အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း (၂၂၇) မွေးနေ့လက်ဆောင်
ယခုအခါ လင်ဝမ်ယိမှာ လူတစ်ယောက်ကို မည်သို့ မျက်နှာချိုသွေးရမည်ကို ကောင်းစွာ သိနေပြီ ဖြစ်ရာ နားထောင်ကောင်းသော စကားများကို ပြောတတ်နေလေပြီ။
အရှင်မင်းကြီးက သူမ၏ စကားကို အလွန် ကျေနပ်နေမှန်း သိသာလှပေသည်။
သူ အလုပ်တွေ အများကြီး အရှုပ်ခံပြီး သူမကို အဖော်ပြုပေးရန် အထူးတလည် လာခဲ့ရသည်မှာ အချည်းနှီး မဖြစ်ခဲ့ပေ။
"နောက်ရက်အနည်းငယ်နေရင် မင်းရဲ့ မွေးနေ့ ရောက်တော့မယ်... ဘာလိုချင်တာများ ရှိလဲ... ကိုယ်တော် ပေးမယ်လေ"
လင်ဝမ်ယိမှာ မှင်တက်သွားပြီး အရှင်မင်းကြီးက ဤကဲ့သို့ ပြောလာမည်ဟု လုံးဝ ထင်မထားခဲ့ပေ။
ဆယ့်နှစ်လပိုင်း နှစ်ဆယ့်နှစ်ရက်နေ့မှာ လင်ဝမ်ယိ၏ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ ဖြစ်သည်။
သူမက ဒုတိယမင်းသားလိုမျိုး ရိုးရိုးရှင်းရှင်းလေးပဲ ဖြတ်သန်းလိုက်မည်ဟု မူလက တွေးထားခဲ့သည်။
ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးလည်း မရှိသလို မိသားစုဝင်တွေလည်း မရှိသည် မဟုတ်လား။
ဘယ်လောက်ပဲ စည်ကားနေပါစေ အလကားပါပဲ။
သို့သော် အရှင်မင်းကြီးက ရုတ်တရက် ပြန်ရောက်လာပြီး မွေးနေ့လက်ဆောင် ဘာလိုချင်လဲဟုပင် မေးလာရာ သူမမှာ ချက်ချင်း အဖြေမပေးနိုင်အောင် ဖြစ်သွားရတော့သည်။
"ဘာဖြစ်လို့လဲ… ကြောင်သွားတာလား"
"အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ… ကျွန်တော်မျိုးမက ရုတ်တရက်ဆိုတော့ စဉ်းစားလို့ မရသေးလို့ပါ"
"ကိစ္စမရှိပါဘူး… သေချာ စဉ်းစားထားပေါ့… တွေးမိရင် ကိုယ်တော့်ကို ပြောပြပါ"
ထို့နောက် သူက သူ၏ ဆံပင်နှင့် လင်ဝမ်ယိ၏ ဆံပင်များကို ဖြည်ချလိုက်ပြီး ပိုးကြိုးလေးဖြင့် ခပ်လျော့လျော့ ပြန်ချည်ကာ ဆက်လက် အခြောက်ခံထားလိုက်သည်။
သူတို့နှစ်ဦးမှာ လုပ်စရာ မရှိသဖြင့် ဟိုအကြောင်း ဒီအကြောင်းများကို ဆက်လက် ပြောဆိုနေကြလေ၏။
လအနည်းငယ်ကြာ မတွေ့ရသည့်အချိန်အတွင်း လင်ဝမ်ယိက ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီး အကြောင်းများကို အရှင်မင်းကြီးအား အားလုံး ပြောပြလိုက်သည်။
အရှင်မင်းကြီးက ဂရုတစိုက် နားထောင်နေပြီး တစ်ခါတစ်ရံ မေးခွန်းများလည်း ဝင်မေးတတ်လေသည်။
ဥပမာအားဖြင့် ဒုတိယမင်းသား၏ ယခု လက်ရှိ ကျန်းမာရေး အခြေအနေအရ လာမည့်နှစ် နွေဦးရာသီတွင် ပြေးလွှားကစားခြင်း၊ သို့မဟုတ် မြင်းစီး မြားပစ် လေ့ကျင့်ခြင်းများကို ခံနိုင်ရည် ရှိပြီလား ဆိုသည်မျိုး ဖြစ်သည်။
ဒုတိယမင်းသမီးဆိုလျှင် ဆန်ပြုတ် စစားနေပြီဆိုတော့ အသားဟင်းရည် တိုက်ရန် လိုအပ်သလား ဆိုသည်မျိုး ဖြစ်သည်။
ဤအရာများကို သူက ယခင်က တစ်ခါမျှ ဂရုမစိုက်ခဲ့ဖူးချေ။
ယခင်က မိဖုရားခေါင်ကြီးရွှီ ထံတွင် နေစဉ်က သူမက ပထမမင်းသား ၏ စာသင်ကြားမှုနှင့် ပတ်သက်၍သာ အဓိက ပြောဆိုလေ့ရှိပြီး သူ၏ နေ့စဉ်ဘဝအကြောင်းကို ပြောဆိုခဲလှသည်။ အခြား ကိုယ်လုပ်တော်များအကြောင်းဆိုလျှင် ပို၍ပင် မပြောဖြစ်ချေ။
ထို့ကြောင့် သူက အလွန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။
သူတို့နှစ်ဦးမှာ သန်းခေါင်ကျော်သည်အထိ အိမ်တွင်းရေးရာများကို ပြောဆိုနေကြရာ ပြောလေပြောလေ ပို၍ စိတ်ဝင်စားစရာ ကောင်းလာလေ ဖြစ်သည်။
နောက်ဆုံးတွင် မိုးလင်းတော့မည့် အရိပ်အယောင်များ မြင်လာရမှသာ တစ်ယောက်ကို တစ်ယောက် ဖက်ကာ အိပ်ပျော်သွားကြတော့၏။
ဤအိပ်စက်ခြင်းက နောက်တစ်နေ့ နေ့လယ်အထိပင် ကြာမြင့်သွားခဲ့သည်။
ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးတို့ပင် နေ့လယ်စာ စားပြီးကြပြီ ဖြစ်သော်လည်း ပင်မအခန်း၏ တံခါးမှာ ပွင့်မလာသေးချေ။
ဒုတိယမင်းသားက မကျေမနပ်ဖြင့် ရေရွတ်လိုက်လေသည်။
"ခမည်းတော် နဲ့ လင်မယ်မယ် တို့က ဘာလို့ မထသေးတာလဲ… သားတော်က ဂါရဝပြုဖို့ စောင့်နေတာကို"
ဘေးနားရှိ ရှောင်လုကျစ် မှာ နှုတ်ခမ်းကို တွန့်လိုက်မိပြီး မည်သို့ ပြန်ဖြေရမည်မှန်း မသိအောင် ဖြစ်သွားရသည်။
တုမားမား ကသာ မျက်နှာမပျက် အသံမတုန်ဘဲ ဝင်ရောက် ဖြေရှင်းပေးလိုက်လေ၏။
"ဒုတိယမင်းသား ရဲ့ ခမည်းတော် က နှင်းတောထဲကနေ လမ်းတစ်လျှောက်လုံး ခရီးပန်းပြီး ပြန်လာတာဆိုတော့ အနားယူဖို့ အချိန်ပိုလိုတာပေါ့… လင်မယ်မယ် က အရှင်မင်းကြီး ကို ပြုစုနေရတော့ ဘေးနားမှာ အမြဲ စောင့်ကြည့်နေရတာလေ… ဒါကြောင့် မထသေးတာက ပုံမှန်ပါပဲ"
ရှောင်လုကျစ်မှာ ဤစကားကို ကြားသောအခါ ရင်ထဲတွင် အလွန် လေးစားသွားမိသည်။
ရင့်ကျက်ပြီး အတွေ့အကြုံရှိသော တုမားမား ပီပီ စကားကို သဘာဝကျအောင် ပြောတတ်လေသည်။
ထို့နောက် သူက ဒုတိယမင်းသား ကို ပြောလိုက်သည်။
"ဒုတိယမင်းသား ဒီအစေခံတို့ အနောက်ဘက် ခြံဝင်းထဲမှာ နှင်းရုပ်လေးတွေ သွားလုပ်ကြမလား… နောက်ရက်နည်းနည်းနေလို့ အနောက်ဘက် ရေကန်က ခဲလာရင် ဒီအစေခံက ဒုတိယမင်းသား ကို ရေခဲပြင်စကိတ်စီးပြမယ်လေ… ဘယ်လိုလဲ"
ဒုတိယမင်းသား မှာ ထိုစကားကို ကြားသည်နှင့် စိတ်လှုပ်ရှားသွားလေ၏။
"မင်း ရေခဲပြင်စကိတ်စီးတတ်တယ်လား"
"ဒီအစေခံ က ခန္ဓာကိုယ် သေးသေးသွယ်သွယ်ဆိုတော့ စီးရတာ အတော်လေး လွယ်ပါတယ်… အရင်တုန်းကလည်း မင်ရေကန် ဘက်မှာ နေခဲ့ဖူးတော့ နည်းနည်းပါးပါး စီးတတ်ပါတယ်"
"ကောင်းပြီ ကောင်းပြီ… ငါတို့ နှင်းရုပ် မလုပ်တော့ဘူး… အရင်ဆုံး ရေကန်က ဘယ်လိုဖြစ်နေလဲ သွားကြည့်ရအောင်… ဒီမင်းသား က ရေခဲပြင်စကိတ်စီးတာ တစ်ခါမှ မမြင်ဖူးသေးဘူး"
ကလေးငယ်လေးများမှာ ချော့ရလွယ်ကူလှသည်။ အထူးသဖြင့် ဒုတိယမင်းသား ကဲ့သို့ အမြဲတမ်း အိမ်ထဲတွင်သာ ဖျားနာနေရသော ကလေးမျိုးဆိုလျှင် ပို၍ပင် လွယ်ကူပေသည်။
ဘာကိုမှ မမြင်ဖူးသဖြင့် မြင်သမျှ အရာရာတိုင်းက ဆန်းသစ်နေသည် မဟုတ်လား။
ထို့ကြောင့် တုမားမား နှင့် ရှောင်လုကျစ် တို့၏ လမ်းပြမှုဖြင့် အနောက်ဘက် ခြံဝင်းရှိ ရေကန်ဘက်သို့ ထွက်သွားကြလေတော့သည်။
ဒုတိယမင်းသမီးလေး ကတော့ ယခုအချိန်တွင် အခန်းထဲ၌ အိပ်စက်နေလေ၏။ သူမအနေဖြင့် တစ်နေ့တာ၏ အချိန်အများစုကို အိပ်စက်ရန် လိုအပ်ပေသည်။
ထို့ကြောင့် နို့ထိန်း နှင့် ကျိမားမား တို့ကလည်း အဖော်ပြုပေးနေကြသည်။
လက်ထဲတွင် အပ်များကို ကိုင်ပြီး အဝတ်ချုပ်နေကြပြီး အရှေ့ဘက် ခြံဝင်းသို့ သွားရောက် အနှောင့်အယှက် မပေးကြချေ။
ချိုးမင် က စင်္ကြံလမ်းတွင် ရပ်နေပြီး မျက်နှာထားမှာ ယခင်ကလိုပင် အေးဆေးတည်ငြိမ်နေလေသည်။
ရှအန်း က မီးဖိုချောင်လေးထဲမှ ထွက်လာပြီး ချိုးမင်ဆီသို့ လျှောက်လာကာ ပြောလိုက်လေသည်။
"ချိုးကုန်းကုန်း… ဒီအစေခံမ စောင့်နေလိုက်ပါ့မယ်… ကုန်းကုန်း အရင်သွားစားလိုက်ပါ… ခဏနေ အရှင်မင်းကြီး နဲ့ သခင်မလေး တို့ နိုးလာရင် ဒီအစေခံမ လာခေါ်လိုက်ပါ့မယ်"
ချိုးမင် က အခန်းတွင်းသို့ လှည့်ကြည့်လိုက်ရာ မည်သည့် လှုပ်ရှားသံမျှ မကြားရသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ယခုအခါ ပင်မအခန်းထဲတွင် ချိုးမင်၊ ရှအန်း နှင့် ချွမ်ချီ တို့ သုံးယောက်သာ ပြုစုနေကြရသည်။
လူအင်အားကတော့ သေချာပေါက် မလုံလောက်ပေ။ သို့သော် သတင်းပေါက်ကြားမှု မရှိစေရန် ဤသို့သာ လုပ်ရပေလိမ့်မည်။
မီးဖိုချောင်လေးထဲတွင် ချွမ်ချီ က ချိုးမင်အတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။
ရာသီဥတုက အေးနေသဖြင့် ထမင်းဟင်းများ အားလုံးကို ပေါင်းအိုးထဲတွင် ထည့်ကာ အပူပေးထားရာ ချိုးမင် စားချိန်တွင် ပူပူနွေးနွေးလေးနှင့် အနေတော် ဖြစ်နေလေ၏။
ရွေ့ယန်စံအိမ် ၏ မီးဖိုချောင်လေး ဘေးတွင် အခန်းငယ်လေး တစ်ခုရှိပြီး အထဲတွင် စားပွဲပုလေးများ ချထားကာ နန်းတွင်းသူ နန်းတွင်းသားများ ထမင်းစားရန် အထူးတလည် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။
ချိုးမင် စားနေစဉ်မှာပင် အပြင်ဘက်မှ လူတစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရသည်။
ရောက်လာသူမှာ ချင်အန်း ပင် ဖြစ်နေ၏။
ခန္ဓာကိုယ်ပေါ်တွင် နှင်းများ အနည်းငယ် စိုနေသဖြင့် အခန်းထဲ ရောက်လာသည်နှင့် ပုတ်ထုတ်လိုက်လေသည်။
ချိုးမင် က ချက်ချင်း မတ်တပ်ရပ်ကာ ပြောလိုက်သည်။
"ချင်ကုန်းကုန်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
"ဒီမှာ လူအင်အား နည်းနေမလား တွေးမိလို့… ကူညီပေးဖို့ လာခဲ့တာပါ"
သူက ပင်မအခန်းထဲသို့ မရောက်သေးသော်လည်း ထမင်းဟင်းနံ့များကို ရနေလေပြီ။
မလာခင်က တစ်ခုခု စားလာခဲ့ပြီး ဖြစ်သော်လည်း ချွမ်ချီ ၏ လက်ရာက ကောင်းမွန်သဖြင့် နောက်ထပ် အနည်းငယ်လောက် ထပ်စားလိုက်လျှင်လည်း ပြဿနာ မရှိပေ။
သူက ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း ချိုးမင် ၏ စိတ်ထဲတွင်တော့ ဤကိစ္စ၏ နောက်ကွယ်တွင် ကိစ္စတစ်ခု ရှိနေမည်ဟု တွေးလိုက်မိသည်။
ယခုအခါ နွေရာသီအပန်းဖြေနန်းတော် ထဲတွင် ကိုယ်လုပ်တော် ဆိုပါက လင်ဝမ်ယိ တစ်ယောက်တည်းသာ ရှိသဖြင့် ဂရုတစိုက် ဆက်ဆံသင့်သည်မှာ မှန်ပေသည်။
သို့သော် နန်းတွင်းရေးရာဌာန ၏ ဒုတိယအကြီးအကဲ တစ်ယောက်က လာရောက် ကူညီပေးသည်မှာ အနည်းငယ် လွန်လွန်းနေသည် မဟုတ်လား။
အရှင်မင်းကြီး ၏ ရှေ့တော်တွင် အထင်ကြီးခံရစေရန် ရည်ရွယ်ချက် ရှိနေပုံရပေသည်။
ဘာပဲဖြစ်ဖြစ် ဘယ်အချိန်မှာ ရာထူးတိုးဖို့ အခွင့်အရေး ရလာမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
ဒီလို အချိန်မျိုးမှာ မျက်နှာမလုပ်ရင် ဘယ်အချိန်မှာ လုပ်ရမှာလဲ။
ထို့ကြောင့် အပြုံးမျက်နှာဖြင့် ပြန်ပြောလိုက်လေ၏။
"ချင်ကုန်းကုန်း ကို ပင်ပန်းစေမိပြီ"
တူတောင် မကိုင်ရသေးခင်မှာပင် ရှအန်း က အမြန် လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"အရှင်မင်းကြီး နဲ့ သခင်မလေး တို့ နိုးလာပြီ"
ထို့နောက် ရေနွေးနှင့် ကြေးဇလုံကို ကိုင်ကာ မျက်နှာသစ်ရန် ပြင်ဆင်ပေးရန် သွားတော့သည်။
ချိုးမင် မှာ ဗိုက် မဝသေးသော်လည်း ထရန် ပြင်လိုက်ချိန် ချင်ကုန်းကုန်း က သူ၏ ပုခုံးကို ကိုင်ကာ ပြောလိုက်သည်။
"ငါ သွားလိုက်မယ်… မင်း ဆက်စား… ဗိုက်ဝမှ လာခဲ့"
ချိုးမင် မှာ သံသယများ ဖြစ်နေသော်လည်း မျက်နှာထားကတော့ တည်ငြိမ်နေဆဲပင်။
"အင်း… ဒါဆိုလည်း ချင်ကုန်းကုန်း ကို ကျေးဇူးတင်ပါတယ်"
"အားနာစရာ မလိုပါဘူး"
ထို့နောက် သူက မတ်တပ်ရပ်ကာ ရှအန်း ၏ အနောက်မှ ပင်မအခန်းဆီသို့ လိုက်သွားလေသည်။
ချိုးမင်သည် လည်း ထမင်းကို ကမန်းကတန်း စားလိုက်ပြီး မျက်နှာသစ်ရန် အမြန် သွားတော့၏။
ပင်မအခန်းထဲတွင် လင်ဝမ်ယိ နှင့် အရှင်မင်းကြီး တို့ နိုးနေကြပြီ ဖြစ်သည်။
ရှအန်း က ဝင်လာပြီး လင်ဝမ်ယိ ကို ပြုစုပေးကာ အနောက်မှ လိုက်လာသော ချင်အန်း ကတော့ အရှင်မင်းကြီး ဆီသို့ တန်းတန်းမတ်မတ် သွားလေသည်။
ချင်အန်း လာသည်ကို မြင်သောအခါ လင်ဝမ်ယိ မှာလည်း အနည်းငယ် အံ့ဩသွားမိ၏။
"ချင်ကုန်းကုန်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
"သခင်မလေး ကို လျှောက်တင်ပါတယ်… ရွေ့ယန်စံအိမ် ထဲက နန်းတွင်းသူ နန်းတွင်းသား အတော်များများကို ရီဟွားနန်းဆောင် ကို ပြန်ပို့လိုက်ပြီဆိုတော့… ဒီမှာ လူအင်အား နည်းနေမှာ စိုးလို့ အလုပ်အကျွေးပြုဖို့ လာခဲ့တာပါ"
"မင်းက တကယ့်ကို တော်တာပဲ"
အရှင်မင်းကြီး က လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး ချင်အန်း ၏ ပြုစုမှုကို ခံယူနေလေသည်။
"အရှင်မင်းကြီး မြှောက်စားလွန်းပါပြီ… ဒါက ဒီအစေခံ လုပ်သင့်လုပ်ထိုက်တာပါ"
ချင်အန်း က နန်းတွင်းရေးရာဌာန ၏ အကြီးအကဲ အဖြစ် တာဝန်ယူရာတွင် သေချာစေ့စပ်ရုံသာမက အရှင်မင်းကြီး ကို ပြုစုရာတွင်လည်း ကျွမ်းကျင်မှု ရှိပေသည်။
အဝတ်အစား ဝတ်ဆင်ပေးသည့် ကိစ္စမှာပင် သူက သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးပြီးနောက် အလွန် ကြည့်ကောင်းနေလေသည်။
အရှင်မင်းကြီး မှာ သူ၏ ပြုစုမှုအပေါ် အတော်လေး ကျေနပ်နေပုံရပေသည်။
ထို့ကြောင့် ပြောလိုက်လေ၏။
"မင်း နန်းတွင်းရေးရာဌာန မှာ နေရတာ အရည်အချင်း နှမြောစရာပဲ"
ထိုစကား၏ နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ သူ့ကို အပါးတော်မြဲ အဖြစ် ပြောင်းရွှေ့ခန့်ထားလိုသည့် ရည်ရွယ်ချက် အနည်းငယ် ရှိနေပုံရပေသည်။