အခန်း ၂၂၅
Vol. 23 Ch. 225
အခန်း (၂၂၅) ရေပူစမ်း၌ ရေချိုးခြင်း
ဤညစာစားပွဲတွင် ဒုတိယမင်းသားသည် အရင်ဆုံး စားသောက်ပြီးသွားလေသည်။
ပုံမှန်အားဖြင့် ညစာစားပြီးပါက ပင်မနန်းဆောင်တွင် လင်ဝမ်ယိနှင့်အတူ စကားခဏပြောပြီးမှသာ ပြန်လေ့ရှိပေသည်။
သို့သော် ယနေ့တွင်မူ အရှင်မင်းကြီးရောက်နေပြီဖြစ်သဖြင့် သူက ချက်ချင်းပင် ပြောလိုက်လေ၏။
"သားတော် စာရေးလေ့ကျင့်ဖို့ ပြန်ရဦးမှာမို့ အရင် သွားခွင့်ပြုပါ… ခမည်းတော် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်"
"အင်း… ကြိုးစားတာ ကောင်းတဲ့ကိစ္စပါ မင်း လေ့လာရမှာတွေ အများကြီးကျန်သေးတော့ ပိုပြီး အာရုံစိုက်တာ ကောင်းပါတယ်"
"ဟုတ်ကဲ့ပါ… သားတော် မှတ်သားထားပါ့မယ်"
ထို့နောက် လင်ဝမ်ယိကို ကြည့်ကာ နှုတ်ဆက်လိုက်လေသည်။
"လင်မယ်မယ်… သားတော် သွားခွင့်ပြုပါဦး"
လင်ဝမ်ယိက ခေါင်းညိတ်ပြပြီး အနည်းငယ် ထပ်မံမှာကြားလိုက်ပြီးမှ ဒုတိယမင်းသားကို ထွက်သွားခွင့် ပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် ဒုတိယမင်းသမီးနှင့် အစေခံများအားလုံးလည်း ထွက်သွားကြပေ၏။
ထို့ကြောင့် အခန်းထဲတွင် သူတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။ ယခုအချိန် လင်ဝမ်ယိပင်လျှင် အနည်းငယ် နေရခက်နေမိချေသည်။
တစ်ယောက်တည်း နေသားကျနေသော နေ့ရက်များတွင် အရှင်မင်းကြီး ရုတ်တရက် ရောက်လာသဖြင့် တစ်စုံတစ်ယောက်က ဝင်ရောက် နှောင့်ယှက်လိုက်သလို ခံစားရလေသည်။ သို့သော် ဤကဲ့သို့သော စကားမျိုးကို လင်ဝမ်ယိ အနေဖြင့် လက်လွတ်စပယ် မပြောပေ။ ထို့ကြောင့် သူမက မေးလိုက်၏။
"အရှင်မင်းကြီး လမ်းတစ်လျှောက်လုံး ပင်ပန်းလာတာဆိုတော့… ရေနွေးနွေးလေး ချိုးဖို့ ချိုးကုန်းကုန်းကို ပြင်ခိုင်းလိုက်ရမလား… ဒါမှ အအေးဒဏ်တွေ ပြေသွားမှာ"
အရှင်မင်းကြီးသည်လည်း ဤအကြံကို သဘောတူသွားပြီး ခဏစဉ်းစားကာ ပြောလိုက်လေသည်။
"ရွေ့ယန်စံအိမ် အနောက်ဘက်မှာ ရေပူစမ်းတစ်ခု ရှိတယ်လို့ ကိုယ်တော် မှတ်မိတယ်… ချိုးမင်ကို စီစဉ်ခိုင်းလိုက်ပါ"
အရှင်မင်းကြီး၏ အကြည့်များက လင်ဝမ်ယိ ဆီသို့ ကျရောက်လာရာ ထိုအဓိပ္ပာယ်ကို ဖွင့်ပြောစရာပင် မလိုတော့ချေ။ သူက တိတ်တဆိတ် ပြန်လာခဲ့ခြင်း ဖြစ်ရာ လူအများအပြားကို အသိပေး၍ မရနိုင်ပေ။ ထို့ကြောင့် ဤရေချိုးရာတွင် ပြုစုပေးရမည့် ကိစ္စမှာ လင်ဝမ်ယိ၏ ခေါင်းပေါ်သို့ ကျရောက်လာတော့သည်။
သူတို့နှစ်ဦးမှာ လင်မယားအရာ မြောက်ခဲ့ပြီး ဖြစ်သော်လည်း ဤကဲ့သို့ ရေချိုးရာတွင် ပြုစုပေးရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။ လင်ဝမ်ယိမှာ ရှက်ရွံ့စွာ ပြုံးလိုက်မိပြီး ကိုယ့်ပါးကိုယ်သာ ရိုက်ချင်စိတ် ပေါက်သွားမိ၏။ ပြဿနာမီးထွန်းရှာလိုက်သကဲ့သို့ပင်။
သို့သော် သူမက အတွေးထဲတွင်သာ ရှက်ရွံနေပြီး တကယ်တမ်း ရေပူစမ်းသို့ ရောက်ချိန်တွင်တော့ ရဲရဲဝံ့ဝံ့ပင် အရှင်မင်းကြီး၏ နောက်မှ လိုက်ဝင်သွားရတော့သည်။
အပြင်ဘက်တွင် စောင့်ကြပ်နေရသော ရှအန်းက တိုးတိုးလေး ပြောလိုက်လေ၏။
"မယ်မယ် တစ်ယောက်တည်း အဆင်ပြေပါ့မလား… ချိုးကုန်းကုန်း ဝင်ပြီး ကူညီပေးလိုက်ပါလား"
ချိုးမင်က အနည်းငယ် စိုးရိမ်နေသော ရှအန်းကို မျက်စောင်းထိုး ကြည့်လိုက်မိပြီး ပုံမှန်ဆိုလျှင် ဉာဏ်ကောင်းလှသော ဤအစေခံမလေးသည် ယခုအချိန်တွင် ဘာကြောင့် တုံးအရသနည်းဟု တွေးလိုက်မိသည်။ သူသာ ဝင်ကူညီလိုက်ပါက အရှင်မင်းကြီးကို ဒေါသထွက်အောင် တမင်သွားဆွပေးနေသလို မဖြစ်ပေဘူးလား။ ထို့ကြောင့် သူက ရှအန်းကို ဆွဲကာ ရှေ့သို့ နှစ်လှမ်းခန့် ထပ်တိုးသွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။
"ရှအန်း စိတ်ချပါ… ဒီရွေ့ယန်စံအိမ် တစ်ခုလုံးမှာ သခင်မလေးရဲ့ ပြုစုမှုကမှ အရှင်မင်းကြီး သဘောအတွေ့ဆုံး ဖြစ်မှာပါ"
ချိုးမင်၏ မျက်နှာထားမှာ အမြဲတမ်းလိုလို တည်ကြည်နေသော်လည်း ရှားရှားပါးပါး နောက်ပြောင်ချင်သော အရိပ်အယောင်များ ပါဝင်နေလေသည်။ ရှအန်းလည်း ချက်ချင်းပင် သဘောပေါက်သွားတော့၏။
ရေချိုးရာတွင် ပြုစုပေးရသည့် ကိစ္စကို မိမိ၏ သခင်မလေး တစ်ခါမျှ မလုပ်ဖူးသဖြင့် သူမက စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ယခုမှသာ ဤပြုစုခြင်းမှာ ထိုပြုစုခြင်းမျိုး မဟုတ်မှန်း သူမ နားလည်သွားလေပြီ။ ဒါကြောင့်လည်း သခင်မလေးက အရှင်မင်းကြီး အနောက်သို့ လိုက်သွားချိန်တွင် သေတွင်းထဲသို့ ဝင်သွားရတော့မည့် ပုံစံမျိုး ဖြစ်နေသည်မှာ မဆန်းတော့ပေ။ ထိုအကြောင်းကို တွေးမိပြီး သူမက ချက်ချင်းပင် ပါးစပ်ကို ပိတ်ကာ ငြိမ်ကျသွားတော့သည်။ နှင်းများ ကျဆင်းနေသော ဤညတွင် ချိုးမင်နှင့်အတူ ရပ်ကာ ညရှုခင်းကိုသာ ခံစားနေလိုက်ကြလေ၏။
ရေပူစမ်းကန်ထဲတွင် အရှင်မင်းကြီးမှာ အတွင်းခံဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ မူလကတည်းက ဤအထည်သားမှာ ရေစိုခံနိုင်စွမ်း မရှိရာ ယခုလို ရေထဲဆင်းလိုက်ချိန်တွင် အတော်လေး ကိုယ်ကျပ်နေလေသည်။
လင်ဝမ်ယိမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး အရှင်မင်းကြီးကို ကြည့်ကာ ဘယ်ကနေ စလုပ်ပေးရမည်မှန်းပင် မသိတော့ချေ။ သူမက ခဏစဉ်းစားပြီးနောက် ပြောလိုက်လေ၏။
"ကျွန်တော်မျိုးမ အရှင်မင်းကြီးရဲ့ ဆံထုံးကို ဖြည်ပေးပါ့မယ်… အရင်ဆုံး ပန်းရည်နဲ့ ခဏလောက် စိမ်ထားလိုက်ရင် ခဏနေ သန့်စင်ရတာ ပိုလွယ်သွားမှာပါ"
"အင်း"
ဤရေပူစမ်းက အလွန် ဇိမ်ကျလွန်း၍ ဖြစ်မည် အရှင်မင်းကြီးမှာ ရေစိမ်နေရင်း စကားပြောသည့် အသံတွင်ပင် ပျော့ပျောင်းမှုများ ပါဝင်နေလေသည်။ ဧကရာဇ် တစ်ပါး၏ တည်ကြည်လေးနက်သော မျက်နှာဖုံးကို ချွတ်ချထားလိုက်သည့် ပုံပေါ်နေ၏။
လင်ဝမ်ယိက ကြိုတင် ပြင်ဆင်ထားသော စံပယ်ပန်းရည်များဖြင့် အရှင်မင်းကြီး၏ ဆံနွယ်များကို ဖြည်းဖြည်းချင်း စိုစွတ်ပေးလိုက်သည်။ ဤသည်မှာ သူမ ဆံပင်ထိန်းသိမ်းရာတွင် အနှစ်သက်ဆုံးသော အရာဖြစ်သဖြင့် ယခုလို လုပ်ပေးရသည်မှာလည်း မခက်ခဲလှချေ။ ဆံနွယ်များကြားကို ရေစွတ်ပေးကာ နောက်ဆုံးတွင် အရှင်မင်းကြီး၏ ခေါင်းကို အတန်ကြာ နှိပ်နယ်ပေးလိုက်လေသည်။
သူမ၏ လက်ရာက အမြဲတမ်း ကောင်းမွန်လှသည်။ အရှင်မင်းကြီးသည် မခံစားရသည်မှာ ကြာပြီဖြစ်သော ဤနွေးထွေးမှုနှင့် သက်တောင့်သက်သာ ရှိမှုကို ခံစားရင်း လင်ဝမ်ယိ ပြုစုပေးတာက အကောင်းဆုံးဟု ချက်ချင်း တွေးလိုက်မိ၏။
နန်းတော်မှ ထွက်ခွာလာခဲ့သော ဤလအနည်းငယ်အတွင်း ကိစ္စများ ပြောင်းလဲသွားခဲ့သည်။ လင်ဝမ်ယိ တစ်ယောက်တည်းသာလျှင် ယခင်ကလိုပင် အေးအေးချမ်းချမ်း ရှိနေဆဲပင်။ သူက ခဏစဉ်းစားပြီးနောက် စကားစပြောလိုက်လေသည်။
"လင်ကွေ့ဖေးနဲ့ ကျန်းမင်းသားတို့ ထိုက်ဆန်းတောင် နွေရာသီအပန်းဖြေနန်းတော်မှာ ကျန်ခဲ့ကြတယ်… လောလောဆယ်တော့ သူတို့ ပြန်လာနိုင်မှာ မဟုတ်သေးဘူး"
လင်ဝမ်ယိမှာ အရှင်မင်းကြီးကို ခေါင်းလျှော်ပေးရာတွင် အာရုံစိုက်နေသော်လည်း ဤစကားကို ကြားသောအခါ ရုတ်တရက် ရပ်တန့်သွားမိသည်။ ထို့နောက်မှ သူမက မေးလိုက်၏။
"အရှင်မင်းကြီး… တစ်ခုခု ပြဿနာ ဖြစ်လို့လား"
အရှင်မင်းကြီးက ဖုံးကွယ်ထားခြင်း မရှိဘဲ ထိုက်ဆန်းတောင်တွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သူမအား ပြောပြလိုက်လေသည်။ လင်ဝမ်ယိမှာ ကျန်းမင်းသားက ထိုက်ဆန်းတောင်၏ ထူးဆန်းသော ဖြစ်ရပ်ကို အသုံးချကာ လင်မိသားစု အရှေ့ဆောင်နှင့် သုန်မိသားစုကို ဆွဲသွင်းရန် ရည်ရွယ်ခဲ့ကြောင်း ကြားလိုက်ရချိန်တွင် ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး ရင်ထဲတွင် ဒေါသများ ထွက်ပေါ်လာတော့သည်။
"မင်းကတော့ နည်းနည်းလေးတောင် ဖုံးကွယ်မထားဘူးပဲ"
"ကျွန်တော်မျိုးမက ဒုတိယအိမ်တော်… ကွေ့ဖေးမယ်မယ်… မင်းသမီးရုံခန့်နဲ့ ကျန်းမင်းသားအိမ်တော် အပါအဝင် အားလုံးအပေါ် ဘယ်တုန်းကမှ အမြင်မကြည်ခဲ့ပါဘူး… သူတို့က ကျွန်တော်မျိုးမရဲ့ မိသားစုကို အကြိမ်ကြိမ် အကွက်ဆင်ပြီး ဒုက္ခပေးခဲ့ကြလို့ပါ… ဒါကြောင့်… ကျွန်တော်မျိုးမ စိတ်မထိန်းမိလိုက်တာပါ…"
အရှင်မင်းကြီး၏ ရှေ့တွင် ဤကဲ့သို့သော စိတ်ခံစားချက်များကို ထုတ်ပြခြင်းမှာ လင်ဝမ်ယိအတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော် ဤမျှ ပွင့်ပွင့်လင်းလင်းဖြင့် မနှစ်သက်ကြောင်းနှင့် မုန်းတီးကြောင်း စကားများကို ပြောဆိုခြင်းမှာ ယခင်က တစ်ခါမျှ မရှိခဲ့ဖူးချေ။
"ကိုယ်တော့်ရှေ့မှာဆိုရင် မင်း ဘာမှ ဖုံးကွယ်ထားစရာ မလိုပါဘူး"
အရှင်မင်းကြီးက သူမကို ကြည့်ရင်း ပြောလိုက်လေသည်။ ဤအကြံအစည်ကို ကျန်းမင်းသား အကောင်အထည် မဖော်နိုင်ခဲ့သဖြင့် လင်မိသားစု အရှေ့ဆောင်နှင့် သုန်မိသားစုတို့မှာ ကြီးကြီးမားမား ထိခိုက်နစ်နာမှု မရှိခဲ့ချေ။ သို့သော် မကောင်းသော စိတ်များကို လင်ဝမ်ယိ သိသဖြင့် သူတို့အပေါ် မုန်းတီးမှုမှာ ပိုတိုးလာခဲ့လေသည်။ သူမက ခဏစဉ်းစားပြီးနောက် အနည်းငယ် စိတ်ကောက်နေသော လေသံဖြင့် ပြောလိုက်၏။
"ကွေ့ဖေးမယ်မယ်က ထိုက်ဆန်းတောင် နွေရာသီအပန်းဖြေနန်းတော်မှာ ကျန်ခဲ့တယ်ဆိုရင် မင်းသမီးမင်ရော့ကရော… အရှင်မင်းကြီး သူကို ရွေ့ယန်စံအိမ်ဆီ မပို့ပါနဲ့နော်… ကျွန်တော်မျိုးမက စိတ်မထိန်းနိုင်ဘဲ ဒေါသထွက်ပြီး ကလေးအပေါ် အပြစ်ရှာမိမှာ စိုးလို့ပါ"
သူမ၏ ဤကလေးဆန်လှသော စကားကို ကြားသောအခါ အရှင်မင်းကြီးမှာ မနေနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။
"ဘာတွေ တွေးနေတာလဲ… မင်းသမီးမင်ရော့ကို မယ်တော်ကြီးဆီ ပို့ပြီး ပြုစုပျိုးထောင်မယ်လို့ ကိုယ်တော် အစကတည်းက ပြောထားပြီးသားလေ… မင်းက မင်းကိုယ်မင်း သေချာ ဂရုစိုက်ဖို့ရယ်… ပြီးတော့ ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးကို ကြည့်ရှုပေးဖို့ပဲ အာရုံစိုက်ပါ… တခြားလူတွေက မင်းကို လာနှောင့်ယှက်တော့မှာ မဟုတ်ပါဘူး"
လင်ဝမ်ယိက နှုတ်ခမ်းကို အနည်းငယ် စူထားလိုက်သည်။ မူလက ကောင်းမွန်နေသော စိတ်ခံစားချက်များမှာလည်း လွင့်ပါးပျောက်ကွယ်သွားလေပြီ။ သူမ လုပ်လက်စ အလုပ်များမှာလည်း ရပ်တန့်သွားတော့၏။
ထိုအခြေအနေကို မြင်သောအခါ အရှင်မင်းကြီးက ရေကန်ထဲမှ ထ၍ မတ်တပ်ရပ်လိုက်လေသည်။ ကန်ဘေးတွင် ထိုင်နေသော လင်ဝမ်ယိနှင့် ယှဉ်လိုက်လျှင် သူမပင် မော့ကြည့်ရပေမည်။ အရှင်မင်းကြီး ထလိုက်သည်နှင့် ရေကန်ထဲမှ အပူငွေ့များပါ ပါလာသဖြင့် တိမ်တိုက်များ ဝန်းရံနေသကဲ့သို့ပင်။ ခန္ဓာကိုယ်၏ နွေးထွေးမှုကြောင့် မျက်ဝန်းများမှာလည်း အနည်းငယ် တောက်လောင်လာသလို ဖြစ်နေသည်။
"ချန်ချန်… ရှေ့ညီလာခံနဲ့ အနောက်ဆောင်က ကိစ္စတော်တော်များများက အရမ်း ပတ်သက်ဆက်နွှယ်နေတယ်… သေချာပေါက် အောင်မြင်မယ်လို့ ယုံကြည်မှု မရှိရင် ကိုယ်တော်က ကျန်းမင်းသားကို လွယ်လွယ်နဲ့ ထိမှာ မဟုတ်ဘူး… ဒါကြောင့် မင်းက ခဏလောက် သည်းခံထားပေးပါ… စောင့်…"
စကားက နှုတ်ခမ်းဖျားသို့ ရောက်လာသော်လည်း အရှင်မင်းကြီးက ဆက်မပြောတော့ချေ။
"ကိုယ်တော်က ဧကရာဇ် တစ်ပါး ဖြစ်ပေမယ့် မတတ်နိုင်တာတွေနဲ့ စိုးရိမ်ရတာတွေ ရှိနေသေးတယ်… ဒါပေမဲ့ ကိုယ်တော် ကတိပေးပါတယ်… မင်းကို အမြဲတမ်း အနစ်နာခံခိုင်းထားမှာ မဟုတ်ပါဘူး… ကျန်းမင်းသားနဲ့ ကွေ့ဖေး… ပြီးတော့ မင်းသမီးရုံခန့် အပါအဝင် ပါဝင်ပတ်သက်သူ အားလုံးက သူတို့နဲ့ ထိုက်တန်တဲ့ အကျိုးဆက်ကို ခံစားရမှာပါ"
အရှင်မင်းကြီးက တည်ကြည်လေးနက်စွာ ပြောဆိုနေပြီး လင်ဝမ်ယိကလည်း ဂရုတစိုက် နားထောင်နေလေသည်။ ဤမတိုင်မီက သူမသည် အရှင်မင်းကြီးအပေါ်တွင် မည်သည့် မျှော်လင့်ချက်ကိုမျှ မထားခဲ့ဖူးပေ။ လင်ကွေ့ဖေး ရာထူးမကျရခြင်းမှာ မင်းသမီးရုံခန့်နှင့် ကျန်းမင်းသားအိမ်တော်တို့က အထောက်အပံ့ ပေးထားသလို အမတ်ချုပ်လင် လည်း ရှိနေသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လင်ကွေ့ဖေး ရာထူးကျသွားရန်မှာ သူမ ခွင့်လွှတ်၍မရနိုင်လောက်သည့်အထိ ဖြစ်သော ကိစ္စ တစ်ခုခုတွင် ပါဝင်နေမှသာ ဖြစ်သည်ဟု ထင်ခဲ့လေသည်။
"ကျန်းမင်းသားက ဒီလောက်တောင် ရဲတင်းနေတာ… သစ္စာဖောက်ဖို့များ စိတ်ကူးနေလို့လား… ဒါကြောင့် အရှင်မင်းကြီးက စိုးရိမ်နေတာလား" ဟု သူမ တွေးလိုက်မိသည်။