အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း (၂၅ ) အသံတိတ်နစ်နာသွားရသော ကျားတုန်းရွှီ
"စက်ရုံမှူး ငါ့ကို တစ်မိနစ်လောက် အချိန်ပေးပါ၊ တစ်မိနစ်အတွင်း ငါဖြေရှင်းပေးပါ့မယ်"
ဟယ်ယွီကျူးက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
ရှားကျူးကဲ့သို့သော မျက်နှာလို မျက်နှာရလုပ်တတ်သူ ထွက်ရပ်လာသည်ကို ချန်ကောဟွားက မြင်လိုက်ရသော်လည်း ဤသို့သော သတ္တိကြောင်သည့် ယောက်ျားမျိုးကို အဖက်လုပ်ပြောဆိုရန် ဝန်လေးနေသဖြင့် နေရာတွင်ပင် ရပ်ကာ သူ့အား စွမ်းဆောင်ပြရန် တစ်မိနစ် အချိန်ပေးလိုက်သည်။
ထို့နောက်တွင် ဟယ်ယွီကျူးတစ်ယောက် ကျားကျန်းရှီ၏ အရှေ့သို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူက ကျယ်လောင်သောအသံဖြင့်
"အဒေါ်ကျား ဒီမှာ ဆက်မစောင့်နေပါနဲ့တော့၊ ငါတို့ သွားကြရအောင်၊ ဆန်နည်းနည်းလေး ကိစ္စပဲ မဟုတ်ဘူးလား။ ငါ့အခန်းထဲမှာ ဆန်တွေ အများကြီး ကျန်နေသေးတယ်၊ အချိန်ကျရင် ပန့်ကန့်ကို ငါ့ဆီ လွှတ်လိုက် ငါသူ့ကို ပေးလိုက်ပါ့မယ်" ဟု ပြောလိုက်သည်။
ချန်ကောဟွားက လုံခြုံရေးဌာနကို ခေါ်လာတော့မည်ကို ကျားကျန်းရှီ မြင်တွေ့ရသောအခါ အမှန်တကယ်တွင် သူမ၏ စိတ်ထဲ၌လည်း အလွန်တရာ ကြောက်ရွံ့တုန်လှုပ်နေခဲ့ပေသည်။
သို့သော် မည်သည့် အကျိုးအမြတ်မျှ လက်ဝယ်မရရှိခဲ့ခြင်းက သူမအား အလွန်တရာ မကျေမနပ် ဖြစ်စေသည်။ ဟယ်ယွီကျူးက ပန့်ကန့်အား ဆန်အနည်းငယ် ပေးမည်ဟု ပြောလာသည်ကို ကြားလိုက်ရသောအခါ သူမ၏ စိတ်ထဲတွင်လည်း ဤနေရာ၌ ဆက်လက်နေထိုင်လိုစိတ် မရှိတော့ချေ။ထို့ကြောင့် သူမလည်း အခြေအနေကို နားလည်စွာဖြင့် ဆန်ကြိတ်စက်ရုံထဲမှ ထွက်ခွာသွားခဲ့သည်။
သို့သော် ထွက်ခွာသွားချိန်တွင် ချန်ကောဟွားအား အငြိုးတကြီးဖြင့် တစ်ချက် လှည့်ကြည့်သွားရန် မမေ့လျော့ခဲ့ပေ။ထို့နောက် အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် ဟယ်ယွီကျူး၊ ချင်ဟွိုင်ယွီတို့နှင့်အတူ ထွက်ခွာသွားကြလေတော့သည်။
ကျားကျန်းရှီတို့ လူစု ထွက်သွားကြပြီးနောက်တွင် ချန်ကောဟွားနှင့် ချင်ကျင်းယွီတို့လည်း သဘာဝကျစွာပင် အိမ်သို့ ပြန်ရတော့မည် ဖြစ်သည်။ ဆန်များကို ယူဆောင်ကာ ဒုတိယစက်ရုံမှူးလီအား နှုတ်ဆက်ပြီးနောက် သူတို့နှစ်ဦးလည်း ခြံဝင်းဆီသို့ ပြန်လာခဲ့ကြသည်။
လူအားလုံး လူစုကွဲသွားကြပြီးနောက်တွင်လည်း ကျားကျန်းရှီ မသိရှိနိုင်သော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာသည်။
ဆန်ကြိတ်သည့်အမျိုးသမီးမှာ ဤကိစ္စအတွက် တွေးမိလေလေ ဒေါသထွက်လေလေ ဖြစ်နေသည်။ နောက်ဆုံးတွင် သူမသည် သမဝါယမအသင်း၏ ဝန်ထမ်းတစ်ဦးဖြစ်ပါလျက်နှင့် အရူးမကြီးတစ်ယောက်၏ အနိုင်ကျင့်မှုကို မည်သို့ သည်းခံနေရမည်နည်းဟု တွေးတောမိသည်။ထို့ကြောင့် သူမက ဆန်ကြိတ်စက်ရုံမှ တိုက်ရိုက်ထွက်ခွာလာခဲ့ပြီး သမဝါယမအသင်း၏ ရိက္ခာဇုန်ဆီသို့ အလျင်စလို သွားရောက်ခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ရိက္ခာဇုန်တစ်ခုလုံးရှိ ဆိုင်ခန်းအားလုံးနီးပါးကို သူမက လှည့်လည်သွားရောက်ခဲ့သည်။ ဆိုင်ခန်းတိုင်းတွင် သူမက ယနေ့ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ပြောပြခဲ့သည်။
သူတို့အားလုံးကို သတိထားကြရန်နှင့် နောင်တစ်ချိန်တွင် ကျားကျန်းရှီကဲ့သို့သော အဘွားအိုမျိုးကို တွေ့ဆုံရပါက သူမအပေါ် အနည်းငယ်မျှပင် စေတနာထားခြင်း လုံးဝ မပြုလုပ်ကြရန် သတိပေးခဲ့သည်။ သို့မဟုတ်ပါက တွေ့ဆုံရသူတိုင်း ကံဆိုးရပေလိမ့်မည်။
သမဝါယမအသင်း ရိက္ခာဇုန်မှ ရဲဘော်များသည် ဤသတင်းကို သိရှိသွားပြီးနောက် တစ်ယောက်ချင်းစီတိုင်းမှာ အလွန်တရာ သတိထားလာခဲ့ကြသည်။ နောက်ဆုံးတွင် သတင်းက တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ပြန့်နှံ့သွားခဲ့ရာ မကြာမီမှာပင် သမဝါယမအသင်းတစ်ခုလုံးက ကျားကျန်းရှီဟူသော လူအကြောင်းကို သိရှိသွားကြလေတော့သည်။
ထိုအချိန်မှစ၍ ကျားကျန်းရှီတို့ မိသားစုဖြစ်စေ၊ သူမ၏ မြေး၊ မြေးမိန်းကလေးများပါမကျန် ပစ္စည်းလာရောက်လဲလှယ်ပါက အညံ့စားများကိုသာ ပေးအပ်ကြတော့မည်ဖြစ်ပြီး သူတို့၏ အရောင်းအဝယ်ကို လက်မခံဟုပင် ဆိုလာကြသည်။
ဤအရာအားလုံးနှင့် ပတ်သက်၍ အိမ်သို့ ပြန်ရောက်ကာစဖြစ်သော ကျားကျန်းရှီကမူ သူမ၏ ရမ်းကားသော အပြုအမူများကြောင့် သမဝါယမအသင်း၏ အမည်ပျက်စာရင်းသို့ ဝင်ရောက်သွားခဲ့ရကြောင်းကို လုံးဝ သိရှိထားခြင်း မရှိခဲ့ပေ။
ယခုအချိန်တွင် သူမသည် ပန့်ကန့်၏ လက်ထဲမှ ဆန်တစ်အိတ်ကို ဝမ်းသာအားရဖြင့် လှမ်းယူလိုက်သည်။ ဤဆန်တစ်အိတ်သည် သဘာဝကျစွာပင် ဟယ်ယွီကျူး လာရောက်ပို့ဆောင်ပေးခြင်း ဖြစ်သည်။
အညံ့ဆုံးအဆင့်ရှိသော ဆန်ဖြစ်သော်လည်း အရေအတွက်မှာ ခုနစ်ကျင်း ရှစ်ကျင်းခန့် ရှိနေသဖြင့် အိမ်အတွက် လအနည်းငယ်ကြာအောင် ဆက်လက်တောင့်ခံထားရန် လုံလောက်နေပေသည်။
စိတ်ထဲတွင် ကျေနပ်အားရနေစဉ်မှာပင် ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများကို သူမက ထပ်မံ သတိရသွားပြန်သည်။ ချန်ကောဟွား၏ အိမ်ရှိရာဘက်သို့ လှမ်းကြည့်ရင်း သူမက သွားဖိ၍အံကြိတ်ကာ ဒေါသတကြီး ဆဲရေးလိုက်သည်။
"ဒီခွေးကောင်၊ ဒီလောက်ကောင်းတဲ့ ဆန်တွေကို စားနေတာ၊ နင်သေမှာကို တကယ် မကြောက်ဘူးပေါ့လေ"
ကျားကျန်းရှီက ဆဲရေးလိုက်ပြီးနောက်တွင် သူမ၏ သားဖြစ်သူ ကျားတုန်းရွှီသည်လည်း ယနေ့ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို သိရှိသွားပြီးနောက် တစ်ခဏချင်းအတွင်း ဒေါသအလိပ်လိပ် ထွက်ပေါ်လာသည်။
"ဘာ၊ ချန်ကောဟွားက မြေကြီးပေါ် ပြုတ်ကျနေတဲ့ ဆန်တွေကိုတောင် ငါတို့ကို မပေးချင်ဘူးပေါ့လေ"
"ဒီတိရစ္ဆာန်ကို မိုးနတ်မင်းကြီးက ဘာလို့ မသတ်သေးတာလဲ"
"ခွေးမသား ချန်မိသားစု"
ကျားမိသားစု သားအမိနှစ်ယောက် ဆဲရေးပြီးစီးသွားပြီးနောက်တွင် ရုတ်တရက်ဆိုသလို ကြည်လင်သော ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံသည် စက်ဘီးကြီးမှ ထွက်ပေါ်လာသော အသံပင် ဖြစ်သည်။ ထိုအသံ၏ အရင်းအမြစ်မှာ ချန်မိသားစု၏ အိမ်ဘက်မှ တိုက်ရိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
စက်ဘီး၏ အသံကို ကြားလိုက်ရသောအခါ ကျားမိသားစုဝင် အားလုံးသည် ချန်မိသားစု၏ အိမ်ဘက်သို့ ကြက်သေသေကာ လှမ်းကြည့်မိသွားသည်။ ထိုအထဲတွင် ကျားတုန်းရွှီမှာ တိုက်ရိုက်ပင် အံ့သြမှင်သက်သွားရသည်။
သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။ မိမိတို့ မိသားစုက ချန်မိသားစုကို ဆဲရေးလေလေ၊ ထိုချန်မိသားစုက ပို၍ ကောင်းမွန်စွာ နေထိုင်ရလေလေ ဖြစ်နေသည်မှာ အဘယ်ကြောင့်နည်း။
အဆင့်မြင့်ဆန်၊ လမုန့်၊ ဝက်သား စသည်ဖြင့် ရရှိခဲ့ပြီး ယခုအခါတွင် စက်ဘီးပင် ရှိနေပြီ ဖြစ်သည်။ ဤအရာများထဲမှ မည်သည့်အရာက သာမန်မိသားစုများ တောင်းတ၍ မရနိုင်သောအရာ မဟုတ်ပါသနည်း။သို့သော် သူ့လို ချန်ကောဟွားထံတွင်မူ သာမန်ရိုးရှင်းသော အရာများသာ ဖြစ်နေခဲ့ပေသည်။
အထူးသဖြင့် သူကိုယ်တိုင်မှာ မတ်တတ်ပင် မရပ်နိုင်သော မသန်စွမ်းသူတစ်ဦး ဖြစ်နေသေးကြောင်းကို တွေးမိလိုက်သောအခါ သူ၏ စိတ်အခြေအနေကို ချက်ချင်းပင် ပေါက်ကွဲသွားစေခဲ့သည်။
မိုးနတ်မင်းကြီးက ငါတို့ ကျားမိသားစုနဲ့ သူ့ရဲ့ ချန်မိသားစုကို အချင်းချင်း နေရာချင်း လဲလှယ်ပေးလိုက်တာများလား
ငါက ကျားမိသားစုကို ဆဲရေးလေလေ၊ ချန်မိသားစုကို ချီးမွမ်းလေလေဆိုရင် ငါတို့ ကျားမိသားစုက တဖြည်းဖြည်း ပိုကောင်းလာပြီး ချန်မိသားစုက တဖြည်းဖြည်း ပိုဆိုးရွားသွားမှာလား
စိတ်အခြေအနေ ပေါက်ကွဲနေသော ကျားတုန်းရွှီမှာ ထူးဆန်းသော စိတ်ကူးယဉ်အတွေးများဖြင့် တွေးတောနေသည်။သို့သော် ထိုအချိန်မှာပင် ကျားကျန်းရှီက သားဖြစ်သူ ဆဲရေးပြီးသည်ကို ကြားလိုက်ရသောအခါ နောက်မှလိုက်၍ ဝင်ဆဲသည်။
"ဒီချန်မိသားစုက နေ့တိုင်း အစားအသောက်ကောင်းတွေ စားတယ်၊ အသုံးအဆောင်ကောင်းတွေ သုံးတယ်၊ တစ်နေ့နေ့ကျရင် ပြဿနာတက်မှာ သေချာတယ်"
သို့သော် ဤအချိန်တွင် ကျားတုန်းရွှီက တစ်စုံတစ်ရာကို တွေးတောလိုက်ပြီးနောက် တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"ချန်ကောဟွားက တကယ့်ယောက်ျားအစစ်ပဲ၊ အရည်အချင်းတွေက အရမ်းထက်မြက်လွန်းတယ်၊ ဒါကြောင့်လည်း အစားအသောက်ကောင်းကောင်းစားပြီး အသုံးအဆောင်ကောင်းကောင်း သုံးသင့်တာ၊ ငါတို့ ကျားမိသားစုက ဘာလုပ်လုပ် အဆင်မပြေဘူး၊ ဒါကြောင့် ဒုက္ခပိုခံသင့်တာပေါ့"
သို့သော် စကားပြောဆို၍ ပြီးဆုံးရုံသာ ရှိသေးသည် ကျားတုန်းရွှီမှာ ချန်ကောဟွား ကံဆိုးမည့်အချိန်ကို စောင့်ဆိုင်းရန် မကြိုးစားရသေးမီ သူကိုယ်တိုင်ပင် တစ်ခဏချင်းအတွင်း ကံဆိုးမိုးမှောင်ကျသွားခဲ့သည်။
ဒေါသထွက်နေသော ကျားကျန်းရှီက တစ်ခဏချင်းအတွင်း လက်ပြန်ဖြင့် ပါးတစ်ချက် ရိုက်ချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
ဖြောင်း
ကျယ်လောင်သော ပါးရိုက်သံတစ်ချက်က အခန်းအတွင်း၌ ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင် ကျားမိသားစုဝင် အားလုံးမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ကျားကျန်းရှီ ကိုယ်တိုင်ပါမကျန် အလွန်တရာ အံ့သြမှင်သက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် စောစောက ဒေါသထွက်နေချိန်တွင် ကျားတုန်းရွှီအား ရိုက်နှက်ရန် လုံးဝ တွေးတောထားခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။
သို့သော် ချန်ကောဟွား၏ အရှေ့တွင် ရမ်းကားဆူပူခဲ့ရသည့်အပြင် အရှက်ကွဲခဲ့ရသောကြောင့် ချန်မိသားစုနှင့် ပတ်သက်၍ ကောင်းသတင်းတစ်ခွန်းကိုမျှ လုံးဝ နားမထောင်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
ထို့ကြောင့် အခန်းအတွင်း၌ ချန်မိသားစုအား ချီးမွမ်းသော အသံ ရုတ်တရက် ထွက်ပေါ်လာသောအခါ ကျားတုန်းရွှီအား မရိုက်နှက်လိုသော်လည်း မသိစိတ်၏ စေခိုင်းမှုအရ လက်ပြန်ဖြင့် ပါးတစ်ချက် ရိုက်ချလိုက်မိခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ရိုက်နှက်ပြီးသွားခဲ့လေပြီ။ ကျားကျန်းရှီအနေဖြင့် သဘာဝကျစွာပင် ကျားတုန်းရွှီအား တောင်းပန်နိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ မိခင်ဖြစ်သူက သားဖြစ်သူအား တောင်းပန်ရမည့် အကြောင်းပြချက်မျိုး မရှိပေ။
"နင် ဒီခွေးကောင် နင်က ကျားမိသားစုက လူလား ဒါမှမဟုတ် ချန်မိသားစုက လူလား၊ ဒီနေ့ ငါက ချန်ကောဟွားရဲ့ အနိုင်ကျင့်တာကို ဘယ်လောက်တောင် ခံခဲ့ရလဲ၊ ဒါကို နင်က သူ့ဘက်ကနေ ဝင်ပြောရဲသေးတယ်၊ ပြီးတော့ ငါတို့ ကျားမိသားစုကိုတောင် ကျိန်ဆဲနေသေးတယ်ပေါ့လေ၊ နင်က သူ့လို ချန်ကောဟွားကို အဖေအဖြစ် အသိအမှတ်ပြုချင်နေတာလား"
ဘေးနားရှိ ပန့်ကန့်တို့ သုံးယောက်ကလည်း ကျားတုန်းရွှီအား မျက်စောင်းတစ်ချက် ထိုးလိုက်ကြသည်။ သူတို့၏ အမြင်တွင် မိမိတို့၏ ဖခင်ဖြစ်သူမှာ အရည်အချင်းဆို၍ လုံးဝမရှိဘဲ တစ်ကိုယ်လုံးတွင် ဆိုးရွားလှသော ဒေါသများသာ ပြည့်နှက်နေသည်ဟု ထင်မြင်ကြသည်။
သို့သော် ယခုအခါတွင် ပို၍ လွန်ကဲလာကာ ချန်မိသားစု၏ နေထိုင်မှုက ပို၍ကောင်းမွန်သည်ဟု ထင်မြင်ပြီး ချန်မိသားစုအတွက် သားအဖြစ် ခံယူလိုနေသည်။ အကယ်၍ တကယ်တမ်း ချန်မိသားစု၏ သားအဖြစ် ခံယူလိုက်ပါက သူတို့မှာ ချန်ကောဟွား၏ မြေးများ ဖြစ်သွားပေလိမ့်မည်။
သဘာဝကျစွာပင် အသုံးမကျသော ဖခင်ဖြစ်သူအပေါ် အလွန်တရာ အထင်အမြင် သေးသွားကြသည်။
ကျားကျန်းရှီ၏ ဒေါသတကြီး ဆူပူကြိမ်းမောင်းမှုများနှင့် ကလေးများ၏ အထင်အမြင်သေးမှုများကို ရင်ဆိုင်လိုက်ရသောအခါ ကျားတုန်းရွှီ၏ စိတ်ထဲတွင် ပြောပြ၍မရနိုင်လောက်အောင် ခါးသီးနေခဲ့သော်လည်း မိမိ၏ အပြုအမူကို မည်သို့ ရှင်းပြရမည်ကို လုံးဝမသိရှိတော့သဖြင့် ပါးစပ်ပိတ်ကာ ကြိတ်မှိတ်ခံစားရသော ဆွံ့အသူတစ်ဦးအဖြစ်သာ နေထိုင်လိုက်ရလေတော့သည်။
……
အခန်း( ၂၆) ခြံဝင်းအတွင်းရှိ ပထမဆုံးသော စက်ဘီး
ကျားတုန်းရွှီ၏ အသိဉာဏ်ကင်းမဲ့သော အတွေးများကို ချန်ကောဟွား မသိရှိခဲ့ချေ။ အကယ်၍သာ သိရှိခဲ့ပါက ထိုသူအား မူလနေရာတွင်ပင် သေဆုံးသွားစေမည်မှာ အသေအချာပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မသန်စွမ်းသူတစ်ဦးကို သားအဖြစ် သူ အလိုမရှိခဲ့ပေ။
ယခုအချိန်တွင် သူနှင့် သူ၏ဇနီး ချင်ကျင်းယွီတို့သည် စက်ဘီးအား တွန်းကာ စက်ဘီးပေါ်တွင် ဆန်အိတ်တစ်အိတ်ကို တင်ဆောင်လျက် အိမ်ရှိရာသို့ အလျင်အမြန် သွားနေကြသည်။
ဤစက်ဘီးမှာ ဖုန်းဟွမ်(ဖီးနစ်)အမှတ်တံဆိပ် စက်ဘီးတစ်စီး ဖြစ်သည်။ ခြောက်ဆယ်ခုနှစ်များအတွင်း၌ ဤအရာသည် နောင်ခေတ်ကာလများမှ BMW နှင့် Mercedes ကားများထက်ပင် ရှားပါးလွန်းလှသည်။ အသစ်စက်စက် ဖုန်းဟွမ်အမှတ်တံဆိပ် စက်ဘီးကြီးအား လမ်းမပေါ်တွင် တွန်း၍သွားနေချိန်၌ ချန်ကောဟွားက အချိန်ရတိုင်း လက်မဖြင့် ဖိနှိပ်လိုက်သောအခါ ကလင်ကလင်ဟူသော အသံများ ထွက်ပေါ်လာခဲ့သည်။
လမ်းတစ်လျှောက်လုံးတွင် မရေမတွက်နိုင်သော အမျိုးသား၊ အမျိုးသမီးများက အားကျသော အကြည့်များဖြင့် လှမ်းကြည့်နေခဲ့ကြသည်။
"စက်ဘီးကြီးကွ၊ စက်ဘီးအသစ်ကြီး"
"ယောကျ်ားရေ မြန်မြန်လာကြည့်ပါဦး၊ သူတို့စီးနေတာ စက်ဘီးအသစ်ကြီးပဲ"
"ဘယ်တော့များမှ ငါတို့အိမ်မှာ စက်ဘီးတစ်စီး ရှိလာမှာလဲ၊ ဒါဆိုရင် ဘယ်လောက်တောင် မျက်နှာပန်းလှလိုက်မလဲ"
"ဟုတ်ပါရဲ့၊ ဖုန်းဟွမ်အမှတ်တံဆိပ်ကြီးေနာ်၊ အမှတ်တံဆိပ်မရှိတဲ့ စက်ဘီးမျိုး မဟုတ်ဘူး၊ တကယ်ကို အရည်အချင်းရှိတဲ့သူတွေပဲ"
……
ချန်ကောဟွားနှင့် ချင်ကျင်းယွီတို့ နှစ်ဦးသည် လမ်းပေါ်တွင် စက်ဘီးကို တွန်းလျက် လျှောက်သွားနေစဉ် လူပေါင်းများစွာ၏ အာရုံစိုက်ခြင်းကို ခံနေရသည်ဟု ခံစားနေကြရသည်။ ဤသည်မှာ နောင်ခေတ်ကာလများတွင် လမ်းပေါ်၌ Mercedes ကား မောင်းနှင်နေရသည်ထက်ပင် ပို၍ ခမ်းနားဝင့်ကြွားနေပေသေးသည်။
ဒါပေါ့ အခုလည်း ကြွားနေတာပါပဲ
လက်ရှိ စက်ဘီးထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှုစွမ်းအား မလုံလောက်သေးသော ပြဿနာကြောင့် ပြည်သူလူထုများ ဝယ်ယူနိုင်ရန် အကြီးအကျယ် ထောက်ပံ့ပေးနိုင်စွမ်း မရှိသေးချေ၊ ထို့ကြောင့် စက်ဘီးဝယ်ယူခွင့် လက်မှတ်ကို အသုံးပြုရန် လိုအပ်ပြီး ဈေးနှုန်းမှာလည်း အလွန်တရာ ကြီးမြင့်လှကာ တစ်ရာ့ရှစ်ဆယ်ယွမ်အထိပင် ဖြစ်ေနသည်။
ဤဈေးနှုန်းသည် သိပ်မကြီးမားလှသော အိမ်တစ်လုံးကို ဝယ်ယူရန်ပင် လုံလောက်နေပြီဖြစ်သည်။
ထိုအပြင် စက်ဘီးဝယ်ယူခွင့် လက်မှတ်များကို အဖွဲ့အစည်းများမှသာ ခွဲဝေချထားပေးပိုင်ခွင့် ရှိသောကြောင့် သာမန်မိသားစုများအနေဖြင့် ဤအရာကို လုံးဝ ရရှိနိုင်စွမ်း မရှိကြပေ။
ခြံဝင်းအတွင်း၌ လစာအများဆုံးဖြစ်သော ရီကျုံးဟိုင်ပင်လျှင် ငွေကြေးလုံလောက်မှု ရှိကောင်းရှိနိုင်သော်လည်း လက်မှတ်မရှိသောကြောင့် စက်ဘီးတစ်စီးကို ဝယ်ယူနိုင်စွမ်း မရှိခဲ့ချေ။
ခုနစ်မိနစ် ရှစ်မိနစ်ခန့် ကြာပြီးနောက် နောက်ဆုံးတွင် ချန်ကောဟွားနှင့် ချင်ကျင်းယွီတို့သည် စက်ဘီးကို တွန်းကာ ဆန်အိတ်ကို သယ်ဆောင်လျက် ခြံဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြသောအခိုက်အတန့်တွင် ခြံဝင်းကြီးတစ်ခုလုံးမှာ အံ့သြတုန်လှုပ်သွားကြလေတော့သည်။
"ချန်ကောဟွား၊ မင်း မင်းက စက်ရုံက စက်ဘီးကို ဘယ်လိုလုပ် တွန်းလာခဲ့တာလဲ"
တံခါးဝတွင် လေညင်းခံနေသော ရီကျုံးဟိုင်က မြင်တွေ့သွားသောအခါ တစ်ခဏချင်းအတွင်း ပါးစပ်အဟောင်းသားဖြစ်သွားလောက်အောင် အံ့သြသွားခဲ့ပြီးနောက် ချန်ကောဟွား၏ အရှေ့သို့ တည့်တည့်မတ်မတ် လျှောက်သွားကာ မနေနိုင်ဘဲ အံ့သြတကြီး ပြောဆိုလိုက်သည်။
သူ၏ အမြင်တွင်မူ ဤဖုန်းဟွမ်အမှတ်တံဆိပ် စက်ဘီးကို ဒုတိယစက်ရုံမှူးလီ တွန်းလာခဲ့ခြင်းဖြစ်သဖြင့် အစိုးရပိုင်ပစ္စည်း ဖြစ်ကြောင်းမှာ သိသာထင်ရှားလှသည်ဟု မှတ်ယူနေခဲ့သည်။
ရီကျုံးဟိုင်က အံ့သြတကြီး ပြောဆိုပြီးနောက်တွင်လည်း ပတ်ဝန်းကျင်ရှိ ရွှီတမောင်း အစရှိသော လူများကလည်း မယုံကြည်နိုင်သော အမူအရာများဖြင့် ချန်ကောဟွားအား လှမ်းကြည့်နေခဲ့ကြသည်။
လူတိုင်း၏ အံ့သြတုန်လှုပ်မှုများကို ရင်ဆိုင်ရချိန်တွင် ချန်ကောဟွားက ခပ်အေးအေးပင်
"ဦးလေးကြီးရီ၊ ငါ့ရဲ့ ဒီစက်ဘီးက စက်ရုံကလို့ ဘယ်သူက ပြောလဲ" ဟု ပြန်လည်ဖြေကြားလိုက်သည်။
"ဘာ၊ စက်ရုံက မဟုတ်ဘူးဟုတ်လား၊ ဒါဆိုရင် ဒီစက်ဘီးကြီးက မင်းအိမ်ကဟာလို့ ပြောချင်တာလား"
ဘေးနားရှိ ရွှီတမောင်းက အံ့သြတကြီး အော်ဟစ်လိုက်သည်။
ဤမြင်ကွင်းမှာ သူ့အတွက် အလွန်တရာ ကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေခဲ့ပေသည်။ သူ့အတွက်မူ ပုံမှန်အလုပ်သွားချိန်တွင် စက်ဘီးကြီးကို ကိုင်တွယ်ကြည့်ရန်ပင် အခွင့်အရေး မရှိခဲ့သော်လည်း ယခုအခါတွင် သူတစ်ပါးက တိုက်ရိုက်ပင် တစ်စီး ပိုင်ဆိုင်နေခဲ့လေပြီ။
ဤအရာက ရွှီတမောင်းအား မနာလိုဖြစ်လွန်း၍ မျက်လုံးများပင် နီရဲလာစေခဲ့သည်။ သို့သော် သူ၏ ကျယ်လောင်သော အော်ဟစ်သံ ထွက်ပေါ်လာသည်နှင့်အမျှ ချန်မိသားစုအား အမုန်းတီးဆုံးဖြစ်သော ကျားကျန်းရှီတို့ မိသားစုမှလွဲ၍ ခြံဝန်းအတွင်းရှိ အခြားလူများအားလုံးက ဝိုင်းအုံလာကြသည်။
လူတိုင်းက ချန်ကောဟွားအား ပြင်းပြသော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
သိထားရမည်မှာ ဤအရာသည် စက်ဘီးပင် ဖြစ်သည်။ သာမန်လူများ တစ်သက်လုံး ပိုင်ဆိုင်နိုင်စွမ်း မရှိသော ပစ္စည်းကောင်းကြီး ဖြစ်သည်။
"ဟီးဟီး အကိုကောဟွား၊ တကယ်တော့ ဒါက အကို့ရဲ့ စက်ဘီးကိုး"
ရွှီတမောင်းက မျက်လုံးတစ်ချက် ဝေ့ဝဲလိုက်ကာ မိမိကိုယ်ကိုယ် အမူအရာ ပျက်ယွင်းသွားကြောင်း သိရှိလိုက်သော်လည်း အသစ်စက်စက် စက်ဘီးကြီးကို လှမ်းကြည့်လိုက်ပြီး မနေနိုင်ဘဲ မျက်နှာလိုမျက်နှာရ ပြုံးကာ ပြောလိုက်သည်။
"အကိုကောဟွားက တကယ်ကို တော်တာပဲ၊ ဒါက ငါတို့ ခြံဝင်းထဲက ပထမဆုံး စက်ဘီးပဲ ဖြစ်ရမယ်"
စကားပြောနေစဉ်အတွင်း ရွှီတမောင်းက ချန်ကောဟွားအား ကြည့်နေသော မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများ၊ အားကျမှုများဖြင့် အပြည့်အဝ ဖုံးလွှမ်းနေခဲ့သည်။
လူတိုင်းကလည်း အကြောင်းပြချက်ကို သိရှိထားကြသည်။ ရွှီတမောင်းဟူသော ဤကောင်လေးသည် အရိုးထဲစွဲအောင် ဆိုးသွမ်းနေသူမျိုး ဖြစ်သည်။ အထူးသဖြင့် ဟယ်ယွီကျူးအပေါ်တွင်မူ မည်မျှပင် ရက်စက်နိုင်သည်ဖြစ်စေ ရက်စက်မည့်သူမျိုး ဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ ငယ်စဉ်အခါကတည်းက သူသည် ဟယ်ယွီကျူး၏ ရိုက်နှက်မှုဖြင့် ကြီးပြင်းလာခဲ့ရသူဖြစ်ရာ စိတ်ထဲတွင် တစ်ဖက်လူအပေါ် အသေအချာပင် နက်ရှိုင်းစွာ မုန်းတီးနေခဲ့ပေသည်။
သို့သော် ချန်ကောဟွားအပေါ်တွင်မူ ရွှီတမောင်းက လုံးဝ တခြားစီ ဖြစ်နေခဲ့သည်၊ အရင်က အတင်းအဖျင်းများ ပြောဆိုခဲ့သည်ကမှန်သော်လည်း ထိုသည်မှာ တစ်ဖက်လူတွင် အရည်အချင်းမရှိဟု ထင်မြင်သောကြောင့်ပင် ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ချန်ကောဟွား၏ အိမ်တွင် အသားငါး ဟင်းလျာများလည်း အလျှံပယ်ရှိနေပြီး ဖုန်းဟွမ်အမှတ်တံဆိပ် စက်ဘီးကြီးလည်း ရှိနေခဲ့ရာ ထိုကဲ့သို့သော နတ်စည်းစိမ်စံစားသလို နေထိုင်မှုမျိုးက သူ့အား အားကျလွန်း၍ သေလုမတတ် ဖြစ်စေခဲ့သည်။
"အကိုကောဟွား၊ အာ မဟုတ်ဘူး၊ အစ်ကိုကြီး ငါတစ်ချက်လောက် ကိုင်ကြည့်လို့ ရမလား"
ရွှီတမောင်းက ခါးညွှတ်ဦးညွှတ်ကာ ပြောလိုက်သည်။
ချန်ကောဟွားက ဤကဲ့သို့သော လူယုတ်မာမျိုးနှင့် အနည်းငယ်မျှပင် ပတ်သက်လိုခြင်း မရှိသဖြင့် တိုက်ရိုက်ပင် ခပ်အေးအေးဖြင့် ပြောလိုက်သည်။
"ကိုင်ချင်ရင် ကိုယ့်ဟာကိုယ် သွားဝယ်၊ ငါ့ဆီမှာ လာပြီး အရိပ်မပြနဲ့"
အနည်းငယ် အေးစက်နေသော ချန်ကောဟွား၏ စကားအောက်တွင် ရွှီတမောင်းမှာ အနည်းငယ်မျှပင် မကျေမနပ်ဖြစ်ခြင်း မရှိခဲ့ချေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ချန်ကောဟွားအား မှီခိုတွယ်ကပ်ရန် ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချမှတ်ထားပြီးဖြစ်သောကြောင့်ဖြစ်သည်။ဤအတွေးဖြင့် ရွှီတမောင်းက အရှက်မရှိ ပြုံးဖြီးဖြီးလုပ်ကာ စကားနားထောင်သော ခွေးတစ်ကောင်ကဲ့သို့ ရိုသေလေးစားစွာဖြင့် ပြောသည်။
"ဟုတ်ကဲ့ပါ၊ အစ်ကိုကြီး"
ဘောင်းဘီတိုကြီး ဝတ်ဆင်ထားသော လျိုကွမ်းထျန်းသည်လည်း ဝိုင်းအုံလာပြီး အနီးသို့ ချဉ်းကပ်ကာ
"ဘုရားရေ၊ ဒါက ဖုန်းဟွမ်အမှတ်တံဆိပ် စက်ဘီးကြီးပဲ၊ နာမည်ကြီးပစ္စည်းပဲ၊ ဦးလေးကောဟွား၊ ဦးလေးက တကယ်ကို အရည်အချင်းရှိတာပဲ၊ ဒီလိုပစ္စည်းမျိုးကိုတောင် လက်ဝယ်ရအောင် လုပ်နိုင်တယ်" ဟု ပြောလိုက်သည်။
"ဟုတ်ပါရဲ့၊ ငါကတော့ ငါတို့ ခြံဝင်းကြီးထဲမှာ ဦးလေးကြီးရီက အရင်ဆုံး စက်ဘီးရမယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ ဦးလေးဖြစ်နေမယ်လို့ တကယ်ကို ထင်မထားဘူး"
အင်္ကျီမဝတ်ဘဲ ကိုယ်ဗလာဖြစ်နေသော လျိုကွမ်းဖူကလည်း လေးစားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ဖျတ်ခနဲဆိုသလိုပင် ထိုနေရာတွင် မျက်နှာလိုမျက်နှာရ လုပ်တတ်သော နောက်ထပ် လူနှစ်ယောက် ထပ်မံ ပေါ်ထွက်လာသည်နှင့်အမျှ လူတိုင်းက သူတို့၏ အကြည့်များကို ဦးလေးကြီးရီ ရှိရာဘက်သို့ လှည့်လိုက်ကြသည်။
ရီကျုံးဟိုင်၏ မျက်နှာမှာ တစ်ခဏချင်းအတွင်း ညိုမည်းသွားခဲ့သည်။
မှန်ပေသည်။ ရီကျုံးဟိုင်ကိုယ်တိုင်ပင်လျှင် တစ်ဝင်းလုံးတွင် သူသည် ပထမဆုံး စက်ဘီးစီးနိုင်မည့်သူ ဖြစ်လာလိမ့်မည်ဟု ထင်မြင်ထားခဲ့ခြင်းဖြစ်သည်။သို့သော် မမျှော်လင့်ဘဲ နောက်ဆုံးတွင် ချန်ကောဟွား ဖြစ်လာခဲ့သည်။ မျက်နှာပျက်ခံလေ့မရှိသော ရီကျုံးဟိုင်အတွက်မူ ဤအရာက လက်ခံရန် အနည်းငယ် ခက်ခဲနေခဲ့ပေသည်။
သူ၏ စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေခဲ့သည်မှာ ငါသာ ပထမဆုံး စက်ဘီးဝယ်နိုင်ပြီး ခြံဝင်းထဲကို ဝင့်ကြွားပြီး ဝင်လာနိုင်မယ်ဆိုရင် ငါ့ရဲ့ ဂုဏ်သတင်းက အသေအချာကို နောက်ထပ် တစ်ဆင့် ထပ်မံ မြင့်တက်သွားမှာ…ဟူ၍ပင် ဖြစ်သည်။
ရီကျုံးဟိုင်က လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ချန်ကောဟွားအား အနည်းငယ် မကျေမနပ်ဖြစ်စွာ လှမ်းကြည့်သည်။
"ကောဟွား၊ မင်းရဲ့ ဒီစက်ဘီးဝယ်ခွင့် လက်မှတ်က ဘယ်ကရလာတာလဲ"
လူအများကလည်း နောက်မှလိုက်၍ စပ်စုချင်စိတ်များ ဖြစ်ပေါ်လာကြသည်။ အထူးသဖြင့် ကျားတုန်းရွှီပင် ဖြစ်သည်။
စိတ်ထဲတွင် မနာလိုဝန်တိုမှုများ လောင်ကျွမ်းနေသော သူသည် အခြားသူများ ကောင်းစားသည်ကို မမြင်တွေ့နိုင်သူဖြစ်သည်။အထူးသဖြင့် ချန်မိသားစုအပေါ်တွင် ပို၍ ဆိုးရွားပေသည်။
သူက ကြိုတင်၍ တွေးတောထားပြီး ဖြစ်သည်၊ ချန်ကောဟွားကသာ အဖြေမပေးနိုင်ပါက သူ၏ စက်ဘီးကို လူလွှတ်၍ သိမ်းဆည်းခံရရန် တိုင်တန်းရန်ဖြစ်သည်။
"ဟုတ်ပါရဲ့၊ ကောဟွား၊ ဒီစက်ဘီးလက်မှတ်က ရဖို့ မလွယ်ဘူးနော်၊ မင်း ဘယ်ကနေ ရလာတာလဲ၊ ငါ့ကို တစ်ချက်လောက် ထောက်ခံပေးပါလား၊ ဦးလေးလည်း တစ်စီးလောက် ဝယ်ရအောင်လို့ပါ"
ယန်ပုကွေ့က မျှော်လင့်တကြီးဖြင့် မေးမြန်းလိုက်သည်။
စက်ဘီးဝယ်ခွင့် လက်မှတ်များတွင်လည်း အမှတ်တံဆိပ် အမျိုးမျိုး ခွဲခြားထားပေသည်။
လက်မှတ်ရရှိသွားပြီဆိုတိုင်း မည်သည့် အမှတ်တံဆိပ် စက်ဘီးကိုမဆို လဲလှယ်၍ ရနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ၊ လက်မှတ်ပေါ်တွင် သတ်မှတ်ထားသော အမှတ်တံဆိပ် စက်ဘီးကိုသာ ဝယ်ယူနိုင်ပေသည်။
ဤစကားကို ကြားလိုက်ရသောအခါ ချန်ကောဟွားက ထိုလူများကို အဖက်မလုပ်လိုတော့ချေ၊ အဘယ်ကြောင့်ဆိုသော် ထိုလူများက သူ၏ အိမ်မှ အခွင့်အရေး ယူလိုနေကြကြောင်းကို သူ သိရှိထားသောကြောင့်ပင်ဖြစ်သည်။
သို့သော် ဆိုရိုးစကားရှိသည့်အတိုင်း သူခိုးခိုးသွားမည်ကို မကြောက်ဘဲ သူခိုးမျက်စိကျနေမည်ကိုသာ ကြောက်ရသည်ဖြစ်ရာ ဤတိရစ္ဆာန်အုပ်စုကိုသာ မခြောက်လှန့်ထားပါက ဤလူများက နောက်ကွယ်မှနေ၍ ဒုက္ခပေးရဲကြမည်မှာ သေချာလှပေသည်။ထို့ကြောင့် ချန်ကောဟွားက အေးစက်စွာဖြင့်
"ဒီစက်ဘီးကို ဘယ်လိုရလာလဲဆိုတာတော့ ခင်ဗျားတို့တွေ ဒုတိယစက်ရုံမှူးလီဆီ သွားမေးသင့်တယ်" ဟု ပြောလိုက်သည်။
ရှီး...
ထိုနေရာတွင် အသက်ရှူမှားသွားသော အသံများ ထွက်ပေါ်လာခဲ့သည်။ လူတိုင်း၏ မျက်နှာပေါ်တွင်လည်း အလွန်တရာ အံ့သြတုန်လှုပ်မှုများ ပေါ်လာသည်။
ဒါက အရမ်းကို အရည်အချင်းရှိလွန်းနေပြီ မဟုတ်ဘူးလား
သိထားရမည်မှာ တစ်ဝင်းလုံးတွင် ရီကျုံးဟိုင် အပါအဝင် ဦးလေးကြီး သုံးဦးတို့က ယခင်က ဒုတိယစက်ရုံမှူးလီထံသို့ လက်ဆောင်များ ပေးအပ်ခဲ့ကြဖူးသည်၊ ရည်ရွယ်ချက်မှာ စက်ဘီးလက်မှတ် တစ်စောင် ရရှိရန်အတွက်ပင် ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ ယခုတိုင် စောင့်မျှော်၍နေသော်လည်း မရရှိခဲ့ကြခြင်းပင် ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ ချန်ကောဟွားက လက်မှတ်ရရှိရုံသာမကဘဲ စက်ရုံခေါင်းဆောင်ကပင် ကိုယ်တိုင် လာရောက်ပို့ဆောင်ပေးခြင်းခံခဲ့ရသည်။
ဤကဲ့သို့ နှိုင်းယှဉ်လိုက်သောအခါ သူတို့မှာ အားကျလွန်း၍ မျက်လုံးများပင် ပြူးကျယ်သွားကြလေတော့သည်။
……