အခန်း ၂၂၈
Vol. 23 Ch. 228
အခန်း (၂၂၈) မောင်နှမ တွေ့ဆုံခြင်း
လင်ဝမ်ယိ ရင်ထဲတွင် အံ့ဩတုန်လှုပ်သွားရသည်။
ချင်ကုန်းကုန်း အပါးတော်မြဲ ဖြစ်သွားလျှင် ရာထူးကျသွားသလို ဖြစ်မည် မဟုတ်လား။
အနောက်ဆောင် တွင် အရှင်မင်းကြီး၊ မယ်တော်ကြီး၊ မိဖုရားခေါင်ကြီးရွှီ နှင့် ဖေး အဆင့်အထက် မိဖုရားများ၏ အဆောင်အကြီးအကဲ မိန်းမစိုးများမှလွဲ၍ နန်းတွင်းရေးရာဌာန ၏ အကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့က အမြင့်ဆုံး ဖြစ်သည်ကို သိထားရမည်။
အပါးတော်မြဲ အဖြစ် ရောက်သွားလျှင်တောင် သူ၏ ယခုလက်ရှိ ရာထူးလောက် မြင့်မားနိုင်မည် မဟုတ်ပေ။
ဒါမှမဟုတ် အရှင်မင်းကြီးက တစ်ခုခုကို သိနေပြီး တမင်သက်သက် ပြောနေတာများလားဟု တွေးမိလိုက်သည်။
ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်တော် များနှင့် ရာထူးအဆင့်ရှိသော မိန်းမစိုး များကြား အရမ်းရင်းနှီးစွာ ပတ်သက်ဆက်နွှယ်နေခြင်းက ကောင်းသောကိစ္စ မဟုတ်ချေ။
သို့သော် ချင်ကုန်းကုန်း က ယခင်ကလိုပင် ပြုံးရွှင်စွာဖြင့် ဖြေကြားလိုက်သည်ကို တွေ့လိုက်ရ၏။
"ဒီအစေခံက နန်းတွင်း စဝင်ကတည်းက အရှင်မင်းကြီး ရဲ့ အစေခံပါ… အရှင်မင်းကြီး က အရှေ့သွားခိုင်းရင် အနောက်ကို မသွားရဲပါဘူး… အကယ်၍ အရှင်မင်းကြီး က ဒီအစေခံကို အပါးတော်မြဲ အဖြစ် လိုအပ်တယ်ဆိုရင် ဒီအစေခံ ချက်ချင်း ပစ္စည်းတွေ သိမ်းကာ ပြောင်းလာခဲ့ပါ့မယ်"
သူက ဤသို့ ပြောလိုက်သောအခါ အရှင်မင်းကြီး လည်း ရယ်မောလိုက်လေတော့သည်။
"ကိုယ်တော့်ရှေ့မှာ ပြုစုမယ့်လူတွေ အများကြီး ရှိပါတယ်… ဒါ့အပြင် မင်း တကယ်ကြီး ရောက်လာရင် သုန်ယွီကျုံး အလုပ်ပြုတ်သွားမှာပေါ့… နန်းတွင်းရေးရာဌာန မှာပဲ ဆက်နေပြီး အလုပ်ကို သေချာလုပ်ပါ… ဒါနဲ့ပတ်သက်လို့တော့…"
စကားပြောနေစဉ်မှာပင် သူ၏ အကြည့်က လင်ဝမ်ယိ ဆီသို့ တစ်ချက် ရောက်သွားလေသည်။
လင်ဝမ်ယိ ချက်ချင်းပင် အခြေအနေ မကောင်းတော့မှန်း သိလိုက်သည်။ ကြည့်ရသည်မှာ အရှင်မင်းကြီးက အကြောင်းအရာ အတော်များများကို သိနေ၍ ဤသို့ ပြုမူနေခြင်း ဖြစ်ပုံရပေသည်။
သူမက ချင်အန်း အကြောင်းကို သေချာ သိထားလေသည်။
သို့သော် သူတို့နှစ်ဦး၏ မဟာမိတ်ဖွဲ့မှုက ခိုင်မာမှုပင် မရှိသေးခင် အရှင်မင်းကြီး ၏ ဤအကြည့်တစ်ချက်ကြောင့် အနည်းငယ် လိပ်ပြာမလုံ ဖြစ်သွားရလေသည်။
"ရွေ့ယန်စံအိမ် နဲ့ ပတ်သက်လို့… မင်းက ပိုပြီး ဂရုစိုက်ပေးပါဦး… နေရာအနှံ့ သေချာ လိုက်ကြည့်ပေး… အနောက်ဘက်က ရေပူစမ်းကန် မှာ အခန်းမရှိတော့… ဆောင်းတွင်းကြီး လင်ကွေ့ရန် အအေးမိသွားရင် မကောင်းဘူးလေ"
လင်ဝမ်ယိမှာ ရှက်ရွံ့စွာ ပြုံးလိုက်မိသည်။ အရှင်မင်းကြီး နှင့် သူမ တွေးနေသည်က လုံးဝ တခြားစီ ဖြစ်နေသည် မဟုတ်လား။
မနေ့ညက ဖြစ်ပျက်ခဲ့သော အရှက်ရဖွယ် ကိစ္စများကို ပြန်တွေးမိပြီး လင်ဝမ်ယိ၏ ပါးပြင်များ တစ်ဖန် နီမြန်းလာပြန်သည်။
ချင်အန်း လည်း ချက်ချင်းပင် သဘောပေါက်သွားပြီး ဤအလုပ်ကို တာဝန်ယူလိုက်လေ၏။
သူက ဤကိစ္စကို သေချာပေါက် ကောင်းစွာ ဆောင်ရွက်ပေးမည်ဟု ကတိပေးလိုက်သည်။
ချိုးမင် နှင့် ချွမ်ချီ တို့အတူ ရောက်လာပြီး နေ့လယ်စာ ကိုပါ တစ်ပါတည်း ယူလာခဲ့ကြသည်။
အရှင်မင်းကြီး နှင့် လင်ဝမ်ယိ တို့ နှစ်ဦးလုံး မနက်စာပင် မစားရသေးသဖြင့် ဗိုက်ဆာနေကြလေပြီ။
ထို့ကြောင့် ပြင်ဆင်ပေးသော အစားအစာများကို အကုန်နီးပါး စားသောက်လိုက်ကြလေသည်။
ဗိုက်ပြည့်သွားသဖြင့် အနည်းငယ် နုံးချည့်နေသော်လည်း သူတို့နှစ်ဦးမှာ နေ့တစ်ဝက်လောက် အိပ်ထားခဲ့သောကြောင့် ယခုအခါ စိတ်ကြည်လင်လန်းဆန်းနေကြလေသည်။
လင်ဝမ်ယိ က မနေ့က အရှင်မင်းကြီး ပြောခဲ့သော စကားကို မေ့မနေသဖြင့် သတိပေးသည့်အနေဖြင့် ပြောလိုက်၏။
"အရှင်မင်းကြီး… အစ်ကို့ကို…"
သူမ ဤသို့ ပြောလိုက်မှသာ အရှင်မင်းကြီး လည်း သတိရသွားပြီး ချင်အန်း ကို ပြောလိုက်လေသည်။
"အကြောင်းပြချက် တစ်ခုခု ရှာပြီး ကိုယ်ရံတော်လင် ကို ခေါ်လာခဲ့ချေ"
"ဟုတ်ကဲ့ပါ… အမိန့်တော်အတိုင်းပါ"
ထိုစကားကို ကြားရချိန်တွင် လင်ဝမ်ယိ၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေလေပြီ။
လင်ရှင်းကျစ် က ချင်အန်း နှင့်အတူ ရောက်လာချိန်တွင် သူမမှာ တစ်ကိုယ်လုံး တုန်ယင်လာပြီး ငိုချင်စိတ်ကိုပင် မထိန်းနိုင်အောင် ဖြစ်သွားရတော့သည်။
သွမ့်ဝူပွဲတော် ညစာစားပွဲတွင် မြန်မြန်ဆန်ဆန် ခွဲခွာခဲ့ရပြီးကတည်းက သူမ အစ်ကိုဖြစ်သူကို ထပ်မတွေ့ရတော့ချေ။
သူ စစ်တပ်ထဲ ဝင်သွားရခြင်းမှာ မိမိကြောင့် အဓိက ဖြစ်ကြောင်း သိထားသဖြင့် သူမ ရင်ထဲတွင်လည်း အလွန် စိုးရိမ်ပူပန်နေခဲ့ရသည်။
ယခု သူ့ကို ဘေးကင်းကျန်းမာစွာ တွေ့လိုက်ရသဖြင့် စိုးရိမ်မှုများနှင့် စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ပေ။
"ဒီအမတ် အရှင်မင်းကြီး ကို ဂါရဝပြုပါတယ်… အရှင်မင်းကြီး ကျန်းမာပါစေ… သခင်မလေး ကို ဂါရဝပြုပါတယ်… သခင်မလေး ကျန်းမာပါစေ"
"အင်း… ထပါတော့"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
လင်ရှင်းကျစ် ၏ ရင်ထဲတွင်လည်း ယခုအချိန်၌ အလွန်အမင်း စိတ်လှုပ်ရှားနေသော်လည်း မျက်နှာပေါ်တွင်တော့ ပြင်းထန်သော စိတ်ခံစားချက်များကို မထုတ်ပြဝံ့ပေ။
မဟုတ်လျှင် အရှင်မင်းကြီး အမြင်တွင် တည်ငြိမ်မှု မရှိဘူးဟု ထင်သွားပါက မကောင်းနိုင်ချေ။
"မင်းတို့ မောင်နှမ နှစ်ယောက် မတွေ့ရတာ ကြာပြီဆိုတော့… ဘေးဘက်အခန်း ကို သွားပြီး စကားပြောကြလေ… ကိုယ်တော် ဒီမှာ စာအုပ် ခဏဖတ်နေမယ်… ပြီးမှ အတူတူ ညစာစားကြတာပေါ့"
"ဟုတ်ကဲ့ပါ"
"အရှင်မင်းကြီး ကို ကျေးဇူးတင်ပါတယ်"
လင်ဝမ်ယိ က လင်ရှင်းကျစ် ကို ခေါ်ကာ ပင်မအခန်းထဲမှ ထွက်လာခဲ့ပြီး တော်ဝင်သမားတော်သို့ ဆေးကုသပေးလေ့ရှိသော အခန်းဆီသို့ သွားကြလေသည်။
အခန်းထဲ ဝင်သည်နှင့် တစ်ပြိုင်နက် ဆေးနံ့သင်းသင်းလေးကို ရလိုက်သဖြင့် လင်ရှင်းကျစ် ချက်ချင်း မျက်မှောင်ကြုတ်သွားတော့၏။
"ချန်ချန်… ညီမလေးရဲ့ ရောဂါက မပျောက်သေးဘူးလား… ဘာလို့ ဆေးနံ့တွေ ရနေတာလဲ"
သူ စိုးရိမ်တကြီး မေးလိုက်သည့် ပုံစံလေးက လင်ဝမ်ယိကို အလွန် နွေးထွေးသွားစေသည်။
မိသားစုဝင်များသာ ဤကဲ့သို့ တုံ့ပြန်မှုမျိုး ရှိတတ်ပြီး မဆိုင်သူများကတော့ ဤအရာများကို သတိထားမိမည် မဟုတ်ပေ။
ထို့ကြောင့် သူမက အမြန် ရှင်းပြလိုက်လေသည်။
"အစ်ကို စိတ်ချပါ… ညီမလေး ရောဂါက လုံးဝ ပျောက်သွားပါပြီ… နွေရာသီအပန်းဖြေနန်းတော် မှာ ကျန်ခဲ့တာက ဒုတိယမင်းသား နဲ့ ဒုတိယမင်းသမီး ကို စောင့်ရှောက်ဖို့ပါ… ဒီဆေးနံ့တွေက သူတို့နှစ်ယောက်ဆီကနေ ကျန်ခဲ့တာပါ"
"ဒုတိယမင်းသား… ဒုတိယမင်းသမီး… ဘယ်လို အခြေအနေတွေလဲ"
လင်ရှင်းကျစ် မှာ နန်းတွင်းကိစ္စများကို လုံးဝ မသိရှိချေ။
ထို့ကြောင့် တစ်ခွန်းပြီးတစ်ခွန်း ဆက်တိုက် မေးနေတော့သည်။
လင်ဝမ်ယိ က သူ ကို မစိုးရိမ်လိုသဖြင့် နန်းတွင်း ဝင်ပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြလိုက်လေ၏။
လင်ဝမ်ယိ စကားဆုံးမှသာ လင်ရှင်းကျစ် လည်း သက်ပြင်းရှည်ကြီး ချလိုက်နိုင်တော့သည်။
"ဟွန့်… လင်ကွေ့ဖေး လျှောက်ပြောနေတာ ငါ သိသားပဲ… အရှင်မင်းကြီး နဲ့ အတူ လာတုန်းက လမ်းမှာ အစ်ကို့ကို တမင်သက်သက် စိတ်တိုအောင် လာလာပြောနေတာ… အစ်ကို ဒေါသထွက်ပြီး အရှင်မင်းကြီး ရှေ့မှာ အမှားလုပ်မိအောင်လို့လေ"
ဤစကားကို ကြားသောအခါ လင်ဝမ်ယိ လည်း မျက်မှောင်ကြုတ်သွားတော့၏။
"သူက ဘာပြောလို့လဲ"
"အိမ်မှာ ပြဿနာ ဖြစ်တယ်တဲ့လေ… ပြီးတော့ ညီမလေး နဲ့ မောင်လေးတို့ ဒဏ်ရာရတယ်လို့ ပြောတယ်… အစ်ကို အတော်လေး ဒေါသထွက်သွားပေမယ့်… ကျန်းဟွမ့်ချင်း နဲ့ သုန်ကုန်းကုန်း တို့က သတိပေးလိုက်လို့ သူရဲ့ အကွက်ထဲ မဝင်သွားတာ… မဟုတ်ရင် ဒီလို စိတ်တွေ ရှုပ်ထွေးနေတာနဲ့ အရှင်မင်းကြီး ရှေ့မှာ အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး… အဲဒီလိုဆိုရင် အစ်ကို အနိုင်နိုင် ကြိုးစားရယူထားရတဲ့ အခွင့်အရေးက ရေစုန်မျောသွားမှာပေါ့"
"ဟွန့်… သူရဲ့ စိတ်ထားက တကယ့်ကို ယုတ်မာလွန်းတယ်… အနောက်ဆောင် က လူတွေက တစ်ယောက်မှ လူကောင်း မရှိဘူး"
မောင်နှမ နှစ်ယောက်လုံး သူတို့အကြောင်း ပြောမိတိုင်း အံကြိတ်ကာ ဒေါသထွက်နေကြသည်။
သို့သော် ယခုအချိန်တွင် သူတို့၏ စွမ်းဆောင်ရည်အရ ပုရွက်ဆိတ်က ဆင်ကို ရန်စသလိုသာ ဖြစ်နေသဖြင့် လောလောဆယ်တော့ မျိုသိပ်ထားရုံသာ တတ်နိုင်ပေသည်။
"ဒါနဲ့… အရှင်မင်းကြီး က ကွေ့ဖေးမယ်မယ် ကို ထိုက်ဆန်းတောင် နွေရာသီအပန်းဖြေနန်းတော် မှာ ချန်ထားခဲ့ပြီး… လောလောဆယ် ပြန်မလာနိုင်သေးဘူးလို့ ပြောတယ်မလား"
"အင်း… သူနဲ့ ကျန်းမင်းသား တို့က မကောင်းတာတွေ အများကြီး လုပ်ခဲ့တော့ နောက်ဆုံး ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်သွားတာပေါ့… ဒီတစ်ခေါက် ခံရတာကလည်း သူတို့နဲ့ ထိုက်တန်ပါတယ်"
လင်ဝမ်ယိ က ခေါင်းညိတ်လိုက်ပြီးနောက် လင်ရှင်းကျစ် ကို တည်ကြည်လေးနက်စွာ ပြောလိုက်လေသည်။
"ဒါဆိုရင်… အစ်ကိုက ဒီအခွင့်အရေးကို အလဟဿ မဖြစ်စေနဲ့… အရှင်မင်းကြီး ရဲ့ ရှေ့မှာ အသိအမှတ်ပြုခံရအောင် ကြိုးစားပါ… နောင်တစ်ချိန် လင်ကွေ့ဖေး နဲ့ ကျန်းမင်းသား တို့ ပြန်လာရင်တောင် အရင်ကလို အစ်ကို့ကို နှိမ့်ချဆက်ဆံလို့ မရနိုင်တော့ဘူးပေါ့"
သူမက အလွန် တွေးတောတတ်နေပြီ ဖြစ်ပြီး ဤရက်ပိုင်းအတွင်း အကြောင်းအရာ အတော်များများကိုလည်း နားလည်လာခဲ့လေပြီ။
ယီဖေး နှင့် လျိုမိသားစု တို့လောက် အင်အားကြီးမားသူများပင်လျှင် အရှင်မင်းကြီး သတိထားနေရသည် မဟုတ်လား။ လင်ကွေ့ရန် နှင့် ကျန်းမင်းသား တို့လောက်ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။
ထို့ကြောင့် မိမိကိုယ်တိုင် အထက်သို့ တက်လှမ်းနိုင်မှသာ မိသားစုကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
မောင်လေးက တော်ဝင်ကျောင်းတော် သို့ ဝင်ခွင့်ရသွားပြီ ဖြစ်ရာ သူ့အတွက် ကောင်းမွန်သော အနာဂတ်က စောင့်ကြိုနေပြီ ဖြစ်သည်။
အစ်ကိုဖြစ်သူ အနေဖြင့်လည်း စတုတ္ထမင်းသား ၏ လက်အောက်ရှိ တော်ဝင်ချပ်ဝတ်စစ်တပ် တွင် ရှိနေပြီ ဖြစ်ရာ တစ်သက်လုံး အညတရ ဘဝဖြင့် နေသွား၍ မဖြစ်နိုင်ပေ။
ထို့ကြောင့် ဤသို့ သတိပေးရခြင်း ဖြစ်သည်။
"ညီမလေး စိတ်ချပါ… အခု အရှင်မင်းကြီး ရဲ့ ရှေ့မှာ မျက်နှာပြခွင့် ရတာကတင် ကြီးမားတဲ့ ကံကောင်းမှု တစ်ခုပါပဲ… အစ်ကို ကိုယ်ရံတော်တပ် ထဲမှာ ရှိနေသရွေ့တော့ ကိစ္စရပ်တိုင်းကို အကောင်းဆုံး လုပ်ဆောင်သွားမှာပါ"
လင်ဝမ်ယိ က သူ့ကို ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
သူမက အစ်ကိုဖြစ်သူကို တိုးတက်စေချင်သည်မှာ စိတ်ရင်းအမှန်ပင်။ အကယ်၍ အခွင့်အရေးများ ရှိလာခဲ့လျှင်...
မနက်ပိုင်းက အရှင်မင်းကြီး ပြောခဲ့သော မွေးနေ့လက်ဆောင် အကြောင်းကို သူမ ရုတ်တရက် သတိရသွားသည်။ အကယ်၍ သူမက ထိုလက်ဆောင်ကို အစ်ကိုဖြစ်သူ၏ အနာဂတ်အတွက် တောင်းဆိုလိုက်မည် ဆိုလျှင် အရှင်မင်းကြီး က သဘောတူနိုင်မည်လား မသိ။
မောင်နှမ နှစ်ယောက် စကား ပြောနေကြစဉ် အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
နှစ်နာရီခန့် အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတော့၏။
အရှင်မင်းကြီး က ညစာ အတူတူ စားရန် ပြောခဲ့သော်လည်း လင်ရှင်းကျစ် ကလည်း မတုံးလှချေ။ အရှက်မဲ့စွာ သွားရောက် စားသောက်မည် မဟုတ်ပေ။
အရှင်မင်းကြီး နှင့် တစ်စားပွဲတည်း ထိုင်စားရန် သူ့တွင် ထိုကဲ့သို့သော အရည်အချင်းမျိုး မရှိသေးချေ။
ထို့ကြောင့် အကြောင်းပြချက် ရှာကာ ပြန်လည် ထွက်ခွာသွားတော့သည်။
သူ၏ ခိုင်မာပြတ်သားသော ကျောပြင်ကို ကြည့်ရင်း လင်ဝမ်ယိ ၏ ရင်ထဲတွင်လည်း အတော်လေး စိတ်သက်သာရာ ရသွားလေ၏။
"သူ ကိုယ်ရံတော်တပ် ထဲမှာ အတွေ့အကြုံတွေ အများကြီး ရနေပါပြီ… စတုတ္ထဦးရီးတော် က ကိုယ်တော့်ရှေ့မှာတောင် သူ့ကို အကြိမ်ကြိမ် ချီးကျူးဖူးတယ်… ဒါကြောင့် စိတ်မပူပါနဲ့… တာ့ဝေ့ပြည် က အရည်အချင်းရှိတဲ့ လူတွေကို လိုအပ်နေတာ… တကယ်လို့ သူသာ အရည်အချင်း ရှိမယ်ဆိုရင် သေချာပေါက် အောင်မြင်မှာပါ"