အခန်း ၂၂၄
Vol. 23 Ch. 224
အခန်း (၂၂၄) မည်သူ့ကိုမျှ အသိမပေးခြင်း
ထိုပုံစံမှာ အပြင်မှ ပြန်ရောက်လာသော ခင်ပွန်းသည်က မိမိကိုယ်ကို ဂရုမစိုက်တတ်သည့် ဇနီးသည်ကို အနည်းငယ် စိတ်ဆိုးနေသည့် ပုံစံမျိုးနှင့် အလွန် တူနေလေသည်။
လင်ဝမ်ယိကလည်း အခြေအနေကို နားမလည်သူ မဟုတ်သဖြင့် ရေနွေးကြမ်းကို ချက်ချင်း ကမ်းပေးလိုက်၏။
"ကျွန်မ တွေးမိတာ မကြာခင် နှစ်သစ်ကူး အကြိုည ရောက်တော့မယ် မဟုတ်လား... အဲဒီအချိန်ကျရင် သေချာပေါက် ညီလာခံနဲ့ ပွဲတော် ညစာစားပွဲတွေ ရှိမှာဆိုတော့ အကြာကြီး ထိုင်နေရရင် အေးနေမှာစိုးလို့လေ... ဒါကြောင့် အထဲမှာ သိုးမွှေးသား အနုစားလေးတွေ နည်းနည်း ထပ်ထည့်ပေးထားတာပါ... ဒါမှ ဝတ်ထားရင် ပိုနွေးနေမှာလေ"
ပြောရင်းနှင့် သူမက သိုးမွှေးသား အစကို ယူလာပြလိုက်သည်။
အရှင်မင်းကြီးက တစ်ချက် ကြည့်လိုက်ပြီး သူမ၏ စေတနာကို နားလည်သွားသဖြင့် အပြစ်တင်လိုသည့် စိတ်များ ပျောက်ကွယ်သွားတော့၏။
အရှင်မင်းကြီး ဆက်လက် အပြစ်မတင်တော့သည်ကို မြင်မှ လင်ဝမ်ယိက စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"အရှင်မင်းကြီးရဲ့ ပြန်ရောက်တာ တကယ်ကို မြန်တာပဲ... ချင်ကုန်းကုန်း ပြောတာ ကြားတော့ မြို့တော်ကို ရောက်ဖို့ ဆယ်ရက်လောက် လိုသေးတယ် ဆို"
အရှင်မင်းကြီးက လင်ဝမ်ယိကို တစ်ချက် ကြည့်လိုက်ရာ သူ ပြန်လာမည့် နေ့ရက်ကို သူမက စိတ်ဝင်တစား မေးမြန်းနေသဖြင့် အလွန် ကျေနပ်သွားပုံရပေသည်။
ထို့ကြောင့် သူက ရှင်းပြလိုက်၏။
"မြင်းလှည်းနဲ့ဆိုရင်တော့ ဆယ်ရက်လောက် လိုသေးတာပေါ့... ဒါပေမဲ့ ကိုယ်တော်က အရင် ပြန်လာခဲ့တာလေ"
ဤစကားကို ကြားသောအခါ လင်ဝမ်ယိမှာ ပို၍ အံ့ဩသွားရတော့သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး တစ်ယောက်တည်း ပြန်လာခဲ့တာလား"
အရှင်မင်းကြီးက ငြင်းဆန်ခြင်း မပြုသည်ကို ကြည့်ရသည်မှာ ထိုအဖြေဟာ မှန်ကန်ကြောင်း သိသာလှပေသည်။
လင်ဝမ်ယိမှာ တစ်ခဏမျှ ဘာပြောရမှန်းပင် မသိတော့ချေ။
အရှင်မင်းကြီး၏ လုံခြုံရေးဆိုသည်မှာ တာ့ဝေ့ပြည် တစ်ပြည်လုံးအတွက် အရေးကြီးသည့် ကိစ္စတစ်ခုပင်။ အထူးသဖြင့် သူက ယခု လုပ်နိုင်ကိုင်နိုင်သည့် အရွယ်ဖြစ်ရာ တစ်ခုခု ထိခိုက်သွားခဲ့လျှင် ပြဿနာ ရှိသွားနိုင်သည်မလား။
သူက မိမိအတွက်နှင့် တစ်ယောက်တည်း ပြန်လာခဲ့သည်ကို တွေးမိသောအခါ လင်ဝမ်ယိမှာ ဤမေတ္တာတရားကို လက်ခံရန်ပင် အနည်းငယ် ဝန်လေးနေမိတော့၏။
သူမ၏ မျက်နှာထားမှာ ချစ်စရာကောင်းသည့် အမူအယာဖြင့် တည်ကြည်လေးနက်နေပြီး အပြစ်တင်လိုသည့် အရိပ်အယောင်များလည်း ပါဝင်နေလေသည်။
"စိတ်ချပါ... စတုတ္ထဦးရီးတော် က လမ်းတစ်လျှောက်လုံး ကိုယ်တော့်ကို မိုင်နှစ်ရာကျော်လောက်အထိ လိုက်ပို့ပေးခဲ့တာပါ... ပြီးမှ ကိုယ်တော် တစ်ယောက်တည်း ပြန်လာခဲ့တာ... ပြီးတော့ ကိုယ်တော် ခေါ်လာတာက သူရဲ့ ကိုယ်ရံတော်တပ်ဆိုတော့... လမ်းတစ်လျှောက်လုံးမှာ ဘာပြဿနာမှ မကြုံခဲ့ပါဘူး"
မိုင်နှစ်ရာကျော် အကွာအဝေးဆိုလျှင် ဘယ်လိုလုပ်ပြီး ဆယ်ရက်လောက် လိုဦးမည်နည်း။
ခရီးကြမ်းနှင်မည်ဆိုလျှင် အများဆုံး နှစ်ရက်လောက်ဆို ရောက်သင့်ပြီ မဟုတ်လား။
လင်ဝမ်ယိ၏ သံသယများကို မြင်လိုက်ရသဖြင့် အရှင်မင်းကြီးက ရှင်းပြလိုက်လေသည်။
"ကိုယ်တော် ထွက်လာတုန်းက ကျင်းရွှေမြစ် က တစ်ပြင်လုံး မခဲသေးဘူးလေ... ကိုယ်တော် ထွက်လာပြီးနောက်ပိုင်းမှ တံတားက အေးခဲပြီး ကျိုးကျသွားတာ… ဒါကြောင့် တံတားကို ပြင်ပြီးမှ မြစ်ကို ဖြတ်ကူးလို့ ရမယ်လို့ သတင်းလွှင့်ထားတာ"
ဤမျှ ရှုပ်သော အကြောင်းပြချက်ကို စတုတ္ထမင်းသား သာလျှင် တွေးမိနိုင်ပေလိမ့်မည်။
သို့သော် စတုတ္ထမင်းသားက အရှင်မင်းကြီး ဤသို့ ခရီးကြမ်းနှင်လာခြင်းမှာ နွေရာသီအပန်းဖြေနန်းတော်ရှိ လင်ဝမ်ယိကို စောစော လာတွေ့ချင်၍မှန်း မသိရှာပေ။
အရှင်မင်းကြီးတွင် အခြား အစီအစဉ်များ ရှိနေသည်ဟုသာ ထင်မှတ်ပြီး အကာအကွယ် ပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
သုန်ယွီကျုံး ကိုပင် ဟိုဘက်တွင် ချန်ထားခဲ့ရသည်မှာ လူအများကို လှည့်စားရန်အတွက်ပင် ဖြစ်၏။
အကယ်၍ စတုတ္ထမင်းသားသာ အမှန်တရားကို သိသွားပါက သူ၏ မုတ်ဆိတ်မွေးများပင် ထောင်သွားသည်အထိ ဒေါသထွက်ပေလိမ့်မည်။
တာ့ဝေ့ပြည်၏ ကြီးမြတ်လှသော ဧကရာဇ်က လွမ်းနာကျနေ၍ မိမိကိုယ်ကို အန္တရာယ်တွင်းထဲ ပစ်ချကာ လူစုထဲမှ ခွဲထွက်လာခဲ့သည် မဟုတ်လား။
စတုတ္ထမင်းသား၏ အမြင်တွင် ဤအရာမှာ အရူးဧကရာဇ် များသာ လုပ်မည့် အလုပ်မျိုးပင် ဖြစ်ပေသည်။
ထိုအကြောင်းကို တွေးမိပြီး အရှင်မင်းကြီး၏ မျက်နှာပေါ်တွင် မသိမသာ ရယ်ချင်စိတ်ကို အောင့်ထားမှုနှင့်အတူ ဂုဏ်ယူနေသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
တစ်စုံတစ်ယောက်က သူ့ကို အရူးဧကရာဇ် လုပ်မည်ဟု ပြောလာလျှင် သူဒေါသထွက်လွန်း၍ လူတစ်ယောက်၏ ခေါင်းကိုပင် ဖြတ်ချင်ဖြတ်ပစ်မိပေလိမ့်မည်။
ထိုအချိန်မှစ၍ ဧကရာဇ်သည် နံနက်ခင်း ညီလာခံသို့ မတက်တော့ပေ ဆိုသည့် စကားပုံ ရှိနေသည်ကလည်း မဆန်းတော့ချေ။
"ကဲပါ... ဒါတွေ မပြောကြရအောင်... ကိုယ်တော် ပြန်ရောက်လာတဲ့ ကိစ္စကို လူတွေ သိဦးမှာမဟုတ်ဘူး... ချင်အန်း ရယ်... ချိုးမင် ရယ်... ပြီးတော့ မင်းဘေးနားက အစေခံတွေ သိတာကတော့ ပြဿနာ မရှိပါဘူး... ဒါပေမဲ့ ဒီ ရွေ့ယန်စံအိမ် ထဲမှာ လူတွေက အရမ်း များလွန်းနေတယ်... လူများရင် စကားများတတ်တယ်လေ... မနက်ဖြန်ကျရင် ချိုးမင်ကို လူတစ်ချို့ အပြင်ထုတ်ခိုင်းလိုက်"
"ဟုတ်ကဲ့ပါ... အရှင်မင်းကြီး စိတ်ချပါ"
ဤကိစ္စကို အရှင်မင်းကြီး မပြောလျှင်ပင် လင်ဝမ်ယိကလည်း စီစဉ်ရမည် ဖြစ်သည်။
နှင်းတောထဲ လမ်းလျှောက်ရန် ခက်ခဲပြီး သူတို့အားလုံးကလည်း နွေရာသီအပန်းဖြေနန်းတော်တွင် အနားယူနေကြသူများ ဖြစ်ရာ ဆယ်ရက်၊ လဝက်လောက် အပြင်မထွက်လျှင်လည်း မည်သူကမျှ သံသယ ဝင်မည် မဟုတ်ပေ။
သို့သော် ဤ ရွေ့ယန်စံအိမ် ထဲတွင် သိသူ တစ်ယောက် လျော့သွားလေ ပိုလုံခြုံလေသာ ဖြစ်ပေသည်။
"ကိုယ်တော် ဗိုက်ဆာပြီ... ညစာ ပြင်ခိုင်းလိုက်တော့"
"ဟုတ်ကဲ့ပါ"
လင်ဝမ်ယိက တံခါးဝသို့ လျှောက်သွားပြီး ရှအန်းကို ရေနွေး ယူလာခိုင်းလိုက်သည်။ အရှင်မင်းကြီးကို အရင်ဆုံး မျက်နှာသစ်ခိုင်းပြီးမှ ထမင်းစားပွဲကို ယူလာစေ၏။
ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးတို့ ပျော်ပျော်ရွှင်ရွှင်ဖြင့် အခန်းထဲ ဝင်လာကြပြီး အရှေ့မှ ခမည်းတော်ကို မြင်သောအခါ လန့်ဖျပ်သွားကြတော့သည်။
ဒုတိယမင်းသမီးမှာ အရှင်မင်းကြီးနှင့် စိမ်းနေသဖြင့် အခန်းထဲ ရောက်သည်အခါ အနည်းငယ် ငိုယိုနေလေ၏။
ဒုတိယမင်းသား၏ မျက်နှာလေးပေါ်တွင်တော့ အံ့ဩမှင်တက်မှုများ အပြည့်ဖြစ်နေသည်။
"ခမည်းတော်... ဘယ်လိုဖြစ်ပြီး ပြန်ရောက်နေတာလဲ"
"ဒီအစေခံ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး ကျန်းမာပါစေ"
အခန်းထဲရှိ လူအားလုံးမှာ ယခုအချိန်တွင် အနည်းငယ် ကြောက်ရွံ့တုန်လှုပ်နေကြသည်။ အရှင်မင်းကြီး ရုတ်တရက် ရောက်လာခြင်းအပေါ် သူတို့လည်း ကြိုတင် မပြင်ဆင်ထားနိုင်ခဲ့ကြပေ။
"အင်း... အားလုံး ထကြတော့"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
တုမားမားမှာ အလွန် စေ့စပ်သေချာသူ ဖြစ်ရာ ဘေးဘီဝဲယာကို သေချာ ကြည့်လိုက်သည်နှင့် အရှင်မင်းကြီး၏ အနားတွင် သုန်ယွီကျုံး မရှိနေသည်ကို မြင်လိုက်ရသည်။
ထို့ကြောင့် လျှို့ဝှက်ချက် တစ်ခုခု ရှိနေမှန်း သူမ သိလိုက်လေ၏။
အပြင်ဘက်ကို ထပ်မံ ကြည့်လိုက်ရာ ယခင်ရက်များက အလုပ်ကြမ်းလုပ်သည့် နန်းတွင်းသူများ ယခုအချိန်တွင် ပျောက်သွားကြသည်ကို တွေ့လိုက်ရသည်။
တံခါးပြင်ဘက်တွင် ခစားနေသူမှာ ချိုးမင်နှင့် ရှောင်လုကျစ် တို့သာ ရှိနေသဖြင့် သူမ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။
ကြည့်ရသည်မှာ အရှင်မင်းကြီး ပြန်ရောက်လာသည့် ကိစ္စကို အပြင်လူများကို အသိမပေးချင်သည့် ပုံပင်။
ထို့ကြောင့် သူမ ခဏနေလျှင် ဒုတိယမင်းသားနှင့် ကျိမားမား၊ နို့ထိန်းတို့ကိုပါ သေချာစွာ မှာကြားထားရမည်။ မဟုတ်လျှင် တစ်ခုခု အမှားအယွင်း ဖြစ်သွားခဲ့ပါက နောက်ဆုံးတွင် အခက်တွေ့ရမည့်သူမှာ ဤအခန်းထဲမှ လူများသာ ဖြစ်ပေလိမ့်မည်။
"အရင် ညစာ စားကြရအောင်... ခမည်းတော် က ခရီးပန်းလာတာဆိုတော့... ပူပူနွေးနွေး ဘာမှ မစားရသေးဘူးလေ"
လင်ဝမ်ယိက အရှင်မင်းကြီးအတွက် ပြင်ဆင်ပေးလိုက်လေသည်။
ဒုတိယမင်းသားမှာ ငယ်ရွယ်သော်လည်း မတုံးလှချေ။ အခြေအနေကို မြင်သောအခါ စကားများများ ဆက်မပြောတော့ဘဲ စည်းကမ်းတကျ ချက်ချင်း ဝင်ထိုင်လိုက်လေ၏။
မနီးမဝေးတွင်ရှိသော ဒုတိယမင်းသမီးလေးမှာ ကျိမားမား၏ ရင်ခွင်ထဲတွင် ရှိနေဆဲဖြစ်ပြီး ယခုအခါ ဝိုင်းစက်နေသော မျက်လုံးလေးများဖြင့် အရှင်မင်းကြီးကို စိုက်ကြည့်နေလေသည်။ အနည်းငယ် ငြင်းဆန်လိုသည့် ပုံပေါ်နေ၏။
"ဒုတိယမင်းသမီး က ကိုယ်တော့်ကို မမှတ်မိဘူးလား"
အရှင်မင်းကြီးမှာ ဒုတိယမင်းသမီးလေး၏ တစ်လပြည့်အထိမ်းအမှတ်ကိုပင် မပါဝင်လိုက်ရဘဲ နွေရာသီအပန်းဖြေနန်းတော်မှ အလျင်စလို ထွက်ခွာသွားခဲ့ရသည် မဟုတ်လား။
ဤသို့ ထွက်သွားပြီးနောက် ပြန်ရောက်လာချိန်တွင် ကလေးလေးမှာ မတ်တပ်ရပ်လျက်ပင် ပွေ့ချီနိုင်နေပြီ ဖြစ်ရာ သေချာပေါက် သူ့ကို မှတ်မိမည် မဟုတ်ပေ။
သို့သော် အရှင်မင်းကြီး၏ စိတ်ထဲတွင်တော့ ဒုတိယမင်းသမီးလေး၏ ဦးနှောက်ထိခိုက်မှုက ပြင်းထန်နေဆဲလားဟု တွေးမိသွားသဖြင့် မျက်နှာပေါ်တွင် စိုးရိမ်မှုများ ပေါ်လာလေ၏။
သူ အထင်လွဲနေမှန်း သိသဖြင့် လင်ဝမ်ယိက ချက်ချင်း ရှင်းပြလိုက်သည်။
"ဒုတိယမင်းသမီး က အရှင်မင်းကြီး နဲ့ မရင်းနှီးသေးလို့ ဒီလို ဖြစ်နေတာပါ... ရက်နည်းနည်းလောက် အတူ နေလိုက်ရင် အသားကျသွားမှာပါ"
ထို့နောက် သူမက ကျိမားမား ဆီသို့ လျှောက်သွားပြီး ဒုတိယမင်းသမီးလေးကို ခေါ်ယူလိုက်သည်။
တကယ်ပင် ဒုတိယမင်းသမီးလေးက ပြုံးရွှင်စွာဖြင့် လင်ဝမ်ယိ၏ ရင်ခွင်ထဲသို့ ပြန်လည် တိုးဝင်လာခဲ့၏။
ထိုပုံစံကို မြင်မှ အရှင်မင်းကြီး၏ စိတ်များ အတော်လေး အေးချမ်းသွားတော့သည်။
လူမှတ်မိလျှင် ရပါပြီ။ မဟုတ်ပါက အလွန်တရာ မြင့်မြတ်လှသော မင်းသမီး တစ်ပါးက တကယ်ကြီး ဉာဏ်ရည်ချို့တဲ့နေမည်ဆိုလျှင် သူမ တစ်သက်လုံး အခက်တွေ့ရပေလိမ့်မည်။
လင်ဝမ်ယိက ဒုတိယမင်းသမီးကို ပွေ့ချီကာ စားပွဲရှေ့သို့ လာထိုင်လိုက်သည်။
ထို့နောက် သူမ၏ နားနားသို့ ကပ်လျက် တိုးတိုးလေး ပြောလိုက်လေ၏။
"ဒုတိယမင်းသမီးလေး... ဒါက သမီးရဲ့ ခမည်းတော် လေ"
အရှင်မင်းကြီးက သမီးငယ်လေးအပေါ် အလွန်အမင်း စိတ်ဝင်စားနေသော်လည်း ဝမ်းနည်းစရာမှာ ဤသမီးလေးက သူ့အပေါ် မည်သည့် သံယောဇဉ်မှ မရှိသေးခြင်းပင်။
မျက်လုံးလေးများကို ကလယ်ကလယ် လုပ်ကာ လင်ဝမ်ယိ၏ ရင်ခွင်ထဲသို့ ချက်ချင်း တိုးဝင်ပုန်းအောင်းသွားတော့၏။
ထိုပုံစံလေးမှာ ချစ်စရာကောင်းလွန်းလှပေသည်။
"သူက ကိုယ်တော့်ကို ကြောက်နေတာလား"
အရှင်မင်းကြီးမှာ နားမလည်နိုင် ဖြစ်နေသည်။ ဘာမှ မလုပ်ရသေးဘဲ ဘယ်လိုဖြစ်ပြီး ဒုတိယမင်းသမီးက ကြောက်ရသနည်း။
"ဒုတိယမင်းသမီး က အရှင်မင်းကြီး ကို ကြောက်တာ မဟုတ်ပါဘူး... နည်းနည်း စိမ်းနေလို့ပါ... နှစ်ရက်လောက် အတူနေလိုက်ရင် အဆင်ပြေသွားမှာပါ"
အရှင်မင်းကြီးက မည်သည့်ကလေး၏ ပြုစုပျိုးထောင်မှုတွင်မျှ ကိုယ်တိုင် ပါဝင်ခဲ့ဖူးခြင်း မရှိသဖြင့် ဤအရာများကို မသိရှိချေ။
အရွယ်ရောက်ပြီဖြစ်သော ကလေးသုံးယောက်မှာလည်း စကားပြောတတ်၊ ပြေးလွှားတတ်နေပြီ ဖြစ်သည်။ သူ့ကို မြင်သည်နှင့် ဂါရဝပြု နှုတ်ဆက်တတ်ကြသည်။
ဒုတိယမင်းသမီးလေး ကဲ့သို့သော ပုံစံမျိုးကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ထို့ကြောင့် သူက စိတ်ကို တည်ငြိမ်အောင်ထားပြီး ပြောလိုက်လေသည်။
"ဒီတစ်ခေါက် ထိုက်ဆန်းတောင် ခရီးစဉ် ပြီးသွားရင်... ကိုယ်တော် ရှန်းကျင်းမြို့တော် မှာပဲ နေတော့မှာ... တကယ်လို့ လာမယ့်နှစ်မှာ ဆောင်းဦး အမဲလိုက်ပွဲ ရှိရင်လည်း မင်းတို့ကို တစ်ခါတည်း ခေါ်သွားမှာပါ... စိတ်ချပါ"
သူက အတည်ပေါက် ပြောဆိုနေသော်လည်း လင်ဝမ်ယိကမူ ပြုံးလိုက်လေတော့သည်။