← Chapters

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း (၂၂၃) အရှင်မင်းကြီး ပြန်ရောက်လာခြင်း

ချိုးမင်သည် ဤကိစ္စကို ထောက်ခံကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။

သူက ချင်ကုန်းကုန်းကို အထဲသို့ ခေါ်ဆောင်သွားလေ၏။

"သခင်မလေး... နန်းတွင်းရေးရာဌာနက ချင်ကုန်းကုန်း ရောက်နေပါတယ်"

"အမြန် ဝင်ခိုင်းလိုက်ပါ"

ထို့နောက် ချင်အန်းက ချိုးမင်၏ အနောက်မှ ရှေ့သို့ ထွက်လာပြီး လင်ဝမ်ယိကို ဂါရဝပြုလိုက်လေသည်။

"ဒီအစေခံ ချင်အန်း သခင်မလေးကို ဂါရဝပြုပါတယ်... သခင်မလေး ကျန်းမာပါစေ"

"ချင်ကုန်းကုန်း ထပါတော့... ဒီလောက် အေးနေတဲ့ အချိန်ကြီးကို ဘာလို့ ပင်ပန်းခံပြီး လာရတာလဲ... အရေးကြီး ကိစ္စများ ရှိလို့လား"

ချင်အန်း၏ မျက်ဝန်းများထဲတွင် အပြုံးရိပ်များ ထင်ဟပ်နေပြီး လျှို့ဝှက်ချက် တစ်ခုခုကို ပြောပြချင်နေသည့်ဟန် ပေါ်နေ၏။ သို့သော် သူက မနည်း ထိန်းချုပ်ထားလိုက်သည်။

ထို့နောက် လင်ဝမ်ယိကို ဤသို့ ပြန်လည် ဖြေကြားလိုက်ပေသည်။

"နန်းတွင်းရေးရာဌာနကနေ ပစ္စည်း အသစ်တွေ အများကြီး ထပ်ပို့လိုက်လို့ပါ... ဒီအစေခံက ရွေ့ယန်စံအိမ်ထဲမှာ လိုအပ်တာတွေ ရှိနေမလား ဆိုပြီး တွေးမိလို့ လာပို့ပေးတာပါ"

လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ အသားအမျိုးမျိုးနှင့် ငါး၊ ပုစွန်များကိုပင် အများအပြား ပါလာခဲ့သည်။ မီးဖိုချောင်လေးထဲတွင် ရေစည်ပိုင်း အကြီးကြီး တစ်ခု ရှိနေသဖြင့် ငါးဆယ်ကောင်လောက် စိမ်ထားပြီး တစ်ကောင်းချင်း ချက်စားရန်မှာလည်း မခက်ခဲလှချေ။

"ပြီးတော့ ဆောင်းတွင်း ကုန်ဖို့ကလည်း လိုသေးတယ်ဆိုတော့... ဒီအစေခံက လက်သမားတွေကိုပါ တစ်ခါတည်း ခေါ်လာခဲ့တယ်... အနောက်ဘက် ခြံဝင်းမှာ ကြမ်းပြင်အောက် မီးဖို ထားမလို့ပါ... မဟုတ်ရင် ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးတို့ အအေးမိသွားရင် ဒုက္ခဖြစ်လိမ့်မယ်"

ဤမျှ ကြိုးကြိုးစားစား လုပ်နေသည့်အပေါ် လင်ဝမ်ယိမှာ အတော်လေး နားမလည်နိုင် ဖြစ်သွားရသည်။

သို့သော် သူမက တားဆီးခြင်း မပြုခဲ့ပေ။

ဒုတိယမင်းသမီးက သူမနှင့်အတူ ပင်မအခန်းထဲတွင် နေထိုင်၍ ရသော်လည်း ဒုတိယမင်းသားနေသည့် အခန်းတွင်တော့ မီးသွေးများကို အချိန်ပြည့် ဖိုထားရသည် မဟုတ်လား။

စဉ်းစားကြည့်လိုက်ရာ ကြမ်းပြင်အောက် မီးဖိုက ထားလိုက်သည်က ပို၍ ကောင်းမွန်သည်ဟု သူမ ခံစားလိုက်ရ၏။

ထို့ကြောင့် သူမက ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။

"ဒီလို လုပ်တာက အရမ်း အကုန်အကျ များလွန်းမနေဘူးလား"

"သခင်မလေး စိတ်ချပါ... ရွေ့ယန်စံအိမ်ရဲ့ ဘေးနားမှာ ရေပူစမ်း ရှိနေတော့ ဒီနေရာက နဂိုကတည်းက သိပ်မအေးပါဘူး... ဒါကြောင့် အဆောင်သုံးခုလုံးကို ကြမ်းပြင်အောက် မီးဖိုတွေ ထားလိုက်ရင်တောင် အကုန်အကျမများပါဘူး"

ထိုသို့ဆိုလျှင်တော့ တော်သေးသည်။

နွေရာသီအပန်းဖြေနန်းတော်ထဲတွင် သူမတို့သုံးဦးသာ သခင်များ ဖြစ်သဖြင့် ကဏ္ဍပေါင်းစုံတွင် အခွင့်ထူးများ ရရှိသင့်ပေသည်။

သို့သော် အရမ်းကြီး ထင်ပေါ်လွန်းသွားလျှင်‌တော့ နန်းတော်ထဲမှ လူများ အမြင်ကတ်သွားနိုင်ပြီး ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားပေလိမ့်မည်။

မည်သူမျှ လာမနှောက်ယှက်ကြဘဲ ဤကဲ့သို့ လွတ်လပ်ပျော်ရွှင်စရာ နေ့ရက်များကို သူမ သက်တောင့်သက်သာ ဖြတ်သန်းနေရသည် မဟုတ်လား။

အသေးအမွှားလေးများကိုပင် အကြောင်းပြု၍ ဆုံးရှုံးမခံချင်သေးချေ။

ချင်အန်းက သူ၏ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်ရာ သူခေါ်လာသော လူများအားလုံး ကိုယ့်အလုပ်ကိုယ် အသီးသီး သွားလုပ်ကြတော့၏။

ကျိမားမားနှင့် တုမားမားတို့မှာ ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးကို ပြုစုစောင့်ရှောက်ရသော အဆောင်အကြီးအကဲမားမားများ ဖြစ်ကြသဖြင့် အခြေအနေကို သွားရောက် ကြည့်ရှုရန် အနောက်မှ လိုက်ပါသွားကြလေသည်။

ထို့ကြောင့် အခန်းထဲတွင် ဒုတိယမင်းသမီးကို ပြုစုပေးသော နို့ထိန်းနှင့် ရှအန်းတို့မှလွဲ၍ အခြားမည်သူမျှ မရှိတော့ချေ။

ချင်အန်းမှာ စကားပြောရန် ပြင်လိုက်သော်လည်း ဘာမှမပြောသဖြင့် လင်ဝမ်ယိက ချက်ချင်းပင် နားလည်လိုက်သည်။

သူမက ရှအန်းကို မျက်ရိပ်ပြလိုက်ရာ ရှအန်းက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး မင်းသမီးလေး အိပ်တော့မည်ဟု အကြောင်းပြကာ ဘေးဘက်အခန်းလေးဆီသို့ ခေါ်သွားတော့သည်။

လူများ အားလုံး ထွက်သွားကြပြီးမှသာ လင်ဝမ်ယိက နှစ်သိမ့်ပေးသည့် လေသံမျိုးဖြင့် စကားစပြောလိုက်လေ၏။

"ကုန်းကုန်း စိတ်အေးအေးထားပါ... ကောင်းကျိုးဆိုးကျိုးတွေဆိုတာ ကံကြမ္မာရဲ့ ဖန်တီးမှုတွေချည်းပါပဲ... ကုန်းကုန်းလည်း အခု အပြင်း ဖျားနာနေတော့ ဒါတွေကို နားလည်သင့်နေပါပြီ"

"ကောင်းကျိုးဆိုးကျိုးဆိုတာ နောက်ဆုံးမှာ ပြန်လာတတ်တယ် ဆိုတာကို ဒီအစေခံ နားလည်ပါတယ်"

"နားလည်ထားတာ ကောင်းပါတယ်"

ထို့နောက် သူမက အပြင်ဘက်တွင် ဒုတိယမင်းသားနှင့်အတူ ဆော့ကစားနေဆဲ ဖြစ်သော ရှောင်လုကျစ်ကို လှမ်းကြည့်လိုက်သည်။

ချင်အန်း၏ မျက်နှာပေါ်တွင်လည်း ချက်ချင်းပင် နွေးထွေးမှုများ ပြည့်နှက်သွားတော့၏။

အနောက်ဘက် ခြံဝင်းထဲရှိ ကြမ်းပြင်အောက် မီးဖိုမှာ အစကတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာ အသုံးမပြုခဲ့သဖြင့် တမင်သက်သက် ပိတ်ထားခဲ့ခြင်းသာ ဖြစ်၏။

ထို့ကြောင့် အညစ်အကြေးများကို သန့်ရှင်းပြီး ပြောင်စင်အောင် လုပ်လိုက်ရုံဖြင့် အသုံးပြု၍ ရသွားလေပြီ။

အရာအားလုံးကို သေချာစွာ ရှင်းလင်း ပြင်ဆင်ပြီးနောက် တုမားမားနှင့် ကျိမားမားတို့က အခန်းထဲတွင် ရပ်ကာ နွေးထွေးမှုကို ခံစားကြည့်ကြသည်။

အပူချိန် အနေတော်လောက် ဖြစ်သွားမှသာ အခန်းထဲမှ ထွက်လာကြပြီး အရှေ့ဘက် ခြံဝင်းသို့ ပြန်လာကာ အခြေအနေကို သတင်းပို့ကြလေသည်။

ဆောင်းရာသီတွင် ညတာရှည်သည်။ ညစာစားချိန်ပင် မရောက်သေးသော်လည်း မီးအိမ်များကို တစ်ခုပြီးတစ်ခု စတင် ထွန်းညှိနေရလေပြီ။

ချင်အန်း ခေါ်လာသော လူများမှာ အလုပ်အားလုံး ပြီးစီးသွားသည်နှင့် တပြိုင်နက် ထွက်ခွာသွားကြတော့၏။

သူတို့ ပြန်သွားချိန်တွင် ချိုးမင်ကို ပြောစရာကိစ္စ ရှိသည်ဟုဆိုကာ သူ့ကိုပါ တစ်ပါတည်း ခေါ်သွားကြလေသည်။

လင်ဝမ်ယိကလည်း ဝင်မစွက်ဖက်ဘဲ သူမ ချုပ်လက်စဖြစ်နေသော ဝတ်ရုံပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။

ဤဝတ်ရုံမှာ ဒုတိယမင်းသားအတွက် မဟုတ်ဘဲ အရွယ်ရောက်ပြီး အမျိုးသား တစ်ဦးအတွက် ဖြစ်နေပေသည်။

ထို့ကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် အရှင်မင်းကြီးအတွက် ချုပ်လုပ်ပေးနေခြင်း ဖြစ်မှန်း သိသာလှပေ၏။

ရှစ်လပိုင်းတွင် မြို့တော်မှ ထွက်ခွာသွားခဲ့ပြီးနောက် ယခုဆိုလျှင် လေးလပင် ရှိနေခဲ့ပြီ ဖြစ်ရာ အရှင်မင်းကြီး၏ မြင်းလှည်းမှာ မည်သည့်နေရာသို့ ရောက်နေပြီမှန်း မသိနိုင်တော့ချေ။

ပြီးခဲ့သည့် တစ်ခေါက်က ချင်ကုန်းကုန်း ပြောပြ၍ သိရသည်မှာ နန်းတော်ထဲတွင် အရာအားလုံးကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားပြီး ဖြစ်သည်ဟူ၏။

ခန့်မှန်းရသလောက်ဆိုလျှင် ဆယ့်နှစ်လပိုင်း နှစ်ဆယ့်လေး သို့မဟုတ် နှစ်ဆယ့်ငါးရက်နေ့လောက်တွင် အရှင်မင်းကြီး ပြန်ရောက်လာနိုင်ပေသည်။ သူမက နှစ်သစ်ကူး အကြိုည မတိုင်ခင် ဤဆောင်းရာသီ ဝတ်ရုံကို အပြီးချုပ်နိုင်မည်ဟု တွေးထားသည်။ သို့မှသာ အရှင်မင်းကြီး ပြန်ရောက်လာချိန်တွင် ဝတ်ဆင်နိုင်မည် မဟုတ်လား။

ထို့ကြောင့် သူမက အပ်ကိုင်သည့်အခါတိုင်း စိတ်ရှည်ရှည်ထားရသည်။

ဒီနှစ်၏ ပထမဆုံး နှင်းများက ဆက်လက် ကျဆင်းနေဆဲဖြစ်ပြီး အခန်းပြင်ဘက်တွင် လေတိုက်ခတ်သံများကိုလည်း ကြားနေရသည်။

ဘေးနားရှိ ရှအန်းကတော့ မီးစာကို ညှိနေ၏။

"သခင်မလေး ကြည့်ပါဦး... ဒီမီးစာလေး ပွင့်နေတယ်... လာမယ့်နှစ်မှာတော့ သေချာပေါက် အရာအားလုံး ချောမွေ့နေတော့မှာပဲ"

လင်ဝမ်ယိက ခေါင်းမော့၍ တစ်ချက် ကြည့်လိုက်ရာ ၎င်းမှာ နိမိတ်ကောင်းတစ်ခုဟု သူမလည်း ခံစားမိလိုက်သည်။

သူမက စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် အခန်းပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရပြန်သည်။

ညစာ စားရန် အသင့်ဖြစ်ပြီဟု ချွမ်ချီ လာပြောသည်ဟုသာ သူမ ထင်လိုက်မိ၏။

ထို့ကြောင့် ရှအန်းကို လှမ်းပြောလိုက်သည်။

"ဒုတိယမင်းသားကို သွားခေါ်ချေ... ပြီးတော့ ဒုတိယမင်းသမီးရဲ့ ဆန်ပြုတ်ကော ရပြီလား သွားကြည့်လိုက်ဦး... တစ်ခါတည်း တိုက်လို့ ရတာပေါ့"

"ဟုတ်ကဲ့ပါ..."

သို့သော် ရှအန်းက တံခါးဖွင့်လိုက်ချိန်တွင် အံ့ဩမှင်တက်သွားရသည်။

သူမက အလွန်တရာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်လေသည်။

"အရှင်မင်းကြီး"

အရှင်မင်းကြီးကို မမြင်ရသည်မှာ လေးလပင် ရှိနေခဲ့ပြီ။ ထို့အပြင် အရှင်မင်းကြီး ရောက်လာချိန်တွင် အခြွေအရံများ ဝန်းရံပါလာရမည် မဟုတ်လား။

ဘယ်လိုဖြစ်ပြီး တစ်ယောက်တည်း အနက်ရောင် ပိုးသား ခြုံထည်ကြီးကို ပတ်ကာ ရောက်လာရသနည်း။

ခရီးပန်းလာသည့် အငွေ့အသက်များကိုပင် ခံစားနေရသေးသည်။

ကုတင်ပေါ်တွင် ထိုင်နေသော လင်ဝမ်ယိမှာလည်း ရှအန်း၏ အသံကို ကြားလိုက်ရချိန်တွင် မျက်လုံးအပြူးသားဖြင့် အံ့ဩသွားရသည်။

လကုန်မှ ပြန်ရောက်မည်ဟု ပြောထားသည် မဟုတ်လား။ ဘယ်လိုဖြစ်ပြီး အခု ရောက်လာရသနည်း။

သူမက ကုတင်ပေါ်မှ အလျင်စလို ဆင်းလိုက်ရာ အရှင်မင်းကြီးကို အခန်းထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရ၏။

အရှင်မင်းကြီး၏ ကိုယ်ပေါ်မှ အအေးဒဏ်က အခန်းထဲရှိ နွေးထွေးမှုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

လေးလကြာ မတွေ့ရသည့်အချိန်အတွင်း လင်ဝမ်ယိမှာ ပို၍ပင် နူးညံ့လှပလာပြီး နန်းတွင်းစဝင်လာချိန်ကထက် အများကြီး ပိုချောမောလာခဲ့သည်။

သို့သော် အရှင်မင်းကြီးမှာမူ ခန္ဓာကိုယ် အနည်းငယ် ပိန်ကျသွားပြီး မျက်နှာကလည်း ညှိုးနွမ်းနေ၏။

လမ်းတစ်လျှောက်လုံး ခရီးပန်းလာသဖြင့် နန်းတော်ထဲတွင် ဇိမ်ကျကျ နေရသည်အ‌ချိန်နှင့် ယှဉ်၍မရနိုင်ပေ။

"အရှင်မင်းကြီး ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ပြန်ရောက်လာရတာလဲ"

သူမမှာ အံ့ဩလွန်းသဖြင့် ဂါရဝပြုရန်ပင် မေ့လျော့နေခဲ့သည်။ အရှင်မင်းကြီးကတော့ သူမ၏ မျက်နှာလေးကို မြင်လိုက်ရသောအခါ လအတော်ကြာ ခံစားခဲ့ရသော လွမ်းဆွတ်မှုများ အားလုံးက နက်ရှိုင်းလှသော သံယောဇဉ်များအဖြစ်သို့ ပြောင်းလဲသွားတော့၏။

ကိုယ်ပေါ်ရှိ အအေးဒဏ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူမ၏ နားနားသို့ ကပ်လျက် တိုးတိုးလေး ပြောလိုက်လေသည်။

"မင်းကို လွမ်းလို့"

ဤစကားကြောင့် လင်ဝမ်ယိ၏ နားရွက်ဖျားလေးများ ချက်ချင်း နီရဲသွားတော့သည်။

အရှင်မင်းကြီးက သူမရှေ့တွင် တစ်ခါတစ်ရံ စိတ်ခံစားချက်များကို ထုတ်ပြတတ်သော်လည်း ယခုကဲ့သို့ နားနားကပ်ကာ ချစ်စကား ဆိုသည်ကတော့ ရှားပါးလှသည်။

ထို့အပြင် သူတို့နှစ်ဦး မတွေ့ရသည်မှာလည်း အတန်ကြာပြီ ဖြစ်ရာ လင်ဝမ်ယိမှာ သူ့ရင်ခွင်ထဲတွင် တင်းကျပ်စွာ အဖက်ခံထားရသဖြင့် ရုန်းထွက်ရန်ပင် အနည်းငယ် ခက်ခဲနေတော့၏။

"အရှင်မင်းကြီး... လူတွေ ရှိတယ်လေ"

လင်ဝမ်ယိ၏ အသံလေးက တိုးနေပြီး ရှက်သွေးဖြာမှုများလည်း ပါဝင်နေလေသည်။

သူမက အိပ်ဆောင်ဝင်ခဲ့သည်မှာ လအတော်ကြာပြီ ဖြစ်သော်လည်း ရှက်နေဆဲပင်။

အရှင်မင်းကြီးမှာ အသက် သုံးဆယ်ခန့် ရှိနေပြီ ဖြစ်သော်လည်း ဘယ်လိုဖြစ်ပြီး လူပျိုပေါက်လေးလို ပြုမူနေရသနည်း။

လင်ဝမ်ယိ၏ ရှက်ရွံ့နေမှုကို ခံစားမိသွားပုံရကာ အရှင်မင်းကြီးက တခစ်ခစ် ရယ်မောလိုက်ပြီးမှ လင်ဝမ်ယိကို လွှတ်ပေးလိုက်လေသည်။

ထို့နောက် သူက ပြောလိုက်သည်။

"အခန်းထဲမှာ ကိုယ်တော့်ကလွဲရင် ဘယ်မှာ လူရှိလို့လဲ"

လင်ဝမ်ယိက သူ၏ ရင်ခွင်ထဲမှ ခေါင်းလေး မော့လာကာ ဘေးဘီဝဲယာသို့ သေချာ ကြည့်လိုက်ရာ တကယ်ပင် မည်သူမျှ မရှိတော့ချေ။

ရှအန်းနှင့် ချိုးမင်တို့မှာ တကယ့်ကို အကဲခတ် တော်လွန်းသည်ဟု ဆိုရပေမည်။

ဤကဲ့သို့ အချိန်မျိုးတွင် အမြန် လစ်ထွက်သွားကြသည် မဟုတ်လား။

အရှင်မင်းကြီးက ကိုယ်ပေါ်ရှိ ခြုံထည်ကို အသာအယာ ချွတ်လိုက်ပြီးမှ ဝင်ထိုင်လိုက်လေသည်။

သူက ကုတင်ပေါ်တွင် တင်ထားသော ဆောင်းရာသီ ဝတ်ရုံကို မြင်လိုက်သည်နှင့် အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်၏။

"ကိုယ်တော် မင်းကို ပြောထားတယ် မဟုတ်လား... မိုးချုပ်ရင် အပ်မကိုင်နဲ့တော့လို့... မျက်လုံး ထိခိုက်သွားလိမ့်မယ်"

All Chapters