အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း (၂၂၉) ရိုးရှင်းသော နေ့ရက်များ
အရှင်မင်းကြီး၏ စကားကို ကြားသောအခါ လင်ဝမ်ယိမှာ စောစောက သူမ၏ အတွေးများက တကယ်ကို ရယ်စရာကောင်းလှသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။
အရှင်မင်းကြီးကဲ့သို့ ဉာဏ်ပညာကြီးမားပြီး သဘောထားကြီးသူ တစ်ဦးအနေဖြင့် အနောက်ဆောင်မှ ကိုယ်လုပ်တော် တစ်ပါးက မျက်နှာသာပေးခံမှုကို အသုံးချပြီး မိသားစု ကောင်းကျိုး ကိစ္စကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မည်နည်းဟု တွေးမိလေ၏။
အစ်ကိုဖြစ်သူ၏ ခိုင်မာပြတ်သားသော စိတ်ဓာတ်ဖြင့်ဆိုလျှင်လည်း ဤကဲ့သို့ တောင်းဆိုရယူရသော ကျေးဇူးတော်မျိုးကို လက်ခံမည် မဟုတ်ချေ။
ထို့ကြောင့် လင်ဝမ်ယိက ထိုအတွေးကို မေ့ပစ်လိုက်ပြီး နောင်အနာဂတ် ခရီးလမ်းကို အစ်ကိုဖြစ်သူ၏ ကိုယ်ပိုင်ကြိုးစားမှုဖြင့်သာ လျှောက်လှမ်းစေရန် ဆုံးဖြတ်လိုက်တော့သည်။
သူမ လုပ်ရန် လိုအပ်သည်မှာ အစ်ကိုဖြစ်သူကို ယုံကြည်ပေးရန်သာ ဖြစ်ပေသည်။
အရှင်မင်းကြီး ပြောခဲ့သလိုပင် တန်ဖိုးကြီးမားသော ပုလဲရတနာက ဘယ်သောအခါမျှ ပုန်းနေမည် မဟုတ်ချေ။
အရှင်မင်းကြီးက ပြတင်းပေါက်ဘေးရှိ ကုတင်ပေါ်တွင် မှီထိုင်နေပြီး လင်ဝမ်ယိ၏ စိတ်ထဲတွင် အတွေးများစွား ရှုပ်ထွေးနေသည်ကိုတော့ မသိရှိချေ။
သူက လက်ထဲတွင် ယွင်ကျိုးမှတ်တမ်းအထွေထွေ စာအုပ်ကို ကိုင်ထားပြီး အလွန် အရသာခံကာ ဖတ်ရှုနေလေ၏။
"မင်းဆီက ဒီစာအုပ်တွေက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ... ကိုယ်တော် တစ်နေကုန် ဖတ်နေတာတောင် မပျင်းရဘူး… ယွင်ကျိုး က ဒီလောက် ပျော်စရာကောင်းမှန်း အရင်က မသိခဲ့ဘူး"
ယွင်ကျိုးသည် ရှန်းကျင်းမြို့တော်၏ မြောက်ဘက်တွင် တည်ရှိလေသည်။
အရှင်မင်းကြီးသည် အမြဲတမ်း တောင်ပိုင်းသို့ သွားရောက်ခြင်းနှင့် ဆောင်းရာသီ ခရီးစဉ်များကိုသာ စီစဉ်လေ့ရှိရာ ယွင်ကျိုးဒေသရှိ အကြောင်းအရာများနှင့် ပတ်သက်၍ အများကြီး မသိရှိထားချေ။
"ဒုတိယမင်းသား ရဲ့ ပိုင်နက်က ယွင်ကျိုး မှာဆိုတော့... နောင်တစ်ချိန် သူ့နောက်ကို လိုက်ပြီး နန်းတော်ပြင် ထွက်ခွင့်ရရင်... ကျွန်တော်မျိုးမ သွားကြည့်ချင်တယ်"
လင်ဝမ်ယိက ဤသို့ ပြောလိုက်သောအခါ အရှင်မင်းကြီးက သူမကို ကြည့်လိုက်ပြီးနောက် ပြုံးလိုက်လေ၏။
"ယွင်ကျိုး လောက်လေးများ... မင်း တကယ် သွားချင်တယ်ဆိုရင် လာမယ့်နှစ် အရှေ့ပိုင်း ခရီးစဉ်ကို လမ်းကြောင်းပြောင်းလိုက်ရုံပေါ့"
မည်သို့ပင်ဖြစ်စေ ထိုက်ဆန်းတောင် တွင် ဘိုးဘေးများကို ပူဇော်သည့် ကိစ္စက ပြီးဆုံးသွားပြီ ဖြစ်ရာ လာမည့်နှစ်တွင် အရှေ့ဘက်သို့ မဖြစ်မနေ သွားရန် မလိုတော့ပေ။
အခြားဒေသများသို့ သွားရောက်ခြင်းကလည်း ပြဿနာ မရှိနိုင်ချေ။
လင်ဝမ်ယိမှာ အံ့ဩသွားသော မျက်ဝန်းများဖြင့် အရှင်မင်းကြီးကို တစ်ချက် ကြည့်လိုက်ပြီး ဤသို့ လုပ်ခြင်းက စည်းကမ်းနှင့် ညီမညီ သူမ သေချာ မသိတော့ချေ။
သို့သော် သူ၏ မျက်နှာပေါ်တွင် အခြားသော အရိပ်အယောင်များ မရှိဘဲ အေးဆေးတည်ငြိမ်နေသည်ကို မြင်သောအခါ သူမကလည်း ဆက်လက် တွေဝေမနေတော့ပေ။
ထို့ကြောင့် သူမက စကားပြန်ပြောလိုက်သည်။
"တကယ်ပဲ အဲဒီလိုဆိုရင်တော့... အဲဒီအချိန်ကျရင် ကျွန်တော်မျိုးမ သေချာပေါက် လိုက်ခဲ့မယ်"
"အင်း"
နေ့လယ်ခင်း အချိန်လေးက ဤသို့ဖြင့် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေ၏။
ညစာ စားချိန်သို့ ရောက်သောအခါ ဒုတိယမင်းသားနှင့် ဒုတိယမင်းသမီးတို့သည် ခမည်းတော်နှင့် လင်မယ်မယ်တို့ကို နောက်ဆုံးတော့ တွေ့မြင်ခွင့် ရသွားကြတော့သည်။
"သားတော် ခမည်းတော် ကို ဂါရဝပြုပါတယ်... ခမည်းတော် ကျန်းမာပါစေ"
"သားတော် လင်မယ်မယ် ကို ဂါရဝပြုပါတယ်... လင်မယ်မယ် ကျန်းမာပါစေ"
လအနည်းငယ်ခန့် မတွေ့ရသည့်အချိန်အတွင်း ဒုတိယမင်းသားမှာ အများကြီး အရပ်ရှည်ပြီး တက်ကြွသွက်လက်လာခဲ့လေသည်။
စစချင်းတုန်းက သတိမထားမိခဲ့ခြင်းမှာ အရှင်မင်းကြီး၏ စိတ်များ အားလုံးက လင်ဝမ်ယိ အပေါ်တွင်သာ ရှိနေခဲ့သောကြောင့်ပင်။
ယနေ့ သေချာ ကြည့်လိုက်သောအခါ တကယ်ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ထားခံရမှန်း သိသာလှပေ၏။
ထို့ကြောင့် အရှင်မင်းကြီးက အလွန် ကျေနပ်သွားပြီး တုမားမား ကို ပြောလိုက်လေသည်။
"မားမား ပင်ပန်းသွားပြီ"
တုမားမားမှာ ဂုဏ်ယူဝင့်ကြွားတတ်သူ မဟုတ်သော်လည်း ဤစကားကို ကြားရချိန်တွင်တော့ အလွန်အမင်း ကြည်နူးသွားမိသည်။
သူမက အရှင်မင်းကြီးကို နှစ်ပေါင်းများစွာ ခစားလာခဲ့သူ ဖြစ်ရာ ဤစကား၏ တန်ဖိုးကို ကောင်းစွာ နားလည်ထားပေသည်။
ထို့ကြောင့် သူမက ပြုံးရင်း ပြန်ဖြေလိုက်လေ၏။
"အရှင်မင်းကြီး မြှောက်စားလွန်းပါပြီ... ဒါတွေ အားလုံးက တော်ဝင်သမားတော်သို့ နဲ့ သခင်မလေးလင် တို့ရဲ့ ကျေးဇူးတွေပါ... ဒီအစေခံက အမိန့်အတိုင်း လုပ်ဆောင်ရုံ သက်သက်ပါပဲ... အရှင်မင်းကြီး ရဲ့ ချီးကျူးမှုကို မခံယူဝံ့ပါဘူး"
"မဟုတ်ပါဘူး... တုမားမား က သားတော့်ကို အရမ်း ဂရုစိုက်ပေးတာပါ... သားတော် တုမားမား ကို အရမ်း သဘောကျတယ်"
ဒုတိယမင်းသားက ရှားရှားပါးပါး ဝင်ရောက် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။
သူ၏ မျက်နှာအမူအရာတွင် တုမားမားအပေါ် အလွန် မှီခိုအားထားနေကြောင်း ပေါ်လွင်နေလေ၏။
အရှင်မင်းကြီးက ဤမြင်ကွင်းကို ကြည့်ရင်း တုမားမား၏ စေတနာကြောင့်သာ ပြုစုခံရသူက ဤကဲ့သို့ သဘောထားမျိုး ရှိနေခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။
သူ၏ ရင်ထဲတွင် တကယ့်ကို အတိုင်းမသိ ကျေးဇူးတင်နေမိတော့၏။
သို့သော် ယခုလောလောဆယ်တွင် မည်သို့သော ဆုလာဘ်မျိုး ပေးရမည်ကို မသိသေးသဖြင့် ဘာမှမပြောသေးချေ။
သူက ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်ပြီး ဒုတိယမင်းသားနှင့် တုမားမားတို့ ကြားရှိ နွေးထွေးမှုကို ကြည့်ကာ ခံစားချက်များစွာ ဖြစ်ပေါ်နေလေသည်။
ဘေးနားရှိ ဒုတိယမင်းသမီးလေးမှာ သူမကို အရေးမလုပ်ဘဲ ပစ်ထားသည်ဟု ခံစားနေရသည့် ပုံပေါ်နေ၏။
ထို့ကြောင့် အသံလေး ထွက်ကာ အာရုံစိုက်ခံရအောင် လုပ်နေလေသည်။
သွားရည်များက ကျဆင်းနေဆဲဖြစ်ပြီး မင်းသမီး တစ်ပါး၏ ကျက်သရေမျိုး လုံးဝ မရှိချေ။
အရှင်မင်းကြီးက ဤမြင်ကွင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားတော့သည်။
မင်းသမီးလေး၏ ဤပုံစံက ဦးနှောက်ထိခိုက်မှုကြောင့် ဖြစ်မည်ကို စိုးရိမ်သဖြင့် အထူးတလည် ဂရုစိုက်နေရ၏။
"အရှင်မင်းကြီး စိတ်ချပါ... ဒါက ပုံမှန်ပါပဲ... ကျိမားမား ပြောတာကတော့ ဒုတိယမင်းသမီးလေးက သွားပေါက်တော့မှာမို့လို့ အခုလို သွားရည်ကျနေတာတဲ့... သွားလေးတွေ ထွက်လာရင် အဆင်ပြေသွားမှာပါ"
"သူမ ကြီးတာ မြန်သားပဲ"
"ဒီသွားပေါက်တဲ့ ကိစ္စက မိဘတွေနဲ့ တူတတ်တယ်လို့ ဆိုကြတယ်... အရှင်မင်းကြီး ဘယ်အရွယ်မှာ သွားပေါက်ခဲ့လဲ"
အရှင်မင်းကြီးမှာ ငယ်ဘဝအကြောင်း ရုတ်တရက် အမေးခံလိုက်ရသဖြင့် မျက်နှာပေါ်တွင် အနည်းငယ် နေရခက်သွားလေသည်။
သို့သော် ချက်ချင်းပင် စိတ်အေးသွားပြီး တုမားမားကို မေးလိုက်လေ၏။
"ကိုယ်တော် မမှတ်မိတော့ဘူး... တုမားမား မှတ်မိသေးလား"
"မှတ်မိတာပေါ့... အရှင်မင်းကြီး က ခုနစ်လသား အရွယ်မှာ သွားစပေါက်တာပါ... အဲဒီတုန်းက ရှန်းဖေးမယ်မယ် က အရှင်မင်းကြီး ကိုက်ဆော့ဖို့ သွားကိုက်တံလေးတွေတောင် အထူးတလည် လုပ်ခိုင်းထားသေးတယ်"
ဤပျော်စရာ ဇာတ်လမ်းလေးကို လင်ဝမ်ယိ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်သည်။
ဒုတိယမင်းသားလည်း အလွန် စိတ်ဝင်စားနေလေ၏။
သို့သော် တုမားမားမှာ အကဲခတ် တော်သူ ဖြစ်ရာ ဘာပြောသင့်သည် ဘာမပြောသင့်သည်ကို ရှင်းလင်းစွာ သိရှိထားပေသည်။
ဒုတိယမင်းသားက ထပ်မံ မေးမြန်းလျှင်တောင် ဘာအကြောင်းအရာမျှ ပြောမည် မဟုတ်ချေ။
"ကဲပါ... ဒီကိစ္စတွေကို အားတဲ့အချိန်မှ ဆက်ပြောကြတာပေါ့... ချွမ်ချီ ရဲ့ လက်ရာတွေကို အလဟဿ မဖြစ်စေနဲ့ဦး... အေးသွားရင် စားမကောင်းတော့ဘူး"
ထို့နောက် အားလုံးက တူများကို ကိုင်ကာ စားသောက်ကြတော့သည်။
အခန်းထဲတွင် ကြမ်းပြင်အောက် မီးဖို ရှိနေသဖြင့် ထမင်းဟင်းများကလည်း အေးသွားရန်မှာလည်း မလွယ်ကူပေ။
သို့သော် ဆောင်းရာသီတွင် ပူပူနွေးနွေး အစားအစာများကို မစားရလျှင် အရှင်မင်းကြီး၏ ဗိုက်ထဲတွင် တစ်ခုခု လိုအပ်နေသလို ခံစားရလေသည်။
ထို့ကြောင့် သူက စကားစလိုက်သည်။
"မနက်ဖြန်ကျရင် ချင်အန်း ကို သိုးသား နည်းနည်း ပို့ခိုင်းလိုက်မယ်... မင်း လက်အောက်က အစေခံမလေးက ဟင်းရည် ချက်တတ်လား"
"ဟင်းရည် ဟုတ်လား" ဟု လင်ဝမ်ယိ တွေးလိုက်မိသည်။
လင်ဝမ်ယိ အနေဖြင့် ယခင်က တစ်ခါမျှ မစားဖူးခဲ့သလို ချွမ်ချီ လည်း ချက်တတ်မည် မဟုတ်ဟု တွေးလိုက်မိ၏။
ထို့ကြောင့် သူမက ခေါင်းခါပြလိုက်သည်။
"ဒါဆိုလည်း ချင်အန်း ကို တော်ဝင်စားဖိုဆောင် က လူတွေကို သေချာ ပြင်ဆင်ခိုင်းပြီးမှ ပို့ခိုင်းလိုက်မယ်... အဲဒီဟာက ပြုတ်ရင်း စားရင်းနဲ့ ဆောင်းတွင်းမှာ စားရတာ အကောင်းဆုံးပဲ"
ဤစကားကြောင့် လင်ဝမ်ယိမှာ အနည်းငယ် စိတ်ဝင်စားသွားရလေသည်။
ဒုတိယမင်းသားလည်း အလွန် တက်ကြွနေပြီး စားချင်ဇောဖြင့် လက်ကို ပွတ်သပ်နေတော့၏။
အကယ်၍ ဤစကားကို ပြောလိုက်သူမှာ လင်ဝမ်ယိ သာဆိုလျှင် သူက အဆုံးအစွန်အထိ မေးမြန်းနေမည်မှာ သေချာလှပေသည်။
သို့သော် အရှင်မင်းကြီးက ပြောဆိုလိုက်ခြင်း ဖြစ်ရာ သူ၏ ရင်ထဲတွင် သိချင်စိတ်များ ပြင်းထန်နေလျှင်တောင် လွယ်လွယ်နှင့် မမေးရဲပေ။
ညစာစားပွဲလေးက တိတ်ဆိတ်ငြိမ်သက်ပြီး နွေးထွေးမှုအပြည့်ဖြင့် ပြီးဆုံးသွားခဲ့လေသည်။
အပြင်ဘက်တွင် နှင်းများက အဆက်မပြတ် ကျနေဆဲ ဖြစ်သော်လည်း အခန်းထဲမှာတော့ ရယ်မောသံများနှင့် ပြည့်နှက်နေလေသည်။
ဆောင်းရာသီမှာ ညတာရှည်တတ်၍ ညစာ စားပြီးနောက်တွင်လည်း လုပ်စရာ အထူးတလည် မရှိတော့ပေ။
ထို့ကြောင့် အခန်းထဲတွင်သာ နေပြီး အချိန်ကုန်စေမည့် အလုပ်များကိုသာ ရှာလုပ်နေရတော့သည်။
ဒုတိယမင်းသားကတော့ တုမားမား၏ အဖော်ပြုမှုဖြင့် အနောက်ဘက် ခြံဝင်းတွင် စာရေးလေ့ကျင့်နေလေသည်။
ဒုတိယမင်းသမီးလေးမှာလည်း ကျိမားမား၏ စနောက်မှုကြောင့် တခစ်ခစ် ရယ်မောသံလေးများ ထွက်ပေါ်နေ၏။
ပင်မအခန်းထဲတွင်မူ အရှင်မင်းကြီးနှင့် လင်ဝမ်ယိတို့က အခြားကိစ္စတစ်ခုကို လေ့လာဆွေးနွေးနေကြလေသည်။
ဥပမာအားဖြင့် အိပ်ဆောင်ဝင်ချိန်တွင် အသံမည်မျှ တိုးတိုးလေး ဖြစ်အောင် လုပ်ရမည် ဆိုသည်မျိုးပင်။
အရှင်မင်းကြီးမှာ နွေရာသီအပန်းဖြေနန်းတော် သို့ ပြန်ရောက်ကတည်းက ဆန္ဒမပြည့်ဝသေးသည့် ပုံစံမျိုးကို အထင်းသား ပြသနေလေသည်။
မနေ့ကမှ ရေပူစမ်းကန် တွင် သောင်းကျန်းထားခဲ့ပြီးဖြစ်သော်လည်း ယနေ့တွင် အိပ်ခန်းထဲ၌ အခြားသော ပုံစံသစ်များကို ထပ်မံ ရှာဖွေနေပြန်သည်။
သူကတော့ ဤကိစ္စအပေါ် အလွန်အမင်း ပျော်မွေ့နေပြီး မမောမပန်းနိုင် ဖြစ်နေတော့၏။
လင်ဝမ်ယိ ခမျာမှာတော့ သနားစရာပင် ငိုချင်လျက်နှင့် မျက်ရည်မထွက်ရုံသာမက တစ်ကိုယ်လုံး အရိုးများပင် ပြုတ်ထွက်တော့မတတ် နှိပ်စက်ခံနေရရှာသည်။
ဆန္ဒများ ပြင်းပြလာချိန်တွင် အရှင်မင်းကြီး၏ ရင်ခွင်ပေါ်သို့ မှောက်ချလိုက်လေသည်။
ထို့နောက် ငိုသံဖြင့် ပြောလိုက်လေ၏။
"အရှင်မင်းကြီး... အပျော်အပါး လွန်ကျူးရင် ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ်"
သူမ၏ စိတ်နေစိတ်ထားဖြင့် ဤစကားကို ပြောထွက်လာခြင်းမှာ တကယ့်ကို ရှားပါးလှပေသည်။
သို့သော် အရှင်မင်းကြီးက တခစ်ခစ် ရယ်မောလိုက်ပြီး ဆွဲဆောင်မှု အပြည့်ရှိသော အသံဖြင့် ပြန်ပြောလိုက်သည်။
"ဒါဆိုလည်း မင်းရဲ့ အကြံအစည်တွေ လျှော့လိုက်လေ... ကိုယ်တော့်ကို တစ်နေ့လုံး စိတ်တွေ လှုပ်ရှားလာအောင် လာလာမဆွယ်နဲ့လေ"
ထိုနောက်ဆုံး စကားလုံးများကို ပြောနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်ကလည်း စကားနှင့်အတူ လိုက်ပါ လှုပ်ရှားလာတော့သည်။
လင်ဝမ်ယိမှာ မူလက စောင်ကို ကိုက်ထားခဲ့သော်လည်း နောက်ပိုင်းတွင် အရှင်မင်းကြီး၏ ပခုံးကို ကိုက်ချလိုက်တော့၏။
သူမက မတရားခံရမှုကို တွန်းလှန်သည့် အနေဖြင့် လုပ်လိုက်ခြင်းပင် ဖြစ်သည်။
အရှင်မင်းကြီးကလည်း ဤမျှလောက် နာကျင်မှုကို ဂရုမစိုက်ဘဲ သူမကို ပွေ့ဖက်ကာ အချစ်လှိုင်းဂယက်သစ်များထဲသို့ ထပ်မံ နစ်မြုပ်သွားစေတော့သည်။