပ်ပေးနေကြပြီး ဘေးနားတွင် လင်ဝမ်ယိ က လမ်းညွှန်ပေးနေသည်။
ဒုတိယမင်းသား ကတော့ ရေနွေး တစ်ခွက်ကို တဝကြီး သောက်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ပွတ်သပ်ကာ ဒုတိယမင်းသမီးလေး ရှေ့သို့ ရောက်လာလေ၏။
ပြုံးစိစိဖြင့် ပြောလိုက်သည်။
"ဒုတိယညီမလေး ဒီနေ့ ဘာပုံပြင် နားထောင်ချင်လဲ... ဒုတိယအစ်ကို က နန်ဆန်းမှတ်တမ်း အကြောင်း ဆက်ပြောပြရမလား..."
ဒုတိယမင်းသမီးလေး က စကားမပြောတတ်သေးဘဲ ပြုံးရွှင်စွာဖြင့် သွားရည်များသာ ကျနေလေသည်။
ဒုတိယမင်းသား က ညီမလေးကို ကြည့်ရင်း စိတ်ထဲတွင် တွေးလိုက်မိသည်။ ဒီကောင်မလေးက လှတော့ လှပါရဲ့... ဘာလို့ သွားရည်ပဲ ကျနေရတာလဲ။
ထို့ကြောင့် ပဝါလေး ယူပြီး သူမကို သုတ်ပေးလိုက်ကာ ဆက်ပြောလိုက်သည်။
"မင်း ကြိုက်တာ သိပါတယ်... ဒါပေမဲ့ သွားရည်တွေ ဆက်မကျနဲ့တော့ ကြားလား... စာအုပ်ထဲက စာသင်သားတွေက နတ်သမီးတွေနဲ့ပဲ လက်ထပ်ကြတာ... မင်းက မင်းသမီးလေးလေ... နောက်ဆိုရင် တော်ဝင်မင်းသား နဲ့ပဲ လက်ထပ်ရမှာ... နားလည်လား..."
ဒုတိယမင်းသား က ခေါင်းတယိမ်းယိမ်းဖြင့် ပြောနေသည်ကို ကြည့်ရင်း အားလုံးက ရယ်မောလိုက်ကြတော့သည်။
ဒုတိယမင်းသား စာဖတ်ပြသည့် ကိစ္စမှာ လင်ဝမ်ယိ က လုပ်ခိုင်းထားခြင်း ဖြစ်သည်။
ဒုတိယမင်းသမီးလေး နားလည်မည် မဟုတ်သော်လည်း ဆောင်းတွင်းရက်များက ရှည်လျားပြီး လုပ်စရာလည်း ရှိမည်မဟုတ်။
ထို့ကြောင့် နေ့စဉ် သူမ နိုးနေချိန်တိုင်း မှတ်တမ်းစာအုပ် တစ်အုပ်ကို ဖတ်ပြလေ့ ရှိသည်။
တဖြည်းဖြည်းနှင့် ဤအလုပ်ကို ဒုတိယမင်းသား က တာဝန်ယူသွားတော့သည်။
တစ်ယောက်က အသံထွက် မှန်မှန်ဖြင့် ဖတ်ပြနေပြီး နောက်တစ်ယောက်က ဂရုတစိုက် နားထောင်နေလေ၏။
လင်ဝမ်ယိ မှာ အေးအေးချမ်းချမ်းနှင့် ပျော်ရွှင်နေရတော့သည်။
ဒုတိယမင်းသား နားမလည်သော စာလုံးများကို တစ်ခါတစ်ရံ သင်ပေးရုံသာ ရှိသည်။
"အင်း... ပြီးခဲ့တဲ့ တစ်ခေါက်က လှပတဲ့ မြေခွေးမလေးက စာသင်သား ရှေ့မှာ ပင်ကိုယ်ရုပ် ထွက်ပေါ်လုနီးပါး ဖြစ်သွားတဲ့ အကြောင်း ပြောခဲ့တယ်နော်... နောက်တော့..."
ဒုတိယမင်းသား ၏ အနည်းငယ် ကလေးဆန်သော အသံလေးက အခန်းထဲတွင် ဟိန်းထွက်နေလေသည်။
တိတ်ဆိတ် အေးချမ်းလှသော ရွေ့ယန်စံအိမ် ထဲတွင်တော့ ၎င်းမှာ ပျော်ရွှင်စရာတစ်ခုပင် ဖြစ်နေပေသည်။
ပြတင်းပေါက် အပြင်ဘက်တွင် နှင်းများ အလွန် ကျနေသည်။
မနက်ကတည်းက ကျနေသည်ဖြစ်ပြီး နေ့လယ်စာ စားချိန်အထိပင် အပြင်ဘက်ရှိ သစ်ကိုင်းခြောက်များပေါ်တွင် နှင်းဖြူဖြူများ တစ်ထပ်ကြီး စုပုံနေလေပြီ။
ဒုတိယမင်းသား ကတော့ အလွန် စိတ်လှုပ်ရှားနေ၏။ နေ့လယ်စာ စားပြီးသည်နှင့် နှင်းဘဲရုပ်လေးများ လုပ်ချင်သည်ဟု ပူဆာနေတော့သည်။
ရှောင်လုကျစ် မှာ လက်မှုပညာ အလွန် ကျွမ်းကျင်ပြီး ယခုတစ်ခေါက် ပို့လိုက်သော မိန်းမစိုး ငယ်လေးများထဲတွင်လည်း အသက်မကြီးသေးသူ နှစ်ယောက် ပါလာသည်။
ပုံမှန်အားဖြင့် ချိုးမင် က တင်းတင်းကျပ်ကျပ် ချုပ်ချယ်လေ့ ရှိသော်လည်း ယနေ့ နှင်းကျနေသဖြင့် သူတို့ကို ခဏတာ လွတ်လပ်ခွင့် ပေးလိုက်လေသည်။
သူတို့ သုံးယောက်မှာ နှင်းပုံထဲတွင် နှင်းလုံးလေးများ လုံးလိုက်၊ နှင်းဘဲရုပ်လေးများ လုပ်လိုက်ဖြင့် ရှိနေကြ၏။
အလွန်ကို ပျော်ရွှင်နေတော့သည်။
ဘေးရှိ ဒုတိယမင်းသားမှာ လည်း အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။
"ရှောင်လုကျစ်... ဒီနှင်းဘဲရုပ်လေးက ထောင်ထားလို့ရပါ့မလား... မင်း လက်လွှတ်လိုက်တာနဲ့ ပြိုကျသွားမှာလား..."
ဒုတိယမင်းသား ၏ အမြင်တွင် နှင်းနှင့် သဲမှာ ပုံစံချင်း ဆင်တူနေသည်။
သဲဆိုလျှင် မဖြစ်နိုင်ပေ။ နှင်းကရော ဘယ်လိုနေမလဲ မသိ။
ယခင်က နှင်းကို မမြင်ဖူးသည်တော့ မဟုတ်ပေ။ သို့သော် ထိုအချိန်က သူသည် ကျန်းမာရေးအတွက် ရုန်းကန်နေရသဖြင့် ဤကဲ့သို့ ကစားရန် အခွင့်အရေးနှင့် စိတ်ကူးမျိုး မည်သို့ ရှိနိုင်မည်နည်း။
ထို့ကြောင့် နှင်းဘဲရုပ်လေးများ လုပ်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။
"ဒုတိယမင်းသား စိတ်ချပါ... ဒီနှင်းတွေက အရည်မပျော်နိုင်ပါဘူး... နောက်ထပ် နှစ်လလောက် ဆက်အေးဦးမှာဆိုတော့... ဒီနှင်းဘဲရုပ်လေးတွေ ခြံထဲမှာ ထားလိုက်ရင် ပိုတောင် ခဲလာဦးမှာပါ..."
ဒုတိယမင်းသား က သဘောပေါက်သွားသကဲ့သို့ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ၏ လက်ထဲရှိ နှင်းဘဲရုပ်လေးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့၏။
တကယ့်ကို အသက်ဝင်လှပအောင် ပြုလုပ်ထားပေသည်။
သူက နှင်းဘဲရုပ်လေးကို မြေကြီးပေါ် ချလိုက်သောအခါ အနည်းငယ်မျှပင် ပြိုကျမသွားချေ။
ဒုတိယမင်းသား မှာ ပျော်လွန်း၍ လက်ခုပ်တီးလိုက်တော့သည်။
"ငါက မင်း သစ်သားပန်းပုလေးတွေ ထုတာကိုပဲ တော်လှပြီ ထင်နေတာ... မင်းရဲ့ အရည်အချင်းက ဒီလောက်ထိ ကျွမ်းကျင်မယ်လို့ ထင်မထားဘူး... နှင်းလို နူးညံ့တဲ့ အရာကိုတောင် ဒီလောက် သေသပ်အောင် လုပ်နိုင်တာဆိုတော့ မင်းက အတော်ကို တော်တာပဲ..."
"ဒုတိယမင်းသား ကလည်း မြှောက်စားလွန်းပါပြီ... ဒီလက်မှုပညာလောက်ကတော့ လူကြားထဲ ထုတ်ပြလို့ မရပါဘူး..."
စကားကို နှိမ့်ချပြီး ပြောသော်လည်း လက်ကတော့ မရပ်နားခဲ့ပေ။
ယုန်ရုပ်လေးများ၊ ကျားရုပ်လေးများကိုပါ လုပ်နေလေသည်။
ပုံစံက နှင်းဘဲရုပ်လေးလောက် သေသပ်မှု မရှိသော်လည်း ဒုတိယမင်းသား ၏ မျက်လုံးထဲတွင်တော့ အလွန်အမင်း အံ့ဩဝမ်းသာစရာ ဖြစ်နေလေပြီ။
လင်ဝမ်ယိ က ပြတင်းပေါက် ဘေးတွင် ထိုင်ကာ အပြင်ဘက်ကို ကြည့်ရင်း ဒုတိယမင်းသား ပျော်လွန်း၍ ခုန်ပေါက်နေသည့် ပုံစံကို ကြည့်ကာ ဝမ်းသာနေမိသည်။
"သခင်မလေး ရဲ့ ပြုစုပျိုးထောင်မှု ကောင်းလို့ပေါ့... ဒုတိယမင်းသား နဲ့ ဒုတိယမင်းသမီး က အခုဆို အတော်လေး ကျန်းမာလာကြပြီး ပျော်ရွှင်နေကြတာပဲ..."
စကားပြောလိုက်သူမှာ တုမားမား ပင် ဖြစ်သည်။ သူမက ယခုအခါ စရောက်လာစဉ်ကထက် အများကြီး ပို၍ နူးညံ့လာလေပြီ။
ထိုအချိန်ကဆိုလျှင် လူတိုင်းက သူမကို ကြောက်ရွံ့ကြပြီး သူမ၏ တင်းမာသော မျက်နှာထားနှင့် အမှားအယွင်း အနည်းငယ်ကိုမျှ လက်မခံတတ်သော စည်းကမ်းကြီးမှုတို့ကို စိုးရိမ်ခဲ့ကြသည်။
သို့သော် ယခုအခါ သူမနှင့် ကျိမားမား တို့မှာ ပို၍ပင် သဘောကောင်းပြီး နွေးထွေးလာကြလေပြီ။
အဘွားအရင်းများကဲ့သို့ပင် မြေးလေးများကို ပြုစုစောင့်ရှောက်ရာတွင် စေတနာဖြင့် မေတ္တာထားတတ်ကြလေသည်။
လင်ဝမ်ယိ က လှည့်ကြည့်ပြီး ပြုံးရင်း ပြန်ပြောလိုက်သည်။
"တုမားမား က နှိမ့်ချပြောနေပြန်ပြီ... ဒုတိယမင်းသား ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေက တော်ဝင်သမားတော်သို့ တောင် ချီးကျူးနေရတာလေ... ဒါတွေက မားမား ရဲ့ ကျေးဇူးတွေပါ..."
"ချွမ်ချီ ရဲ့ ကျေးဇူးတွေလည်း ပါတာပေါ့... သူ လုပ်ပေးတဲ့ အစားအစာတွေက ဒုတိယမင်းသား ကို အများကြီး ကျန်းမာ သန်စွမ်းလာစေတာပဲ..."
သူမ၏ စကားကို ကြားသောအခါ အခန်းထဲရှိ လူအားလုံး ပြန်လည် ပြုံးရယ်လိုက်ကြသည်။
စကားပြောနေစဉ်မှာပင် အပြင်ဘက်မှ လူတစ်ချို့ အိမ်တော်ထဲသို့ ဝင်လာလေသည်။
ချိုးမင် က စင်္ကြံလမ်းတွင် အမြဲ စောင့်ကြည့်နေသူ ဖြစ်ရာ ချင်အန်း ရောက်လာသည်ကို မြင်သောအခါ အနည်းငယ် အံ့ဩသွားမိသည်။
"ချင်ကုန်းကုန်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ..."
နှင်းတွေ အများကြီး ကျနေသဖြင့် ဤအချိန်ကြီး လာရသည်မှာ သေချာပေါက် အရေးကြီးသော ကိစ္စ ရှိ၍သာ ဖြစ်ပေမည်။
ထို့ကြောင့် ယခုလို မေးလိုက်ခြင်း ဖြစ်သည်။
ချင်အန်း သည် ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် အကြီးအကျယ် ဖျားနာခဲ့ရသည်။
သမားတော်များ၏ ပြုစုစောင့်ရှောက်မှုနှင့် နွေရာသီအပန်းဖြေနန်းတော် တွင် အလုပ်မများလှသဖြင့် သူ သေချာ အနားယူခဲ့ရပြီး ပြန်လည် သက်သာလာခြင်းဖြစ်သည်။
သို့သော် သူ၏ ခန္ဓာကိုယ်မှာ ယခင်ကထက် အများကြီး ပိန်ကျသွားလေပြီ။
မျက်နှာကတော့ ကောင်းမွန်နေပြီး အအေးဒဏ်ကြောင့် အနည်းငယ် နီရဲနေလေသည်။
ယခုအခါ ချင်အန်း၏ စိတ်မှာ ယခင်ကထက် ပိုမို တည်ငြိမ်လာပြီး သာမန်လူများ ရှေ့တွင် လုံးဝ အမှားအယွင်းမခံသည့် ပုံစံမျိုး ဖြစ်နေလေပြီ။
ဤ ရွေ့ယန်စံအိမ် သို့ ဝင်လာမှသာ အနည်းငယ် ပြုံးရွှင်လာနိုင်ခြင်း ဖြစ်သည်။
"နှင်းတွေကျနေတော့ သခင်မလေး ဆီမှာ ပစ္စည်းတွေ မလောက်မှာ စိုးလို့... လိုတာလေးတွေ ထပ်ဖြည့်ပေးဖို့ လာခဲ့တာပါ…”